အီ ဂို - လူ သား ဖြ စ် မှု ရဲ့ လ က် ရှိ အေ ခြ အေ န
by Aung Yin Nyein on Saturday, November 24, 2012 at 8:11am
Ego: the Current State of Humanity
By ECKHART TOLLE ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။ ( အောင် ရင် ငြိမ်း )
စကားလုံးများ ( သို့မဟုတ် ) အစစ်အမှန်တရားရဲ့ အပေါ်ယံလွှာ
စကားလုံးတွေကို အသံထွက်ပြီး ထုတ်ဖော်ပြောလိုက်တာပဲ ဖြစ်ဖြစ်၊ စိတ်ထဲမှာပဲ အတွေးတွေအဖြစ် သိမ်းဆည်းထားတာမျိုးပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အဲဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက စကားလုံးတွေမှာ လူတစ်ယောက်ရဲ့ အသိစိတ်ကို အိပ်မွေ့ချပစ်နိုင်တဲ့ မှော်စွမ်းအင်မျိုး ရှိပြီး အဲဒီလို ဖြစ်သွားအောင်လည်း သူတို့က ပုံသွင်းယူနိုင်တယ် ဆိုတာပါပဲ။
" အရာဝတ္ထုတစ်ခုဟာ ဘာဖြစ်တယ်" ဆိုပြီး ခင်ဗျား သိလိုက်တာနဲ့၊ ခင်ဗျားရဲ့ အာရုံသိမှုနဲ့ တွေ့ကြုံသိမြင်ရတဲ့ အရာတစ်ခုခုကို စကားလုံး တစ်လုံး ကပ်ပေးလိုက်ပြီ ဆိုတာနဲ့ ( ဥပမာ- ဒါဟာ စီဒီတစ်ချပ် ဖြစ်တယ် ) ခင်ဗျားဟာ အဲဒါ အမှန်ပဲလို့ တစ်ထစ်ချ စွဲမှတ်ယုံကြည်သွားပြီး အိပ်မွေ့ချခံလိုက်ရသလို ဖြစ်သွားတယ်။
အဲဒီလို ဖြစ်သွားပြီ ဆိုတာနဲ့ ခင်ဗျားကို ခင်ဗျား အလွယ်တကူ ပျောက်ဆုံး ဆုံးရှုံးသွားရပါတော့တယ်။
အမှန်က အဲဒီအရာ ဘာလဲဆိုတာ ခင်ဗျား မသိပါဘူး။
ခင်ဗျားဟာ အပေါ်ယံစကားလုံးနဲ့ ပညတ်ချက်တွေကိုပဲ သိတာပါ။
ခင်ဗျားဟာ သာမန်လူ့အသိဥာဏ်နဲ့ နားမလည်နိုင်၊ ရှင်းမပြနိုင်တဲ့ အရာဝတ္ထုတစ်ခုကို အမည်တံဆိပ်( ပညတ်ချက်) တစ်ခုနဲ့ ဖုံးကွယ်ပစ်လိုက်တာပဲ ဖြစ်ပါတယ်။ ငှက်တစ်ကောင်၊ သစ်ပင်တစ်ပင်၊ ရိုးရှင်းတဲ့ ကျောက်တုံးတစ်တုံး၊ သေချာရေရာတဲ့ လူ့ဘ၀ ဖြစ်တည်မှု၊ အရာရာဟာ အဆုံးစွန်အထိ ကျွန်တော်တို့ မသိနိုင်တဲ့ အရာတွေချည်းပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီအရာတွေမှာ ကျွန်တော်တို့ရဲ့ အပေါ်ယံအရေပြားဆန်တဲ့ တွေးတောဆင်ခြင်မှုလောက်နဲ့ ထွင်းဖောက်မမြင်နိုင်တဲ့ နက်နဲတဲ့ သရုပ်သဘောတွေ ရှိနေလို့ပါပဲ။
ကျွန်တော်တို့ အာရုံသိမြင်၊ တွေ့ကြုံ ၊ တွေးတောဆင်ခြင်နိုင်တဲ့ အရာအားလုံးဟာ တကယ့် အစစ်အမှန်တရားရဲ့ အပေါ်ယံအလွှာသာ ဖြစ်ပြီး ပင်လယ်ထဲမျောနေတဲ့ ရေခဲပြင် အပေါ်လွှာ ထက်တောင် ပါးလွှာသေးငယ်ပါသေးတယ်။
အပေါ်ယံ ပုံပန်းသဏ္ဍာန်တွေရဲ့ အောက်မှာ အရာအားလုံးဟာ အရာရာနဲ့ ကြောင်းကျိုး ဆက်စပ်နေတဲ့ အပြင် ဘ၀ဖြစ်တည်မှုအားလုံးရဲ့ အခြေခံရင်းမြစ်နဲ့လည်း ဆက်စပ်နေပါတယ်။ ( ဗုဒ္ဓ ဟောကြားတဲ့ ပဋိစ္စ သမုပ္ပါဒ် တရားတော်ထဲက အ၀ိဇ္ဇာ ပစ္စယာ သင်္ခါယာ သဘောကို သတိရစေချင်ပါတယ်။ = ဘာသာပြန်သူ )
