ရှမ်းတို့ရဲ့ တိုဟူးနွေး
• နိုင်းနိုင်းစနေမီးဖိုချောင်
တောင်ကြီးသူ၊ သား ဂျင်းဘောင်းဘီဝတ်ရတာကို
နှစ်သက်တယ်။ All Star ဖိနပ်ကြိုက်တယ်။
အနွေးထည်ဝတ်ရတာကို နှစ်သက်တယ်။
မနက်ခင်းစောစောမှာ တိုဟူးနွေးနဲ့
ဟုတ်ပါတယ် . . . ။ တောင်ကြီးနဲ့ချယ်ရီ၊
တောင်ကြီးနဲ့မီးပုံးပျံ ခွဲမရသလို
တောင်ကြီးနဲ့တိုဟူးနွေးလည်း ခွဲမရပါဘူး။
တောင်ကြီးတင်မက တိုဟူးနွေးနဲ့ခွဲမရတာက
ရှမ်းပြည်တစ်ခွင်လုံးဆိုရင် မှားမယ်မထင်ပါဘူး။
တောင်ကြီးမှာတော့ လမ်းတစ်လမ်းမှာ
တိုဟူးနွေးဆိုင်(ခေါက်ဆွဲဆိုင်)တစ်ဆိုင်တော့
အနည်းဆုံးရှိတတ်တယ်။
လူတွေက တိုဟူးနွေးကို မနက်စာအဖြစ်
အစားများကြပါတယ်။
တိုဟူးနွေးက ၀က်ခေါက်ကြော်နဲ့ လိုက်ဖက်သလို၊
အီကြာကွေး၊ တိုဟူးကြော်တွေနဲ့လည်း
စားသုံးနိုင်ပါတယ်။ မပါမဖြစ်တဲ့အရာကတော့
မုန်ညင်းချဉ်ဖြစ်ပါတယ်။
ရှမ်းပြည်နယ် အနယ်နယ်၊ အရပ်ရပ်က
တိုဟူးနွေးလုပ်နည်းတွေ အမျိုးမျိုးရှိပါတယ်။
စားနည်းကတော့ အချိုနဲ့ အငန် နှစ်မျိုးရှိတယ်။
တိုဟူးနွေးအချိုအတွက် ကြံသကာရည်ကျို
ဒါမှမဟုတ် ငံပြာရည်အချိုတွေထည့်ကြပြီး
အငန်ကတော့ ကြက်သား၊ ၀က်သား
အသားဟင်းချက် တစ်မျိုးမျိုးပဲဖြစ်တယ်။
ကျွန်မတို့ငယ်ငယ်က အိမ်မှာတိုဟူးနွေး
မကြာခဏ လုပ်စားဖြစ်ပါတယ်။
အဲဒီတုန်းကတော့မနက်စောစောထြ ပီး
ကုလားပဲကို ကြိတ်ဆုံနဲ့
အင်တိုက်အားတိုက်ကြိတ်ခဲ့ရတ ယ်။
အခုခေတ်မှာတော့ ဖျော်ရည်စက်နဲ့ မွှေလိုက်ရုံပါပဲ။
တချို့ကတော့ ကုလားပဲအစား ကုလားပဲမှုန့်နဲ့
လုပ်ကြတယ်။ လူသက်သာပြီး
မြန်ဆန်တဲ့နည်းဖြစ်ပါတယ်။
တကယ့်ကုလားပဲစစ်စစ်နဲ့လုပ်တဲ့
တိုဟူးနွေးက အ၀ါရောင်ဖျော့ဖျော့လေးပါ။
ရောင်းတန်းဝင် တိုဟူးနွေးတွေကတော့
အရောင်လှအောင်ဆိုပြီး နနွင်းမှုန့်၊
အရောင်တင်မှုန့်တွေထည့်ကြတယ် ။
ပျစ်ချွဲအောင်ဆိုပြီး ကော်မှုန့်တွေထည့်ကြတယ်။
တကယ်တမ်း ကုလားပဲစစ်စစ်နဲ့က
အဲဒီလောက်ပျစ်ခဲမနေသလို
အဲဒီလောက်လည်း ၀ါဝင်းမနေပါဘူး။
ကုလားပဲစစ်စစ်နဲ့လုပ်တဲ့နည်းကို
ကျွန်မမှတ်မိသလောက် မျှဝေပါတယ်။
(၁) ပထမဆုံး ကုလားပဲကို ရေစိမ်ပါတယ်။
ကြိတ်ရလွယ်အောင် ၄- ၅ နာရီလောက်စိမ်ပါတယ်။
