Monday, February 4, 2013

အားကောင်းမောင်းသန်အပျက်စိတ်များ

by Ko Navana on Monday, February 4, 2013 at 12:44am ·

မနေ့ညနေက.. လှိုင်သာယာ ဗိုလ်ချုပ်လမ်း မီးလောင်ပြန်ပါတယ်..။

ဗိုလ်ချုပ်လမ်းဆိုတာ..လှိုင်သာယာစက်မှုဇုန်(၂)နဲ့ မျက်နှာချင်းဆိုင်တည့်တည့်လောက်မှာ ရှိတဲ့.. အင်မတန်စည်ကားတဲ့လမ်းပါ..။

စက်မှုဇုန်က ၀န်ထမ်းတွေ- မြန်မာပြည်တနံတလျားက တ၀မ်းတခါးအတွက် ရန်ကုန်တက်လာသူတွေ- ထမင်းတစ်နပ်အတွက် ဘာလုပ်ရလုပ်ရ ဆိုတဲ့ လူတွေ.. စသဖြင့် နယ်ပေါင်းစုံက လူပေါင်းစုံ.. အဲဒီမှာ နေထိုင်တာမို့.. စရိုက်လည်း စုံလှပါတယ်..။


ကျွန်တော့်မိတ်ဆွေ ယာဉ်မောင်းတစ်ယောက်ရဲ့ အိမ် .. မီးထဲမပါပေမယ့်.. ရှိသမျှပစ္စည်းတော့ ကုန်သွားပါတယ်။ ကိုယ့်အိမ်ကိုယ့်ယာ မီးထဲမပါရေး.. ကိုယ့်မိသားစုဘေးကင်းရေး ပူပန်နေတဲ့အချိန်.. ဟိုမှသည်မှ.. ၀င်ရောက်ဆွဲယူ၊ ဇွတ်လုယက်ကြတာမို့.. ဘယ်လိုမှ မတတ်သာဘဲ..လူသာအလွတ်ရုန်းခဲ့ရပါသတဲ့..။

အင်မတန်လူစည်ကားလှတဲ့ ရပ်ကွက်ဖြစ်တဲ့အပြင်.. ပြောင်းလွယ်ရွေ့လွယ်.. ဒီနေ့မြင် မနက်ဖန်ဘယ်ရောက်လို့
ရောက်သွားမှန်း ခြေရာခံလို့ မရကြတဲ့သူတွေကများတော့.. လောင်နေတဲ့မီးကို ၀ိုင်းငြိမ်းသတ်မယ် ဆိုတဲ့ အပြုစိတ်
ထက်.. '' ဒါ- ငါ့အတွက် မပင်မပန်းနဲ့ သူများပစ္စည်းအချောင်ရဖို့ မဟာအခွင့်အရေးပဲ '' ဆိုတဲ့ အပျက်စိတ်ကို ဦးထိပ်ပန်ဆင်သူတွေ များလှပါတယ်..။

လှိုင်သာယာမှာ အိမ်ပြောင်းတယ်ဆိုတာ.. ဆိုက်ကားတစ်စီးရှိရင် ပြီးပါတယ်..။ အိမ်ထောင်ပရိဘောဂ ဆိုတာ ထမင်းအိုးတစ်လုံး၊ ဖျာတစ်ချပ် နဲ့ သေတ္တာတစ်လုံးလောက်သာ ရှိကြတာမို့.. လမ်းထိပ်ထွက်ဆိုက်ကားငှား.. ပြောင်းလိုရာကို ဆယ်မိနစ်၊ဆယ့်ငါးမိနစ်အတွင်း.. အသာကလေး ပြောင်းသွားလေ့ ရှိကြပါတယ်..။

တချို့ လည်း.. ပိုင်ဆိုင်သမျှ အိမ်ထောင်ပရိဘောဂက မက်လောက်စရာ မရှိတာမို့.. အဲဒီပစ္စည်းတွေကို ဒီအတိုင်းထား ပစ်ခဲ့ပြီး လစ်ပြေးကြပြန်ပါတယ်..။ အကြွေးရှင်များက.. ပြန်လာနိုးပြန်လာနိုးနဲ့ တစ်ရက်စောင့်၊ နှစ်ရက်စောင့် နဲ့ တစ်ပတ်ဆယ်ရက်ရှိမှ .. လစ်ပြေးမှန်းသိကြရပါတယ်..။

အဲဒီအခြေအနေ.. ရေခံမြေခံနဲ့.. ဆင်းရဲတွင်းနက်တဲ့ဘ၀တွေ ပေါင်းမိတော့.. ကောင်းမွန်တဲ့ကိုယ်ကျင့်တရားတွေ ရှင်သန်စည်ပင်ဖို့ဆိုတာ.. ရွှေငုံးမင်းအမြီးမျှော်သလို ဖြစ်ရပြီး.. အပျက်စိတ်တွေပဲ အားကောင်းမောင်းသန် ထိန်းမနိုင် သိမ်းမရ တောထ နေပါတော့တယ်..။

ဒီကြားထဲ ဒီမိုကရေစီဆိုတာကို အဓိပ္ပါယ် အကောက်အယူလွဲနေကြသလိုပါပဲ.။ အရင်အစိုးရလက်ထက်က မလုပ်ရဲ ခဲ့တာ- လုပ်ခွင့်မရခဲ့တာတွေအားလုံး.. ခေတ်ပြောင်းစနစ်ပြောင်းသွားပြီမို့.. လုပ်ခွင့်ရပြီလို့ သူတို့ထင်နေကြဟန် ရှိတယ်..။

ဟိုတုန်းက ကိုယ့်မြေကိုယ့်ယာလေး.. မဖြစ်စလောက် ငွေလေးနဲ့ အသိမ်းခံထိတာကို ဘာမှ ပြန်မပြောရဲခဲ့ရာက.. အခုတော့ ကိုယ့်မြေကိုယ့်ယာ မဟုတ်မှန်းသိသိကြီးနဲ့ ၀င်ရောက်ခြံခတ်ကျုးကျော်ဖို့ ၀န်မလေးကြတော့ဘူး..။
အဲဒါဟာ.. သူတို့နားလည်ထားတဲ့ ဒီမိုကရေစီဖြစ်နေရင်တော့.. ရင်လေးစရာပါ..။

ဆိုတော့-

အခြေအနေအရပ်ရပ်ကြောင့် ဖြစ်လာတဲ့ အနှီစိတ်ဓါတ်တွေ.. ကိုယ်ကျင့်တရားတွေကို.. အခြေအနေအရပ်ရပ်နဲ့ပဲ.. (ကောင်းမွန်တဲ့ပညာပေး-ကောင်းမွန်တဲ့ဥပဒေပြု- သင့်တင့်သလိုအရေးယူ) တည့်မတ်ပြုပြင်သွားရမှာပါ..။ အဲဒီ အချက်ဟာ.. လတ်တလောမဖြစ်မနေ.. အရေးတကြီးလုပ်ဆောင်စရာများထဲက.. တစ်ခုပါပဲ..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...