Saturday, November 17, 2012

လင်းယုန်ကြီးတို့ ခြေအချ


by General Knowledge on Saturday, November 17, 2012 at 12:17am ·


Written by  The Voice သတင်းအဖွဲ့ 

နောက်ထပ် အမေရိကန် ထိတ်ထိတ်ကြဲ အမှတ်သင်္ကေတတစ်ခု မြန်မာ့မြေလှမ်းတော့မည်။ ပြန်လည်ဖူးပွင့်စ မြန်မာ့မြေကို အမေရိကန်ထိပ်တန်းကုန်အမှတ်တံဆိပ်များဖြစ်သော GE ၊ ကိုကာကိုလာ၊ ပက်ပ်စီတို့ ခြေချခဲ့သည်မှာ များမကြာသေးပါ။


ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ်ရှိ မြန်မာကို အားပေးထောက်ခံရန် အမေရိကန်၏ သမ္မတအိုဘားမား အထီးကျန်မြေတွင် သမိုင်းဝင် ခြေချတော့မည်။
သမိုင်းတင်မည့်ရက်ကား ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်။ ဦးသိန်းစိန် သမ္မတအဖြစ် လက်ရှိသက်တမ်း တာဝန်ယူပြီး လ ၂၀ အကြာ၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ပြီး ၁၁ လ အကြာ၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၂၄ လအကြာ။

  • အသော့ နှင်ခြင်းလော

အာဏာရှင် အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့အပြောင်း နိုင်ငံများသို့ အမေရိကန်တို့ ပြန်လည်ထိတွေ့လေ့ရှိသော အလေ့အထပုံစံအရဆိုလျှင် အိုဘားမား၏ မြန်မာသို့ ခြေလှမ်းသည် အသော့ နှင်သည်ဟုဆိုကြသည်။

သမိုင်းစဉ်အရ ယင်းသို့သော အာဏာရှင်နိုင်ငံများ တံခါးစအဖွင့်တွင် အတန်ငယ် မပျော့ပျောင်းသော နိုင်ငံခြားရေးမူဝါဒဖြင့်အစပျိုးသည်။ ယင်းနောက် ဆက်ဆံရေးအဖွင့်တီးလုံး စလာသည်။ နောက်ဆုံးတွင် မိတ်ဖက် ဖြစ်လာတော့သည်။
ကနဦး အချက်ပြမှုမှာ နိုင်ငံခြားရေးဝန်ကြီး ယင်းနိုင်ငံသို့ သွားရောက် ခြင်းပင်ဖြစ်သည်။

သို့ဆိုလျင် အဘယ်ကြောင့် အသော့နှင်သည်ဟုဆိုနိုင်သနည်း။

ဆောင်းပါးရှင် Max Fisher က The Washington Post သတင်းစာတွင် အောက်ပါ ဖြစ်ရပ်သုံးခုနှင့် ယှဉ်ထိုးကာ သွက်သွက်မြန်မြန် နှင်နေကြောင်း သုံးသပ်သည်။
တောင်အာဖရိက စအဖွင့် လပိုင်းအကြာ နိုင်ငံခြားရေးဝန်ကြီးရောက်လာသည်။ ရှစ်နှစ်အကြာမှ သမ္မတ ခြေလှမ်းသည်။ ဆားဗီးယားစအဖွင့်တွင် နိုင်ငံခြားရေးဝန်ကြီး အရောက်ပို့ရန် ၁၀ နှစ်ကြာသည်။ သမ္မတ လာရန်ကား ၁၂ နှစ် ကြာသည်။ လစ်ဗျားတွင် နိုင်ငံခြားရေးဝန်ကြီး ရောက်ရန် ငါးနှစ် ကြာသည်။ သမ္မတကား ကိုးနှစ်အကြာမှ ရောက်ရှိလာသည်။

