Monday, February 4, 2013

(ခြေတစ်ဖက်ကျူး သမ္မတနှင့် လက်တစ်ဖက်ကျူး လွှတ်တော်)

by ငရဲ သား on Monday, February 4, 2013 at 8:19am ·
The voice weekly facebook page တိုက်ခိုက်ခံရချိန်နှင့် နှင့် the voice weekly website ရပ်ဆိုင်းသွားချိန်တွင်  ဖော်ပြခဲ့သော  ဆောင်းပါးတစ်ပုဒ်ဖြစ်သည့် ရေးသူပေါ်လင်းဦး၏ 
(ခြေတစ်ဖက်ကျူး သမ္မတနှင့် လက်တစ်ဖက်ကျူး လွှတ်တော်) ဟုသော ဆောင်းပါးအား  ကို La Yaung ၏ Status မှတစ်ဆင့် ပြန်လည်ကူးယူ ဖော်ပြအပ်ပါသည်..။

၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာ ရွေးချယ်စရာ မရှိတဲ့ အခြေအနေ အရပ်ရပ်အရ လက်ခံလိုက်ရတဲ့ အရာဆိုတာတော့ မြန်မာနိုင်ငံသား တော်တော်များများ ငြင်းကြလိမ့်မယ် မထင်ပါဘူး။ စပြီး လက်ခံကတည်း က ဘာမျှမရှိတာနဲ့ စာရင်၊ ဘာလေးပဲရှိရှိ မဆိုးလှသေးဘူး ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ လက်ခံပေးခဲ့တာပါ။ ပြန်ပြင်စရာ တပုံတပင်ရှိတဲ့ အခြေခံဥပဒေ ဆိုတာ သိသိကြီးနဲ့ လက်ခံခဲ့ရတာပါ။ ဒီနေရာ မှာ ဘယ်လို ပြန်ပြင်မှာလဲ ... ပြင်လို့လည်း မလွယ်ဘူးဆိုတဲ့ စိုးရိမ်စိတ်တွေလည်း တစ်ပွေ့ကြီးနဲ့ပဲ လက်ခံခဲ့တာပါ။

သို့ပေမယ့် အချိန်တစ်ခုခု၊ အခြေအနေ တစ်ခုခုရောက်ရင် ဒီ ဖွဲ့စည်းပုံအတိုင်း သွားလို့မရတော့ဘူး၊ အလုပ်ဆက်လုပ်လို့ မရတော့ ဘူးဆိုတဲ့ သံပြိုင် ယုံကြည်မှုမျိုး လွှတ်တော် အတွင်းမှာရော၊ အပြင်မှာ ရော ဖြစ်လာနိုင်မယ် လို့လည်း အရဲကိုးပြီး ယုံကြည်တောင့်တ ခဲ့ဖူး ပါတယ်။ အဲဒီအခါမှာ အခြေအနေကြောင့် ဖြစ်လာတဲ့ အလိုအလျောက် တောင်းဆိုမှုတွေ ထွက်လာပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတဲ့ ဘူတာကို ရောက်ကို ရောက်လိမ့်မယ်လို့ အားတင်း ယုံကြည်ခဲ့ဖူးပါတယ်။ ဒီနေ့ လွှတ်တော်မှာ ဖြစ်ပျက်နေတာတွေ ကြားရတော့ ကျွန်တော်ယုံကြည် ခဲ့တဲ့ အချိန်ဆိုတာ ရောက်လာပြီလား ဆိုတဲ့ အတွေး ဖြစ်လာပါတယ်။

ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေ အကြောင်းပါ။ ခုံရုံးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ကြောင့် ဒီရက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ သက်ရောက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။

