Sunday, November 11, 2012

အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) ဘာလဲ၊ ဘယ်လဲ (အပိုင်း ၁)

နိဒါန်း

၁။ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ နည်းပညာ တက္ကသိုလ်၊ ကောလိပ်၊ သိပံ္ပ၊ ကျောင်းများနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ ပညာရည်မြင့်မားရေး ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ ၀န်ကြီးရုံးတွင် ကျင်းပ ခဲ့ကြောင်းကို ၁၂-၈-၂-၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက် အရသိရှိရ ပါသည်။

ထိုသို့ ဆွေးနွေးရာတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၊ မန္တလေးနည်း ပညာတက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နှင့် မန္တလေး
ကွန်ပျူတာတက္ကသိုလ်တို့ကို အဆင့်မြင့် နည်းပညာတက္ကသိုလ်နှင့် အဆင့်မြင့် ကွန်ပျူတာ တက္ကသိုလ်များ (Centre of Excellence) များအဖြစ် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ဖတ်ရှုလိုက်ရသဖြင့် ယခုဆောင်းပါးကို ရေးသားရခြင်းဖြစ်သည်။
ယခုဆောင်းပါးတွင် အဆိုပါ အဆင့်မြင့် တက္ကသိုလ်များ ဖွင့်လှစ်ပါက ဖြစ်နိုင်ခြေရှိမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို တင်ပြသွားမည် ဖြစ်ပါသည်။
နောက်ခံအကြောင်းအရင်း
၂။ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနကို ၁၉၉၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ထိုနှစ်တွင်ပင် စက်မှုတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊
စက်မှုလက်မှု သိပ္ပံများကို အဆိုပါဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်မှစတင်၍ တက္ကသိုလ်များ၊
ကောလိပ်များ ချဲ့ထွင် တည်ဆောက်ခဲ့ရာ ယခုအခါ သိပံ္ပနှင့်နည်းပညာ ဝန်ကြီးဌာနလက်အောက်တွင် နည်းပညာတက္ကသိုလ် ၃၃ ခု၊
ကွန်ပျူတာတ္ကသိုလ် ၂၅ ခု၊ နည်းပညာကောလိပ်နှင့် စက်မှုလက်မှုသိပ္ပံများဖြင့် ပညာရေးဝန်ကြီးဌာနပြီးလျှင် ဒုတိယမြောက် တက္ကသိုလ်
ကောလိပ် အများဆုံး ၀န်ကြီးဌာနပင်ဖြစ်နေပြီဖြစ်ပါသည်။

သို့သော်လည်း ဖွင့်လှစ်ခဲ့သော တက္ကသိုလ်များမှာ အရည်အချင်းထက် အရေအတွက်များကိုသာ မွေးထုတ်ပေးနိုင်ခဲ့သဖြင့် ပြုပြင် ပြောင်းလဲရန် လိုအပ်လာခြင်းပင်ဖြစ်ပါသည်။ ယခုကဲ့သို့ အဆင့်မြင့်တက္ကသိုလ်များ (Centreof Execllence) များ တည်ထောင်ခြင်း သည်ပင် ယခင် စစ်အစိုးရ လက်ထက်က ဆောင်ရွက်ခဲ့သော နည်းပညာတက္ကသိုလ်များ၊ ကွန်တာတက္ကသိုလ်များသည် အဆင့် မမီခဲ့ကြောင်းကို ၀န်ခံလိုက်ခြင်းပင် ဖြစ်ပေသည်။
၃။ ထိုကဲ့သို့ဖြစ်ရသည်မှာလည်း ထိုအချိန်က အစိုးရအနေဖြင့် စဉ်းစားဆောင်ရွက်ရာတွင် ဖွံ့ဖြိုးရေးဒေသကြီး ၂၄ ခုတွင် နည်းပညာ
တက္ကသိုလ်တစ်ခု၊ ကွန်ပျူတာ တက္ကသိုလ်တစ်ခု၊ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်တစ်ခု ရှိစေရမည်ဟူသော မူအရ ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ Single Point of View တစ်ခုတည်းမှ စဉ်းစားခဲ့ခြင်းဖြစ်သဖြင့် အရည်အသွေးပိုင်းဆိုင်ရာ ချွတ်ယွင်း အားနည်းချက်များ ဖြစ်ပေါ်ခဲ့ ရခြင်းဖြစ်ပေသည်။ ထို့အပြင် တက္ကသိုလ်များအား မလိုအပ်ပဲ မြို့ပြင်သို့ ထုတ်ခဲ့ခြင်းကလည်း မလိုလားအပ်သော  နောက်ဆက်တွဲ ပြသနာများစွာကို ဖြစ်ပေါ်စေခဲ့သည်ကို အားလုံး သိရှိပြီး ဖြစ်ပေသည်။ ထို့ပြင် တက္ကသိုလ်များကိုလည်း သွားရေးလာရေး လွယ်ကူမှု မရှိသော နေရာများသို့  ပို့ထားပြီး သွားလာ ဆက်သွယ်ရေးကို အဆင်ပြေအောင် ဖန်တီး မပေးနိုင်ခြင်းကလည်း အရည်အသွေး ကျဆင်းရခြင်း၏ အကြောင်းအရင်း တစ်ရပ်ပင်ဖြစ်ပေသည်။
တက္ကသိုလ်များ၏ တည်နေရာနှင့် အရင်းအမြစ်များ
၎။ လက်ရှိ အဆင့်မြင့်တက္ကသိုလ်များ (Centre of Execllence) များအဖြစ် တည်ထောင်ဖွင့်လှစ်မည့် တက္ကသိုလ်များ၏ အောင်မြင်နိုင်မှု အလားအလာကို အဆိုပါ တက္ကသိုလ်များ၏ တည်နေရာ၊ အဆောက်အအုံများ၊ လမ်းပန်းဆက်သွယ်ရေး  ဖြည့်ဆည်း ပေးနိုင်မှု၊ အခြား လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်မှုတို့အပေါ် အခြေခံ၍ စဉ်းစားကြည့်မည် ဖြစ်ပါသည်။
(က) ရန်ကုန်နည်းပညာ တက္ကသိုလ် ရန်ကုန်နည်းပညာ တက္ကသိုလ်သည် တစ်ချိန်က နာမည်ကျော် ရန်ကုန်စက်မှုတက္ကသိုလ် နေရာတွင် ဖွင့်လှစ်မည်ဖြစ်ခြင်း၊ အဆောက်အဦများ ပြည့်စုံလုံလောက်စွာ ရှိပြီးဖြစ်ခြင်း၊ အရည်အချင်း ပြည့်ဝသော ဆရာဟောင်းများက ပြန်လည် ကူညီနိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက်လည်း နေထိုင်စရာ အဆောင်များ ရှိပြီးဖြစ်ခြင်းတို့ကြောင့် အောင်မြင်အောင် ဆောင်ရွက်ရန် အလားအလာကောင်းများစွာ ရှိနေသည်ကို တွေ့ရှိရပါသည်။ ထို့ပြင် Capus Life Structure ကိုပေးနိုင်ရန် အလွန် ကောင်းသော အနေအထားလည်းဖြစ်ပါသည်။ သင်ကြားရေး စွမ်းအားဖြစ်သော ဆရာ၊ဆရာမများလည်း ပြည့်စုံသော အနေအထား