မြန်မာတွင်ကား တံခါးဖွင့်ပြီး ရှစ်လအကြာ နိုင်ငံခြားရေးဝန်ကြီး ရောက်လာသည်။ လ ၂၀ အကြာတွင် သမ္မတ ရောက်လာတော့မည်။ “ဒါဟာ စစ်အေးခေတ်လွန်ကာလ ပြန်လည်သင့်မြတ်မှုအတွက် အမြန်ဆုံးနဲ့ လက်တွေ့ အကျဆုံး မှတ်တမ်းတစ်ခု ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဟု”  Max Fisher က ဆိုလေသည်။

  • မျှော်ချက်

မည်သို့ဆိုစေ ဖြူလွှနေပြီဖြစ် သော ဘိုဆံတောက်ပိုင်ရှင် အမေရိကန်၏ ပထမဆုံး လူမည်းသမ္မတဘားရက်ခ်ဟူစိန် အိုဘားမားမှာ အထီးကျန် နိုင်ငံသို့ လာရောက်ထွေးပွေ့တော့မည်။ “တာဝန်သိတဲ့၊ တာဝန်ခံမှုရှိတဲ့၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည် ပေါ်ထွန်းလာဖို့အတွက် သမ္မတအိုဘားမားရဲ့ ခရီးစဉ်က ကျွန်တော်တို့အတွက် အရေးပါတာဖြစ်ပါတယ်” ဟုThe Voice Weekly ၏ ပင်တိုင်ဆောင်းပါးရှင် နေသန်မောင်က ဆိုသည်။

တင်းကျပ်သော အာဏာရှင်အောက်မှ ရုန်းထွက်ရန် ရောင်နီသန်းစအချိန် အိုဘားမား၏ခရီးအပေါ် မြန်မာပြည်သူတို့၏ မျှော်ရည်ချက်ကား မည်သို့နည်း။

နိုင်ငံရေးဆိုင်ရာ ဖြေလျှော့မှုများ အထိုက်အလျောက် ခရီးရောက်နေပြီဖြစ်သော မြန်မာနိုင်ငံအတွက် အိုဘားမားခရီးစဉ်မှ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ရရှိရန် တွေ့ဆုံမေးမြန်းခဲ့သူ အများစုက မျှော်လင့်ကြသည်။

ယင်းတို့တွင် စီးပွားရေးလုပ်ငန်းရှင်၊ နိုင်ငံရေးသမားတို့အပြင် စီးပွားရေးပညာရှင်အချို့လည်း ပါသည်။
“အခု အိုဘားမားလာမယ်ဆိုတော့ စီးပွားရေးအရ ဈေးကွက်စီးပွားရေးကျင့်သုံးနေပြီး နိုင်ငံရေးအရ ဒီမိုကရေစီကျင့်သုံးနေတဲ့ နိုင်ငံတွေကြား ဝင်ဆံ့လာမယ်” ဟု စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကို က သုံးသပ်သည်။

အမေရိကန်ကုမ္ပဏီကြီးများသည်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်နေသောကြောင့် ယခုလာမည့် ခရီးစဉ်သည် နိုင်ငံ၏ စီးပွားရေးနှင့် ပတ်သက်၍ ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ကြောင်း သုံးသပ်သူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြန်ကြားရေးတာဝန်ခံနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်ဖြစ်သည်။

“တရုတ်ပြည်ကို စီးပွားရေး ဖွံ့ဖြိုးလာတာ ကလင်တန် တရုတ်ပြည် ရောက်ပြီးမှ ဖြစ်လာတာ။ အခုလည်း ဒီအတိုင်းပဲ။ အိုဘားမားလာပြီးရင် မြန်မာ့စီးပွားရေး အပြောင်းအလဲဖြစ်နိုင်တယ်" ဟု ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ဆိုသည်။
အခြား လုပ်ငန်းရှင်များ ကလည်း စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများကို မျှော်လင့်ကြသည်။