အဓိကကတော့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အကြားက အားပြိုင်မှုတွေဟာ သိသိသာသာ ထင်ထင်ရှားရှား ဖြစ်လာတယ်လို့လည်း ပြောလို့ရပါတယ်။ တစ်နည်းအားဖြင့် လွှတ်တော်နဲ့ သမ္မတအကြား က အားပြိုင်ခြင်းပါ။ သာမန်အားဖြင့် ဒီလိုဖြစ်ရပ်တွေဟာ ဒီမိုကရေစီ နိုင်ငံတွေမှာ သိပ်တော့ မထူးဆန်းပါဘူး။ ဒါပေမဲ့ အစစအရာရာ “စလုံးရေးစ” ဖြစ်နေတဲ့ ကျွန်တော့်နိုင်ငံ မှာတော့ နည်းနည်း ထူးဆန်းကောင်း ထူးဆန်းနိုင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုကို လေ့လာတဲ့အခါမှာ အခြေခံ အားဖြင့် Structure ရယ်၊ Power Sharing ရယ်၊ Bill of Rights ရယ် ဒီသုံးခုကနေ အဓိကထား ချဉ်းကပ်လေ့ ရှိပါတယ်။ လက်ရှိဖွဲ့စည်းပုံ နဲ့ပတ်သက်ပြီး Structure ဖွဲ့စည်းတည်ဆောက်ပုံ ပိုင်းမှာ ပြဿနာ မရှိနိုင်သော်လည်း Power Sharing ခေါ် အာဏာခွဲဝေမှု အပိုင်းနဲ့ Bill of Rights ခေါ် နိုင်ငံသားတို့ရဲ့ ရပိုင်ခွင့် များကို ဖော်ပြချက်မှာ ငြင်းခုံဖို့ ကိစ္စတွေ အများအပြား ရှိနိုင်ပါသေးတယ်။

နောက်တစ်နည်း ပြောရရင် အာဏာသုံးရပ် အကြားမှာ အပြန်အလှန် ထိန်းကျောင်းမှု (Check and Balance) ဘယ်လောက်လုပ်နိုင်လဲ။ တစ်ခုနဲ့တစ်ခု အာဏာခွဲဝေ ပိုင်းခြားထားမှု (Power Seperation) ဘယ်လောက် ရှင်းလင်း ထင်ရှားလဲဆိုတာ အဓိကထား ကြည့်ရမယ့် အချက်တွေပါပဲ။ မဏ္ဍိုင်သုံးခုမှာ တစ်ခုခုက အာဏာ ပိုရှိနေတာဟာ သင့်လျော်တဲ့ အခြေအနေ မဟုတ်ပါဘူး။ သမ္မတဦးစီးတဲ့ အစိုးရအဖွဲ့မှာပဲ အာဏာပိုရှိရှိ၊ လွှတ်တော် မှာပဲပိုရှိရှိ၊ တရားစီရင်ရေးမှာပဲ ပိုရှိရှိ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုလည်း ဒီပေတံတွေ နဲ့တိုင်းပြီး ပြင်ဆင်ရေးတွေ မလွဲမသွေ လုပ်ရဦးမှာပါ။

