Saturday, November 10, 2012

Kho Lian အေသင်မြို့ နိုင်ငံမှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း – အပိုင်း(၄+၅)


VanSangVa – Basic Democracy Training – Burmese Version by Salai Kipp Kho Lian

အေသင်မြို့ နိုင်ငံမှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း – အပိုင်း(၄)

 
အေသင်ရဲ့ လူ (၅၀၀) ပါဝင်တဲ့ မြို့အုပ်ချုပ်ရေး ကောင်စီ
အပိုင်း (၁) မှာ ဖေါ်ပြခဲ့သလိုပဲ ကလေ့စ်သနစ်ဟာ လူ ၅၀၀ ပါဝင်တဲ့ မြို့ကောင်စီကို ဖန်တီးခဲ့ပြီး အေသင်မြို့ကို အုပ်ချုပ်စေခဲ့ပါတယ်။ အဲဒီကောင်စီမှာ အသက် ၃၀ ပြည့်ပြီးသူ မြို့သား ယောက်ျား မည်သူမဆို အနည်းဆုံ တနှစ် သက်တမ်း အတွင်း မြို့အုပ်ချုပ်ရေး တာဝန်ကို ထမ်းဆောင်စေပါတယ်။
ဒီနည်းနဲ့ မြို့သားတိုင်းဟာ အသက်ပြည့်လာရင် တသက်မှာ အနည်းဆုံး တကြိမ်တော့ မြို့အုပ်ချုပ်ရေး တာဝန်ကို အဲဒီကောင်စီမှာ ပါဝင်ခွင့်ရှိလာမှာ ဖြစ်တယ်။ ဘာလို့လည်း ဆိုတော့ မြို့ကောင်စီကို ရွေးချယ်ရာမှာ လူမထပ်အောင် စနစ်တကျ စီစစ်ပြီး မဲနှိုက် ရွေးကောက်စေတာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး အေသင် ဒီမိုကရေစီရဲ့ ဖွဲ့စည်းပုံအရ လူတဦးဟာ သူ့တသက်မှာ နှစ်ခါထက် ပိုပြီး ဒီမြို့ကောင်စီမှာ တာဝန်ထမ်းဆောင်ခွင့် မပေးပါဘူး။ အဲဒီတော့ မြို့သားတိုင်း သူ့အလှည့်နဲ့သူ အုပ်ချုပ်ရေးမှာ ပါဝင်လာခွင့် ရှိအောင် အာမခံထားတာဖြစ်တဲ့ အပြင်၊ လူတန်းစားတခုခု၊ မျိုးနွယ်စု တခုခုက အမြဲတမ်း ကြီးစိုး ချယ်လှယ်တဲ့ သဘောမျိုး မရှိအောင် အာမခံထားတာ၊ ကာကွယ် ထားတာဖြစ်တဲ့ အတွက် မြို့သားတိုင်းရဲ့ တန်းတူမှု၊ လွတ်လပ်မှု အစရှိတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ကို မဆုံးရှုံး ရလေအောင် အဲဒီလို အာမခံ ထားတဲ့ အေသင်မြို့ရဲ့ ဖွဲ့စည်းပုံဥပဒေ အောက်မှာ မြို့ရဲ့ စည်းလုံးညီညွတ်မှု ဟာလည်းပဲ အမြဲတမ်း ခိုင်မာနေမယ် ဆိုတာ ယုံမှားစရာ မရှိတော့ပါဘူး။ Cleisthenes ရဲ့ ယူဆချက်ကတော့ ဒီနည်း အားဖြင့် လူတစုကသာ နိုင်ငံရေး အတွေ့အကြုံတွေကို ရရှိပြီး နိုင်ငံ့ အရေးကို သူတို့သာ လုပ်တတ်တယ် တခြားလူတွေက ငတုံးငအ တွေမို့ နိုင်ငံ့အရေး နဲ့ ပတ်သက်လာရင် ဘာမှ နားမလည်ဘူး ဆိုတာမျိုး၊ လူတစု ကသာ အမိန့်ပေးတဲ့ လူတစု