ကျောက်တုံးတစ်တုံး၊ ဒါမှမဟုတ် အဲဒီထက် ပို ရှင်းလင်းမြင်သာတဲ့ ပန်းတစ်ပွင့်၊ နောက်ဆုံး လေထဲပျံဝဲနေတဲ့ ငှက်တစ်ကောင်ကတောင်မှ အဲဒီ အခြေခံရင်းမြစ်ဆီ ပြန်သွားဖို့၊ ခင်ဗျား ကိုယ်တိုင်ဆီ ပြန်သွားဖို့ လမ်းကို ညွှန်ပြနိုင်ပါတယ်။ ခင်ဗျားအနေနဲ့ အဲဒါကို လက်နဲ့ ကိုင်တွယ်ပွတ်သပ်ကြည့်ပြီး ကြီးကျယ်ခမ်းနားတဲ့ စကားလုံးတစ်လုံး ( ဒါမှမဟုတ်) စိတ်ထဲကလာတဲ့ အမှတ်တံဆိပ်တစ်ခုခု မပါဘဲ သူ့ အရှိတရားအတိုင်းပဲ ထားလိုက်တဲ့ အခါ ခင်ဗျားရဲ့ အတွင်းစိတ်ထဲမှာ အံ့သြဆန်းကြယ်စရာ အာရုံသိမှုတစ်ခု ဖြစ်ပေါ်လာပါတယ်။ အဲဒါရဲ့ အနှစ်သာရက ခင်ဗျားဆီ တိတ်ဆိတ်စွာ ဆက်သွယ်ပြီး ခင်ဗျားရဲ့ ကိုယ်ပိုင် အနှစ်သာရကိုလည်း ခင်ဗျားဆီ ပြန်ပြီး ထင်ဟပ်စေပါတယ်။
ဒါဟာ ကြီးမြတ်တဲ့ အနုပညာရှင်တွေရဲ့ ထိုးထွင်းသိမြင်နားလည်မှုနဲ့ သူတို့ အနုပညာမှာ ရတဲ့ အောင်မြင်မှုမျိုးပါပဲ။
ဗင်းဆင့်ဗန်ဂိုးဟာ " ဒါ ကုလားထိုင်အဟောင်း တစ်လုံးပါ " လို့ နှုတ်က ထုတ်ဖော် မပြောခဲ့ပါဘူး။
အဲဒါကို သူ အာရုံစူးစိုက်မှု အပြည့်နဲ့ ထပ်တလဲလဲ ကြည့်ပြီးရင်း ကြည့်ပြီးရင်း ကြည့်တယ်။ သူဟာ ကုလားထိုင်အိုတစ်လုံးရဲ့ ဖြစ်တည်နေမှုသဘောကို သိမြင်နားလည်တယ်။ အဲဒီနောက် ကင်းဗတ်စ်စရဲ့ ရှေ့မှာ ထိုင်ပြီး ဆေးရောင်တို့ထိထားတဲ့ စုတ်တံတွေကို လေထဲ မြှောက်တင်လိုက်တယ်။
ဗင်းဆင့်ဗန်ဂိုးရဲ့ သက်မဲ့ ပန်းချီမိုဒယ် မူလ ကုလားထိုင်အဟောင်းကြီးကို ရောင်းရင် ဒေါ်လာ အနည်းငယ်နဲ့ ညီမျှတဲ့ ပမာဏနဲ့ပဲ ရောင်းလို့ ရနိုင်ပါလိမ့်မယ်။ အဲဒီ ကုလားထိုင်ပုံကို ရေးဆွဲထားတဲ့ ဗန်ဂိုးရဲ့ ပန်းချီလက်ရာကတော့ ဒီနေ့ ဒေါ်လာ ၂၅ သန်းမက တန်ဖိုး ရှိနေပါပြီ။
အာရုံသိမှုနဲ့ စကားလုံးတွေကြားက သုည နယ်မြေ
ကမ္ဘာကြီးကို စကားလုံးတွေ၊ အမှတ်တံဆိပ်တွေနဲ့ ဖုံးကွယ်မထားဘူးဆိုရင် လူသားအဖြစ် စတင်ခဲ့တဲ့ အချိန်ကာလကတည်းက ပျောက်ဆုံးခဲ့တဲ့ အံ့သြဆန်းကြယ်ဖွယ်ရာ အာရုံသိမှုဟာ ခင်ဗျား ဘ၀ဆီ ပြန်ရောက်လာပါလိမ့်မယ်။ ပြီးတော့ နက်ရှိုင်းလေးနက်မှုတစ်ခုဟာ ခင်ဗျား ဘ၀ဆီ ပြန်လာလိမ့်မယ်။ အရာဝတ္ထုတွေဟာလည်း သူတို့ရဲ့ အသစ်ဖြစ်မှုနဲ့ လတ်ဆတ်မှုကို ပြန်ရသွားလိမ့်မယ်။ အံသြစရာ အကောင်းဆုံးကတော့ ဘယ်လို စကားလုံးတွေ၊ အတွေးတွေ၊ စိတ်ထဲက ပညတ်လိုက်တဲ့ အမှတ်တံဆိပ်တွေနဲ့ အာရုံရုပ်တွေ မဆိုထက် အရင်စောပြီး ဖြစ်တည်ခဲ့တဲ့ ၊ ပိုပြီးတော့လည်း အဓိကကျတဲ့ ခင်ဗျားရဲ့ ဖြစ်တည်မှု အနှစ်သာရကို တွေ့ကြုံခံစားရလိုက်ခြင်းပါပဲ။
ဒီလို ဖြစ်ဖို့ဆိုရင် ငါ ဆိုတဲ့ အစွဲ၊ လူသား ဖြစ်တည်မှုအစွဲနဲ့ အဲဒါတွေနဲ့ ဆက်စပ်ရောထွေးနေတဲ့ အရာအားလုံးကနေ ခင်ဗျား လွတ်ကင်း ရှင်းလင်း နေဖို့တော့ လိုပါတယ်။