တစ်ခုတွင် တည်ရှိနေသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ ဌာနအသီးသီးတွင် ဖွဲ့စည်းပုံ အင်အားပြည့် ဖြည့်တင်းနိုင်သော
အနေအထားတွင် ရှိနေပါသည်။
(ခ) ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်အနေဖြင့် ယခုလက်ရှိနေရာတွင် အဆင့်မြင့်တက္ကသိုလ် (Centre of
Execllence) အဖြစ် ဆောင်ရွက်မည်ဆိုပါက ဖြစ်နိုင်ခြေ နည်းနေမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော တည်နေရာ အနေအထား၊
အခြေခံအဆောက်အဦလိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေးတို့သည် အဓိက ပြသနာပင်ဖြစ်ပေသည်။ ယခုလက်ရှိအနေအထားအရ
စာသင်ဆောင်များနှင့် အောက်ခြေ၀န်ထမ်းများအတွက် ထရံကာသွပ်မိုးနေထိုင်ရာ တန်းလျားသာ ရှိနေသေးသည်ဖြစ်ရာ ရုံးဝန်ထမ်းများ၊
သင်ကြားရေးဝန်ထမ်းများ နေထိုင်ရန် ၀န်ထမ်းအိမ်ရာများ၊ ကျောင်းသားကျောင်းသူများအတွက် အဆောင်များ ဆောက်လုပ်ရန်
လိုအပ် နေဦးမည်ဖြစ်သည်။ Capus Life Structure ကို ပေးနိုင်ရန် မဖြစ်နိုင်သေးသည်ကို တွေ့ရှိရပေသည်။ ထို့ပြင် သင်ကြားရေး
စွမ်းအားဖြစ်သော ဆရာ၊ဆရာမ အင်အားမှာ ပြည့်စုံသော အနေအထားတွင် မရှိသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ သက်ဆိုင်ရာ
ဌာန အသီးသီးတွင် ဖွဲ့စည်းပုံ အင်အားပြည့် ဖြည့်တင်းနိုင်သော အနေအထားတွင် မရှိကြောင်းတွေ့ရှိရမည်ဖြစ်သည်။
(ဂ) မန္တလေးနည်းပညာတက္ကသိုလ် မန္တလေးနည်းပညာတက္ကသိုလ်သည် တည်နေရာအနေအထားအရ မန္တလေးမြို့နှင့် အလှမ်းဝေးသည့်
နေရာတွင် တည်ရှိနေသော်လည်း အခြေခံအဆောက်အအုံများ မှာမူ ပြည့်စံလုံလောက်မှု ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ Capus Life
Structure ကိုပေးနိုင်ရန် အလွန်ကောင်းသော အနေအထားလည်း ဖြစ်ပါသည်။ သို့ဖြစ်ရာ အောင်မြင်နိုင်သော အနေအထားတွင် ရှိသည်ကို  တွေ့ရမည်ဖြစ်ပါသည်။
(ဃ) မန္တလေးကွန်ပျူတာတက္ကသိုလ် မန္တလေးကွန်ပျူတာတက္ကသိုလ်သည် တည်နေရာအလှမ်းဝေးနေသည်။ သို့သော် အဆိုပါ တက္ကသိုလ်သည် အခြေခံ အဆောက်အအုံ အနေအထားမှာ Semi ပြည့်စုံသည်ဟု ဆို၍ ရပေသည်။ ၀န်ထမ်းအိမ်ရာများ သင့်တင့်စွာ တည်ရှိနေပြီး ဖြစ်သဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် အဆောင် ဆောက်လုပ်ရန်သာ လိုအပ်မည်ဖြစ်သည်။ သို့သော် သင်ကြားရေး စွမ်းအားဖြစ်သော ဆရာ၊ဆရာမများတွင် ပြည့်စုံမှု မရှိသည်မှာ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ထက်ပင် ဆိုးရွားသည်ကို တွေ့ရပါသည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ် နှစ်ခု ပေါင်းလျှင်ပင် သင်ကြားရေးဌာနများ အမှန် အင်အားပြည့် ဖွဲ့စည်းပုံကို ရရှိနိုင်မည်မဟုတ်သည်ကို တွေ့ရမည်ဖြစ်သည်။ စုစုပေါင်း ပါမောက္ခ အရေအတွက်မှာ ဌာနအင်အား၏ ထက်ဝက်ခန့်သာ ရှိနေသည်ဖြစ်ရာ ပညာရှင် ခါးဆက်ပြတ်နေသည်ကို တွေ့ရပါသည်။
သတိထား ချဉ်းကပ်သင့်သော အချက်များ
၅။ တက္ကသိုလ်များတွင် Capus Life Structure ကို ပေးနိုင်ခြင်း မရှိပါက ကျောင်းသားကျောင်းသူများအနေဖြင့် နံနက် ကျောင်းလာတက်၊ ညနေကျောင်းက ပြန်သော အထက်တန်း ကျောင်းသားဘ၀နှင့် ထူးခြား သာလွန်မှုမရှိသော အခြေအနေကြောင့် တက္ကသိုလ် ကျောင်းသား စိတ်ဓာတ်ကို ရရှိစေရန်ခက်ခဲမည်ဖြစ်သည်။ ထို့ပြင် Campus Life Structure ကို မပေးနိုင်ပါက ကျောင်းသား၊ ကျောင်းသူများအတွက် သွားလာရေးအတွက် အချိန် ကုန်နေမည်မှာလည်း မလိုလားအပ်သော အချိန်ကို ဖြုန်းတီးနေခြင်းပင်ဖြစ်ပေသည်။
၆။ ထို့ပြင် အထူးသတိပြုရန်လိုအပ်သောအချက်မှာ ဤ Centre of Excellence များကို မည်မျှအချိန်ယူ၍ ပြင်ဆင်ခဲ့သနည်း ဆိုသည့်
အချက်ကလည်း မေးခွန်းထုတ်ရန် လိုအပ်နေသည်ကိုတွေ့ရသည်။ ယခု ပညာနှစ်တွင် ဖွင့်လှစ်မည်ကို တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ပြီး တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွင် ပါဝင်နိုင်ခြင်းမရှိပဲ နည်းပညာ တက္ကသိုလ်များဆိုလျှင် နောက်ဆက်တွဲ စာရွက်ဖြင့် ထည့်ရခြင်း၊ ကွန်ပျူတာ တက္ကသိုလ်များဆိုလျှင် စာအုပ်တွင်ပင် ပါဝင်ခြင်းမရှိဘဲ နောက်ဆက်တွဲ  လျှောက်လွှာ ခေါ်ယူ ရခြင်းများသည်လည်း အဘယ်ကြောင့်ဖြစ်ရသည်ကို လေ့လာ ဆန်းစစ်ရန် လိုအပ်မည်ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှုမရှိသော အစီအစဉ်အပေါ် လက်ခံ ယုံကြည်ရန်မှာ ခက်ခဲမည် ဖြစ်သည်။
