Saturday, November 10, 2012

အယူသည်းသူများ၏ ၀ဋ်ကျွေး ။


by ကိုဝိုင် ဝိုင်ကေ on Saturday, November 10, 2012 at 6:52pm 


သူသူထက်လွင်   တင်ဆက်သည်။
  
''ကျွန်မက မျိုးရိုးအရ ဒီမှာလာတောင်းရမ်း ရတာပါ။ မတောင်းရင် နူတယ်လို့ပြောပါတယ်။ ကျွန်မ တို့က မာတင်္ဂမျိုးရိုးပါ။ အခြားအလုပ်တွေရှိပေမယ့် ဘုရားပွဲတော်ရက်တွေမှာ မဖြစ်မနေ လာ ရောက်တောင်း ရမ်းနေရတာပါ'' ဟု ဆိုလာ သူမှာ အသက် (၁၈)နှစ် အရွယ်ရှိ သော မသူဇာအောင် (အမည်လွှဲ) က ပြောပြ သည်။
မသူဇာအောင်မှာ အသက် (၁၈)နှစ်အရွယ်ခန့်ရှိပြီး သူမ၏ နှစ်နှစ်အရွယ် ကလေးငယ်အား ရင်ခွင်ပိုက် ကာ ပုပ္ပားဘိုးမင်းခေါင် ထွက်ပွဲတွင် မျိုးရိုးအရ တောင်းရမ်းနေရသော သူဖြစ် သော်လည်း သူမမှာ ညောင်ဦးရှိ အုတ်ဖိုလုပ်ငန်းတွင် သမ္မာအာဇီဝကျကျ လုပ်ကိုင်စားသောက်နေသူဖြစ် ကြောင်း သိရသည်။


တောင်းရမ်းစားသောက်သောအလုပ်ဖြင့် အသက်မွေးသူများစွာအနက် မသူဇာအောင်ကဲ့သို့ (မာ တင်္ဂမျိုးရိုး) ကြောင့် မဖြစ်မနေ တောင်းရမ်းနေ ရသူများအား ရှေးပုံပြင်ဒဏ္ဍာရီများမှာ ကြားဖူးသိဖူး ခဲ့ရပြီး ယနေ့ တိုင် ရှိနေလိမ့်မည်ဟု မထင်ထား ခဲ့ခြင်းကြောင့် ယခု လိုပင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရ သည်မို့ အံ့ဩခြင်းနှင့် အတူ သူတို့၏ ဘဝအကျိုးပေး အပေါ်မှာ လည်း လွန်စွာ ကရုဏာ သက်မိ ခဲ့ရကာ သူတို့၏ဘဝဖြစ်စဉ်များကိုလည်း အလွန်စိတ်ဝင်စားမိခဲ့သည်။

''ကျွန်မတို့တစ်ရွာလုံး တောင်းရမ်းစား သောက်ကြတယ်။ ဆင်းရဲသားလည်း တောင်းတာပဲ။ ချမ်းသာလည်း လိုက်တောင်းရတာပဲ။ရွာမှာချမ်းသာ တဲ့သူတွေရှိတယ်။ အချို့ ဆိုင်တွေ ဘာတွေတောင် ပိုင် တယ်။ သူတို့လည်းတောင်းရတယ်။ အနည်းဆုံး သူများ အိမ်က အချိုမှုန့်လေး၊ ဆန်လေး၊ ဆီလေးကို စတိ တောင်းရတယ်။ မတောင်းရင် နူမယ်လို့ပြော တယ်။အခုလိုပွဲတော်ရက်မှာ တစ်နေ့ ကို ၂၀၀၀၊ ၃၀၀ဝလောက် ရတယ်။ ကျန်တဲ့အချိန်မှာ အုတ်ဖိုမှာအလုပ်လုပ်တယ်။ တစ်နေ့ကို ၁၈၀ဝ ရတယ်။ ကျန်တဲ့အချိန်မှာ အုတ်ဖို အလုပ်နဲ့ပဲ အသက်မွေးပါတယ်''ဟု မင်္ဂလာသာစည် ကျေးရွာမှ မသူဇာအောင်က ပြောပြခဲ့သည်။ တောင်းရမ်းစားသောက်သူများကို တန်းတူ ဆက်ဆံရန်ခက်ခဲသည့် ယနေ့ ခေတ်ကြီးတွင် ရိုးရာ မပျက် တောင်း နေသူ  များ စုပေါင်း၍  ကျေးရွာများတည်ထောင်ထားကြောင်း သိရသည်။