အရာဝတ္ထုတွေ၊ ခင်ဗျား မဟုတ်တဲ့ အခြားလူတွေ၊ အခြေအနေတွေအပေါ် စကားလုံးတွေ/ စိတ်ထဲက အမည်တံဆိပ်တွေနဲ့ ချည်နှောင်ထားလေလေ၊ ခင်ဗျားရဲ့ စစ်မှန်တဲ့ ဖြစ်တည်မှုဟာ လေးနက်မှု မရှိ၊ အသက်ကင်းမဲ့လေ ဖြစ်နေမှာပါပဲ။ အဲဒီ ချည်နှောင်မှုတွေကို လျှော့ချပစ်လိုက်လေလေ ၊ လူ့အဖြစ်ရဲ့ အံသြဆန်းကြယ်ဖွယ်ရာ အာရုံသိမှုက ခင်ဗျားရဲ့ အဇျွတ္တနဲ့ ဗဟိဒ္ဓ အဖုံးအကွယ်တွေကို ဖယ်ရှားသွားလေလေ ဖြစ်လာမှာပါပဲ။
( ပညတ်သဘောကို ကျော်လွန်ပြီး ရုပ်နာမ်တရားတွေ ဖြစ်ပျက်ပြောင်းလဲနေပုံကို သိကာမတ္တ သိနေတဲ့ အခိုက်အတန့်မှာ အာရုံကိုသိတဲ့ သဘောမျှ ဖြစ်တဲ့ စိတ်ကို ကိလေသာ အညစ်အကြေးတွေ မစွန်းထင်းနိုင်ဘူးဆိုတဲ့ ဗုဒ္ဓ တရားတော်နဲ့ ဆင်တူ ညီညွတ်။ = ဘာသာပြန်သူ )
အဲဒီလို နည်းလမ်းမျိုးတွေနဲ့ ဆင်ခြင်တုံတရား အခြေခံတဲ့ သိမြင်နားလည်မှုကို ရနိုင်ပြီး တကယ့် ဥာဏ်ပညာ၊ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကတော့ ပျောက်ဆုံးနေဦးမှာပါပဲ။ အဲဒါတွေဟာ အာရုံသိမှုနဲ့ ဘာသာစကားအသုံးပြုပြီး အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းခြင်းကြားက ကွက်လပ်( ဒါမှမဟုတ်) သုညနယ်မြေထဲမှာ လျှို့ဝှက်ပုန်းကွယ်နေကြတယ်။
လူသားအချင်းချင်းကြားက အပြန်အလှန်လူမှုဆက်ဆံရေး ( ဒါမှမဟုတ်) မိမိကိုယ်ကို တစ်ကိုယ်ရေ ဆက်ဆံရေးအတွက် စကားလုံးတွေ၊ အတွေးတွေကို ကြားခံ ဘာသာစကားမီဒီယမ် အဖြစ် ကျွန်တော်တို့ အသုံးပြုနေကြရတာ သဘာဝကျပါတယ်။ ဘာသာစကားဟာ အစစ်အမှန်တရားကို တစ်ထပ်တည်း ပုံတူ မဖော်ပြနိုင်ဘူး ဆိုပေမဲ့ သူ့ကို မဖြစ်မနေ အသုံးပြုနေကြရဦးမယ်ဆိုတာလည်း ရှောင်လွှဲလို့ မရနိုင်တဲ့ အခြေအနေတစ်ရပ်ပါပဲ။
စကားလုံးတွေ ၊ ဘာသာစကားတွေမှာ ကိုယ်ပိုင် အလှအပတွေလည်း ရှိနေကြပါတယ်။
ဒါပေမဲ့ သူတို့ဆီမှာ ကျွန်တော်တို့ အကျဉ်းကျ ခံနေရသလို ဖြစ်ဖို့ လိုအပ်လို့လား။
စကားလုံးတွေဟာ အရှိတရား၊ အစစ်အမှန်တရားကို လူ့စိတ်က အနည်းအကျဉ်း သဘောမျှ နားလည်နိုင်စွမ်းရှိတဲ့ တစ်စုံတစ်ရာအဖြစ် အဆင့်လျှော့ချပစ်လိုက်တယ်။ ဘာသာစကားမှာ လည်ချောင်းထဲက အသံကြိုးတွေက ထုတ်လုပ်ပေးလိုက်တဲ့ အခြေခံ အသံ ၅ သံပါဝင်တယ်။ အဲဒါတွေကတော့ ( a, e , i , o , u ) ဆိုတဲ့ သရသံတွေပါပဲ။ တခြားအသံတွေကတော့ လေဖိအားနဲ့ ထုတ်လုပ်ပေးလိုက်တဲ့ ( b, c, d, f, g ) စတဲ့ ဗျည်းသံတွေ။အဲဒီ ဘာသာစကားရဲ့ အခြေခံသရသံနဲ့ ဗျည်းသံတချို့ ပေါင်းစပ်မှု ( စကားလုံး ) တွေက ခင်ဗျား ဘယ်သူ ဘယ်ဝါဖြစ်တယ် ( ဒါမှမဟုတ် ) စကြ၀ဠာရဲ့ အန္တိမ ရည်မှန်းချက် ( ဒါမှမဟုတ်) လိပ်ပြာဝါ၀ါလေးတစ်ကောင်ရဲ့ ဘ၀ဖြစ်တည်မှုဟာ ဘယ်လောက်နက်ရှိုင်းမှု ရှိတယ်ဆိုတာ အမြဲတမ်း အချိန်မရွေး အပြည့်အစုံ ရှင်းလင်းပြနိုင်လိမ့်မယ်လို့ ခင်ဗျား ယုံကြည်ထားလို့လား။