၇။ ထို့ပြင် အဆိုပါ Centre of Excellence တက္ကသိုလ်များတွင် အထူးပြုဘွဲ့များကိုပေးအပ်မည်ကို ဖော်ပြထားချက်များရှိရာ ထိုကဲ့သို့ အထူးပြု ဘွဲ့များပေးအပ်နိုင်ရန် လုံလောက်သော သင်ကြားရေးဝန်ထမ်းအင်အား၊ ပြည့်စုံသောကျွမ်းကျင်မှု၊ ပြည့်စုံကောင်းမွန်သော သင်ထောက်ကူ ပစ္စည်းများနှင့် လက်တွေ့စမ်းသပ်ခန်းများ ရှိမရှိမှာလည်း အထူးမေးမြန်းရန် လိုအပ်နေသည်။ ထိုသို့ မဟုတ်ပဲ လုံလောက်သော အရင်းအမြစ် မရှိပဲဆောင်ရွက်ခြင်းဖြစ်ပါက အကျိုးမဲ့ဖြစ်မည်သာ ဖြစ်သည်။ သင်ကြားရေးဆိုင်ရာ ၀န်ထမ်းများကို အထူးပြုသင်ကြားမည့် ဘာသာရပ် အလိုက် ကျွမ်းကျင်အရည်အချင်း မည်မျှ ရှိသည်ကို မည်ကဲ့သို့ အကဲဖြတ်မည်။ သင်ကြားရေးဆိုင်ရာ သင်ရိုးညွှန်းတမ်းများ၊ သင်ကြားမည့် ပြဋ္ဌာန်းစာအုပ်များ၊ ရည်ညွှန်း စာအုပ်များကို မည်ကဲ့သို့သော စံများဖြင့် ပြုစုခဲ့ကြသည်ကလည်း တက်ရောက်မည့်ကျောင်းသားမိဘများ သိရှိလိုသော အချက်များဖြစ်နေသည်။ ထိုမေးခွန်း၏အဖြေကို တိကျစွာ ပေးနိုင်မည်ဆိုပါက အမှန်တကယ် အရည်အချင်းရှိသော Centre of Excellence တက္ကသိုလ်များဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။ ယခု လက်ရှိသင်ကြား ပေးနေသော ဘာသာရပ်ကိုပင် ထိရောက်အောင် သင်ကြား ပေးနိုင်ခြင်းမရှိသေးပဲ အထူးပြုဘာသာရပ်များကို ထပ်မံတိုးချဲ့သင်ကြားမည် ဆိုသည်မှာ လက်တွေ့မည်မျှဖြစ်နိုင်သည် ဆိုသည်ကို စဉ်းစား ဆင်ခြင်ဖွယ်ပင်ဖြစ်ပေသည်။ လက်ရှိ အဆိုပါ တက္ကသိုလ်များသည် အစိုးရ တက္ကသိုလ်များပင်ဖြစ်ရာ အထူးပြုဘာသာရပ် တိုးချဲ့သင်ကြားပါ က လိုအပ်လာမည့် Facility အားလုံးကို ဖြည့်ဆည်းပေးနိုင်မှု ရှိ၊ မရှိ ဆိုသည်မှာလည်း အထူးစဉ်းစားအပ်သော အချက်ဖြစ်သည်။
၈။ ထို့ပြင် အထူးသတိထားချဉ်းကပ်ရန်မှာ ၂၀၁၀ ပြည့်နှစ်တွင် သတင်းအချက်အလက်နည်းပညာဆိုင်ရာ အကောင်းဆုံး တက္ကသိုလ် အဖြစ် ရည်ရွယ်ဖွင့်လှစ်ခဲ့သော နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး) ၏ လက်ရှိ အဆင့်အတန်း အခြေအနေသည် လည်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက် အကောင်အထည်ဖော်မှု အရည်အချင်းကို မေးခွန်းထုတ်ဖွယ် ဖြစ်နေပေသည်။ အဆိုပါ
နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ပင် ထူးခြားသော အောင်မြင်မှု မရရှိသေးပဲ နောက်ထပ် Centre of Excellence
တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်ခြင်းမှာ အဘယ်ကြောင့်နည်း ဆိုသည်ကို သိရှိရန်လိုအပ်ပေသည်။ ထို့ပြင် ၁၉-၈-၂၀၁၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် Centre of Excellence တက္ကသိုလ်များအကြောင်းကို ဆောင်းပါး  ရေးသွင်း ဖော်ပြ လာသောအခါ ၁၉၉၇ ခုနှစ်တွင် မန္တလေးကွန်ပျူတာ တက္ကသိုလ်ကို စတင်ဖွင့်လှစ်စဉ်က ငါးနှစ်မှလေးနှစ်သို့ လျော့ချပြီး ဖွင့်လှစ်ရန် ခေါ်ဆိုစဉ်က ထိုအချိန်က နိုင်ငံပိုင် သတင်းစာများတွင် ငါးနှစ်မှ လေးနှစ်သို့ လျော့ချသော်လည်း စာသင်ချိန်များ ပိုမိုလာကြောင်းကို တွက်ချက်ကာ ဖော်ပြခဲ့ဖူးသည်ကို သတိရ မိပါသည်။ သို့သော် နောက်တစ်နှစ် ၁၉၉၈ တွင်မူ လေးနှစ်မှ သုံးနှစ်သို့လျော့ချခြင်း၊ ၁၉၉၉ ခုနှစ်တွင် အစိုးရ ကွန်ပျူတာကောလိပ်များ ဖွင့်လှစ်ခဲ့ပြီး ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc) နှင့် ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech) များကို သုံးနှစ်ဖြင့် အပ်နှင်းခဲ့သည်ကို သမိုင်းမှတ်တမ်း အဖြစ် ဖျောက်ဖျက်မရဘဲ ရှိနေသည်။ ယခုတစ်ဖန် ယခင်ပုံစံ အတိုင်းပင် တစ်ပုံစံတည်းဖြစ်နေသည်ကို တွေ့ရှိရသည်ဖြစ်ရာ စိတ်ချ ယုံကြည်နိုင်ရန်မှာ အလွန်ပင် ခက်ခဲနေမည် ဖြစ်သည်။
၉။ ထို့အပြင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် မြောက်များစွားကို နေရာအနှံ့ ဖွင့်လှစ်ခဲ့ခြင်း၏ မူလ ရည်ရွယ်ချက်ကို
ပြည်ထောင် စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက “ယခုအချိန်၌ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုစလုံးတွင် တက္ကသိုလ်၊
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များကို နိုင်ငံတော် အစိုးရက ဖွင့်လှစ်တည်ထောင်  ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဘဏ္ဍာ ငွေကြေးများစွာအကုန်အကျခံပြီး တက္ကသိုလ်/ ကောလိပ်များကို နိုင်ငံတစ်ဝန်း ဖွင့်လှစ်ပေးရသည့် အဓိက ရည်ရွယ်ချက်မှာ နိုင်ငံတော်၏ နယ်မြေဒေသ အသီးသီးတွင် အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်မှု ရှိစေရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အနှံ့မှ တိုင်းရင်းသားလူငယ်များ အနေဖြင့် မိမိ ရပ်ရွာဒေသအတွင်း၌ပင် မိဘဆွေမျိုးများနှင့် မခွဲမခွာ ပညာ ဆက်လက် ဆည်းပူးနိုင်ကြစေရန် ဖြစ်ပါကြောင်း” ဖြင့် ၂၁-၉-၂၀၁၁ ရက်နေ့က ကျင်းပသော ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၂၂) ရက် မြောက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးအောင်ချစ်လွင်၏ မေးခွန်းကို ပြန်လည် ဖြေကြားခဲ့ရာ ယခု Centre of Excellence ဆောင်ရွက်ချက်သည် ဤ မူလရည်ရွယ်ချက်နှင့် ကိုက်ညီမှု ရှိမရှိကိုလည်း ပြန်လည်ဆန်းစစ် သင့်ပေသည်။