နိုင်ငံရေး မဟုတ်တော့ပဲ လူတိုင်းဟာ နိုင်ငံရေး အတွေ့ အကြုံတွေကို တန်းတူ ညီတူ တိုက်ရိုက်ကျကျ ရရှိလာနိုင် ကြမယ်လို့ ယုံကြည်တာ ဖြစ်ပါတယ်။ အဲဒီလို လူတဦးချင်းဆီရဲ့ ပုဂ္ဂလ္လိက အကျိုးစီးပွားနဲ့ ဆက်နွှယ်ထားတဲ့ တိုက်ရိုက် ဒီမိုကရေစီ စနစ်အောက်မှာ နေရတဲ့ နိုင်ငံသားတွေဟာ ဘယ်သူကမှ ဒီစနစ်ကြောင့် နစ်နာ ဆုံးရှုံးတာ မရှိနိုင်တဲ့ အတွက် ဒီစနစ် ခိုင်မာ သထက် ခိုင်မာရေးကိုသာ နှလုံးသွင်းပြီး ဒီစနစ်ကို ဖျက်လိုဖျက်စီးလုပ်ဖို့ ကြံရွယ်တာ၊ ကိုယ်ထိ လက်ရောက် လုပ်ဆောင် ကြိုးပမ်း တာမျိုး မရှိနိုင်ဘူးလို့ ကလေ့စ်သနစ် က ယုံကြည် ယူဆတယ်။
ကလေ့စ်သနစ် ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဟာ အရင်က မင်းဆိုး မင်းညစ်တွေ တဗိုလ်ဆင်း တဗိုလ်တက်ပြီး
ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တာနဲ့ လုံးလုံးလျားလျား ကွာခြားသွားပါတယ်။ ဘယ်သူမှ မလုပ်ခဲ့ဘူးတဲ့ အပြောင်းအလဲတွေ ဖြစ်တဲ့အတွက် အေသင်လူ့ အဖွဲ့အစည်းကို အခြေခံကစ လှန်လှော်ပြီး တော်လှန် ပြောင်းလဲမှု ပြစ်လိုက်တာဖြစ်တယ်။ အဲဒီ တော်လှန်ပြောင်းလဲမှုထဲမှာ အရေးပါတဲ့ အချက်တခု ကတော့ ကလေ့စ်သနစ် ဟာ နဂိုရှိရင်းစွဲ၊ Solon ဖန်တီးခဲ့တဲ့ လူတန်းစား ၄ ရပ်ကို ဖျက်သိမ်းပြီး အေသင်မြို့သားတွေကို မျိုးနွယ်စု (၁၀) ခုအဖြစ် ခွဲလိုက်တာဖြစ်တယ်။ Solon အုပ်ချုပ်တဲ့ ခေတ် ကာလတုန်းက ပင်လယ်ကမ်းခြေမှာ နေထိုင်တဲ့ လူလတ်တန်းစား တွေနဲ့ လယ်သမားတွေက သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုခဲ့ကြပေမယ့် ကုန်းတွင်းပိုင်း မြေပြန့်ဒေသမှာ နေထိုင်ကြတဲ့ ပဒေသရာဇ် အနွယ်တွေ၊ မြို့စားတွေ၊ လူဂုဏ်တန် အသိုင်းအဝိုင်းတွေ ကတော့ ပဒေသရာဇ်စနစ် ကိုသာ ပြန်လည် ထူထောင် လိုကြပါတယ်။ ကလေ့စ်သနစ် ကတော့ လူတန်းစားတွေနဲ့ ဒေသတွေကို ရောသမမွှေပြီး ဘယ်ဒေသ၊ ဘယ်လူတန်းစားကမှ အပေါ်စီးယူ ဗိုလ်ကျ စိုးမိုးတာမျိုးမရှိ အောင်ဖန်တီးခဲ့ပါတယ်။ ဇယားကိုကြည့်ပါ။ ကလေ့စ်သနစ် ဖန်တီးလိုက်တဲ့ မျိုးနွယ်စု (၁၀) ခုအနက် မျိုးနွယ်စု အုပ်စုဝင်တိုင်း ဟာအေသင်ရဲ့ ဒေသကြီး ၃ ခုစလုံးကို ခွပြီး ခြွဲခားထားတာဖြစ်တဲ့ အတွက် မျိုးနွယ်စုတိုင်းမှာ ဒေသကြီး (၃) ခုစလုံးက လူတွေ ပါဝင်စေတယ်။ အေသင်မြို့သား အားလုံးဟာ ဘာသာကိုးကွယ် ယုံကြည်မှုကလည်း တခုတည်း ဖြစ်နေတဲ့ အပြင် စစ်တိုက်ရာမှာလည်း တပ်ရင်း အလိုက် ခွဲထားတာမို့ နိုင်ငံရဲ့ ဒေသနဲ့ မျိုးနွယ် ဖွဲ့စည်းပုံဟာ အေသင်မြို့ နိုင်ငံ အပေါ်မှာ သစ္စာ စောင့်သိမှုကို တိုးပွားစေပြီး ဒေသစွဲတွေနဲ့ ကွဲပြားတာ၊ ကွဲပြဲတာကိုပါ လျော့နည်းစေမှာဖြစ်တယ်။