အာရုံမှားမှုအပေါ် အခြေခံထားတဲ့ အတ္တ ( The Illusory Self )
" ငါ " ဆိုတဲ့ စကားလုံးဟာ သူ့ကို အသုံးပြုပုံအပေါ် မူတည်ပြီး အကြီးမားဆုံး အမှားနဲ့ အနက်နဲဆုံး အမှန်တရား ၊ နှစ်မျိုးစလုံးကို ဖော်ပြနိုင်ပါတယ်။ သမားရိုးကျ အသုံးအနှုန်းမှာ ငါ့ကို/ ငါ့ရဲ့/ ငါ့ ဥစ္စာ / ငါ ကိုယ်တိုင် စတဲ့ ဆက်စပ်စကားလုံးတွေနဲ့အတူ " ငါ "ဟာ အသုံးအများဆုံး စကားလုံးတစ်လုံး ဖြစ်ရုံမက အသိနဲ့ အထင်အမြင် အလွဲမှားစေဆုံး စကားလုံးတစ်လုံးလည်း ဖြစ်ပါတယ်။
သာမန်နေ့စဉ်အသုံးအနှုန်းမှာတော့ " ငါ " ဆိုတာဟာ လူ့ ဖြစ်တည်မှု စကတည်းက အစောဆုံး ဖြစ်ခဲ့တဲ့ အမှား၊ ခင်ဗျား ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ အာရုံသိမှု အမှား၊ ကိုယ်ပိုင် သရုပ်အမှတ်အသားရဲ့ အာရုံမှောက်မှားတဲ့ အသိအမြင်ကို ဖော်ပြပါတယ်။
အဲဒါဟာ အီဂို( Ego ) ပါပဲ။
အဲဒီ အတ္တ အာရုံမှား အသိကို အချိန်နဲ့ အာကာသရဲ့ အရှိတရားကိုသာမက လူ့စိတ် သဘောသဘာဝကိုပါ ထိုးထွင်းသိမြင်မှု ရှိတဲ့ သိပ္ပံပညာရှင် အဲလ်ဘတ် အိန်းစတိန်းက သိမှု အမြင်မှားခြင်း ( An Optical Illusion of Consciousness ) လို့ ခေါ်ဝေါ် ပြောဆိုခဲ့ပါတယ်။ အဲဒီ အာရုံမှားမှုအပေါ် အခြေခံထားတဲ့ အတ္တဟာ တခြား အနက်ဖွင့်ဆိုချက်တွေ၊ အရှိတရားကို အနက်လွဲမှား ဖွင့်ဆိုမှု၊ အတွေးဖြစ်စဉ်အားလုံး၊ အပြန်အလှန် တုံ့လှယ်မှုတွေနဲ့ လူမှုဆက်ဆံရေး အားလုံးရဲ့ အခြေခံ ဖြစ်လာပါတယ်။
ခင်ဗျားရဲ့ အစစ်အမှန်တရား၊ အရှိတရားဟာလည်း မူလ အာရုံမှောက်မှားမှုရဲ့ ထင်ဟပ်ချက်တစ်ခု ဖြစ်လာတယ်။
ခင်ဗျားအတွက် သတင်းကောင်း တစ်ခုတော့ ရှိပါတယ်။
ခင်ဗျားဟာ " အာရုံမှောက်မှားမှု " ကို " အာရုံမှောက်မှားမှု " လို့ အမှန်အတိုင်း သိမြင်မယ် ဆိုရင် အဲဒီ အစိုင်အခဲဟာ အရည်ပျော် ပြိုကွဲသွားပါတယ်။ အာရုံမှောက်မှားမှုကို အမှန်အတိုင်း သိမြင်ခြင်းဟာ အဲဒါရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရှင်သန်တည်မြဲမှုဟာ အစစ်အမှန်/ အရှိတရားနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ မှားယွင်းတဲ့ အယူအဆအပေါ် မူတည်နေတာပါ။
" ငါ " ဆိုတာ ခင်ဗျား မဟုတ်ဘူး၊ ခင်ဗျားဟာ " ငါ " မဟုတ်ဘူး ဆိုတာ သိမြင်နားလည်လိုက်တာနဲ့ ခင်ဗျားရဲ့ အစစ်အမှန်တရားဟာ သူ့ဘာသာ သူ အလိုလို ဖြစ်ပေါ်လာပါတယ်။ အခု ဆွေးနွေးနေတာ အီဂို ( Ego ) လို့ ကျွန်တော်တို့ ခေါ်ဝေါ် ပြောဆိုနေကြတဲ့ အာရုံမှောက်မှား သိမြင်ထားတဲ့ အတ္တ ယန္တရားတွေ အကြောင်းပါပဲ။