ပြီးရင် ရေဆေးပြီး ကြိတ်စက်နဲ့
ရေနည်းနည်းစီထည့်ပြီး ကြိတ်ပါတယ်။
(၂) ကြိတ်လို့ရလာတဲ့ ကုလားပဲကို
အရမ်းပျစ်နေရင် ရေနည်းနည်းထပ်ရောပြီး
အ၀တ်စ အပါးနဲ့ စစ်တယ်။ တိုဟူးနွေးချည်းပဲ
လုပ်စားမယ်ဆိုရင် ကုလားပဲ အရည်က
အရမ်းပျစ်စရာမလိုပါဘူး။
တိုဟူးခဲပါလုပ်မယ်ဆိုရင်တော့ 
ကုလားပဲအရည် နည်းနည်းပျစ်ရပါတယ်။
ကျွန်မက ကုလားပဲကို ပထမတစ်ကြိမ်စစ်တယ်။
စစ်လို့ရလာတဲ့အရည်ကို သတ်သတ်ဖယ်ထားလိုက်တယ်။
ကုလားပဲဖတ်ကို ရေနည်းနည်းထပ်ရောပြီး
ဒုတိယအကြိမ် ပြန်စစ်တယ်။
သတ်သတ်ဖယ်ထားလိုက်တယ်။
(၃) ပြီးတော့ စစ်လို့ရလာတဲ့အရည်တွေကို
အနည်ထိုင်အောင် ထားလိုက်တယ်။
အနည်များများထိုင်လေ ကောင်းလေမို့
အနည်းဆုံး ၃ နာရီလောက်တော့
အနည်ထိုင်ခိုင်းလိုက်တယ်။
ဒါက အနည်ထိုင်သွားတဲ့
ကုလားပဲအနည်တွေဖြစ်တယ်။
အင်္ဂတေလို မာနေပါတယ်။
တိုဟူးနွေးလုပ်ရာမှာ ဒီအနည်က အဓိကဖြစ်တယ်။
(၄) အနည်ထိုင်တာ လုံလောက်ပြီဆိုရင်
ပထမအကြိမ်စစ်ထားတဲ့ ကုလားပဲအရည်ရဲ့
အပေါ်ကအရည်ကြည်ကို အိုးတစ်အိုးထဲ
သွန်ထည့်ပြီး ကျိုပါတယ်။ ကျိုတဲ့အချိန်မှာ
အဆက်မပြတ်မွှေပေးနေရပါတယ်။
မမွှေရင် အတုံးခဲလေးတွေ ဖြစ်သွားတတ်လို့ပါ။
အရည်ဆူလာပြီဆိုရင် အနည်တွေကို
အရည်ပျော်အောင်လုပ်ပြီး ဆူနေတဲ့
ကုလားပဲအရည်ထဲနည်းနည်းချင်း စီ
လောင်းထည့်ပါတယ်။ လောင်းထည့်နေချိန်အတွင်း
လက်ကလည်း အမွှေ မရပ်ရပါဘူး။
(၅) ပွက်ပွက်ဆူလာရင်တော့ မီးလျှော့လိုက်တယ်။
ဆားနည်းနည်းထည့်တယ်။
တိုဟူးခဲစားချင်ရင်တော့
(ခဲနိုင်လောက်တဲ့အနေအထားမျိုးဆိုရင်တော့)
ဗန်းတစ်ခုထဲဖြစ်ဖြစ်၊ ဇလုံတစ်ခုထဲဖြစ်ဖြစ်
ကိုယ်စားချင်သလောက် လောင်းထည့်ပြီး
အအေးခံထားလိုက်တယ်။
အိုးထဲကျန်နေတဲ့ တိုဟူးရည်တွေက
အရမ်းပျစ်နေရင် ဒုတိယအကြိမ်မှာ
စစ်ထားတဲ့အရည်ကိုနည်းနည်းထပ်
လောင်းထည့်လိုက်လို့ရတယ်။
ပြီးရင် မီးသေးသေးလေးနဲ့ နွှေးထားလိုက်တယ်။
တိုဟူးရည်အရမ်းပျစ်နေရင် ခေါက်ဆွဲနဲ့
ရောနယ်တဲ့အခါ ခဲနေတတ်လို့ပါ။
(၆) တိုဟူးနွေးစားဖို့ ကြက်သား
ဟင်းချက်ရပါတယ်။ ကြက်သားချက်ဖို့က
ခါတိုင်းလိုပဲ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို
ဆီသတ်၊ ကြက်သားထည့်၊ ခရမ်းချဉ်သီးထည့်
ချက်လိုက်တယ်။ ခေါက်ဆွဲကို
ရေစိမ်ထားလိုက်တယ်။ကြက်သွန် ဖြူဆီချက်၊
ငရုတ်သီးဆီချက်၊ မြေပဲဆံထောင်း၊
နှမ်းထောင်း၊ နံနံပင်လှီး၊ သံပရာသီးလှီးပေါ့။
ဒါတွေက ကုလားပဲကိုကြိတ်ပြီး
အနည်ထိုင်ခိုင်းနေချိန်မှာ
ပြင်ဆင်ထားရတဲ့ အရာတွေပေါ့။
ပြီးရင် ရေစိမ်ထားတဲ့ခေါက်ဆွဲကို
ကိုယ်စားနိုင်သလောက် ရေနွေးနဲ့ ခဏဖြောပြီး
ခွက်တစ်ခုထဲထည့်တယ်။ ခေါက်ဆွဲပေါ်ကို
တိုဟူးနွေးထည့်တယ်။ ကြက်သားချက်ထည့်တယ်။
ပြီးရင် လုပ်ထားသမျှ အစာပလာတွေထည့်တယ်။
ဆား၊အပေါ့၊ အငန်မလောက်ရင်
ပဲငံပြာရည်ထည့်နိုင်ပါတယ်။
ကုလားပဲမှုန့်နဲ့လုပ်တဲ့ တိုဟူးနွေးကလည်း
လုပ်နည်းအတူတူပါပဲ။ ပဲမှုန့်က အကြိတ်ရ
သက်သာတာလေးတစ်ခုပါပဲ။
ပဲမှုန့်နဲ့လုပ်ရင်ပဲမှုန့်ကိုနာရီဝက်ဒါမှမဟုတ်
၁နာရီလောက် အရင်ရေစိမ်တယ်။
အဖတ်တွေမပါအောင်စစ်တယ်။
ပြီးရင် အနည်ထိုင်စေတယ်။ ကျိုတယ်ပေါ့။
အတူတူပါပဲ။ အရောင်လေး နည်းနည်းဝါ၀ါဝင်း
ဝင်းဖြစ်ချင်ရင်တော့ အနည်ထဲ နနွင်းမှုန့်
နည်းနည်းရောမွှေပေးရင် ရပါတယ်။
တိုဟူးခဲကိုတော့ တိုဟူးကြော် ပဲလုပ်လုပ်၊
တိုဟူးသုပ်ပဲလုပ်လုပ် ပြုလုပ်စားနိုင်ပါတယ်။
တိုဟူးသုပ်က အချဉ်ရည်ကောင်းရင်
ကောင်းသလို စားလို့ကောင်းပါတယ်။
အချဉ်ရည်ကို တချို့က ရှလကာရည်နဲ့လုပ်တယ်။
တချို့က မုန်ညင်းအချဉ် တည်ထားတဲ့အရည်
(ငရုတ်သီးမပါ)နဲ့လုပ်တယ်။ တိုဟူးသုပ်ထဲကို
အပေါ်က တိုဟူးနွေးထဲထည့်စားတဲ့
အစာပလာတွေပဲ ထည့်ပါတယ်။
ကြက်သားချက်တော့ မထည့်ရပါဘူး။
ကျွန်မတို့ဘက်မှာတော့တိုဟူး ကြော်ကို
ကြော်ပြီးသားတွေ ရောင်းတတ်ပါတယ်။
အဲဒီတိုဟူးကြော်ကို တချို့က ခရမ်းချဉ်သီးတွေနဲ့
ဟင်းပြန်ချက်စားပါတယ်။
ဘယ်လိုပဲစားစား၊ ဘာနည်းနဲ့ပဲလုပ်လုပ်
တိုဟူးနွေး၊ တိုဟူးကြော်၊ တိုဟူးသုပ်တွေက
ရှမ်းပြည်ရဲ့ ထောင့်နေရာတိုင်းမှာရှိပြီး
ရှမ်းပြည်မှာနေထိုင်ကြတဲ့ တိုင်းရင်းသားတိုင်း၊
လူမျိုးတိုင်း ကြိုက်နှစ်သက်တဲ့ အစားအစာဖြစ်ပါတယ်။
ရှမ်းပြည်သူကျွန်မလည်း အပါအ၀င်ပေါ့။
• နိုင်းနိုင်းစနေ
0 comments:
Post a Comment