မှတ်သားစရာ ပုံပြင်တစ်ပုဒ်
Author: lubo601 |
11:19 AM |
No မှတ်ချက် |
တစ်ခါတုန်းက သူငယ်ချင်းသုံးယောက်ရှိတယ်။ သူတို့သုံးယောက်မှာ ရတနာမြေပုံတစ်ချပ်ရှိတယ်။ တစ်နေ့မှာတော့ အဲ့ဒီရတနာမြေပုံအတိုင်း လိုက်ရှာကြတာ ရတနာတွေအများကြီးရသွားတယ်တဲ့။
ဒါနဲ့ သူတို့က စဉ်းစားတာပေါ့..ဒီရတနာတွေကို ဒီတိုင်းသယ်သွားရင် သူခိုးဓားပြတွေမြင်ပြီး လုသွားမှာစိုးရိမ်ကြသတဲ့။ ဒီလိုနဲ့ ရတနာတွေကိုသူတို့ဗိုက်ထဲမြိုချြ ပီး သယ်သွားဖို့ စီစဉ်လိုက်ကြတယ်တဲ့။
ဒီအစီအစဉ်ကို သူခိုးတစ်ယောက်က ခိုးနားထောင်ရင်း ကြားသွားတယ်တဲ့။ သူခိုးကလည်း သူတို့ရတနာတွေကို ရအောင်ကြံတော့တာပေါ့။ ဒီလိုနဲ့ သူငယ်ချင်းသုံးယောက်ဟာ ရတနာတွေကို မြိုချပြီး ခရီးဆက်ကြသတဲ့။ သူခိုးကလည်း သူတို့သွားတဲ့လမ်းကနေ တူတူသွားပါရစေလို့ ခွင့်တောင်းသတဲ့။ သူငယ်ချင်းသုံးယောက်ဟာ သူခိုးကိုသူခိုးမှန်းမသိတော့ အတူတူသွားဖို့ သဘောတူလိုက်ကြတယ်။ လမ်းတစ်လျှောက်မှာ သူခိုးက ရတနာတွေကို ဗိုက်ခွဲပြီးယူဖို့ ကြိုးစားပေမယ့် သူငယ်ချင်းသုံးယောက်က သတိကြီးကြတာကြောင့် ရတနာတွေကို မရနိုင်ခဲ့ဘူး။
အဲ့ဒီ သူတို့သွားတဲ့လမ်းမှာ တောအုပ်တစ်ခုကို ဖြတ်ရတယ်တဲ့။ အဲ့ဒီတောအုပ်ထဲမှာ ဓားပြအုပ်စုတစ်စုရှိသတဲ့. အဲ့ဒီဓားပြခေါင်းဆောင်မှာ ကြက်တူရွေးတစ်ကောင်ရှိတယ်။ အဲ့ဒီကြက်တူရွေးဟာ ဒီလမ်းကဖြတ်သွားတဲ့သူတိုင်း ကို ကြည့်ရုံနဲ့ ရတနာတွေပါမပါ အတပ်ပြောနိုင်တယ်တဲ့။
ဒါနဲ့ သူငယ်ချင်းသုံးယောက်နဲ့သူခိုးဟာ အဲ့ဒီတောအုပ်ကို ဖြတ်လာခဲ့ကြတယ်။ လမ်းမှာ ဓားပြအုပ်စုနဲ့တွေ့ကြတာပေါ့။ ဓားပြခေါင်းဆောင်ရဲ့ကြက်တူရွေးဟာ သူတို့လေးယောက်မှာ ရတနာပါလာတယ်လို့ပြောတယ်။ ဓားပြတွေကလည်း သူတို့ကိုယ်မှာ ရတနာတွေရှာကြတာပေါ့။ ဒါပေမယ့် မတွေ့ခဲ့ပါဘူး။ အဲ့ဒီအခါ ဓားပြခေါင်းဆောင်က သူ့ကြက်တူရွေးက အမှားမပြောနိုင်ဘူး။ ဒီလေးယောက်မှာ အသေအချာရတနာပါကိုပါရမယ်။ ဒါကြောင့် ဗိုက်ခွဲပြီး စစ်ရမယ်လို့ ပြောသတဲ့။ သူတို့ကို ထောင်ထဲခဏထည့်ပြီး နောက်တစ်နေ့မှာစစ်မယ်လို့ သူ့တပည့်တွေကို မှာသတဲ့။