ဒါဆိုရင် အီဂို( ဒါမှမဟုတ်) အာရုံမှားမှုအပေါ် အခြေခံထားတဲ့ အတ္တရဲ့ သဘာဝက ဘာ ( တွေ) လဲ။
အာရုံမှား အတ္တရဲ့ သဘာဝ
စကား ဆက်သွယ် ပြောဆိုတဲ့ အခါ ခင်ဗျား အမြဲ ရည်ညွှန်းပြောဆိုလေ့ ရှိတဲ့ " ငါ " ဆိုတာ ခင်ဗျား မဟုတ်ဘူး။
Reductionism ရဲ့ ရှော့ခ် ဖြစ်စရာ သိပ်ကောင်းတဲ့ အယူအဆ တစ်ခု အရဆိုရင် " ခင်ဗျား ဘယ်သူ ဘယ်ဝါ ဖြစ်တယ် " ဆိုတဲ့ အကန့်အသတ်မဲ့ နက်ရှိုင်းမှုဟာ အသံကြိုးတွေက ထုတ်လုပ်ပေးလိုက်တဲ့ အသံ ( ဒါမှ မဟုတ်) ခင်ဗျား စိတ်ထဲက " ငါ " ဆိုတဲ့ အတွေးနဲ့ " ငါ " က ကိုယ်ပိုင် ထပ်တူ သရုပ်အမှတ်အသားပြုထားတဲ့ ဘယ်အရာမဆိုနဲ့ ဆက်စပ်ရောထွေးနေတယ် တဲ့။ ( ကိုယ်ပိုင် ထပ်တူ သရုပ် အမှတ်အသား ပြုမှု ဆိုတာကို နောက်ပိုင်းမှာ ရှင်းလင်းဆွေးနွေးပါမယ် )
ဒါဆိုရင် " ငါ " နဲ့ ဆက်စပ်နေတဲ့ ငါ့ကို/ ငါ့ရဲ့ / ငါ့ ဥစ္စာ ဆိုတဲ့ စကားလုံးတွေကရော ဘာကို ရည်ညွှန်းနေကြတာလဲ။
ကလေးငယ် တစ်ယောက်ဟာ သူ့ မိဘတွေရဲ့ လည်ချောင်းထဲက အသံကြိုးတွေဆီက ထွက်လာတဲ့ အသံတွေ၊ စကားလုံးတွေကို စတင် သင်ယူတဲ့ အခါ ပထမဆုံးကြားနာ မှတ်သား သင်ယူရတာက သူ့ နာမည်ပဲ။ ( ဖေဖေ၊ မေမေ ဆိုတဲ့ အခေါ်အဝေါ်တွေက သားသားရေ၊ မီးမီးရေ၊ အိတုံလေးရေ ဆိုတဲ့ စကားလုံးတွေ ပြီးမှ သင်ယူရတာပါ။ ) အဲဒီ နာမည် စကားလုံးတွေကို မိဘတွေ ခေါ်ဝေါ်တဲ့ အတိုင်း တစ်ထပ်တည်း စဉ်းစားလိုက်တဲ့အခါ ကလေးရဲ့ စိတ်ထဲမှာ " သူဟာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် " ဆိုတဲ့ အတွေး တစ်ခု ဖြစ်လာတယ်။
အဲဒီ အဆင့်မှာ တချို့ ကလေးတွေဟာ သူတို့ကိုယ် သူတို့ တတိယ ပုဂိုလ်/ ကြားနာသူ နာမ်စား ( The Third Person ) အဖြစ် ရည်ညွှန်း ပြောဆိုလေ့ ရှိကြတယ်။ ဥပမာ- မေမေ သားသား ဗိုက်ဆာတယ် လို့ ပြောရမယ့် အစား " မေမေ ပီတိ ဗိုက်ဆာတယ် " လို့ ပြောတာမျိုးပေါ့။ သိပ်မကြာခင်မှာပဲ သူတို့ဟာ " ငါ " ဆိုတဲ့ မှော်ဆန်တဲ့ စကားလုံးကို သင်ယူကြပြီး အဲဒါကို သူတို့ရဲ့ နာမည်နဲ့ တစ်သားတည်း တစ်ထပ်တည်း စဉ်းစားသိမြင် သွားမိကြတယ်။ တစ်ပြိုင်တည်းမှာပဲ သူတို့ရဲ့ နာမည်ကိုလည်း " သူတို့ ဘယ်သူ ဘယ်ဝါ ဖြစ်တယ် " ဆိုတာနဲ့ တစ်ထပ်တည်း စဉ်းစား သိမြင်ပြီးသွားကြပါပြီ။
အဲဒီနောက် တခြား အတွေးတွေဟာ မူလ ငါ အတွေး ( The Original I - Thought ) နဲ့ တစ်ဆက်စပ်တည်း ဆက်စပ်ပေါင်းစည်းသွားကြတယ်။
နောက်တစ်ဆင့်ကတော့ " ငါ " ရဲ့ တခြား အစိတ်အပိုင်းတွေကို ခွဲခြားမှတ်သားတဲ့ " ငါ့ကို " နဲ့ " ငါ့ ဥစ္စာ " ဆိုတဲ့ အတွေးတွေပဲ ဖြစ်ပါတယ်။