နောက်ပြီး မျိုးနွယ်စု (၁၀) ခုအနက် မျိုးနွယ်စု တခုစီ ကနေ လူ (၅၀) စီမဲနှိုက်ရွေးကောက်ထားတဲ့ မြို့အုပ်ချုပ်ရေး ကောင်စီဝင် ၅၀၀ (၅၀x၁၀=၅၀၀) က အုပ်ချုပ်ရာမှာလည်း မျိုးနွယ်စု တခုစီ အလိုက် မဲရထားတဲ့ ကောင်စီဝင် လူ ၅၀ က တနှစ်တာ ကာလအတွင်း (၃၆.၅) ရက်စီ အလှည့်ကျ အုပ်ချုပ်စေတာ ဖြစ်တယ်။ (၃၆.၅) ရက်ဆိုတာ တနှစ်တာ ကာလရဲ့ (၁၀) ပုံ (၁) ပုံဖြစ်တဲ့ အတွက် တနှစ်တာ ကာလအတွင်း မျိုးနွယ်စု (၁၀) မျိုးထဲက မျိုးနွယ်စုတိုင်းက သူ့အလှည့်နဲ့သူ အုပ်ချုပ်သွားရတာ ဖြစ်ပါတယ်။ တကြိမ်ထဲမှာ မျိုးနွယ်စုတိုင်း ကလည်း မြို့တွင်းရယ်၊ ကမ်းခြေရယ်၊ ကုန်တွင်းပိုင်းရယ် ဆိုပြီး ဒေသ ၃ ခု စလုံးမှာ ပါဝင်နေကြပြန်တဲ့ အတွက် ဘယ်မျိုးနွယ်စု ကပဲ မြို့ကို အုပ်ချုပ်ဖို့ အလှည့် ကျကျ ဒေသကြီး (၃) ခုစလုံး ကပါ ပါဝင်နေပြန်တာ ဆိုတော့ ဒေသ တခုခုက အမြဲ ကြီးစိုးနေတာမျိုး၊ ဗိုလ်ကျနေတာမျိုး၊ နိုင်ငံ့ အရေးကို မောင်ပိုင်စီးဖို့ ကုတ်ချောင်းကုတ်ချောင်းနဲ့ တခါးပိတ်ပြီး တတွတ်တွတ်နဲ့ တီးတိုး လှို့ဝှက် ကြိုတင် ကြံစည်တာမျိုး မရှိနိုင်တဲ့ အတွက် မျိုးနွယ်တွေ၊ ဒေသတွေ အကြား အေသင်နိုင်ငံသား အားလုံးတို့ အကြားမှာ အထင်အမြင် လွဲမှားတာ မယုံသင်္ကာ ဖြစ်တာ မျိုးမရှိနိုင်ဘူး။ အခုခေတ်စကားနဲ့ ဆိုရင် ထင်သာ မြင်သာဖြစ်တယ်၊ ပွင့်လင်းမြင်သာတယ် transparency ရှိလာတယ်။ အဲဒီလို transparency ရှိလာတဲ့ အခါကြတော့ အချင်းချင်း အပြန်အလှန် ယုံကြည်မှု တွေကလည်း မြင့်တက်လာတယ်။ အပြန်အလှန် ယုံကြည်မှုတွေ မြင့်တက်လာတာနဲ့ အမျှ နိုင်ငံသား အားလုံးရဲ့ စည်းလုံးညီညွတ်မှု ခွန်အား ကလည်း မြင့်တက်လာတယ်၊ စည်းလုံးမှုခိုင်မာလာတာနဲ့ အမျှ နိုင်ငံ့ အရေးကို နှစ်နှစ်ကာကာ စိတ်ပါ လက်ပါ ဆောင်ရွက်ဖို့ အတွက် လူတိုင်း၊ နိုင်ငံသားတိုင်းက တက်ကြွလာတယ်၊ တိုင်းပြည်နဲ့ လူမျိုးရဲ့ နိုင်ငံရေး အဆင့်အတန်း နိုင်ငံရေး ရေချိန်ဟာလည်းပဲ ဟိုး အရင်က လက်တစုပ်စာ လူနည်းစုက ချယ်လှယ်ခဲ့တဲ့ ခေတ်နဲ့ စာရင် အောက်တန်းမကျတော့ဘူး၊ အဆင့်အတန်းမြင့်လာတယ် …. စသည်ဖြင့် ကောင်းမွန်တဲ့ နိုင်ငံရေး အကျိုးအမြတ် တွေကို တွေ့လာရပါတယ်။