ထောင်ထဲမှာ သူငယ်ချင်းသုံးယောက်က ကြောက်နေရှာတာပေါ့။ သူခိုးကတော့ ဒီလိုစဉ်းစားတယ်တဲ့။ `မနက်ဖြန် သူတို့ထဲက တစ်ယောက်ယောက်ကို ဗိုက်ခွဲရင်တော့ ရတနာတွေကို သေချာပေါက်တွေ့မှာပဲ.. ဒီတော့ ငါ့ကိုလည်းသူတို့နဲ့ အတူတူထင်ပြီး ဗိုက်ခွဲမှာ.. ဒီတော့ အားလုံးသေကြရလိမ့်မယ်. ငါ တစ်ယောက်ပဲသေရအောင် မနက်ဖြန် ငါ့ကိုအရင်ဆုံးဗိုက်ခွဲခိုင်းမယ်. ဒါမှ သူတို့သုံးယောက်လုံးလွတ်မှာ..´ လို့ တွေးနေတယ်တဲ့။
နောက်တစ်နေ့မှာတော့ ဓားပြကြီးက ဗိုက်ခွဲဖို့လုပ်တော့ သူခိုးက `ဒီမှာ.. ကျွန်တော်တစ်ဆိတ်လောက်ပြောချင်လို့ပါ.. ဒီသုံးယောက်က ကျွန်တော့်ညီလေးတွေပါ. ကျွန်တော်တို့ဆီမှာ ဘာရတနာမှ မပါပါဘူး.. ကျွန်တော်က အစ်ကိုကြီးဖြစ်တဲ့အလျောက် ကျွန်တော့်ကို အရင်ဆုံးဗိုက်ခွဲစေချင်ပါတယ်.. အကယ်လို့ ကျွန်တော့်ဗိုက်ထဲမှာ ရတနာရှာမတွေ့ဘူးဆိုရင်တော့ ဒီက ညီလေးသုံးယောက်ကို လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်.´ ဆိုပြီး ဓားပြကြီးကိုပြောသတဲ့။
ဓားပြခေါင်းဆောင်ကလည်း သဘောတူလိုက်သတဲ့။ ဒီတော့ သူခိုးရဲ့ဗိုက်ကိုခွဲတဲ့အခါ ဘာရတနာမှမတွေ့ဘူးတဲ့။ အဲ့ဒါကြောင့် ဓားပြခေါင်းဆောင်ဟာ စိတ်ဆိုးဆိုးနဲ့ သူ့ကြက်တူရွေးကို ညာပြောတယ်ဆိုပြီး သတ်ပစ်လိုက်ရောတဲ့။ သူငယ်ချင်းသုံးယောက်ကိုလည်း သူ့ကတိအတိုင်း ပြန်လွှတ်ပေးလိုက်သတဲ့ကွယ်။
ပုံပြင်လေးကတော့ ဒါပါပဲ။
ဒီပုံပြင်လေးကိုဖတ်ပြီး စဉ်းစားစရာလေးတွေ ဖြစ်လာပါတယ်။
ဒီပုံပြင်မှာ အဓိကဇာတ်လိုက်ကတော့ သူခိုးပဲ ဖြစ်ပါတယ်။
သူခိုးဟာ မကောင်းမှုပြုပြီး အသက်မွေးနေပေမယ့် သေခါနီးမှာတော့ ကြီးမားတဲ့ကုသိုလ်ထူးကို လုပ်သွားပါတယ်။ ဒါကလည်း လေးစားစရာလေးတစ်ခုပါပဲ။
နောက်တစ်ချက်ကတော့ ဓားပြခေါင်းဆောင်ရဲ့စိတ်ဓာတ်ပါ။ ဓားပြအလုပ်လုပ်ပြီး အသက်မွေးဝမ်းကျောင်းပြုနေပေမယ့် လည်း သူဟာ ကတိတည်ပါတယ်။ သူ့ကတိအတိုင်း သူခိုးကို ဗိုက်ခွဲပြီး ရတနာရှာမတွေ့တဲ့အခါ သူငယ်ချင်းသုံးယောက်ကို ပြန်လွှတ်ပေးခဲ့တယ်။ သူသာ ကတိမတည်ခဲ့ရင် သူငယ်ချင်းသုံးယောက်စလုံး သေမှာအမှန်ပါပဲ။
ဒီပုံပြင်လေးကို ဖတ်တဲ့သူတိုင်း သင်ခန်းစာယူနိုင်ကြပါစေရှင်.
(မှ - saunglaypyay.blog.com)
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment