Saturday, November 17, 2012

“ဟိုမှသည် တထောက်နားလို့ မန္တလေးတောင်တော်ဆီ”


by Soe Min on Saturday, November 17, 2012 at 3:29am 

          ဖေ့စ်ဘုတ်ကြီးပေါ်လာတာ မကောင်းပါဘူး။ အလကား အရေမရ အဖတ်မရ ဟိုလူ့မြှောက်ပေး သည်လူ့ပတ်ဆဲနဲ့ သင်္ကြန်အမြှောက်လောက်တောင် အသံထွက်တာ မဟုတ်ဘူး။ တကယ်မရှိတဲ့ အသိုင်းအ၀ိုင်းတစ်ခုကို ဂိမ်းစွဲသလို စွဲနေကြတာပဲ။ ပြင်ပလောကမှာ အောင်မြင်ဖြစ်ထွန်းစရာ မရှိတဲ့ သူတွေသာ အချိန်တွေ ပိုနေလို့ သူတို့အတ္တပုံရိပ်တွေကို သူများအထင်ကြီးအောင် အရောင်တင်နေကြတာ။ အစရှိသဖြင့် အငြင်းမပွားလိုသော အတွေးအမြင် အယူအဆများစွာ ရှိပါလိမ့်မယ်။ လူဆိုတာ ကိုယ်ယူထားတဲ့ မိန်းမကိုတောင် “မိန်းမယူတာမှားပြီ။ ယောက္ခမ သူအနိုင်ကျင့်သည်။ ဒီမိန်းမကို ကွာရှင်းလိုက်ရင် ဘယ်လိုနေမလဲ။” လို့ ဖြစ်ကုန်ကြတာလည်း ခဏခဏ မဟုတ်လား။ ဒါကတော့ ကာယကံရှင်ရဲ့ စိတ်အခြေအနေပေါ်မှာပဲ မူတည်စရာရှိပါတယ်။ ကြူကြောင်ပွား လုပ်ချင်ရင်တော့ တခြားဝက်ဆိုက်တွေ ရှိတယ်။ လူကောင်ထွား ရုပ်မြင်ချင်လည်း သဘောရှိ။ ကိုယ်ကိုယ်တိုင်ရဲ့ သဘောထားကို ပြောရမယ်ဆိုရင်တော့ ဖေ့စ်ဘုတ်ကြီးကြောင့် ဘ၀မှာ အထိုက်အလျောက် သိသာစွာ ပြောင်းလဲခဲ့တာတွေ မနည်းပါဘူး။
အဓိကအားဖြင့် စာမှန်မှန်ရေးဖြစ်တဲ့အခါ ဦးနှောက်က သံချေးမတက်တော့ဘူး။ တွေးရတာကိုး။ ကိုယ်တွေးတာကိုယ်ရေးသလို သူများတွေးတာတွေ လိုက်ဖတ်လို့ရတာလည်း အမြတ်ပဲ။ ဒီထက်ပို အကျိုးရှိတာကတော့ အတွေးနဲ့တင် ရပ်မထားပဲ လက်တွေ့ဘ၀မှာ အမှားအမှန် ဝေဖန်ပိုင်းခြားပြီး သတိကြီးစွာ အလုပ်လုပ်တဲ့ အကျင့်ရလာလို့ အဲဒါကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အမြတ်လို့ ပြောရမယ်။ ကိုယ်ရေးတဲ့စာကို ကိုယ်တိုင် မကျင့်သုံးနိုင်ပဲ လေကန်ရုံသက်သက် ဆရာကြီးလုပ်ချင်ရုံသက်သက်နဲ့ စာမျက်နှာပေါ် တင်နေတာလောက် မိုက်လုံးကြီးတဲ့သူ ရှိပါဦးမလား။
           မကောင်းတဲ့အချက် (ကိုယ်မနှစ်သက်တဲ့အချက်ကတော့) အဲဒီဖေ့စ်ဘုတ်ပေါ်က ပုံရိပ်က အပြင်လောကက ကိုယ့်ဘ၀မှာ အရိပ်ထိုးလာမှာကိုပါ။ ဖေ့စ်ဘုတ်ပေါ် စာရေးနေတဲ့ဆရာဝန်လေ လို့ လူနာတွေကသိမှာ နည်းနည်းလေးမှ မခံနိုင်ပါဘူး။ ဆေးကုနေတဲ့ဆရာဝန်ဘ၀နဲ့ စာရေးနေတဲ့ဆရာဝန်ဘ၀နဲ့ဟာ ကိုယ့်ဘာသာကိုယ်တော့ နှစ်ကိုယ်ခွဲထားတယ်။ ဘယ်တော့မှ နှစ်ယောက်တပြိုင်နက် မရှိဘူး။ (ဆောင်းအိပ်မက်ထဲက ၀င်းဦးကြီးကို အားကျလို့) အမ်းမြို့မှာ အဲဒီဆရာဝန်က စာရေးတယ် လို့ သိတဲ့သူ လက်ချိုးရေလို့ရတယ်။ ထုတ်ဝေသူကြီးက စာအုပ်တွေ ပါဆယ်နဲ့ ပို့ပေးခဲ့တာတောင် တ၀က်ကျော်ကျော် ရန်ကုန်ကို ပြန်ပို့ပစ်တယ်။ လူနာတွေနဲ့ ကိုယ်နဲ့ကြားက ဆက်ဆံရေးကို မလိုလားအပ်တာတွေ မ၀င်စေချင်ဘူး။ ဒီ့ထက်ပို တိတိကျကျ ပြောရရင် တတ်နိုင်သလောက် လူနာနဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးအောင် မဆက်ဆံဘူး။ Socialize မလုပ်ဘူး လို့ ပြောတာ။ မတူမတန်ဆက်ဆံတာ မဟုတ်ဘူး။ ဂရုစိုက်စရာရှိတာ စိုက်တယ်။ လူနာကို ဘယ်သူဘယ်ဝါဆိုတဲ့ စိတ်မထားပဲ ဘာရောဂါနဲ့ ဘာကုထားတယ်။ ဘယ်အခြေအနေဆိုတာပဲ တစ်ယောက်ချင်း မမှားမယွင်း မှတ်ထားတယ်။ နံမည်တောင် မသိဘူး။ ဓါတ်ပုံထဲမှာ လူနာမျက်နှာကို အမည်းကြီးနဲ့ ပိတ်ပြီး ဘလိုင်းမလုပ်တတ်ပေမယ့် ကိုယ့်စိတ်ထဲမှာ လူနာတိုင်းကို ပါစင်နယ်နဲ့ ပတ်သက်လာရင် ဘလိုင်းလုပ်ထားတာ တော်တော်တောင် ကျင့်သားရနေပြီ။ ဒါကြောင့် ဘယ်သွားသွား ရောက်ရာအရပ်မှာ လူနာတွေက အတင်းလိုက် မိတ်ဆက်အစဖော်ရင်တောင် ကိုယ့်ဘက်က ပြန်စဉ်းစားလို့ မရဘူး။ ဘာရောဂါလဲ ပြောမှ မှတ်မိတယ်။ မာနကြီးတာ မဟုတ်ပေမယ့် ခွဲခြားပြီး ဆက်ဆံရာရောက်မစိုးလို့ အားလုံးကို တသားတည်း မခွဲမခြား ခပ်စိမ်းစိမ်းလေး ဆက်ဆံတယ်။
             ဒါပေမယ့် တခြားတဘက်မှာက အမ်းမှာ အခုဘာတွေဖြစ်နေသလဲ တကမ္ဘာလုံးက သိနိုင်တယ်။ ဆေးရုံမှာ ဘာတွေလိုသလဲသိလို့ လှူတဲ့တန်းတဲ့သူတွေရှိသလို ရခိုင်မှာ ဘာတွေ ဖြစ်နေသလဲ သိချင်လို့ မေးတဲ့မြန်းတဲ့သူလည်း ရှိတယ်။ အဲဒီဘက်ကိုကျတော့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးမှတို့၊ လူစုလူဝေးကြီးမှတို့၊ တာဝန်ရှိဝန်ထမ်းတစ်ဦးမှတို့ နဲ့ ဘလိုင်းလုပ်လို့မှ မရပဲကိုး။ မမှန်မကန်တဲ့ အချက်အလက်တွေနဲ့ မြှောက်ထိုးပင့်ကော်လုပ်နေသူတွေက စာနယ်ဇင်းကျင့်ဝတ်နဲ့ အပြောမခံရပေမယ့် ကိုယ်တွေ့မျက်မြင် သက်သေတင်ရေးတဲ့သူကျမှ မင့်ဘယ်သူက အဲသလိုရေးဖို့ အခွင့်ပေးထားသတုန်း ဆိုတာကျ ဘယ့်နှယ်ပြောရပါ့ အရပ်ကတို့ရယ်။ မပြောနဲ့ဆိုလည်း မပြောရုံရှိတာပ။ ကိုယ်ပြောလည်း ဘာမှမှ မလုပ်တာ။ ဘာမှဖြစ်စရာမရှိပါဘူးနော့။ သူများမကောင်းကြောင်းတွေ အထုပ်ဖြေဖြေပြပြီး သူကချည့် အမှတ်ယူလို့ နံမယ်ကြီးချင်နေတယ် လို့ စွပ်စွဲလာသူများအတွက်တော့ အခုရောပဲ နောက်ရောပဲ ဘယ်တော့မှ မဖြေရှင်းချင်ပါ။ ဒီလိုမှန်းသိ အစကတည်းက ကိုရီးယားမင်းသားလေးပုံတင်ထားပြီး ချစ်တုံးလေး လို့ နံမယ် မှည့်ထားလိုက်ပါတယ်။
             ဘာပဲပြောပြော ကိုယ်ရေးသမျှစာထဲမှာ အဆိပ်အတောက်တွေ မပါစေရဘူးလို့တော့ အာမခံနိုင်ပါတယ်။ ဘာဖြစ်လို့ဆိုတော့ သည်စာတွေက တနေ့ကျ သမီးကလေး ဖတ်ရှုနားလည်နိုင်လောက်တဲ့အခါ သူ့အတွက် ဆုံးမစကားအနေနဲ့ သွန်သင်ချင်တဲ့စိတ်နဲ့ သူ့အဖေဆိုတာ ဘယ်လိုလူစားမျိုးလဲ ဘယ်လိုစိတ်နေစိတ်ထားရှိသလဲ လို့ ခံစားနားလည်နိုင်စေဖို့ ရည်ရွယ်တာကိုး။ ဟိုးအစတုန်းက ပြောခံ့ဖူးတဲ့ စကားလေး ပြန်ကောက်ရရင် မှော်ရုံတောထဲမှာ သားပျောက်ကို ခြေရာကောက်တဲ့ မိဂဏ္ဘီကြီးဆီက ခြေရာချန်တဲ့ အတတ်ကလေးသင်ပြီး သမီးလေးအတွက် ခြေစလက်စကလေးတွေ ထားခဲ့ချင်တယ်။ မနေ့ကမှ အမှတ်မထင် သူငယ်ချင်းတစ်ယောက်ရဲ့ စာမျက်နှာပေါ်က အိန္ဒိယအကြောင်းတွေ ဖတ်မိတဲ့အခါ အရမ်းစိတ်ဝင်စားသွားတဲ့အထဲမှာ သည်းခြေကြိုက်ကလေး တစ်ခုလည်း ပါလာသလေ။ ဂျဝါဟာလားနေရူးကြီးက သူ့သမီး အင်ဒီယာဂန္ဒီဆီကို ထောင်ထဲကနေ ရေးပြီးပို့ခဲ့တဲ့ ချစ်သမီးသို့ ပေးစာများဆိုတာ ကမ္ဘာကျော်တယ်ဆိုပဲ။ ဖတ်ချင်လိုက်တာဗျာ။ အဲဒီအထဲမှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်းခြောက်ထောင်လောက်ကတည်းက အစပြုခဲ့တဲ့ အိန္ဒိယနိုင်ငံကြီးသမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုတွေလည်း ပါသတဲ့။ ဒေါ်ယင်းမာကြီးစာအုပ်လို နေမယ်ထင်တယ်နော်။ အဲဒီသူငယ်ချင်းရဲ့ စာမျက်နှာပေါ်မှာ ကိုယ်မသိသေးတဲ့ စိတ်ဝင်စားစရာတွေ အများကြီး ဖတ်လိုက်ရလို့ ကျေးဇူးတင်လိုက်တာ။ ဒါဖေ့စ်ဘုတ်ကြီးရဲ့ ကျေးဇူးလည်းပါတာပဲ။ တိုးရှဲ့ပါ။ သိုင်းကျူးပါ။ ခမ်းစားအမီးဒါး ပါ ဖေ့ဘုတ်ရေ။
          ငယ်ငယ်တုန်းက အင်ဒီယာဂန္ဒီကြီးကို ပန်ချာပီသက်တော်စောင့်တွေ လုပ်ကြံလိုက်တယ် လို့ သတင်းစာထဲမှာ ဖတ်လိုက်ရတယ်။ ရာဂျစ်ဂန္ဒီကို တမီးလ်မကလေးက အသေခံဗုံးခွဲလုပ်ကြံတာလည်း သိလိုက်တယ်။ သတင်းစာထဲကနေ မျက်စိထဲမှာ ဆုံးသွားပြီး ဦးနှောက်ထဲ ၀င်မလာဘူး။ သြော် ဟတ်လား နဲ့ ပြီးသွားတယ်။ ဒေါ်ယင်းမာကြီးစာအုပ်ကို ဘာသာပြန်လိုက်တော့ တရုတ်နဲ့ ကိုယ်နဲ့ အဆက်အစပ်တွေ မြင်မိလာရာက သူတို့ အိန္ဒိယနဲ့ကော ငါတို့ ဘယ်လိုများဆက်စပ်သလဲ မသိဘူး လို့ သိချင်လာတယ်။ ပုဂံရာဇ၀င် ပထမမြန်မာနိုင်ငံတော်က ခရစ်တော် ပေါ်ပြီး တော်တော်ကြာမှ စတာ။ တရုတ်ရာဇ၀င် ပထမမြောက်ဧကရာဇ်က ခရစ်မပေါ်မီ နှစ်ပေါင်း တစ်ရာနှစ်ရာလောက်က စတာ။ အခု အိန္ဒိယရာဇ၀င်ကျမှ ခရစ်မပေါ်မီ အနှစ်ခြောက်ထောင်ဆိုတော့ မလွန်လွန်းဘူးလားအေ။ အဲဒီထက်  ပိုထူးဆန်းတာက သူတို့ယဉ်ကျေးမှုဟာ ဘယ်တုန်းကမှ အဆက်ပြတ်မသွားတဲ့ တဆက်တစပ်တည်း ယဉ်ကျေးမှုပါတဲ့။ ဂရိတို့ ရောမတို့၊ ဥရောပတို့ဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းသာသာ ခြေရာလက်ရာ ပြန်ကောက်နေရတာ။ အိန္ဒိယယဉ်ကျေးမှုကတော့ ရှေးအကျဆုံးခေတ်ကနေ သည်ကနေ့တိုင်အောင် ရှင်သန်နေဆဲပါ လို့ ဆိုတယ်။ ပြောအားရှိလိုက်တာဗျာ။ နေရူးကြီး အဲသလိုပြောနိုင်ဖို့ အဲဒီပဝေသဏီ အတီတေ ရှေးသရောအခါက အိန္ဒိယနိုင်ငံသားတွေအားလုံး သူတို့ ယဉ်ကျေးမှုကို ဆက်ခံထိမ်းသိမ်းလာခဲ့ရတာကိုရော မြင်နိုင်ပါ့မလား မသိဘူး။ သည်ကနေ့ခေတ်အခါ ကိုယ့်လက်ထက်ရောက်လို့ ကိုယ်ကဆက်ခံထိမ်းသိမ်းပြီး နောင်လာနောက်သားကို ယဉ်ကျေးမှုအမွေ မပေးနိုင်ရင် သူတို့ခမျာ အမေကြီးကားယဉ်ကျေးမှု၊ ကိုရီးယားယဉ်ကျေးမှုနဲ့ အဖေမပေါ်တဲ့ကလေးများလို မျက်နှာငယ်နေရမှာပေါ့နော်။ တကယ်တော့ ကိုယ့်မြန်မာယဉ်ကျေးမှုဆိုတာလည်း အဲသလောက် အစဉ်အလာကြီးမားတဲ့ အင်အားကြီးနိုင်ငံနှစ်ခုအကြားမှာ ကိုယ့်မူကိုယ့်ဟန်နဲ့ ခိုင်ခိုင်မာမာ ရပ်တည်ရှင်သန်လာခဲ့ကြတာ ခုတော့ဖြင့် ပါးစပ်ရာဇ၀င်လေး ဖြစ်ရတော့မယ်။
           တကယ်တော့ ဘယ်လောက်ပဲ အစဉ်အလာနဲ့ ဆက်ခံထိန်းသိမ်းနိုင်တယ်ဆိုဦးတော့ သူတို့ မဇ္ဈိမအရပ်မှာပွင့်တော်မူခဲ့တဲ့ ဗုဒ္ဓသာသနာတော်တောင်မှ အာသောကမင်းကြီးနောက်ပိုင်း သိပ်မကြာလိုက်ဘူး။ စစ်တိုက်ပြီးသိမ်းပိုက်သာသနာပြုတဲ့ ဘာသာတွေကြောင့် ပျောက်ကွယ်သွားပြီး အရှေ့တောင် အာရှဘက်ကို ဆင်းလာရတယ် မဟုတ်ဘူးလား။ အင်ဒိုနီးရှား၊ ဂျာဗားကျွန်းတွေအထိ ပြန့်နှံ့ခဲ့ရပေမယ့် သည်ကနေ့အခါမှာတော့ စေတီဂူကျောင်း ရှေးဟောင်းအဆောက်အဦများမှာသာ အမှတ်တရအဖြစ် ကျန်ရစ်လေတော့တယ်။ ကုလား ကုလားနဲ့ တကုလားတည်းကုလားနေလိုက်တာ နင်တို့ ရှိခိုးနေတဲ့ဘုရားကော ကုလား မဟုတ်လို့ ဘာလဲဆိုရင် ငြင်းစရာ မရှိပေါင်ဗျာ။ သကျသာကီဝင်မင်းမျိုးဆိုတာ မဇ္ဈိမအရပ်က လာတာဆိုတော့ ကုလားလို့ခေါ်ချင်လည်း ကုလားပဲပေါ့။ ကျွန်တော်တို့ရှိခိုးနေတာ ကုလားဆိုတဲ့ သာကီဝင်မင်းမျိုးမို့လို့ ရှိခိုးနေတာမှ မဟုတ်တာ။ ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဥာဏ်တော်အနန၊္တ တန်ခိုးတော်အနန္တ နဲ့ ကိုးပါးသော ဂုဏ်တော်တွေကို ကြည်ညိုလျက် ရှိခိုးဦးတင်နေတာပဲဟာ။ ရှင်ဘုရင်တွေ ဘုရားနဲ့ ဆွေမျိုးစပ်ချင်လို့ တကောင်းအဘိရာဇာ တို့ဗမာသာကီ မျိုးနွယ်မှန်သည်လို့ စပ်ချင်တိုင်းစပ်ခဲ့ကြပေမယ့် အဲဒီအဘိရာဇာကြီး မလာခင်ကတည်းက မြန်မာပြည်သူတွေက ရှိနှင့်တယ် မဟုတ်ဘူးလား။ ဘယ်လိုပဲ ဖြစ်ဖြစ် ငြင်းလို့မရတဲ့အချက်ကတော့ သာသနာအမွေရယ်၊ ထီးဆက်နန်းလျာအမွေရယ်ကတော့ အိန္ဒိယက အမွေဆက်ခံလာတာပေါ့နော်။
သို့သော်လည်း ပထမဦးဆုံး သရဏဂုံတည်သူ ဥပသိကာကြီး တဖုဿနဲ့ ဘလ္လိကတို့ ဆံတော်ရှစ်ဆူကို စေတီတည်တာကတော့ မြန်မာ့မြေပေါ်မှာ ဖြစ်ပါသဗျား။ သင်္ဘောနဲ့ ပင့်ဆောင်လာတဲ့ ဘုရားရှင်ဆံတော်ကို ဗိုလ်တစ်ထောင်ကမ်းနားကနေ ရင်ဝရေမြုတ်တဲ့တိုင်အောင် ဆီးကြိုပူဇော်သူ ဥက္ကလာပမင်းတရားကြီးဟာ ဆံတော် မရောက်မီကတည်းက ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေလို့ပေါ့။ ဒီလိုဆိုရင် ရှင်အရဟံမထေရ်မြတ် နဲ့ သီရိဓမ္မာသောကမင်းကြီးရဲ့ သောဏ ဥတ္တရမထေရ်မြတ်များ မြန်မာပြည်ကို ဗုဒ္ဓသာသနာ သယ်ဆောင်လာတယ်ဆိုတာ သိပ်များ နောက်ကျလွန်းနေမလားဗျာ။ တို့တွေက ဘုရားပွင့်ပြီဆိုတာနဲ့ ဆံတော်အမွေ သရဏဂုံအမွေရလိုက်ပေတယ် မဟုတ်ဘူးလား။ တောက်။ ဥက္ကလာပမင်းကြီး ကျောက်စာလေးဘာလေး ထွင်းမသွားတာ နာသကွယ်။ နှုတ်တစ်ရာ စာတစ်လုံးဆိုတာ အဲဒါပြောတာပေါ့။ သူ့ခမြာ သိကြားမင်းကို အဖေတော်လိုက်လို့ သမိုင်းဘ၀ကနေ ဒဏ္ဍာရီထဲ ဇာတ်လျှောသွားရတယ်။ (ဒါလည်း သင်ခန်းစာယူကြပါ ဘိုးတော်ဘတော်တို့ရယ်။ စတိုရီတွေ မိတ်ကပ်လုပ်ချင်တောင် ယုတ္တိတော့ မလွတ်စေနဲ့။ ဟုတ်ပလား)
          မဇ္ဈိမဒေသက ဗုဒ္ဓသာသနာအမွေဟာ အိန္ဒိယမှာ မကျန်ခဲ့ပေမယ့် အဲဒီနားက နီပေါ၊ ဘူတန် နဲ့ တိဘက်တွေမှာ အသွင်တစ်မျိုးနဲ့ ခိုင်ခိုင်မာမာ ကျန်ရစ်နေပါသေးတယ်။ အဓိကကတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဟာ နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်လေ့မရှိလို့၊ စစ်ရေးနဲ့ ဘာသာကို အကာအကွယ်မယူတတ်လို့ တခြားသတ်ဖြတ် မောင်းထုတ်မယ့် သာသာတွေကို ဓါးဓါးချင်း လှံလှံချင်း ဘယ်တော့မှ မတွန်းလှန်ပဲ အလျော့ပေးပြီး ယုံကြည်သူကိုသာ ယုံကြည်ရာ ဟောပြောဆုံးမမယ်။ ဘယ်သူမှ ယုံကြည်သူမရှိရင် ကိုယ့်ဘာသာ ယုံယုံကြည်ကြည် ကျင့်ကြံအားထုတ်မယ်ဆိုတဲ့ စိတ်နဲ့နေပါတယ်။ (မယုံရင် ဒလိုင်းလားမားကြီးကို ကြည့်ပါဗျ)။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို အိမ်ထောင်ပြုမိလို့ ကိုယ့်ဗုဒ္ဓဘာသာထဲကို ပြောင်းမှဖြစ်မယ်ဆိုတဲ့ ဓလေ့ကလည်း ကျားကျားမမ ရှိကို မရှိပါဘူး။ ၀ိသာခါတို့ခေတ်ကတည်းက မရှိတာ။ ကိုးကွယ်ရာဆိုတာ ခေါင်းပေါ်မှာထားတာ။ ခါးအောက်မှာထားတာ မဟုတ်ဘူး။ ဘာသာခြားတွေ အိမ်ထောင်ကျပြီး ဗုဒ္ဓဘာသာပြောင်းလာတာဟာ အင်မတန်ဖြစ်တောင့်ဖြစ်ခဲပေမယ့် ဖြစ်လာရင် ဘယ်လိုဖိအားပေးလို့မှ မဟုတ်ဘူး။ သူကိုယ်တိုင် ယုံကြည်လာလို့ပဲ။ ဗုဒ္ဓဘာသာဝင်တွေက ဘာသာမတူသူတွေကို အလကားနေရင်း အမုန်းပွားပြီး လူမျိုးတုန်း လက်စပျောက်အောင် သတ်ချင်နေပါတယ်ဆိုတာ ဘုရားပွင့်တော်မူစဉ်အခါကစလို့ သည်ကနေ့ထိတိုင်အောင် ဘယ်မှာမှ မရှိခဲ့ဖူးဘူး။ မိုးကျရွှေကိုယ်တွေ မဟုတ်လို့ သူ့မှာရော ကိုယ့်မှာပါ ရာဇ၀င်တွေရှိတယ်။ ပြန်ဖတ်ကြည့်လိုက်တာနဲ့ ဘယ်သူက ဘယ်အစားလဲ သိနိုင်ပြီးသား။ ပြောသားပဲ။ ပုံပြောမယ်ကြံရင်လည်း ယုတ္တိရှိရှိလေး လုပ်ကြပါလို့။
          သူတို့အိန္ဒိယသမိုင်းကို ဖတ်ကြည့်မိတဲ့အခါ မျက်လုံးပြူးရုံတင် မဟုတ်ဘူး။ ပါးစပ်ပါ အဟောင်းသား ဖြစ်သွားတယ်။ စစ်ပွဲတွေ စစ်ပွဲတွေဆိုတာ မနည်းဘူး။ အာသောကမင်းကြီးတောင် စစ်ပွဲကနေ အကျွတ်တရားရသွားပြိး ဗုဒ္ဓဘာသာ ဖြစ်လာတာ။ မင်းဆက်တွေ မင်းဆက်တွေကလည်း နည်းမှ မနည်းပဲ။ အိန္ဒိယမြေပေါ်မှာ သွေးချောင်းစီးရတဲ့ အကြောင်းရင်းဟာ ဘုရားရှင်လက်ထက်က ကပ္ပိလနဲ့ ကောလိယတို့လို ရေအတွက် ဖြစ်ရတဲ့ စစ်ပွဲတွေ မဟုတ်ဘူး။ ကိုယ့်ဆီက ဘုရင်မင်းတရားကြီးတွေလို အာဏာစက်ဖြန့်ကျက်ဖို့ ဖြစ်ရတာလည်း မဟုတ်ဘူး။ ဘာသာအယူဝါဒ မတူတဲ့အတွက် ဖြစ်ရတဲ့ စစ်ပွဲတွေက များတယ်။ အင်္ဂလိပ်အုပ်ချုပ်တဲ့ အိန္ဒိယအင်ပါယာကနေ မြန်မာနိုင်ငံက ခွဲရေး နဲ့ ပဲ့ထွက်သွားတာ ဘာပြဿနာမှ မရှိဘူး။ အစကတည်းက လူမျိုးချင်းလည်း မတူဘူး။ သီးခြားတစ်နိုင်ငံစီ။ ဒါပေမယ့် သူတို့ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးမှ ဘာသာရေးကို အကြောင်းပြုပြီး ပါကစ္စတန်နိုင်ငံတို့၊ ဘင်္ဂလားဒေ့ရှ်တို့ ပဲ့ထွက်သွားရတာကတော့ လွယ်လွယ်နဲ့ မဟုတ်ဘူး။ အတိုက်အခံ အသေအပျောက် မြောက်များစွာရှိခဲ့တယ်။
           အဲဒီထဲမှာမှ ဆစ်ခ်လူမျိုးတွေနေတဲ့ ပန်ဂျပ်ပြည်နယ်ကြီးဟာ ထက်ခြမ်းကွဲပြီး တစ်ပိုင်းစီပါသွားတဲ့အခါ နှစ်ခြမ်းစလုံး စိတ်မချမ်းသာကြဘူး။ ပန်ဂျပ်ပြည်နယ်ဆိုတာ အိန္ဒိယမြေပုံမှာ ကြည့်လိုက်ရင် ဟိုး မြောက်စူးစူးက ပန်ချာပီဥိးပေါင်းထုပ်ကလေးတင်ထားသလို အပြင်ထွက်နေတဲ့နယ်ကလေး။ ဓါတ်ပုံတွေထဲမှာ ကြည့်ရင် အင်မတန်သာသာယာယာနဲ့ အေးအေးချမ်းချမ်းရှိတဲ့အရပ်။ ကာလကတ္တားရောက်တုန်းက တောင်မြို့မှာ စားဖူးတဲ့ ပန်ချာပီကြက်ကြော်ဆိုတာ လက်ကြိတ်မဆလာ ငရုတ်သီးမှုန့်ကလေးနဲ့ ကြော်ထားတာ ဘယ်လိုအရသာရှိမှန်းမသိဘူး။ ငယ်ငယ်က စိန်ပေါကျောင်းနံဘေးမှာ ဆစ်ဘုရားရှိခိုးကျောင်းနဲ့ ဂုရုနာနတ်သ်ဆေးခန်းကလေးမှာ ပန်ချာပီတွေ မြင်ဖူးတယ်။ ကလေးမို့ မုတ်ဆိတ်ကြီးတွေ ဘောင်းထုပ်ကြီးတွေ ကြောက်ပေမယ့် ပေါင်းကြည့်တော့ တော်တော် သဘောကောင်းတဲ့သူတွေ။ အဲဒီအရပ်ကလူတွေက အကြမ်းဖက်သမားတွေရှိသတဲ့ဗျာ။ စစ်သွေးကြွတွေ နေတဲ့အရပ်တဲ့။ ဟုတ်တယ် မဟုတ်တယ်တော့ ကိုယ်မရောက်ဖူးလို့ ဘယ်သိပါ့မလဲ။
            စာထဲမှာဖတ်ရတာတော့ ပန်ချာပီစစ်သွေးကြွတွေဟာ အိန္ဒိယကို တော်လှန်ဖို့ ရွှေဘုရားကျောင်းကြီးထဲမှာ လက်နက်များစွာနဲ့ အခိုင်အမာ တပ်စွဲနေပါသတဲ့။  ကံဆိုးသူမယ်ရှင်ကလေးကတော့ အဲဒီအချိန် ၀န်ကြီးချုပ်ဖြစ်နေတဲ့ အင်ဒီယာဂန္ဒီပါပဲ။ သူ့ခမျာ ဇာတာစန်းလဂ် ညှိုးမှိန်ချိန်မို့ နောက်ဆုံးရွေးကောက်ပွဲမှာတောင် မဲခိုးပါတယ်ဆို တရားစွဲခံရလို့ ရှေးရှေ့က သိက္ခာတွေ သိပ်မကျန်ချင်တော့ဘူး။ အခု ရွှေဘုရားကျောင်းထဲမှာ လက်နက်တွေ ရှိတယ်တဲ့ ဘယ်လိုလုပ်မလဲ။ (တို့ဆီကတော့ ပလီထဲက လက်နက်တွေမိလည်း ဟိုဘက်ကလိုလို သည်ဘက်ကလိုလို ကြေငြာပလိုက်တော့ အေးရော။ ရန်မီးမပွားတော့ဘူးပေါ့။ အသေအပျောက် ကြေငြာရင်တောင် လူစုလူဝေးကြီးထဲမှ လို့ပဲ ပြောတာ။ ပညာတွေ ပညာတွေ) မှားတယ်မှန်တယ်ကတော့ သူတို့နိုင်ငံ သူတို့ကသာ ပိုသိပေလိမ့်မယ်။ အဖြစ်အပျက်ကတော့ ရွှေကျောင်းတော်ကြီးကို အလုံးအရင်းနဲ့ ၀င်စီးလိုက်တာ ဘာသာရေးအထွဋ်အမြတ်နေ့ကြီးမို့ အပြစ်မဲ့ပြည်သူထောင်ပေါင်းများစွာ သေရှာသတဲ့။ အပြင်ပန်းကြည့်ရင်တော့ အင်ဒီယာဂန္ဒီအာဏာမက်လို့၊ နံမည်ကောင်းရချင်လို့၊ ကြမ္မာငင်လို့ အဲသလို လူမဆန်တဲ့အမှုကို ရက်ရက်စက်စက် ကျူးလွန်တာပဲ လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် သူ့နေရာက တဆိတ်ဝင်တွေးကြည့်ရအောင်ဗျ။ အာရှတိုက်မှာ တစ်ကမ္ဘာလုံးကသိကြတဲ့ မိန်းမသားဆိုလို့ သူ့အပြင် သူ့အရင်က မရှိခဲ့ဖူးပါဘူး။ အိန္ဒိယနိုင်ငံရေးလောကအကြောင်းကိုလည်း သူ့လောက် ထဲထဲဝင်ဝင် သိနိုင်မယ့်သူ မရှိဘူး။ ထောင်ထဲကို ၀င်လိုက်ထွက်လိုက်နဲ့ လုပ်လာခဲ့တဲ့ သူ့အဖေ၊ မိန်းမသားဖြစ်လျက် ခင်ပွန်းသည်အတွက် တိုက်ပွဲဝင်ခဲ့ရတဲ့ သူ့အမေကို ကိုယ်တိုင်ခံစားခဲ့ဖူးတဲ့ အိန္ဒိယအမျိုးသမီးငယ်ကလေးဟာ အာဏာကို အသက်ထက် ငမ်းငမ်းတက် မက်မောလိမ့်မယ် မထင်ပါဘူး။ သို့သော် သူ့အသက်ထက် မက်မောတာတစ်ခုရှိလို့သာ အဲဒီအလုပ်ကို သူလုပ်တာနေမှာ။ နိုင်ငံအတွက်လား။ ပါတီအတွက်လားဆိုတာတော့ သူမှပဲ သိလိမ့်မယ်။ ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်မယ်ဆိုရင်တော့ သူဟာ သူ့အဖေတစ်ဘ၀လုံး အရင်းတည်လာခဲ့တဲ့ လွတ်လပ်သော အိန္ဒိယပြည်ထောင်စုကြီး မပြိုကွဲစေချင်လို့ သူ့အသက် သူ့နံမယ်နဲ့ ရင်းလိုက်တာ ဖြစ်လေမလားပဲ။ သူ့ချွေးမအဆိုအရတော့ ရွှေကျောင်းကိစ္စပြီးကတည်းက သူအသတ်ခံရတော့မယ်မှန်းသိလို့ စကားကုန်အောင် ပြောဆို မှာကြားထားခဲ့ပြီးသား။ ဒါတောင်မှ သူ့ကိုယ်ရံတော် ဆစ်ခ်လူမျိုးနှစ်ယောက်ကို သူများအကြံပေးတဲ့ကြားက အတိုက်အခံလုပ်ပြီး အနားမှာ ထားမြဲထားတာဟာ သေရမှာကို သိက္ခာကျရမှာလောက် မကြောက်ဘူးလို့ သိသာနေတယ်။ ဒါပေမယ့် သိက္ခာကျရမှာထက် အိန္ဒိယပြိုကွဲမှာကို ပိုကြောက်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်သွားတယ် ထင်ပါရဲ့။ စိတ်ဓါတ်ကို သဘောကျတယ်ဗျ။ လုပ်ပုံကိုင်ပုံကို သဘောမတူဘူး။ ကျုပ်သာဗေဒင်ဆရာဆို အခါကြီးရက်ကြီးကို ဘယ်ရွေးပေးပါ့မလဲ။ အိန္ဒိယမှာ ပုဏ္ဏားအဲလောက်ပဲ ရှားပါးသလားဗျာ။
          ခွဲထွက်ရေးကြိုးစားတဲ့ ဆစ်ခ်လူမျိုး စစ်သွေးကြွတွေဟာ ပန်ဂျပ်ပြည်နယ်က ပန်ချာပီပြည်သူအပေါင်းကို ဘယ်လောက်အထိ ကိုယ်စားပြုနိုင်တယ် မပြုနိုင်တယ် မသိပါဘူး။ ဒါပေမယ့် ရွှေကျောင်းတော်ကြီးကို ၀င်ရောက်စီးနင်းတဲ့အခါမှာ ဘုမသိဘမသိ အသက်ဆုံးရှုံးရတဲ့ ဘာသာရေးကိုင်းရှိုင်းသူ ပြည်သူအများခမျာ မြေဇာပင် ဖြစ်ရရှာတယ်။ အခဲမကြေနိုင်လို့ ၀န်ကြီးချုပ်ကို လုပ်ကြံပြီးတဲ့အခါမှာ စီစဉ်သူတွေ ဘယ်လောက်များ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရသလဲတော့ မသိပါဘူး။ ဒါပေမယ့် နောက်ဆက်တွဲ လူသတ်ပွဲတွေမှာတော့ ရက်ရက်စက်စက် သွေးချောင်းစီးရတာ ဘာမှ မဆိုင်တဲ့ အပြစ်မဲ့ဆစ်ခ်လူမျိုးတွေချည့်ပဲ ဖြစ်ပါတယ်။ Collateral Damage ဆိုတာ မလွှဲမရှောင်သာပါဘူး လို့ ပေါ့ပေါ့တန်တန်သဘောထားရင် အကြမ်းဖက်ဝါဒဆိုတာ ဘယ်တော့မှ အဆုံးသတ်မယ် မထင်ပါဘူး။ ဂျူးတွေဘက်က ဟစ်တလာကို