၁၀။ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး စတုတ္ထနေ့ (၁၅-၂-၂၀၁၂) တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အဆင့်မြင့်ပညာရေး ကဏ္ဍ၏ တက္ကသိုလ်များအား သီးခြားလွတ်လပ်သည့် ကိုယ်ပိုင် စီမံခန့်ခွဲမှု (Autonomony) ရှိသော အစိုးရတစ်ပိုင်း အဖွဲ့အစည်း (Agency) များအဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်မည့် ဥပဒေ (Statute Law) ပြဋ္ဌာန်းပေးရန် ဤလွှတ်တော်က တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းခဲ့ပြီး ပညာရေးဝန်ကြီးဌာန ဒေါက်တာမြအေးက အဆိုရှင် တင်သွင်းသည့် Statute Law ပြဋ္ဌာန်းရန် အချိန်စောလွန်း သေးပါကြောင်းဖြင့် တင်ပြခဲ့သဖြင့် မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲ များသည့်အတွက် အဆိုအတည်မဖြစ်ကြောင်းနှင့် အဆိုတင်သွင်းခြင်းနှင့် ပတ်သက်၍ လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း ခံခဲ့ရခြင်း၊ ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက အမျိုးသား တက္ကသိုလ် (National University ) ဥပဒေပြဋ္ဌာန်း တည်ထောင်ဖွင့်လှစ်ရန် အဆိုတင်သွင်းခဲ့သော်လည်း ကန့်ကွက်ဆန္ဒမဲ များသည့်အတွက် အဆို အတည်မဖြစ်ကြောင်းနှင့် လွှတ်တော်က အဆိုကို မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း ဆုံးဖြတ်ခြင်း ခံခဲ့ရခြင်းများ ရှိခဲ့သော်လည်း ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၁၈) ရက် မြောက်နေ့ (၃၁-၇-၂၀၁၂) တွင် တက္ကသိုလ်ပညာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး က ကန့်ကွက် ဆွေးနွေးခဲ့ပြီး ကန်ပက်လက် မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက ကန့်ကွက်မှုကို ထောက်ခံခဲ့ကာ ကော့မှူး မဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာတွင်လည်း တက္ကသိုလ်များကို ၀န်ကြီးဌာနများ၏ သြဇာအာဏာ အောက်တွင် ထားရှိခြင်း မရှိမှသာ ခေတ်နှင့် လျော်ညီသော လွပ်လပ်သည့် တက္ကသိုလ်များ ဖြစ်နိုင်ကြောင်း ဆွေးနွေးခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။
ထို့ပြင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွန့်က “၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေးဥပဒေကြမ်း ဆွေးနွေးခြင်းအား ရွှေ့ဆိုင်းပေးရန်”
အဆိုကို တင်သွင်းခဲ့ရာ ဥပဒေကြမ်း ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းခဲ့ပြီး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏
ဆွေးနွေးချက်များအရ ဥပဒေကြမ်း ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းပြီး ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနှင့် စိတ်ဝင်စားသည့် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းရေးဆွဲကာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရန်နှင့် တင်ပြချက်အပေါ်မူတည်ပြီး လွှတ်တော်၏ ဆန္ဒ ရယူ၍ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်ဖြစ်ရာ အဆိုပါ တက္ကသိုလ်ဥပဒေ ပေါ်ထွက်လာပါက လက်ရှိအနေအထားနှင့် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ကိုလည်း ကြိုတင်စဉ်းစားစီစဉ်ထားခြင်း ရှိ၊မရှိ ဆိုသည်ကလည်း အရေးပါပေသည်။
၁၁။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ (၈-၈-၂၀၁၂)ကမာရွတ်မဲဆန္ဒနယ်မှ ဒေါက်တာစိုးရင်က မြန်မာနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းဆောင်များ ဖွင့်လှစ် ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆိုကိုတင်သွင်းရာ ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာချမ်းငြိမ်းက နိုင်ငံတကာ တက္ကသိုလ်များတွင်လည်း တက္ကသိုလ်တိုင်း၌ အဆောင်များ မရှိပါကြောင်း၊ မိမိတို့နိုင်ငံ၌ အဆင်ပြေမည့် တက္ကသိုလ်များတွင် အဆင်ပြေမည့် အချိန်၌ အဆောင်များထားရှိရန် သင့်လျော်ပါကြောင်းဖြင့် ဆွေးနွေးတင်ပြသဖြင့် ယင်းအဆိုအား လွှတ်တော်က မှတ်တမ်းတင်ထားရှိရန် ဆုံးဖြတ်ခဲ့သည်။
ထိုမျှသာမက ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ (၁၆-၈-၂၀၁၂) တွင် မကွေးတိုင်း
ဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်ငြိမ်းက “ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတစ်ဝန်းလုံး၌ ပညာရေးကဏ္ဍတွင်
ဟန်ချက်ညီစွာ တစ်ပြေးညီ ပညာသင်ကြား လေ့လာသင်ယူခွင့် အခွင့်အလမ်းများ ရရှိစေရေး အမျိုးသားရေးတာဝန် အဖြစ်ခံယူပြီး
ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းထားသည်ဖြစ်ရာ ယခု ဆောင်ရွက်ချက်များ သည် ပြည်သူကိုကိုယ်စားပြုသော ပြည်သူ့ကိုယ်စားလှယ်များက လက်ခံနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်မှာလည်း ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။
၁၂။ အဓိကစဉ်းစားရန် လိုအပ်သည့်အချက်မှာ (Centre of Excellence) အဖြစ်ဆောင်ရွက်ခြင်းသည် လုပ်ငန်းစဉ်အားဖြင့် ကောင်းမွန်သည်မှာ မှန်ကန်သော်လည်း မိမိတို့၏ လက်ရှိပကတိ အရှိတရား အခြေအနေကိုပါ ထည့်သွင်းစဉ်းစားရန် လိုအပ်နေသည် မှာလည်း အမှန်ပင် ဖြစ်နေသည်မှာ မည်သို့မှ ငြင်းဆို၍ မရခြင်းပင်ဖြစ်သည်။ အဆိုပါတက္ကသိုလ်များတွင် တစ်နိုင်ငံလုံး အတိုင်းအတာ အရ ကျောင်းသားများကို လက်ခံ ဆောင်ရွက်မည်ဖြစ်သဖြင့် ရပ်ဝေးဒေသမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင် စီစဉ်ပေးနိုင်ခြင်း ရှိမရှိ၊ မည်ကာမတ္တ အဆောင်ပေးခြင်းကိုတော့ မည်သို့မျှ လက်ခံ၍ ရမည်မဟုတ်သော်လည်း လက်ရှိအနေအထားအရ ယခင်ကကဲ့သို့သော ဘော်ဒါဆောင်များ ထားပေးရန်မှာလည်း လွယ်ကူပေမည် မဟုတ်သေးသည်ကိုလည်း လက်ခံရမည်ဖြစ်သည်။ လွှတ်တော်အသီးသီးက ပညာရေး ပြုပြင် ပြောင်းလဲရေး ဆောင်ရွက်ရန် အားသွန်ခွန်စိုက်စီစဉ်နေချိန်တွင် ၀န်ကြီးဌာန အနေဖြင့် မိမိသဘောဆန္ဒ တစ်ခုတည်းဖြင့် ဆောင်ရွက်နေခြင်းမှာလည်း သင့်တော်ခြင်း ရှိ၊ မရှိ စဉ်းစားခြင့်ချိန်ရန်လိုအပ် နေပေသည်။ ရွာလွန်ရွက်တိုက် မဖြစ်စေရန်မှာ ယခုအချိန်တွင် အလွန် အရေးကြီးသော အချိန် ဖြစ်ပေသည်။
၁၃။ Hote News ဂျာနယ် အတွဲ-၃ အမှတ်-၁၀၂ ပါ ဆောင်းပါးရှင် သပြေညို (မိန်းမလှကျွန်း) ၏ သဲထဲရေသွန် ဖြစ်ကြတော့မှာလား
ဆောင်းပါးကလည်း ပညာရေးကိစ္စများကို ဆောင်ရွက်ရာတွင် စဉ်းစားစရာ အချက်များကို ထောက်ပြထားပါသည်။
နိဂုံး
၁၄။ သို့ဖြစ်ရာ ယခု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ဆောင်ရွက်မည့် အဆင့်မြင့်တက္ကသိုလ်များ (Centre of Excellence) စီမံကိန်းများ မည်မျှအထိ အောင်မြင်မှု ရရှိမည်ဆိုသည်ကို ယင်းဝန်ကြီးဌာန၏ ယခင်က ဆောင်ရွက်ချက်သမိုင်း မှတ်တမ်းများ၊ လက်ရှိဆောင်ရွက်ချက်များ၊ နောင်ဆောင်ရွက်မည့် အနေအထားများကို အောက်ပါ အခြေအနေများအပေါ်
• သင်ကြားရေးအတွက် ဆရာ၊ ဆရာမအင်လား လုံလောက်နေပြီလား၊ သင်ကြားရန် အသင့်အနေအထားဖြစ်ရဲ့လား။
• သင်ကြားမှုအတွက်လိုအပ်သည့် အထောက်အကူပြုနိုင်မည့် အထောက်အကူပစ္စည်းများ ပြည့်စုံစွာရရှိရန် စီမံထားရှိပြီးပြီလား။
• သင်ကြားရမည့်အကြောင်းအရာ၊ သင်ရိုးများ မည်မျှအထိ ချမှတ်ဆောင်ရွက်ပြီးပြီလဲ။
• မူဝါဒများကော ခိုင်မာစွာချမှတ်မှုရှိသလား။
• သင်ယူမှုအပေါ်သက်ရောက်မှုနှင့် အောင်မြင်မှု မည်မျှရှိနိုင်မည်နည်း။
• စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် မည်သို့ စီမံဆောင်ရွက်ထားသလဲ။
• ရန်ပုံငွေ သုံးစွဲမှုနှင့် ထောက်ပံ့ ဖြည်းဆည်းပေးနိုင်မှုကော သေချာရဲ့လား။
• ယခု ဆောင်ရွက်ချက်သည် ပွဲပြီးမီးသေလား၊ Sustainable ဖြစ်အောင် မည်ကဲ့သို့ဆောင်ရွက်မည်နည်း ဟူသောအချက်များကို
အခြေခံကာ စောင့်ကြည့် လေ့လာရန်သာ ဖြစ်တော့သည်ကို ဖော်ပြလိုက်ရပါသည်။
နိဒါန်း
၁။  မိမိ အနေဖြင့် အဆင့်မြင့်တက္ကသိုလ် (Centre of Execllence) ဘာလဲ၊ ဘယ်လဲ (အပိုင်း ၁) တွင် “အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) များ တည်ထောင်ခြင်းနှင့် လုပ်ငန်း လိုအပ်ချက်များ” အကြောင်းတို့ကို ပထမအပိုင်း အနေဖြင့် တင်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ အဆိုပါ တက္ကသိုလ်များနှင့် ပတ်သက်သော ပထမဆောင်းပါးပါ မေးခွန်းများကို ဆက်လက် လေ့လာသုံးသပ်သွားမည်ဖြစ်ပြီး ရေရှည်ရပ်တည်နိုင်ရေး ဆောင်ရွက်ရန် ကိစ္စများကိုပါ ဆွေးနွေးသွားမည် ဖြစ်ပါသည်။
         မိမိအနေဖြင့် -
  • သင်ကြားရေးအတွက် ဆရာ၊ ဆရာမအင်လား လုံလောက်နေပြီလား၊ သင်ကြားရန် အသင့် အနေအထားဖြစ်ရဲ့လား
  • သင်ကြားမှုအတွက်လိုအပ်သည့် အထောက်အကူပြုနိုင်မည့် အထောက်အကူ ပစ္စည်းများ ပြည့်စုံစွာ ရရှိရန် စီမံထားရှိပြီးပြီလား
  • သင်ကြားရမည့်အကြောင်းအရာ၊ သင်ရိုးများ မည်မျှအထိ ချမှတ်ဆောင်ရွက်ပြီးပြီလဲ
  • မူဝါဒများကော ခိုင်မာစွာ ချမှတ်မှုရှိသလား
  • သင်ယူမှုအပေါ် သက်ရောက်မှုနှင့် အောင်မြင်မှု မည်မျှရှိနိုင်မည်နည်း
  • စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန်မည်သို့ စီမံဆောင်ရွက်ထားသလဲ
  • ရန်ပုံငွေသုံးစွဲမှုနှင့် ထောက်ပံ့ဖြည်းဆည်း ပေးနိုင်မှုကော သေချာရဲ့လား
  • ယခုဆောင်ရွက်ချက်သည် ပွဲပြီးမီးသေလား၊ Sustainable ဖြစ်အောင် မည်ကဲ့သို့ ဆောင်ရွက်မည်နည်း ဟူသော အချက်များကို အခြေခံကာ စောင့်ကြည့်လေ့လာနေမည်ဖြစ်ကြောင်း ပထမဆောင်းပါးတွင် ဖော်ပြထားပြီး ဖြစ်ပါသည်။