ခရီးစဉ်ကြောင့် စီးပွားရေးအခွင့်အလမ်းပိုပွင့်ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အများစုမှီခိုနေရသော မြန်မာ့စီးပွားရေးလုပ်ငန်းများအနေနှင့် ရွေးချယ်စရာ ပိုမိုများပြားလာမည်ဖြစ်ကြောင်း ပြောဆိုသူမှာ ဆန်စပါးလုပ်ငန်းအသင်းမှ ဒေါက်တာ စိုးထွန်းဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက သမ္မတ ဦးသိန်းစိန်နှင့် သူ၏ အနီးကပ် လုပ်ဖော်ကိုင်ဖက် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမေရိကန်ခရီးစဉ်အတွင်း မြန်မာပို့ကုန်များ တင်သွင်းခွင့်ပိတ်ပင်ထားမှုကို ရုပ်သိမ်းမည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ယနေ့အထိ သဲသဲကွဲကွဲ မသိရသေးသဖြင့် အားမရသူများလည်း ရှိသည်။

စီးပွားရေး ပိတ်ဆို့မှုများအားလုံး ပြန်လည်ဖွင့်ပေးမှုကို စီးပွားရေးလုပ်ငန်းရှင်များက မျှော်လင့်လျက်ရှိပြီး ယင်းတို့ ပြန်လည်ဖွင့်ပေးနိုင်ရန် မြန်မာနှင့် အမေရိကန်အကြား နားလည်မှုတည်ဆောက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။
"စီးပွားရေး ပိတ်ဆို့မှုတွေ ဘယ်အချိန်မှာ အလုံးစုံပြန်ဖွင့်မလဲဆိုတာလည်း မှန်းဆဖို့ ခက်ပါတယ်” ဟု သူက ပြောကြားသည်။

ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ စီးပွားရေးကျောင်းသူတစ်ဦးဖြစ်ပြီး အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှုအကြောင်း လေ့လာနေသူ မနွေးနွေးစိုးကလည်း ထိုနည်းတူ ရှုမြင်သည်။ “ပို့ကုန်ပိတ်သိမ်းထားတာကို အသေအချာ ရုပ်သိမ်းပေးစေချင်တယ်” ဟု သူမက ဆိုသည်။

နောက်ထပ် စောကြောစရာကောင်းသည့်အချက်မှာ စစ်ရေးအရ ထိတွေ့ဆက်ဆံရေးဖြစ်သည်။ မြန်မာနိုင်ငံကို အမေရိကန်၏ ကမ္ဘာ့အကြီးဆုံးနှင့် နာမည်ကျော် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် လေ့လာသူအဖြစ်ပါဝင်ရန် အမေရိကန်က ဖိတ်ခေါ်မည်ဟု ဆိုထားသည်။ သို့သော်စစ်ရေးဆိုင်ရာ ဆက်ဆံမှုအဆင့်တိုးမြှင့်ရန် သို့တည်းမဟုတ် ဆက်ဆံရေးနှစ်ဖက် ဆွေးနွေးရန်ရှိမ/ရှိကို မည်သည့်အစိုးရကမျှ သတင်းထုတ် ပြန်ခြင်းမရှိသေးပေ။

သို့သော် ဒေါက်တာအေးမောင်ကမူ စစ်ရေးအရသဘောတူညီမှုများ ပြု လုပ်နိုင်ကြောင်း ထင်မြင်ချက်ပေးသည်။
သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကမူ အိုဘားမား၏ ခရီးစဉ်ကို စီးပွားငွေကြေး အကူအညီများထက် အခြားထောက်ပံ့မှုကို ပိုအားကိုးသည်။ “ကျွန်တော်က စိတ်ဓာတ်ဆိုင်ရာ အကူအညီပေးတာကိုပဲ ပိုတန်ဖိုးထားတယ်” ၄င်းက ဆိုသည်။

  • အခြားတစ်ဖက်

အိုဘားမား၏ မြန်မာပြည်ခရီးစဉ်မတိုင်မီ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က အိမ်ဖြူတော် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ၊ ကမ္ဘောဒီးယားတို့ကို လူ့အခွင့်အရေး ဆိုင်ရာများနှင့် ပတ်သက်၍ တိုက်တွန်းရန် ဆွေးနွေးခဲ့သည်။