" ငါ့ကို " နဲ့ " ငါ့ ဥစ္စာ " ဆိုတဲ့ အသိအမြင်တွေဟာ အာရုံမှားမှုကို အခြေခံထားတဲ့ ငါ= အတ္တ= အီဂို ရဲ့ တခြား အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။
ဒါဟာ အရာဝတ္ထုတွေကို ကိုယ်ပိုင်သဘောမျိုး သက်ရောက်အောင် ထပ်တူ အမှတ်အသား ပြုနေတာပါပဲ။
အတွေးတွေဟာ အရာဝတ္ထုတွေကို ကိုယ်ပိုင် ထပ်တူ အမှတ်သညာပြုတဲ့ နည်းလမ်း အားဖြင့် အတ္တသိမှုနဲ့ မူလအရာဝတ္ထုတွေကို ကိုယ်စားပြုနေကြတယ်။
" ငါ့ရဲ့ " အရုပ်ကလေး ကျိုးပဲ့ ပျက်စီး/ ပျောက်ဆုံးသွားတဲ့ အခါ စိတ်မှာ ပြင်းထန်တဲ့ ၀မ်းနည်း နှမြောတသမှု ဖြစ်လာတယ်။ အဲဒီ " အရုပ် " မှာ နဂိုမူလ တန်ဖိုး ရှိနေတာကြောင့်တင် မဟုတ်ဘဲ " ငါ့ ဥစ္စာ " ဆိုတဲ့ အတွေးကြောင့်လည်း အဲဒီလို ဖြစ်ရတာပါ။ မကြာခင် ကလေးဟာ အဲဒီ အရုပ်အပေါ် စိတ်ဝင်စား တိမ်းညွတ်မှု လျော့ကျသွားပြီး စိတ်ပိုင်းဆိုင်ရာ ၀မ်းနည်းနာကျင်မှုကို တခြားအရုပ်တွေနဲ့ အစားထိုး ဖြေဖျောက်ပစ်ပါလိမ့်မယ်။ အဲဒီလိုနဲ့ အရုပ် ( စိတ်စွဲလမ်း တပ်မက်စရာ တစ်ခုခု ) ဟာ ကလေးငယ်ရဲ့ ဆက်လက် ဖွံ့ဖြိုးနေတဲ့ အတ္တသိ၊ ငါသိရဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။
ကလေးငယ် ကြီးပြင်းလာတဲ့ အခါ မူလ ငါ အတွေး ( The Original I - Thought ) ဟာ သံလိုက်တုံးက သံတိုသံစတွေကို ဆွဲငင်သလို တခြားအတွေးတွေကို သူ့ဆီ ဆွဲဆောင်ပါတော့တယ်။ မူလ ငါအတွေးဟာ သူ့ကိုယ်သူ ဗဟိုပြုပြီး လိင် အမျိုးအစား၊ ပိုင်ဆိုင်မှု၊ အာရုံထိတွေ့ခံစားနိုင်တဲ့ ကိုယ်ခန္ဓာ ၊ နိုင်ငံသား၊ လူမျိုး၊ ဘာသာရေး၊ အသက်မွေးဝမ်းကျောင်း ကိစ္စတွေ အထိ ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြု( သညာပြု) တာမျိုး ဖြစ်လာပါတယ်။
" ငါ " က ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုလိုက်တဲ့ တခြား အရာတွေကတော့ အဖေ၊ အမေ ၊ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ဆွေမျိုး အသိုက်အ၀န်း စသဖြင့် ဖြစ်ပါတယ်။
အဲဒါတွေထက် ပမာဏ ပိုကြီးမားတဲ့ သညာ အသိအမြင်တွေကတော့ လူ့စိတ်အာရုံက ဆုံးဖြတ်ပေးလိုက်တဲ့ ကြိုက်ခြင်း/ မကြိုက်ခြင်းတွေနဲ့ အတိတ်တုန်းက " ငါ့ဆီ " မှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးပါပဲ။ အဲဒီလို သညာသိ/ မှတ်ဥာဏ်တွေဟာ " ငါ အတ္တသိ " ကို " ငါနဲ့ ငါ့ ဇာတ်လမ်း " လို့ အဓိပ္ပာယ် ထပ်ဖွင့်ရမယ့် ဆက်စပ်အတွေးတွေပဲ ဖြစ်ပါတယ်။ ဒါတွေဟာ လူတွေရဲ့ တစ်သီးပုဂ`ဂလ ကိုယ်ပိုင်အာရုံ ထင်မြင်မှု၊ ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုမှုကနေ အခြေခံ ဖြစ်ပေါ်လာတဲ့ အရာတချို့ပဲ ရှိပါသေးတယ်။