၂။         မူလ ပထမ ဆောင်းပါးရေးစဉ်ကပင် အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) ဖွင့်လှစ်လိုပါက Campus Life ပေးရန် လိုအပ်ကြောင်းကို ဖော်ပြပြီးဖြစ်ပါသည်။  သို့ရာတွင် ယခုအခါ မိမိ သိရှိရသလောက်မှာ အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) အဖြစ် ဆောင်ရွက်မည့် ရန်ကုန် နည်းပညာတက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်နှင့် မန္တလေး ကွန်ပျူတာ တက္ကသိုလ် လေးခုလုံးတွင် ကျောင်းသား ကျောင်းသူများအတွက် အဆောင်ပေးရန် အစီအစဉ် မရှိကြောင်းကို သိရှိရပေသည်။ ရန်ကုန် နည်းပညာ တက္ကသိုလ်(အဆင့်မြင့်) သင်တန်းများကို အင်းစိန် (ကြို့ကုန်း) ရှိ ရန်ကုန်စက်မှုတက္ကသိုလ်ဝင်း နေရာတွင် လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်(အဆင့်မြင့်) ကို ရွှေတိဂုံဘုရားအနီး အင်းလျားလမ်းရှိ ယခင် အဆင့်မြင့် သိပ္ပံနှင့်နည်းပညာ သင်တန်းကျောင်း နေရာတွင် လည်းကောင်း၊ မန္တလေးနည်းပညာ တက္ကသိုလ် (အဆင့်မြင့်) ကို ပုသိမ်ကြီးမြို့နယ် ရေတံခွန် တောင်ခြေ ရေကြည်ရွာအနီးရှိ မန္တလေးစက်မှု တက္ကသိုလ် နေရာတွင် လည်းကောင်း၊ မန္တလေးကွန်ပျူတာတက္ကသိုလ် (အဆင့်မြင့်) ကို မန္တလေး-မတ္တရာ ကားလမ်းဘေး ပုသိမ်ကြီးမြို့နယ် ဒဟတ်တောရွာ အနီးရှိ မန္တလေး ကွန်ပျူတာ တက္ကသိုလ်တွင်လည်းကောင်း ဖွင့်လှစ်ရန် စီစဉ် ထားရှိကြောင်းလည်း သိရှိရပါသည်။
တက္ကသိုလ်အသီးသီး၏ တည်နေရာကို မူတည် စဉ်းစားမည်ဆိုပါက လက်ခံနိုင်ဖွယ်ရှိသော တက္ကသိုလ်မှာ ရန်ကုန်နည်းပညာတက္ကသိုလ် တစ်ခုသာ တည်ရှိနေ သည်ကို တွေ့ရှိရမည်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ကျန် တက္ကသိုလ် သုံးခုမှာ မြို့ပြနှင့် အလှမ်း ဝေးလွန်းခြင်းဖြင့် ကျောင်းသားတစ်ဦး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် နှစ်နာရီခန့် အချိန်ပေးရန် လိုအပ်နေမည်ဖြစ် သည်။ ကျောင်းသား၊ကျောင်းသူများအတွက် အလွန် အရေးကြီးသော အချိန်များကို အလဟသ ဖြုန်းတီးရာ ဖြစ်နေသည့်အပြင် မလိုအပ်သော စွမ်းအား စိုက်ထုတ်ရမှုများကိုလည်း ဖြစ်နေစေသည်။
မူလမေးခွန်းများကို သုံးသပ်ခြင်း
၃။   ပထမ မေးခွန်းဖြစ်သော  “သင်ကြားရေးအတွက် ဆရာ၊ ဆရာမ အင်လား လုံလောက်နေပြီလား၊ သင်ကြားရန် အသင့် အနေအထား ဖြစ်ရဲ့လား”  အတွက် အဖြေမှာ စီမံခန့်ခွဲရေးဆိုင်ရာ ပြဿနာပင် ဖြစ်ပေ သည်။ ဤမေးခွန်းတွင် အပိုင်းနှစ်ပိုင်းပါဝင်ရာ ပထမပိုင်းဖြစ်သည့် သင်ကြားရေးအတွက် ဆရာ၊ ဆရာမအင်လား လုံလောက်နေပြီလား အတွက်ဆိုလျှင် သင်ကြားပို့ချမည်ဟု ကြေငြာထားသော ဘာသာရပ် အားလုံးအတွက် ဆရာ၊ဆရာမ Recruitment မည်ကဲ့သို့ ပြုလုပ်ထားသည် ဆိုသည်ကိုလည်း ဆန်းစစ်ရန် လိုအပ်ပေမည်။ ထိုဘာသာရပ်များကို သင်ကြားရန် တာဝန်ပေး အပ်မည့် ဆရာဆရာမများသည် မိမိတို့ သင်ကြားပို့ချမည့် ဘာသာရပါအပေါ် မည်မျှ ကျွမ်းကျင် ပိုင်နိုင်သည်ကို မည်ကဲ့သို့သော စံနှုန်းများဖြင့် တိုင်းတာကြ မည်နည်း။ အရည်အချင်းကို မည်သို့ သတ်မှတ်ကြမည်နည်း။ တာဝန်ပေးအပ်မည့် ဆရာ၊ဆရာမများ၏ အရည်အချင်းကို အကဲဖြတ်မည့်သူများသည် အရည်အချင်းကို အကဲဖြတ်နိုင်စွမ်း အမှန်တကယ် ရှိမည့်သူများဖြစ်ရန် လိုအပ်ပေမည်။ မချွန်သော မမွန်သော ကိုယ့်လူများနှင့် မောင်းနှင် နေမည်ဆိုလျှင်တော့ ယခုကြုံတွေ့နေရသည့် အရည်အချင်း ပြည့်ဝရေး ပြသနာကို ပြေလည်စေမည် မဟုတ်ပေ။ သို့ဖြစ်ရာ တာဝန်ပေးအပ်မည့် ဆရာ၊ဆရာမများ၏ အရည်အချင်းကို အကဲဖြတ်မည့် သူများသည် အရည်အချင်းကို အကဲဖြတ်နိုင်စွမ်း အမှန်တကယ် ရှိ-မရှိမှာ အခြားသူများကို လိမ်ညာ နိုင်သော်လည်း မိမိကိုယ် မိမိ လိမ်ညာနိုင် မည် မဟုတ်ပေ။ ဒုတိယ အပိုင်းဖြစ်သော သင်ကြားရန် အသင့် အနေအထားဖြစ်ရဲ့လား ကိစ္စမှာလည်း အလွန်အရေးကြီးသော အချက်ဖြစ်သည်။ ဆရာပြောတာ နားထောင်၊ ဆရာ ခိုင်းတာသာ လုပ်တတ်ခဲ့ကြသော မြန်မာ့ပညာရေးစနစ်ကို ပြောင်းလဲရန်လည်း လိုအပ်နေသည်။ သင်ကြားမည့် ဆရာ၊ ဆရာမများသည် နိုင်ငံတကာ အတွေ့အကြုံရှိသော ဆရာ၊ ဆရာမများဖြစ်သင့်သည်။ ဤနေရာတွင် နိုင်ငံခြား တိုင်းပြည်များသို့ ရောက်ဖူးသည်ဆိုရုံ သွားခဲ့ပြီး ဓာတ်ပုံရိုက် ပြန်လာသော ပုဂ္ဂိုလ်များကို ပြောခြင်းမဟုတ်ပါ။ ပြည်ပနိုင်ငံများ၏ ပညာရေးစနစ် အကြောင်းကို ထဲထဲဝင်ဝင် လေ့လာနိုင်ခဲ့သော ပုဂ္ဂိုလ်များဖြစ်ရန် လိုအပ်ပေသည်။