ပထမဆုံး အနေနဲ့ အခုပြင်ဆင်လိုက်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေနဲ့ ပတ်သက်ပြီး Judiciary Independent ခေါ် လွတ်လပ်တဲ့ တရားစီရင်ရေး ရှုထောင့်ကနေ ပြောချင် ပါတယ်။ တရားစီရင်ရေးမှာ အမြင့်ဆုံးဖြစ်တဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ကို သမ္မတက ခန့်အပ်တာ ဖြစ်ပါတယ်။ သို့သော် ပြည်ထောင်စု တရားသူကြီးချုပ်ကို ဖယ်ရှားလိုတဲ့ အခါမှာ သမ္မတက တိုက်ရိုက် ဖယ်ရှားလို့မရပါဘူး။ ဆိုလိုတာက ပြည်ထောင်စု ဝန်ကြီးတွေကို ဖယ်သလို သမ္မတသဘော တစ်ခုတည်းနဲ့ အလွယ် တကူဖြုတ်လို့၊ ဖယ်လို့ မရပါဘူး။ အသက် ၇၀ အထိ တစ်ဦးတစ် ယောက်ရဲ့ သဘော တစ်ခုတည်းနဲ့ ဖယ်ရှားလို့ မရတဲ့ ခန့်အပ်မှုမျိုး ပါ။ အမေရိကန် ပြည်ထောင်စုမှာဆိုရင် ရာသက်ပန် အသက်ရှိသရွေ့ ခန့်အပ်မှုပါ။ ရည်ရွယ်ချက်က တရားစီရင်ရေးမှာ အမြင့်ဆုံးဖြစ်တဲ့ ပြည်ထောင်စု တရားသူကြီးချုပ်ကို သမ္မတ အနေနဲ့ ဖိအား ပေးတာမျိုး မရှိနိုင်အောင် ဥပဒေနဲ့ ကာကွယ်ပေးထားတာပါ။ သိသာထင်ရှားတဲ့ Power Seperation ပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဆိုတာလည်း တကယ်တမ်း မှာ တရားစီရင်ရေး မဏ္ဍိုင်အောက်မှာ ရှိပါတယ်။ ဆိုတဲ့အတွက်ကြောင့် ၄င်းခုံရုံး ဥက္ကဋ္ဌကို ရွေးချယ် ခန့်အပ်ခြင်းဆိုတာ ဥပဒေပြုရေး မဏ္ဍိုင် နဲ့မဆိုင်ပါဘူး။ ၄င်းခုံရုံးဥက္ကဋ္ဌကို ဖယ်ရှားခြင်းကလည်း ပြည်ထောင်စု တရားသူကြီးချုပ်ကို စွပ်စွဲပြစ်တင်ခြင်း ဥပဒေနဲ့အတူတူ ပြဋ္ဌာန်းထား တာကြောင့် ပြည်ထောင်စု တရားသူကြီးချုပ် နည်းတူ အကျိုးသက် ရောက်မှုရှိပါတယ်။ ဆိုလိုတာက ပြည်ထောင်စုဝန်ကြီး တစ်ဦးကို ဖယ်ရှားသလို သမ္မတသဘော တစ်ခုတည်းနဲ့ ၄င်းခုံရုံး ဥက္ကဋ္ဌကို ဖယ်ရှားလို့ မရပါဘူး။ ဒါကြောင့် လွတ်လပ်စွာ တရားစီရင်ခြင်းကို အဟန့် အတားမဖြစ်ပါဘူး။ Judiciary Independent လည်းဖြစ်ပါတယ်။ ဆိုတဲ့အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်တာဟာ လွှတ်တော်က ဒီမိုကရေစီဘောင်/ဖွဲ့စည်းပုံ အခြေခံ ဥပဒေဘောင်ကို ကျော်သွားတယ်လို့ ကျွန်တော့် အနေနဲ့ မြင်မိပါတယ်။

သို့သော်လည်း ပြည်သူ့ဆန္ဒကို တကယ် ကိုယ်စားပြုတယ်လို့ ယုံကြည်ထားတဲ့ လွှတ်တော်အမတ် အများစုအနေနဲ့ ဒီလိုဆုံးဖြတ် ချက်ချရခြင်းအပေါ် ဘာကြောင့်လဲဆိုတာ ကျွန်တော်ဉာဏ်မီ သလောက် စဉ်းစားကြည့်၊ တီးခေါက်ကြည့် မိပါတယ်။ တွေ့လိုက်တဲ့ အဖြေကတော့ လက်ရှိ အခြေခံဥပဒေအရ လက်တွေ့မှာ ရင်ဆိုင်နေရ တဲ့ အခြေအနေတွေ အရရယ်၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် ဟုတ် မဟုတ်ဆိုတဲ့ အတိတ်က အတွေ့အကြုံရယ်မှာ အခြေခံ နေတယ် လို့ ခံစားရပါတယ်။

ပြည်ထောင်စုအဆင့်ဟုတ်၊ မဟုတ်ဆိုတဲ့ ပြဿနာလေးကို ပြန် အစဖော်ကြည့်ချင် ပါတယ်။ ကျွန်တော့်အမြင်အရ ကော်မရှင်ဆိုတာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို Check and Balance လုပ်လို့ရ အောင် ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေပါ။ သို့သော်လည်း ပြည်ထောင်စု ဝန်ကြီးနဲ့ ကော်မရှင် ဥက္ကဋ္ဌဆိုတာ အဆင့်တူ အချင်းချင်းဖြစ်မှသာ လျှင် အပြန်အလှန် ထိန်းကျောင်းရေး ဆိုတဲ့ သဘောက အသက်ဝင်မှာ ဖြစ်သော်လည်း အဲဒီအချိန် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု အဆင့် မဟုတ်လို့ သတ်မှတ် ပေးလိုက်တဲ့ အပေါ်မှာ လွှတ်တော်ဟာ အထိနာခဲ့ဖူးတဲ့ အတိတ် ရှိပါတယ်။ ဖြစ်သင့်ဖြစ်ထိုက် တဲ့ အဆိုတစ်ခု အပေါ်မှာ သမ္မတသဘောကို သိသိသာသာ ဘက်လိုက် ရပ်တည်ပေးတယ်လို့ ယုံကြည်ထားတဲ့ အတွေ့အကြုံဆိုးတွေ ကရှိခဲ့တော့ လက်တွေ့မှာ အလုပ်ဖြစ်ဖို့ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌကို သမ္မတသြဇာခံ သက်သက် မဖြစ်စေချင်ဘူး။

နောက်ထပ် ရှုထောင့်တစ်ခုကနေ ကျွန်တော်ပြောကြည့်ချင်ပါ တယ်။ ပြောရမယ်ဆိုရင် ယနေ့ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အာဏာ သုံးရပ်အကြားမှာ အုပ်ချုပ်ရေး ဘက်ကို အနည်းငယ် ပိုပြီး မျက်နှာသာ ပေးထားတယ်လို့ ကျွန်တော့် ပုဂ္ဂလအမြင်အနေနဲ့ ခံစားရပါတယ်။ ဒါကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲစဉ် နောက်ခံအကြောင်း တွေနဲ့ ဆက်စပ်နေပါတယ်။ အသိသာဆုံးကတော့ ၂၅ ရာခိုင်နှုန်း သော တပ်မတော်သား တွေကို ထည့်ထားတာပါပဲ။ (ကျွန်တော့် အမြင်မှာ ဒါကလည်း အဆင့်တစ်ခု ရောက်ရင် မဖြစ်သင့်တော့ပေမယ့် အသွင်ပြောင်းကာလ တစ်ခု အတောအတွင်းမှာတော့ တည်ငြိမ် အေးချမ်းရေး အတွက် ကောင်းတဲ့အချက်လို့ မြင်မိပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ပတ်သက်ရင် လောလောဆယ် ဒီအချက်ကို လက်ရှောင်ထား သင့်သေးတယ်လို့ ယူဆပါတယ်။ ထောင်မြင်လို့ ရာစွန့်တဲ့ သဘောပါ)။ လက်ရှိ ဖွဲ့စည်းပုံဟာ အုပ်ချုပ် ရေးဘက်ကို မျက်နှာသာ ပိုပေးထားတယ်/မပေးထားဘူး ဆိုတာထက် လွှတ်တော်ရဲ့ သဘောကိုက ကန့်သတ်ထားတဲ့ သဘောတွေ ရှိတယ်ဆိုတာတော့ ငြင်းလို့ မရပါဘူး။

ဘာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် တပ်မတော်နဲ့ ပလဲနံပသင့်တဲ့ သမ္မတဆိုရင် လွှတ်တော် ဆုံးဖြတ်ချက်ရဲ့ ၂၅ ရာခိုင်နှုန်းကို အသာစီး ရထားပြီးပါပြီ။ လက်ရှိ ဖွဲ့စည်းပုံအရ ကာကွယ်ရေး ဦးစီးချုပ်ကို သမ္မတက ခန့်တာဆိုတော့ ပလဲနံပ မသင့်စရာလည်း မရှိနိုင် ပါဘူး။ (ကာ/လုံရဲ့ထောက်ခံချက်တော့ ပါတာပေါ့လေ။) ဒါကိုက ဥပဒေပြုရေး မဏ္ဍိုင်က အုပ်ချုပ်ရေး မဏ္ဍိုင် ကို ၂၅ ရာခိုင်နှုန်း အကျောပေး ကစားနေရတဲ့ အနေအထားပါ။