နားလည်ပေးဖို့ခက်သလို၊ ပန်ချာပီတွေလည်း အင်ဒီယာကို ချစ်ဖို့ ခဲယဉ်းမှာ အမှန်ပဲ။ ရခိုင်တွေကျမှ သည်းခံလိုက်ပါ သူကြီးရယ်။ သည်းခံလိုက်ပါ သူကြီးကတော် လာလုပ်တာကလည်း လွယ်ဘူးထင်တယ်နော်။ လူအခွင့်အရေးဆိုတာ အကန့်အသတ်ရှိတယ်။ သူတပါး၏အခွင့်အရေးကို မထိခိုက်သည်အထိ တဲ့။ မိမိရဲ့ အခွင့်အရေးဟာ သူတပါးအခွင့်အရေး စတဲ့နေရာမှာ ဆုံးတယ်။ ဒီခေါင်းစဉ်ကြီးတပ်ပြီး လုပ်စားနေတဲ့သူတွေကို ဘုန်းကြီးစာချနေရဦးမှာလား။ ကျားကျားမီးယပ်ကွယ်။
           ပြင်သစ်စကားပုံ တစ်ခုရှိတယ်ဗျ။ ကိုယ့်အိမ်ကိုယ်ချစ်ရင် ခဏခဏ ခရီးထွက်ပေးပါတဲ့။ သူများအရပ်တွေ ရောက်တော့ ကိုယ့်အိမ်ကောင်းကွက်ကလေးတွေ တွေ့တွေ့လာပြီး အိမ်ကို ပိုပို ချစ်လာသတဲ့။ ကောင်းကွက်မရှိတောင် အိမ်နဲ့ဝေးတော့မှ အိမ်ကို လွမ်းရကောင်းမှန်းသိမယ်လေ။ တရုတ်ပြည်ကြီး ပတ်မျှော်လိုက်၊ အိန္ဒိယပြည်ကြီး လှည့်ညှော်လိုက်၊ ကိုယ့်တိုင်းပြည်က လူကြီးတွေကိုတော့ သည်လိုပဲ နှက်ဆော်နေတော့မှာလား လို့ မထင်စေချင်ပါဘူး။ အခုမှပဲ ကိုယ့်လူကြီးတွေ ဘယ်လောက်ကောင်းသလဲ သိတာပါ။ ဂယ်ပြောတာ။ မပလီပါဘူး။ အစကတော့ တို့ဖေတို့ဘများ တယ်လည်းရက်စက်သကိုးလို့ တွေးတယ်။ သူများအိမ်သွားလည်ကြည့်တော့မှ ရွှေဖော့လုံးနဲ့ ဆုံးမသကိုးလို့ သဘောပေါက်တော့တယ်။ မိုးပေါ်ထောင်ဖောက် ခြောက်ပစ်လှန့်ပစ်လောက်တော့ သစ်ပင်ပေါ်တက် ခေါင်မိုးပေါ်တက်နေတဲ့သူတွေ အနည်းအကျဉ်းထိတာ ဘာဆန်းသလဲ။ တီအန်နန်မင်စကွဲယားလို ဘူဒိုဇာနဲ့ ထိုးမယူရသေးဘူး။ နာဠာဂီရိကြီး ကုလားဘုရားပွဲလွှတ်လိုက်သလို ထောင်ပေါင်းများစွာ ဆိုတဲ့စာရင်း တက်မလာသေးဘူး။ တော်ပါသေးရဲ့ တော်သေးရဲ့။ နာဂစ်မှာ သိန်းနဲ့ချီတာ ဘယ်လိုကယ်ရမှန်းမသိလို့ပါ။ ဘတို့ အပြစ် ဟုတ်ပါဘူး။ ဒါပေသိ တစ်ခုတော့ တွေးကြည့်မိတယ်ဗျ။ အဲသလို လူတွေရာထောင်ချီပြီး မဖြစ်မနေ ထိန်းသိမ်းရမယ့်အဖြစ်ကို ရောက်လာပြီဆိုကြပါစို့ဗျာ။ မဆိုစကောင်း ဆိုစကောင်း အင်ဒီယာဂန္ဒီကြီးလိုပေါ့။ ဘာဘာ ဘာမှ မသိဘူး။ အထက်က လုပ်ဆိုလို့ လုပ်လိုက်တာပဲ။ ဘာမှလာမပြောနဲ့ သိချင်သူ့သွားမေး။ ဆိုတာမျိုးထက်စာရင် ဘယ်အတွက်လုပ်တယ်။ ဘယ်သူ့အတွက်လုပ်တယ်။ ဘယ်လိုအကျိုးအမြတ်မျိုးကို မျှော်ကိုးလို့ လုပ်ရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်မေးကြည့်ရင် မကောင်းဘူးလား။ ဒါမှ ကိုယ့်အသက်စွန့်ရတယ်ဆိုရင်လည်း တိုင်းပြည်အတွက် အသက်စွန့်ရတယ် လို့ သေသေချာချာ သိသွားရတာပေါ့။ အမျိုး ဘာသာ သာသနာအတွက်ဆိုပြီး သူများက ရှို့ပေးတိုင်းလောင်ရတဲ့မီးတွေ များလွန်းလို့ ဟုတ်သည် မဟုတ်သည် ဝေဖန်ရစ်ကြပါဦး လို့ အကြံပေးချင်ပါတယ်။ ဟုတ်တယ်ထင်လည်း သဘောရှိပေါ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...