ထိုနည်းတူ မြန်မာနိုင်ငံ အတွင်းတွင်လည်း ဆွေးနွေးစရာ အခြား အနုတ်လက္ခဏာ ဆိုင်ရာ ကိစ္စရပ်များလည်းရှိသေးသည်။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် လွှတ်တော်အသီးသီး၏ ဦးဆောင်မှုဖြင့်  ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေချိန် အခြားတစ်ဖက်တွင်လည်း အရေးတကြီး ဖြေရှင်းစရာများက ကြီးစိုးထားဆဲဖြစ်သည်။
ဥပမာ- လူ့ အခွင့်အရေးချိုးဖောက်မှု၊ သံတံခါး နောက်ကွယ်မှ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ၊ ရခိုင်၊ ကချင်စစ်ဘေးစသည်ဖြင့်။

အမေရိကန် သမ္မတအိုဘားမားနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD  ပါတီတို့ တွေ့ဆုံပါက နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ပပျောက်စေရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီ နောက်ပြန်မလှည့်စေရေးတို့အတွက် အကူအညီများတောင်းခံသွားမည်ဖြစ်ကြောင်း ဦးအုန်းကြိုင်က ဆိုသည်။

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းကို အပြည့်အဝအကောင်အထည်မဖော်ဘဲနဲ့ ဝါရှင်တန်နဲ့ တွဲခုတ်ဖို့ စိတ်ကူးထားတယ်ဆိုရင် ကျွန်တော်တို့ပဲ ခံစားရမှာပါ” ဟု နေသန်မောင်က ဆိုသည်။ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်တွင်း ရခိုင်အရေးကို ဆွေးနွေးမည်ဟု အိုဘားမားနှင့်အတူ လိုက်ပါမည့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဆိုသည်။
ခရီးစဉ်နှင့်အတူ ကချင်ကဲ့သို့သော တိုင်းရင်းသားဒေသများမှ အဖြစ်အပျက်ကိုလည်း လေ့လာစေလိုကြောင်း   ကချင်အမျိုးသမီးရေးရာများကို ဦးဆောင်လုပ်ကိုင်နေသူ ဒေါ်ဂျာဆိုင်းခေါန်က ပြောကြားသည်။

“ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မလုပ်နိုင်သေးတဲ့ တိုင်းရင်းသား ဒေသတွေက အဖြစ်အပျက်တွေကို ကြည့်မြင်သွားစေချင်တယ်” ဟု ၄င်းက ဆိုသည်။
အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်အာရှတွင် အင်အားမျှခြေ ဖမ်းရေး မျှော်မှန်းချက်နှင့်အတူ လေးရက်အတွင်း သုံးနိုင်ငံခရီးကား မကြာမီ စတင်တော့မည်။ အနာဂတ်တွင် တောက်ပလာမည့် ထိုဒေသ၏ ကစားပွဲကို ပြီးခဲ့သည့် ၂ နှစ်ကတည်းက အမေရိကန်က စတင်တံခါးခေါက် ခဲ့သည်။

ဒုတိယသက်တမ်း ပြန်လည် ရွေးကောက်ခံရပြီးရက်ပိုင်း အတွင်းတွင် အပယ်ခံဟောင်း မြန်မာအပါအဝင် အရှေ့တောင်အာရှကို ခရီးလှည့်ရန် ရွေးချယ်လိုက်ခြင်းက အာရှဒေသကို အလေးအနက်ထားခြင်းကို ပြသလိုက်ခြင်းပင် ဖြစ်ကြောင်း The News York Time သတင်းစာတွင် ဆောင်းပါးရှင် Lewis M.Simons က ရေးသားထားသည်။

“အရှေ့တောင် အာရှသားများအတွက်တော့ တရုတ်၏ မတရားသြဇာလွှမ်းမိုးမှုရရန် ကြိုးစားမှုကြောင့် တင်းမာမှုများဖြစ်နေချိန်မှာ အမေရိကန်ရဲ့သြဇာ လွှမ်းမိုးမှု ဟန်ချက်ညီဖို့ လုပ်ဆောင်ခြင်းကို ကြိုဆို ကြပါလိမ့်မယ်” ဟု သူက ဆိုထားသည်။