၎။ ဒုတိယမေးခွန်း “သင်ကြားမှုအတွက် လိုအပ်သည့် အထောက်အကူ ပြုနိုင်မည့် အထောက်အကူ ပစ္စည်းများ ပြည့်စုံစွာ ရရှိရန် စီမံ ထားရှိပြီးပြီလား” အတွက်မှာမူ ဖြေဆိုရန်ပင် မလိုဟု ယူဆ မိပါသည်။ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့စမ်းသပ်ခန်းသုံးပစ္စည်းများကို ခေတ်နှင့်အညီ ခေတ်ကို ရင်ဘောင် တန်းနိုင်ရန် ဆောင်ရွက်ရပေမည်။ သင်ကြားမည့် ဆရာ၊ ဆရာမများ ကြိုတင်စမ်းသပ် အသုံးပြုနိုင်စေရန် စီမံဆောင်ရွက် ပေးရပါမည်။ ထို့ပြင် ကျောင်းသား အရေအတွက်နှင့် လိုက်လျောညီထွေရှိသည့် လက်တွေ့စမ်းသပ်ခန်းသုံး ပစ္စည်းများကို အချိန်မီ ရရှိနိုင်ရန်လည်း လိုအပ်ပေသည်။ ဤအတွက် မည်မျှ ပြင်ဆင်ထားသည်ကို အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) ဦးဆောင် ကော်မတီများကို မေးခွန်း ထုတ်ရပေမည်ဖြစ်သည်။
၅။ တတိယမေးခွန်းဖြစ်သော “သင်ကြားရမည့်အကြောင်းအရာ၊ သင်ရိုးများ မည်မျှအထိ ချမှတ် ဆောင်ရွက် ပြီးပြီလဲ” ကိစ္စသည် အလွန် အရေးကြီးသော အကြောင်းအရာပင်ဖြစ်သည်။ မိမိတို့ သင်ကြားပို့ချမှုသည် နိုင်ငံတကာ အဆင့်အတန်းကို မည်မျှအထိ အမီလိုက်နိုင် မည်နည်း။ မိမိတို့ တက္ကသိုလ်၏ ဘွဲ့ လက်မှတ်သည် နိုင်ငံတကာတွင် မည်မျှအထိ ၀င်ဆံ့မည်နည်းဆိုသည်မှာ ဤ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာတို့ အပေါ်တွင် မူတည်နေပေသည်။ NUS က တစ်ချို့ယူ၊ NTU မှ တစ်ပိုင်းကူး၊ MIT က တစ်ဝက်၊  AIT က သင်ရိုးတစ်မျိုးဖြင့် အမြီးဖြတ်-ခေါင်းဖြတ် ဖြတ်ညှပ်ကတ် သင်ရိုးမျိုးဖြင့် ရေရှည် ရပ်တည်နိုင် မည် မဟုတ်သည်ကို ပညာရေးမူဝါဒချမှတ်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲမည့်သူများ သိသင့်ပေ သည်။ တက္ကသိုလ်တစ်ခုတွင် သင်ကြားမည့် ဘာသာရပ်ကို မည်ကဲ့သို့သတ်မှတ်ပြီး မည်ကဲ့သို့ အရည်အချင်း စစ်ဆေးသင့်သည်တို့ကိုပါ တပါတည်း စဉ်းစားဆုံးဖြတ် ကြရမည်ဖြစ်သည်။
၆။ စတုတ္ထမေးခွန်း “မူဝါဒများကော ခိုင်မာစွာချမှတ်မှုရှိသလား”  ကိုလည်း သေချာ ဆန်းစစ်သင့်ပေသည်။ အဆင့်မြင့် တက္ကသိုလ် (Centre of Excellence) ဖွင့်လှစ်ရေးကိစ္စရပ်နှင့် ပတ်သက်ပြီး နိုင်ငံတော်အပိုင်းမှ မည်ကဲ့သိုသော မူဝါဒများရှိသည်၊ မည်သည့်ဥပဒေပြဋ္ဌာန်းချက်၊ မည်သည့် နည်းဥပဒေနှင့် အညီ ဆောင်ရွက်မည်တို့ကို တိတိကျကျ ချပြသင့်သည်။ စာမေးပွဲစစ်ဆေးခြင်းများနှငျား၊်သက်၍လည်း ယခုလက်ရှိ ဆောင်ရွက်နေ သော နည်းပညာ၊ ကွန်ပျူတာ တက္ကသိုလ်များ အတိုင်း ဗဟိုချုပ်ကိုင် စစ်ဆေးခြင်းကိုပင် ဆက်လက်ပြုလုပ်မည်လား၊ မိမိ တက္ကသိုလ်အလိုက် သီးခြားလွတ်လပ်စွာ စစ်ဆေးခြင်း ပြုလုပ်မည်လား စသည်ဖြင့် မူဝါဒ သေချာစွာ ချမှတ်ရန် လိုအပ်ပေမည်။ ထို့ပြင် လိုအပ်ပါက ဤ အဆင့်မြင့် တက္ကသိုလ် (Centre of Excellence) လေးခုကို သီးခြား လွတ်လပ်သည့် ကိုယ်ပိုင်စီမံခန့်ခွဲမှု (Autonomy) ရှိသော အစိုးရတစ်ပိုင်း အဖွဲ့အစည်း (Agency) များအဖြစ် ဖွဲ့စည်းရန်ကိုပါ စဉ်းစားသင့်ပေသည်။ Assessment ပြုလုပ်မည့် နည်းလမ်းများကိုလည်း မည်သို့ဆောင်ရွက်မည်တို့ကို တိကျသေချာသော မူဝါဒများ စဉ်းစား စီစဉ်ထားရှိရန် လိုအပ်ပေသည်။
၇။ ပဉ္စမမေးခွန်းဖြစ်သည့် “သင်ယူမှုအပေါ် သက်ရောက်မှုနှင့် အောင်မြင်မှုမည်မျှ ရှိနိုင်မည်နည်း” ဟူသော အချက်သည်  အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) ဖွင့်လှစ်ခြင်းဖြင့် လက်ရှိ မြန်မာနိုင်ငံ၏ နည်းပညာ၊ ကွန်ပျုတာပညာရပ်များ သင်ကြားရေးအပေါ် မည်ကဲ့သို့သော သက်ရောက်မှုများရှိမည်၊ ထိုအချက်များကို မည်ကဲ့သို့ ဖြေရှင်းမည်၊ ဤ တက္ကသိုလ်များ၏ အောင်မြင်မှု၊ ကျရှုံးမှုများကို မည်သူက တာဝန်ခံမည် စသည့် အချက်များအတွက် ကြိုတင် ပြင်ဆင်ခြင်းပင်ဖြစ်သည်။ တက္ကသိုလ်များသည် မိမိတို့၏ အာမခံချက်ကို တန်ဖိုးထားရပါမည်။ Yale, Harvard, Oxford, Cambridge တက္ကသိုလ်များမှ ရရှိသော ဘွဲ့ကို တစ်ကမ္ဘာလုံးက ယုံကြည် စိတ်ချသကဲ့သို့ ဤ အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) များက ပေးအပ်လိုက်သော ဘွဲ့များကို ပထအဆင့်အနေဖြင့် နိုင်ငံတွင်း အစိုးရ၊ ပုဂ္ဂလိုကအားလုံးမှ အသိအမှတ်ပြု နိုင်စေရမည်ဖြစ်သည်။ အဆင့်မြင့်တက္ကသိုလ် (Centre of Excellence)မှ ဘွဲ့လက်မှတ်ဖြင့် အလုပ် လာလျှောက်သူကို အစိုးရဌာနနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့မှ စိတ်ချလက်ချ အလုပ် ခန့်ထားဝံ့ရမည်ဖြစ်သည်။ [ဤအကြောင်းကို ပြောဆိုရခြင်းမှာ ယခုအခါ အဝေးသင်တက္ကသိုလ်မှ ရရှိသော ဘွဲ့များကို အချို့သော အစိုးရဌာနများ (ဥပမာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန) မှ အလုပ် ခန့်ထားခြင်း မရှိသဖြင့် ဖြစ်ပါသည်။] ဒုတိယအဆင့် အာဆီယံ အသိုက်အ၀န်းမှသည် နောက်ဆုံးအဆင့် ကမ္ဘာ့အဆင့်အထိ တက်လှမ်းနိုင်ရမည် ဖြစ်သည်။
၈။ ဆဋ္ဌမဆန်းစစ်ချက်ဖြစ်သော “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် မည်သို့စီမံ ဆောင်ရွက်ထားသလဲ”  ၊ သတ္တမ အချက် “ရန်ပုံငွေ သုံးစွဲမှုနှင့် ထောက်ပံ့ ဖြည်းဆည်း ပေးနိုင်မှုကော သေချာရဲ့လား”၊ အဋ္ဌမအချက် “ယခု ဆောင်ရွက်ချက်သည် ပွဲပြီးမီးသေလား၊ Sustainable ဖြစ်အောင် မည်ကဲ့သို့ ဆောင်ရွက်မည်နည်း” ဆိုသော အချက်များသည် တစ်ခုနှင့် တစ်ခု ဆက်စပ်လျက် ရှိနေပေသည်။ ကမ္ဘာ့ နိုင်ငံအများအပြားတွင်လည်း ကျင့်သုံးနေသည့် စနစ်ကိုပင် ကျင့်သုံးခြင်း ဖြစ်သဖြင့် မူဝါဒအားဖြင့် မှန်ကန်နေ ပါသော်လည်း မြန်မာနိုင်ငံတွင် လက်တွေ့ အကောင်အထည် ဖော်ဆောင်ရာ၌မူ လွဲချော်နေသည့် ကိစ္စရပ်များကို စနစ်တကျ စိစစ် ပြင်ဆင်သည့်သည်ကို တွေ့ရှိရပါသည်။
၉။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ အပ်နှင်းပေးနေသော အခြေခံဘွဲ့များ၊ မဟာဘွဲ့များ၊ ပါရဂူဘွဲ့များ၏ အရည်အသွေး၊ အရည်အချင်း သတ်မှတ် ချက်များနှင့် ပတ်သက်၍ ကမ္ဘာနှင့် ရင်ဘောင်တန်း နိုင်ရေးတွက်ကိုလည်း The Voice သတင်းဂျာနယ် အတွဲ(၇)၊ အမှတ်(၄၆) စာမျက်နှာ (၈) ပါ 'မြန်မာ ကျောင်းသားတစ်ဦး' မှ ရေးသားထားသည့် အယ်ဒီတာထံ ပေးစာမှာလည်း အဆင့်မြင့်ပညာအတွက် သတိချပ်ဖွယ်ကိစ္စများ ပါရှိသည့် အမှန်တရားများ ပါဝင်နေပါသည်။
၁၀။ ရန်ပုံငွေအနေဖြင့် အစိုးရ ပံ့ပိုးမှုတစ်ခုတည်းဖြင့် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ ပုဂ္ဂလိက အလှူရှင်များမှ လည်း နှစ်စဉ်ပံ့ပိုးနေမည်မဟုတ်ရာ ရန်ပုံငွေ ရေရှည် ရရှိနိုင်ရေးကိုလည်း အလေးထား စဉ်းစားရမည်ဖြစ်သည်။ ပရောဂျက်များ လက်ခံဆောင်ရွက်ခြင်း နည်းလမ်းဖြင့်လည်း ရန်ပုံငွေ ရရှိရေးကို ဆောင်ရွက် သင့်ပေသည်။ ထို့ပြင် သင်ကြားပို့ချမည့် ဆရာ၊ဆရာမများ အရည်အချင်း ရေရှည်ဖွံ့ဖြိုးရေးအတွက် ပြည်တွင်းပြည်ပ  Training များပေးခြင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ ဖိတ်ခေါ်ပို့ချပေးခြင်း၊ internship program များ စီစဉ်ပေးခြင်းများ ပြုလုပ်ပေး သင့်ပေသည်။
အကြံပြုချက်
၁၁။ တက္ကသိုလ်များကို ပိုမို ထိရောက်အောင်မြင်စွာ ဆောင်ရွက်စေလိုလျှင် နိုင်ငံတကာ စံနှုန်းအတိုင်း ဆောင်ရွက်ရန် လိုအပ်ပေမည်။ အစိုးရ၏ ထိန်းချုပ်မှု၊ အစိုးရ ဘတ်ဂျက်ကို မှီခိုနေရမှုများကို လျှော့ချကာ တက္ကသိုလ်တစ်ခု၏ လွတ်လပ်စွာ စီမံခန့်ခွဲခွင့် (Autonomy) ကို ပေးအပ်သင့်ပေသည်။ 7 Day News Journal အတွဲ-၁၁၊ အမှတ်-၃၀ စာမျက်နှာ ၃၁ ပါဆောင်းပါးရှင် မောင်သာချို၏ “ခေါင်းမြီးခြုံအိပ်နေ တစ်ရေးနိုးတော့ ပရိုမိုးရှင်း” ဆောင်းပါးပါ အချက်အလက်များကိုလည်း အလေးထား စဉ်းစားပေးရမည်ဖြစ်ပါသည်။
၁၂။ ဘွဲ့လက်မှတ် ဆိုသည်မှာ လက်မှတ်ပိုင်ရှင် ပုဂ္ဂိုလ်အား ဘွဲ့လက်မှတ်ပါ ပညာကို တတ်ကျွမ်းသည့် အရည်အသွေး ရှိကြောင်းကို လူ့အဖွဲ့အစည်း အပေါ် အာမခံပေးရခြင်း သဘောဖြစ်ပေသည်။ တက္ကသိုလ်သည် ဘွဲ့လက်မှတ် ပိုင်ရှင်၏ သက်ဆိုင်ရာ ပညာနှင့် ပတ်သက်၍ လူ့အဖွဲ့အစည်းကို တာဝန်ယူသည့် အာမခံချက်တစ်ခုအဖြစ် ပြန်လည် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်နေပြီဖြစ်ကြောင်း သတိချပ်သင့်ပေသည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ခြင်း မရှိပါက အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) ဆိုသည့် စကားလုံးသည် အဓိပ္ပါယ် ပြည့်ဝစွာ ရပ်တည်နိုင်မည် မဟုတ်ကြောင်းကို  Stakeholder အားလုံးသဘောပေါက်ကြရန်လိုအပ်ပါသည်။
၁၃။ အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) များအနေဖြင့် တက္ကသိုလ်တစ်ခု၏ ဆောင်ရွက်ချက်များ ဖြစ်သော သုတေသနများ ပြုလုပ် ဆောင်ရွက်ခြင်း (Research)၊ သင်ကြားပို့ချခြင်း (Teaching)၊ မိမိတို့ သုတေသန တွေ့ရှိချက်များကို ဖြန့်ဝေခြင်း (Publishing) တို့ကိုလည်း ဆောင်ရွက်နိုင်ရန် ဦးစားပေး လုပ်ဆောင်ရေးမှာလည်း အလွန် အရေးကြီးပေသည်။ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်မှာ လိုအပ်သော လက်တွေ့ စမ်းသပ်ခန်း အသုံးအဆောင်များ (Lab Facalities) များကို ဖြည့်ဆည်းပေးကာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် အချိန် ကန့်သတ်ချက်မရှိ  ၂၄နာရီ အသုံးပြု နိုင်စေရန်ကို စီမံဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။ ၂၄ နာရီ မီးလင်း အလုပ်လုပ်နေသော လက်တွေ့ စမ်းသပ်ခန်းများ ရှိနေရန် လိုအပ်နေပေသည်။
နိဂုံး
၁၄။ နိဂုံးချုပ်အနေဖြင့် စာရေးသူပြောလိုသည်မှာ အဆင့်မြင့်တက္ကသိုလ် (Centre of Excellence) ဖွင့်လှစ် ရေးကိစ္စရပ်နှင့်ပတ်သက်ပြီး စခဲ့ပြီး လုပ်ငန်း တစ်ခုဖြစ်သဖြင့် အောင်မြင်အောင် ဆက်လက် လုပ်ဆောင်ရတော့မည် ဖြစ်ရာ လုပ်သလောက် မပြီးမြောက်၊ သွားသလောက် ခရီးမတွင်၊ အကြီးကြီးတွေ ပြောပြီး အချည်းနှီး မဖြစ်စေရန် ဘေးမှ ရပ်ကြည့်သူ တစ်ဦးအမြင်ကို တင်ပြခြင်းသာဖြစ်ပါသည်။
စံပယ်မ
မောက္ခပညာရေးမဂ္ဂဇင်း (ပညာရပ်စာတမ်းကဏ္ဍ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...