''ကျွန်မတို့ရွာနာမည်က မင်္ဂလာသာစည် ကျေးရွာပါ။ ရွှေစည်းခုံအနောက်ဘက်မှာ ရှိပါတယ်။ တစ်ရွာလုံးမှာ လူ ၅၀၊၆ဝလောက်ရှိတယ်။ ကျွန်မတို့ တစ်ရွာတည်းမဟုတ်ဘူး။ ကျွန်မတို့လို လုပ်ကိုင်စား သောက်နေတဲ့ကျေးရွာ ဆယ်ရွာမကဘူးရှိတယ်''ဟု မသူဇာအောင်က ဆက်လက် ပြောသည်။

မသူဇာအောင်နေထိုင်သည်ဆိုသော မင်္ဂလာ သာစည်ကျေးရွာတွင် နေထိုင်သူဦးရေ ၆ဝနီးပါးခန့် ရှိကာ ယင်းကဲ့သို့ကျေးရွာများမှာ ညောင်ဦးမြို့နယ်၊ ရွှေ စည်းခုံအနောက်ဘက်တွင် တည်ရှိကာ ကျေးရွာပေါင်း ၁ဝရွာကျော်ခန့်ရှိကြောင်း သိရသည်။ မသူဇာအောင်မှာ တောင်းရမ်းစားသောက် သူမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သော်လည်း သာမာန် ရုပ်ရည် ဖြင့် အညာဒေသမှ အသားအရောင်အတိုင်း ပင်အညိုရောင်အသားရေကိုပိုင်ဆိုင်ထားကာ သူမတို့ မျိုးရိုး ထဲမှပင် အမျိုးသားတစ်ဦးနှင့် အိမ်ထောင်ကျကာ နှစ်နှစ် အရွယ်နို့စို့ ကလေး တစ်ဦး ရှိကြောင်း သိရသည်။

''သူတောင်းစားမျိုးရိုးက ဆင်းသက်လာတဲ့ ကောင်လေးနဲ့ ကောင်မလေးကို တွေ့ဖူးတယ်။ သူတို့က အရမ်းချမ်းသာတယ်။ အရမ်းလည်းချောတယ်။ ဒါပေ မဲ့ သူ့အချိန်ကျရင် ခေါင်းမြီးခြုံပြီး လိုက်တောင်း ကြတယ်။ သူတို့အိမ်တိုင်မှာ စည်းနှင့်ဝါးကို ချိတ်ထားရတယ်လို့ ပြောတယ်။ သူတို့တွေက မျိုးရိုး အစဉ်အလာ ဖျက်ရင် နူမှာ၊ ရူးမှာ ကြောက်လန့်နေကြပြီး တောင်းရမ်းနေရ တယ်''ဟု ကျေး လက်ဆရာမ(ငြိမ်း) ဒေါ်အေးအေးက ပြောသည်။

ထေရဝါဒဗုဒ္ဓဘာသာအစစ်အမှန်ထွန်းကား သည့် ပုဂံဒေသမှာ ယခုကဲ့သို့ မျိုးရိုးအယူအဆစွဲများ ကြောင့် တစ်ရွာလုံး တောင်းနေကြသူများရှိနေကာ  တောင်းရမ်းသူများမှာ ဆင်းရဲနွမ်းပါး၍၊ လုပ်ကိုင်မစားနိုင်၍ တောင်းရမ်းခြင်း  မဟုတ် ဘဲ မျိုးရိုးအစဉ်လာအယူအဆအစွဲ များကြောင့် ချမ်းသာသော်လည်း  တောင်းနေရသူများရှိနေ ကြောင်း သိရသည်။
''စစ်မှန်တဲ့ထေရဝါဒဗုဒ္ဓဘာသာထွန်းကား တဲ့ ပုဂံလိုနေရာမျိုးမှာ သူတို့လို ရိုးရာအယူအဆစွဲတွေ ရဲ့မျိုးဆက်တွေ ရှိနေတာကတော့ စိတ်မကောင်းစရာပဲ။ ကျိန်စာသင့်သ လိုဖြစ်နေ တဲ့ သူတို့မျိုး ဆက်တွေ ကို ဖွံ့ဖြိုး တိုးတက်စေချင်တယ်''ဟု အသက်(၃၀)ကျော် အယ် ဒီတာတစ်ဦးက ပြောသည်။