အဲဒါအပြင် အေသင်ရဲ့ တိုက်ရိုက် ဒီမိုကရေစီစနစ်ဟာ အင်မတန် ကောင်းမွန် လာတာနဲ့အမျှ၊ အောင်လည်း အောင်မြင်လာတာနဲ့ အမျှ ဂရိခေါမခေတ် တခြား ဂရိမြို့နိုင်ငံ တော်တော်များများကလည်း အတုယူ လာကြ ပါတော့တယ်။ အဲဒီလိုနဲ့ ဒီမိုကရေစီ အတွေးအခေါ်ဟာ ဂရိ နိုင်ငံ တဝှမ်းမှာ တဖြည်းဖြည်း ပြန့်နှံ့လာ ခဲ့ပါတယ်။ အေသင်ဒီမိုကရေစီရဲ့ ဒီနေ့ခေတ် မျိုးဆက်သစ်တွေ အတွက်ပါ စိတ်ဝင်စား စရာကောင်းတဲ့ သတင်း စကားတွေနဲ့ အရေးကြီးလှတဲ့ သမိုင်း အချက်အလက်တွေကို ဆက်လက် ဆွေးနွေး တင်ပြသွား ပါမယ်။

Kho Lian

အေသင်မြို့ နိုင်ငံ မှာ တိုက်ရိုက်ဒီမိုကရေစီ ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်း အပိုင်း(၅)

 
ရှေးဟောင်း အေသင်မြို့ နိုင်ငံရဲ့ စစ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး
ရှေးဟောင်း ဂရိခေါမခေတ်မှာ စစ်ဖြစ်လာရင် တိုင်းသူပြည်သားတွေကို စစ်ထဲဝင်ဖို့ ဆင့်ခေါ်တာမျိုးမရှိဘူး။ စစ်တိုက်ကြရာမှာလည်း စစ်သားအဖြစ်နဲ့ လခကို မမျှော်မှန်းကြဘူး။ စစ်သားဘဝ ဆိုတာ ချမ်းသာ ကြွယ်ဝဖို့ အတွက် လမ်းပွင့်တယ်လို့တောင် မြင်ကြတယ်။ ဘာလို့လည်း ဆိုတော့ ကိုယ်ပိုင်မြင်း၊ ကိုယ်ပိုင်ရထား၊ ကိုယ်ပိုင် လက်နက်၊ ကိုယ်ပိုင်သံချပ်ကာ င်္အကျီ စသည် တို့ကို ဝယ်နိုင် ခြမ်းနိုင် တပ်ဆင်နိုင်တဲ့ ချမ်းသာ ကြွယ်ဝသူတွေကို အေသင် အတွက် စစ်တိုက်ပေးဖို့ အများစုက မျှော်လင့် ထားကြတာဖြစ်ပြီး သူတို့တွေက စစ်တိုက်ရင်း သိမ်းပိုက် နယ်မြေက အဖိုးတန် ပစ္စည်းတွေကို တိုက်ယူ သိမ်းပိုက်ကြပြီး ပိုလို့တောင် ချမ်းသာ လာနိုင်ကြတာကြောင့် ဖြစ်တယ်။ ဆိုလိုတာက အဲဒီခေတ်မှာ နိုင်ငံကို ကာကွယ်ဖို့ အမြဲတမ်း ကြေးစား တပ်တွေ မရှိသေးပါဘူး။ ကိုယ့်လက်နက်နဲ့ ကိုယ် ကိုယ့်ဖာသာ တပ်ဆင်ပြီး စစ်တိုက်ကြရတာမို့ မြင်းတို့၊ ရထားတို့ လက်နက်တို့ကို သူဌေး သူကြွယ်တွေကသာ ဝယ်ယူတပ်ဆင် ပိုင်ဆိုင်နိုင် တာဖြစ်တယ်။
ဒါပေမဲ့ စစ်တိုက်ဖို့ အတွက် လူမလုံမလောက် ဖြစ်လာရင်တော့ မင်းစိုးရာဇာ သူဌေး သူကြွယ်တွေရဲ့ မြင်းတပ်တွေမှာ ပါဝင် တိုက်ခိုက်ကြဖို့ အတွက် သာမန် နိုင်ငံသားတွေ နဲ့ အင်အား ဖြည်းတင်းကြတယ်။ ဒီစစ်သားတွေကတော့ ကိုယ့်မိသားစု အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် အနိုင်နိုင် ရုန်းကန်ရတဲ့ လယ်သမားတွေဖြစ်တယ်။ သူတို့ တတွေဟာ စစ်ကိုဝင်တိုက်ရတဲ့ အခါကြတော့ ရန်သူ့ ပစ္စည်းတွေ ဓါးမြတိုက် သိမ်းပိုက်ခွင့် ရပေမယ့်၊ လယ်ယာ စိုက်ပျိုးရေးမှာ သူတို့ရဲ့ လုပ်အားတွေ အလိုအပ်ဆုံး အချိန်မှာ အချိန်မီ ပြန်ရောက် မလာနိုင်ရင် မိသားစုတွေ အတွက် ဝန်ထုတ် ဝန်ပိုးတွေက ကြီးထွားလာတော့တယ်။
ရှေးဟောင်းဂရိခေါမ တဝှမ်းမှာ စစ်တပ်ရဲ့ ခွန်အားဟာ မြင်းတပ်ပေါ်မှာ မှီတည်းနေရတာ ဆိုတော့ မြင်းတို့ လှည်း တို့ကို ကိုယ်ပိုင် တပ်ဆင်နိုင်တဲ့ လူဂုဏ်တန် တွေက အလိုလိုနေရင်း တိုင်းပြည်ရဲ့ အာဏာကို ပိုင်ဆိုင်ခွင့် ရလာတာဖြစ်တယ်။ သူတို့ရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို စစ်ရေးမှာ ပုံအောထား ကြရတာ ဆိုတော့လည်း ဒီလိုပဲဖြစ်ရတော့မှာ ဖြစ်တယ်။ အေသင် မှာလည်း ဒီနည်း နှင်နှင်ပါပဲ။
အာရစ်တိုတယ်က မှတ်တမ်းတင်ထားရာမှာ “ရှေးခေတ် ဂရိ ခေါမ ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ဘုရင်ပြီးရင် စစ်သားက အာဏာ အရှိဆုံး ဖြစ်တယ်။ မူလ အစပိုင်းကာလ စစ်တိုက်ရာမှာ မြင်းတပ်တွေက အခရာ ကျတယ်။ မြင်းတပ်တွေရဲ့ သူတို့ရဲ့ အရေးပါ အရာရောက်မှုက တော်တော်ကို အခရာ ကျခဲ့ပါတယ်။ ခြေလျင်တပ်ကို လက်နက် အပြည့်အစုံ တပ်ဆင်ထားသည့် တိုင်အောင် အသေအချာ စနစ် တကျ ဖွဲ့စည်းမထားရင် အဲဒီခြေလျင်တပ်ဟာ ဘာမှအသုံးမဝင်ဘူး။ ရှေးဟောင်း ခေတ်ကာလမှာ စစ်ရေးစစ်ရာ သေနင်္ဂဗျူဟာ အတတ်ပညာ တွေကလည်း မထွန်းကားသေးတဲ့ အခါကျတော့ မြင်းတပ်ရဲ့ အင်အားကို အားပြုပြီး စစ်တိုက်ခဲ့ကြရပါတယ်။ ဒါပေမဲ့ နိုင်ငံတွေက ကြီးထွားလာတာနဲ့ အမျှ သံချပ်ကာ ဝတ်တဲ့ စစ်သားတွေ တိုးပွားလာတယ်။ အဲဒီလို တိုးတက်ပြောင်းလဲလာတာနဲ့ အမျှ အစိုးရ အုပ်ချုပ်ရေး ပိုင်းမှာလည်း လူတော်တော်များများ ပါဝင်လာနိုင်ခဲ့တယ်။” ဆိုလိုတာကတော့ သံချပ်ကာဝတ် စစ်သားတွေ တိုးပွား လာတာနဲ့ အမျှ နိုင်ငံ့ အုပ်ချုပ်ရေးမှာ အာဏာ ချိန်ခွင်လျာ ကလည်း ထိုနည်းအတူ ပြောင်းလဲစ ပြုလာတာဖြစ်တယ်။ တနည်းအားဖြင့် အစဉ် တိုးပွားလာနေတဲ့ အဲဒီ မြင်းမစီးတဲ့ hoplite ခေါ် သံချပ်ကာဝတ် ခြေလျင် တပ်သားတွေဟာ လူ့အဖွဲ့အစည်းမှာ အရေးပါအရာ ရောက်လာတာ ဖြစ်တယ်။ နောက် တနည်းပြောရရင် အေသင်ရဲ့ သာမန်ပြည်သူ တွေဆီကိုပါ နိုင်ငံ့ အုပ်ချုပ်ရေး အာဏာတွေ ခွဲဝေ လာရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ hoplite ခေါ် သံချပ်ကာဝတ် စစ်သည်တော်တွေဟာ အေသင်ရဲ့ အဆင်းရဲတကာ့ အဆင်းရဲဆုံး ထဲကတော့ မဟုတ်ကြဘူး။ သံချပ်ကာ င်္အကျီတွေကို ကိုယ်တိုင်ဝယ်ယူ တပ်ဆင်နိုင်ဖို့ အတွက် ဒီ hoplite တွေမှာ လုံလောက်တဲ့ ကြွယ်ဝချမ်းသာမှုရှိရမှာ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တိုင်းပြည်ရဲ့ စစ်ရေးစစ်ရာမှာရော အုပ်ချုပ်ရေးမှာပါ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သာမန် ပြည်သူတွေဟာ ပိုပြီး ပါဝင်လာနိုင်တာဖြစ်ပါတယ်။ ပြင်ပကနေ ရန်သူတွေ ကျူးကျော် တိုက်ခိုက် လာရင် အရင်ဦးဆုံး စစ်ရဲ့ဒဏ်ကို ခံကြရတာကတော့ ပြည်သူအများစု နေထိုင်တဲ့ ကမ်းခြေ နဲ့ ကုန်းတွင်း မြေပြန့်ပိုင်းကလူတွေဖြစ်တယ်။
Cleistenes ဟာ စစ်တပ်ကိုပါ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တယ်။ အေသင်ရဲ့ မျိုးနွယ်စုတိုင်း ကိုယ်စီက hoplite တပ်ရင်း နဲ့ မြင်းတပ်ကို သီးခြားဖွဲ့စည်းစေပြီး၊ hoplite တွေရဲ့ အရည်အသွေးကို မိမိတို့ မျိုးနွယ်စု အလိုက် မြှင့်တင်ရတယ်။ ဒါပေမယ့် မြင်းတပ် အားလုံးရဲ့ အရည်အသွေးကိုတော့ မြို့အုပ်ချုပ်ရေး ကောင်စီ က ကြည့်ကျပ်စေ ပါတယ်။ ဒီစစ်သားတွေကိုလည်း သက်ဆိုင်ရာ မျိုးနွယ်စုထဲက စစ်ဗိုလ်ချုပ် တဦးဆီ ကနေ အုပ်ချုပ် ကွပ်ကဲ စေပါတယ်။ ပြည်သူ တွေကသာ အုပ်ချုပ်လာတဲ့ အေသင်မှာ လုံလုံခြုံခြုံ အကာအကွယ် တွေရှိတဲ့ မြို့ပေါ်ကနေ ဘုရင်လုပ်သူက စစ်နဲ့ ငြိမ်းချမ်းရေးကို သူ့သဘော နဲ့သူ ဆုံးဖြတ်တာမျိုး မရှိတော့ပဲ စစ်ရဲ့ အနိဌာရုံတွေကို တိုက်ရိုက်ကျကျ ခံစားကြရတဲ့ သာမန် ပြည်သူ တွေကပါ စစ်ရေးစစ်ရာမှာ ဆုံးဖြတ်ပိုင်ခွင့် ရလာတယ်။ စစ်တိုက်ဖို့ မတိုက်ဖို့ ဆိုတာ လူတဦးတယောက်တည်းက ဆုံးဖြတ်လို့ မရတော့ဘူး၊ မြို့သားအားလုံး ပါဝင်တဲ့ မြို့လုံးကျွတ် ညီလာခံ ကသာ စစ်ရေးစစ်ရာ ကိစ္စကို အဆုံးအဖြတ် ပေးနိုင်တာဖြစ်ပါတယ်။
နောက်အပိုင်းမှာ အေသင်ဒီမိုကရေစီ ကျဆုံးခန်းကို တင်ပြဆွေးနွေးပါမယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...