မြန်မာနိုင်ငံသို့ အိုဘားမား အသော့ နှင်လာခြင်းတွင် ‘တရုတ်နှင့် ပထဝီဝင် နိုင်ငံရေး’ က များစွာသော အခြေခံအကြောင်းရင်းများအနက် အရေးပါသော ကိစ္စဖြစ်နေသည်။

“မြန်မာနိုင်ငံဟာ အာရှရဲ့ဆူပါ ပါဝါဖြစ်လာမယ့် တရုတ်နဲ့ အိန္ဒိယကြားက မဟာဗျူဟာမြောက်တဲ့ လမ်းဆုံကြီးကို ခွထိုင်မိသားဖြစ်နေတယ်ဆိုတာ သိပ်မကြာသေးခင် အချိန်လေးကမှ သတိထားမိလာကြပါတယ်” ဟု နေသန်မောင်က ဆိုသည်။

  • ပြန်လည်နိုးထခြင်း

အိုဘားမားခရီးစဉ် မတိုင်မီ ရက်သတ္တပတ် တစ်ခုအလိုကတည်းက အဓိကအားဖြင့် ရန်ကုန်တွင် ရှေ့ပြေး လုံခြုံရေးများရောက်လာပြီး ထိုင်းသတင်းစာအချို့တွင် အမေရိကန်တို့၏ ကြီးကျယ် တိကျလှသော လုံခြုံရေးအစီအစဉ်တို့ကို ကာတွန်းများဖြင့် စတင်သရော်နေ ပြီဖြစ်သည်။

ထိုနည်းတူ အိုဘားမားလူထု မိန့်ခွန်း ပြောမည်ဟု မျှော်လင့်ရသော ရန်ကုန်တက္ကသိုလ်တွင်လည်း လုံခြုံရေးများ ထူထပ်စွာ ချထားပြီဖြစ်သည်။ အိုဘားမား မိန့်ခွန်း ပြောမည်ဟု မျှော်လင့်ရသော တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမအတွင်း ဝင်ရောက်ဓာတ်ပုံရိုက်သော သတင်းထောက်များကို ထွက်ခွာစေခဲ့သည်။

သို့သော် ယခင်မွဲခြောက်နေသော အပယ်ခံရန်ကုန်တက္ကသိုလ်၏ အဓိပတိလမ်းမှာ ဆေးပြန်သထားသည်။ ဘွဲ့နှင်းသဘင်ခန်းမတွင် စင်များပြန်ဆောက်နေသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ သမိုင်းများစွာ အစပျိုးခဲ့ရာ ရန်ကုန်တက္ကသိုလ်ကြီးမှာ အိုဘားမား၏ နွေးထွေးမှုနှင့်အတူ အသစ်ပြန်လည် နိုးထတော့မည်။

တက္ကသိုလ်နှင့် မနီးမဝေးရှိ လှိုင်မြို့နယ်အတွင်းတွင် ဆိုက်ကားလှည့်နင်းသော အနှေးယာဉ်သမား ဦးစိန်သန်းကမူ လူတိုင်းပါးစပ်ဖျား ရေပန်းစားနေသော အိုဘားမား၏ ခရီးစဉ်က ထူးထူးခြားခြား ဆွဲဆောင်မှု မရှိလှပါ။

“ကိုယ့်အစိုးရက ဘာမှ မလုပ်ပေးနိုင်တာ။ သူများကို သွားမျှော်လင့်လို့ မရဘူးလေ။ အရင်ကလည်း နိုင်ငံခြားက သမ္မတတွေ၊ ဝန်ကြီးချုပ်တွေလည်း  ခဏခဏ လာနေကြတာပဲ။ ဒေါ်စုနဲ့တွေ့လည်း သိပ်ထွေထွေထူးထူး ပြောင်းတာမှ မဟုတ်တာ” ဟု သူက ဆိုလေသည်။
မည်သို့ဆိုစေ အနောက်တိုင်း ဆူပါပါဝါ လင်းယုန်ကြီးတို့ မြန်မာ့မြေ ခြေချတော့မည်။

ခွန်းသု ရေးသားသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...