''ဆရာမတို့ စစ်မှန်တဲ့ထေရဝါဒမှာ အဆင့် အတန်းဆိုတာမရှိပါဘူး။ မတောင်းရင် နူမယ်လို့ပြော ကြတယ်။ တကယ်နူသွားတဲ့သူကောရှိလားလို့ သူတို့ကို မေးရမယ်။ နူရင်လဲ အဲဒါအနာကြီးရော ဂါပါပဲ။ ပုဂံ မှာပူတယ်။ ဆပ်ပြာရှားလို့ အနာကြီးရောဂါဖြစ်တာကို မတောင်းရင်နူမယ်ဆိုပြီး 'ထန်းသီးကြွေခိုက် ကျီးနင်း ခိုက်'ဖြစ်သွားကြတာဖြစ်မယ်။ သူ တို့ရဲ့ဥပါဒါန် အစွဲတွေကြောင့် ဥပဒ်ဘေးအန္တရာယ်ရောက် သွားကြတာပါ။ ဘုရားက ဟောထားတယ်။ ဘယ်သူ  ပြောပြော မယုံဖို့။ မတောင်းရင်နူတယ်ဆိုတာ ပိဋကတ် ကျမ်းမှာမပါပါ ဘူး။ အဲဒါ အနာကြီးရောဂါပဲဖြစ်တယ်။ခေါက်ရိုးကျိုးနေတဲ့အယူအဆစွဲတွေကို ပြုပြင် သင့်တယ်။ ဗုဒ္ဓအယူဝါဒမှာ ကံ ကံ၏အကျိုးနဲ့ အကြောင်းကြောင့် အကျိုးဖြစ်တာ ပဲရှိတယ်''ဟု ထေရဝါဒ ဓမ္မဝါဒီစာမူပြိုင် ပွဲတွင် ပထမဆုရရှိသူ စာရေးဆရာမရှင်ငြိမ်းမယ်က ပြောသည်။
အဆိုပါရှေးအယူအဆများမှာ ယနေ့ခေတ် ကာလနှင့်မလျော်ညီတော့သော အယူအဆများဖြစ်ကာ မျိုးရိုးအလိုက် တောင်းရမ်းနေရသူများမှာလည်း ယင်း တို့၏ဘဝများ နစ်နာပြီး ဆွေစဉ်မျိုး ဆက်ဖွံ့ဖြိုး တိုးတက် မှုနှောင့်နှေးနေရကာ ယင်းမျိုးရိုးမှ ဆင်းသက်လာသူ များမှာ သာမန်လူတန်းစား များကဲ့သို့မဟုတ်ဘဲ ခွဲခြား ဆက်ဆံခံရခြင်းများနှင့် အခြားသူများက လက်ထပ်ရန် အတွက် ငြင်းပယ်နိုင် ခြင်း စသည့် လူ့အခွင့်အရေးဆုံး ရှုံးမှုများစွာဖြင့် ရင်ဆိုင်နေရကြောင်းသိရသည်။

''သူတို့တွေဘဝမှာ လူအခွင့်ရေးဆိုတာတွေ ဆုံးရှုံးတယ်။ ဘာကြောင့်လဲဆိုတော့ ကျန်းမာသန်စွမ်း ရဲ့သားနဲ့ တောင်းရမ်းသူဖြစ်သွားတော့ သာမန်လူတွေနဲ့ တန်းတူအခွင့်အရေး မရနိုင်ဘူး။ သူတို့ကိုနှိမ့်ချ ဆက်ဆံ ကြမယ်။ သူတို့ တောင်းရမ်းသူတွေရဲ့ မျိုး ဆက်ကို ယူမယ့်သူလည်း မရှိနိုင်တော့ဘူး။ ဒါတွေဟာ တစ်ချိန်က သူတို့မျိုးရိုးကို ထိန်း သိမ်းချင်တဲ့ သူတစ်ယောက်ရဲ့ လှည့်ကွက် တစ်ခုပဲဖြစ်မယ်။ ဘုရားကျွန်ဆိုတာ ဘုရား စေတီတွေအတွက် ဝေယျာဝစ္စလုပ်ဖို့တာဝန် ပေးခံရတဲ့ သူတွေပါ။ သူတို့ဟာ ဘာလုပ်ငန်း နဲ့မဆို အသက်မွေး ခွင့်ရှိရမယ်''ဟု အသက် (၅၀)ကျော် အင်ဂျင်နီယာတစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