အဲဒါတွေဟာ အစစ်အမှန်တရားပါလို့ ခိုင်မာသေချာမှု မရှိဘဲ လူတစ်ဦးချင်း အာရုံထင်မြင်စွဲလမ်း ဆုပ်ကိုင်ထားတဲ့ အတွေးတွေထက် ဘာမှ မပိုပါဘူး။ တကယ်တော့ အဲဒီ အတွေးတွေဟာ " အတ္တ သိမှု " ကို ကြီးသထက်ကြီးမားအောင် ပါဝါ အဆင့်မြှင့်တင်ပေးထားတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
အဲဒီ စိတ်ပိုင်းဆိုင်ရာ အာရုံထင်မြင်တည်ဆောက်မှုဟာ " ငါ " လို့ ခင်ဗျား ပြောဆိုတဲ့ အခါ သာမန်ရည်ညွှန်း ပြောဆိုတဲ့ အရာ သက်သက် ပါပဲ။
ပိုပြီး အသေးစိတ် အတိတကျ ပြောရမယ်ဆိုရင် " ငါ " လို့ ခင်ဗျား တွေးတော ပြောဆိုလိုက်တဲ့ အချိန်တော်တော်များများမှာ အဲဒါဟာ " စကားပြောနေတဲ့ " ခင်ဗျား မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ အချိန်တွေမှာတော့ အဲဒါဟာ စိတ်ပိုင်းဆိုင်ရာ တည်ဆောက်မှု ဖြစ်တဲ့ အီဂို အတ္တရဲ့ သီးခြား အစိတ်အအပိုင်းတွေ ဖြစ်နေလေ့ ရှိတတ်ပါတယ်။
အီဂိုရဲ့ အကြောင်းအရာ နဲ့ ဖွဲ့စည်းတည်ဆောက်ပုံ ( Content & Structure of the Ego )
အီဂို အတ္တစိတ် အပေါ် အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက သြဇာသက်ရောက်မှု ရှိပြီး အီဂိုစိတ်ဟာ အတိတ်အဖြစ်အပျက်တွေရဲ့ ပြဌာန်းခံ ဖြစ်ပါတယ်။ အဲဒီ သြဇာ သက်ရောက်မှုမှာ အကြောင်းအရာနဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုပြီး အလွှာနှစ်လွှာ ပါဝင်ပါတယ်။
အရုပ်ကလေး ပျောက်ဆုံးသွားလို့ ကလေးငယ် ၀မ်းပန်းတနည်း ငိုကြွေးရတာမျိုး ဖြစ်မယ်ဆိုရင် အဲဒီ ဖြစ်ရပ်မှာ အရုပ်ဟာ အကြောင်းအရာကို ကိုယ်စားပြုပါတယ်။ အဲဒါဟာ တခြား အရုပ် ဒါမှမဟုတ် အရာဝတ္ထု ဘယ်လို အကြောင်းအရာမျိုးနဲ့မဆို နေရာအလဲအလှယ် ဖြစ်နိုင်ပါတယ်။ ခင်ဗျား ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုထားတဲ့ အကြောင်းအရာကို ခင်ဗျားရဲ့ ပတ်ဝန်းကျင်၊ ငယ်စဉ်ကလေးဘ၀ ပညာရေးနဲ့ လူမှုဆက်ဆံရေး၊ လူမှုဝန်းကျင် အသိုင်းအ၀ိုင်း ယဉ်ကျေးမှုတွေက သြဇာ သက်ရောက်မှု ရှိပါတယ်။
ကလေးငယ်ဟာ ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲသည် ဖြစ်စေ ၊ အရုပ်က တိရစ္ဆာန်ပုံ သစ်သားရုပ်ကလေးပဲ ဖြစ်ဖြစ်၊ ရှုပ်ထွေးပြီး နားလည်ရ ခက်ခဲတဲ့ အီလက်ထရောနစ် စက်ပစ္စည်းကလေးပဲ ဖြစ်ဖြစ် အဲဒါ ပျောက်ဆုံးသွားလို့ စိုးရိမ်ူပန်ရတဲ့ ၀မ်းနည်းမှု ပမာဏနဲ့ အဆင့်အတန်းက ကွဲပြားခြားနားမှု မရှိပါဘူး။
ဘာကြောင့် အဲဒီလို ထိခိုက်နာကျင်လွယ်တဲ့ ၀မ်းနည်းမှု ဖြစ်ရတယ် ဆိုတဲ့ အကြောင်းရင်းဟာ " ငါ့ရဲ့ " ဆိုတဲ့ စကားလုံးထဲမှာ လျှို့ဝှက်ပုန်းကွယ်နေပါတယ်။ အဲဒါဟာ အီဂိုအတ္တစိတ်ရဲ့ ဖွဲစည်းတည်ဆောက်မှုနဲ့ ဆိုင်တဲ့ အလွှာ ဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုနဲ့ တစ်ထပ်တည်း တစ်သားတည်း ဖြစ်နေတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုမှု တိုးတက်ဖွံ့ဖြိုးဖို့ အတွက် အီဂိုအတ္တစိတ်ရဲ့ ဖွဲ့စည်းမှုထဲမှာ ပြင်းထန်တဲ့ မသိစိတ် လိုအင်ဆန္ဒတွေ ပါဝင်တည်ဆောက်ထားပါတယ်။