စောစောက ကျွန်တော်ပြောတဲ့ လက်ရှိ ဖွဲ့စည်းပုံအရ လက်တွေ့ ရင်ဆိုင်နေရတဲ့ အခြေအနေ ဆိုတာ ဒီအနေအထားတွေကို ပြောတာပါ။ ဆိုတော့ သီအိုရီအားဖြင့် အာဏာသုံးရပ်ကို အတတ်နိုင်ဆုံး ခွဲထား ရမယ်လို့ဆိုပေမယ့် လက်ရှိ ဖွဲ့စည်းပုံအရ အုပ်ချုပ်ရေး မဏ္ဍိုင်က ဥပဒေပြုရေး မဏ္ဍိုင်ကို ခြေတစ်ဖက်ကျူးနေတဲ့ အနေအထားပါ။ ဒီ အခြေအနေတွေပါ ထည့်သွင်း စဉ်းစားတဲ့အခါ ခုံရုံးဥပဒေ ပြင်ဆင်တဲ့ ကိစ္စမှာ ဥပဒေပြုရေး မဏ္ဍိုင်က အုပ်ချုပ်ရေး မဏ္ဍိုင်ဘက်ကို လက် တစ်ဖက် ပြန်ကျူးလိုက်တဲ့ သဘောပါပဲ။ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမှလည်း အလုပ်ဖြစ်မှာကိုး။

နောက်ပြောစရာ ဖြစ်နေတာက သမ္မတကလည်း လွှတ်တော်ရဲ့ တောင်းဆိုမှု တွေဟာ လက်ရှိဖွဲ့စည်းပုံ အပြင် ဒီမိုကရေစီရဲ့ အနှစ် သာရဖြစ်တဲ့ အာဏာသုံးရပ်ကို သီးခြားစီ သုံးစွဲစေခြင်း ဆိုတဲ့ဘောင် ကို ကျော်နေတယ်ဆိုတာ ပုဒ်ထီးပုဒ်မ အတိအကျ ချေပပေမယ့် အများစုကို ဦးစားပေးပြီး လိုက်လျောလိုက်တဲ့ အတွက်တော့ နှစ် ၂၀ ကျော် အချိန်ယူ ဆွဲခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အာဏာ သက်ရောက်မှု သို့မဟုတ် အသက်ဝင် အကောင်အထည် ပေါ်မှု အပေါ်မှာ မေးခွန်း ထုတ်စရာဖြစ်သွား ပါတယ်။ လွှတ်တော်အတွင်း လူများစုရဲ့ ဆန္ဒ ဖြစ်သည့်တိုင် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆန့်ကျင်တဲ့အပြင် ဒီမိုကရေစီ ရဲ့ အနှစ်သာရကိုပါ ဆန့် ကျင်နေတာဖြစ်တဲ့ အတွက် ဒီလိုတောင်းဆိုမှုမှာ သမ္မတအနေနဲ့ လိုက်လျောစရာ မလိုဘူး။ ခုလို ပြောတယ်ဆိုတာ ကျွန်တော့်လို သာမန်ပြည်သူ တစ်ယောက်အနေနဲ့ သမ္မတကြီးကို အပြစ်သဘော ပြောတာမဟုတ်ပါဘူး။

လတ်တလောမှာ အခြေအနေ အရပ်ရပ်အရ ဒီဆုံးဖြတ်ချက်ကို ရွေးမှ သင့်မှာမို့ လွှတ်တော်ရဲ့တောင်းဆိုမှု ကို လိုက်လျောပေးမှန်း သိပါတယ်။ ဒါပေမဲ့ အခုလို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ဘယ်လောက် ဆန့်ကျင်တယ် ပြောပြော ဒီကိစ္စမှာ ဒီလိုလုပ်လို့ ရတာဟာ၊ နောက်ပိုင်း အလားတူကိစ္စတွေမှာ ဒီလို လုပ်နိုင်ဖို့ လမ်းပွင့်သွားတဲ့ သဘောကို သက်ရောက်နေလို့ပါ။ ကြာလာရင် ဒါဟာအစဉ်အလာ တစ်ခုလို ဖြစ်လာနိုင်ပြီး ပိုရှုပ်ထွေးတဲ့ ပြဿနာ တွေကို ဖြစ်လာစေနိုင်ပါတယ်။ လက်ရှိ အခြေခံဥပဒေကို ကိုင်ပြီး ရှင်းလို့မရတဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။