မြတ်စွာဘုရား၏ သာသနာတော် ထွန်းကား ပြန့်ပွားရေးအတွက် ရှေးဘုရင် မင်းမြတ်များ၊ မိဖုရားများက လှူဒါန်းသော စေတီကျောင်းကန်များအား စောင့်ရှောက် ရန် မိမိတို့ အခိုင်းအစေ များကို လှူဒါန်းထား  ခြင်းမှ ယင်းမာတင်္ဂ၊ ဘုရားကျွန် စသည့် အယူအဆများ စတင်လာခြင်းဖြစ်ကြောင်း၊ မြန်မာ့သမိုင်းတွင် ထင်ရှားသော ရာဇကုမာရ် ကျောက်စာ၊ သိင်္ဃသူ့ သမီးကျောက်စာ၊ မိဖုရား ဖွားစော ကျောက်စာများတွင်လည်း ကျွန်များ ကို ထည့်သွင်းလှူထားကြောင်း သမိုင်းအ ထောက်အထားများအရ သိရသည်။
''မြန်မာ့သမိုင်းမှာ ခေါင်းလောင်းစာ၊ ကျောက်စာတွေမှာ ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့တယ်လို့ အခိုင်အမာ တွေ့ရတယ်။ သူတို့က ဘုရားစေတီတွေမှာ ဝေယျာဝစ္စ လုပ်ဖို့ပဲ တာဝန်ရှိတာ။ တောင်းစား ရမယ်လို့ မပါဘူး''ဟု စာရေးဆရာမ ရှင်ငြိမ်းမယ်က ဆက်လက်ပြောသည်။

''အရင်တုန်းကလဲ သူတို့တွေအ တွက် ဆောင်ရွက်တဲ့သူတွေ၊ စာအုပ်တွေ ရှိပါတယ်။ အခု ပပျောက်သွားပြီလို့တောင် ထင်ထားတာ။ သူတို့ အယူအဆ မပျောက် သေးတဲ့သဘော ရှိနေသေး တယ်။ ဒီဘက် ခေတ်မှာ ရှိမနေသင့်တော့ဘူး။ ပပျောက်သင့် ပြီ။ ကိုယ့်အားကိုယ်ကိုးပြီး လုပ်ကိုင်စားသောက် သင့်ပါတယ်။ နိုင်ငံတော်ကလဲ သူတို့တွေ အတွက် လုပ်ပေးသင့် တယ်လို့ ယူဆပါတယ်'' ဟုမြန်မာနိုင်ငံ စာရေး ဆရာအသင်း ဥက္ကဋ္ဌ လယ်တွင်းသားစောချစ်က ပြောသည်။

ရှေးရိုးအစွဲများဖြင့် ယနေ့တိုင်ရှိ နေသော ယင်းကဲ့သို့ တောင်းရမ်းစားသောက် နေရသူများမှာ သူတို့၏ပတ်ဝန်းကျင် သူတို့ ၏အယူအဆများအတိုင်း တစ်ဆင့်စကား တစ်ဆင့် နားဖြင့် မျိုးရိုး စဉ် ဆက်သယ်ဆောင် ကာ တောင်းရမ်းနေရသူများဖြစ်ကာ ယင်း တို့ထဲမှတစ်ဦးဖြစ်သူ မသူဇာအောင်မှာလည်း မျိုးရိုးကို မလွန်ဆန်နိုင်ဘဲ တောင်းရမ်းနေရ သလို သူမ၏ ကလေးငယ်လေး မှာလည်း အသက်အရွယ် ရလာသည်နှင့်အမျှ သူမတို့ ကဲ့သို့ပင် တောင်းရမ်းနေရဦးမည်ကို တွေးမိ ရင်း သည်မျိုးရိုး အယူသီးမှုများ အမြန်ဆုံး ပပျောက် ပါစေကြောင်း ဆန္ဒပြုလိုက်ရပါ သည်။    ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...