ဆိုတော့ ဒီလိုတွေ ဘာကြောင့်ဖြစ်နေရသလဲ ဆိုရင် လွှတ်တော် အနေနဲ့လည်း ဖွဲ့စည်းပုံ ဘောင်ကို ကျော်မှန်းသိသိနဲ့ ဒီလိုမှ မလုပ်ရင် ဥပဒေပြုရေးမှာ သူ့ရဲ့ရပ်တည်မှုဘောင်က ကျဉ်းသည်ထက် ကျဉ်း သွားသလိုဖြစ်နေလို့ပါ။ ဒါကြောင့်သိသိနဲ့ ခပ်ပါးပါး ကျော်လိုက် တာပါ။ သမ္မတအနေနဲ့ ကလည်း ဖွဲ့စည်းပုံဘောင်ကို ကျော်နေမှန်း ပုဒ်မ၊ ပုဒ်ထီးနဲ့ တိတိကျကျ ပြောနိုင်ပါလျက် အလျှော့ပေးလိုက်တာ ဟာလည်း လက်ရှိဖွဲ့စည်းပုံကို ခပ်ပါးပါး မျက်ကွယ်ပြုလိုက်တာ ပါပဲ။

သမ္မတကိုရော၊ လွှတ်တော်ကိုပါ တင်ပြချင်တာက တကယ် အလုပ်ဖြစ်ဖို့ဆိုရင် လက်ရှိဖွဲ့စည်းပုံကို တိတိကျကျ စွဲကိုင်ပြီး ပြောလို့၊ လုပ်လို့ မရဘူးဆိုတာကို သင်ခန်းစာ တစ်ခုအနေနဲ့ လက်ခံ ပေးစေချင်တာပါ။

တစ်ဆက်တည်း ပြောရရင် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင် ဖို့ဆိုတာ မလွယ်လှမှန်း၊ ရှုပ်ထွေးမှန်း သိပါတယ်။ သို့သော် အခု အချိန်မှာ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုဟာ ဖွဲ့စည်းပုံဆိုင်ရာ အားနည်း ချက်တွေကြောင့် နောင်မှာ ဖြစ်လာမယ့် ရှုပ်ထွေးမှု တွေနဲ့စာရင် အများကြီး သက်သာမှာပါ။ ဒါကြောင့် (အခြေအနေက ခွင့်ပြုနိုင် လောက်တဲ့ အတိုင်းအတာအထိ) ဖွဲ့စည်းပုံကို တစ်ဆင့်တက်ပြင်ဆင် နိုင်ဖို့သာ အားလုံးအာရုံစိုက်ဖို့ အချိန်ကျလာပြီ ဖြစ်တဲ့အကြောင်း တပ်လှန့်သတိ ပေးလိုက်ရပါတယ်။

ပေါ်လင်းဦး..။

The voice weekly facebook page တိုက်ခိုက်ခံရချိန်နှင့် နှင့် the voice weekly website ရပ်ဆိုင်းသွားချိန်တွင်  ဖော်ပြခဲ့သော  ဆောင်းပါးတစ်ပုဒ်ဖြစ်သည့် ရေးသူပေါ်လင်းဦး၏ 
(ခြေတစ်ဖက်ကျူး သမ္မတနှင့် လက်တစ်ဖက်ကျူး လွှတ်တော်) ဟုသော ဆောင်းပါးအား ကို La Yaung ၏ Status မှတစ်ဆင့် ပြန်လည်ကူးယူ ဖော်ပြအပ်ပါသည်..။

ငရဲသား.။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...