အီဂို အတ္တစိတ် ဖြစ်လာတဲ့ အခြေခံအကျဆုံး ဖွဲစည်းတည်ဆောက်မှုတွေထဲက တစ်ခုကတော့ ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုမှု ( Identification ) ပဲ ဖြစ်ပါတယ်။
Identification ဆိုတဲ့ အင်္ဂလိပ်စကားလုံးဟာ " ထပ်တူထပ်မျှ " လို့ အဓိပ္ပာယ်ရတဲ့ " Idem " နဲ့ " ပြုလုပ်သည် " လို့ အဓိပ္ပာယ်ရတဲ့ " Facere " ဆိုတဲ့ လက်တင် စကားလုံးတွေဆီက ဆင်းသက်လာတာ ဖြစ်ပါတယ်။
အဲဒါကြောင့် တစ်စုံတစ်ရာကို ကျွန်တော်က ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြု ( identify with sth )တယ် ဆိုတာ ကျွန်တော်က " အဲဒါကို ကိုယ်နဲ့ တစ်ထပ်တည်း တစ်သားတည်း ဖြစ်အောင် ပြုလုပ် " လိုက်တာပါပဲ။ ဘယ်အရာနဲ့ ထပ်တူ ထပ်မျှလဲ ဆိုတော့ " ငါ " ဆိုတဲ့ အီဂို အတ္တစိတ်နဲ့ ထပ်တူထပ်မျှ ဖြစ်ပါတယ်။ ( ဆိုလိုတာက မမ်မိုရီစတစ်ခ် တစ်ခုကို သူ့ ဘာသာသူ တည်ရှိနေတဲ့ အရာဝတ္ထုတစ်ခုလို့ သီးခြားခွဲ မမြင်ဘဲ ငါ ပိုင်ဆိုင်တဲ့အရာ၊ ငါနဲ့ တစ်သားတည်း တစ်ထပ်တည်း ဖြစ်နေတဲ့ အရာလို့ အာရုံထင်မြင်မှတ်သားလိုက်တာမျိုး ဖြစ်ပါတယ်။ " ငါ " က အတ္တသိစိတ်နဲ့ တစ်ထပ်တည်း ဖြစ်အောင် ကူညီပံ့ပိုးပေးလိုက်တာကြောင့် အဲဒါဟာ ငါ့ " ကိုယ်ပိုင် သရုပ်အမှတ်အသား "
ဖြစ်လာပါတယ်။
ကိုယ်ပိုင် ထပ်တူ အမှတ်အသားပြုမှုရဲ့ အခြေခံအကျဆုံး အဆင့်တွေထဲက တစ်ခုက အရာဝတ္ထုတွေကို ကိုယ်ပိုင် ထပ်တူ ပြုတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ငါ့ အရုပ် ဆိုတဲ့ ကိုယ်ပိုင်ထပ်တူပြုမှုဟာ ငါ့ကား၊ ငါ့အိမ်၊ ငါ့ အ၀တ်အစား၊ ငါ့ ရည်းစား၊ ငါ့ လူမှုအဆင့်အတန်း၊ ငါ့ ဥာဏ်ပညာ အစရှိသဖြင့် ဆက်လက်ကျာ်ပြန့်လာပါတယ်။ ကျွန်တော်တို့ဟာ ရုပ်ဝတ္ထု ပစ္စည်းတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ရှာဖွေဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ အဲဒါကို သဲလွန်စမျှ ရှာမတွေ့နိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားရတဲ့ အဖြစ်ဆီပဲ ဆိုက်ရောက်သွားပါတယ်။
ဒါဟာ အီဂို အတ္တစိတ်ရဲ့ မှော်ဆန်တဲ့ မာယာတစ်မျိုးပဲ ဖြစ်ပါတယ်။
###
မနက်လင်းလို့ အိပ်ရာက နိုးထလာတဲ့ အချိန်မှာ " ငါ " ဆိုတဲ့ စကားလုံးကို ခင်ဗျား စွဲလမ်း ဆုပ်ကိုင် အသုံးပြု ပြောဆိုနေတုန်းပဲ ဖြစ်ဦးမှာပါ။
ဒါပေမဲ့ အဲဒါဟာ ခင်ဗျား အစစ်အမှန် မဟုတ်ဘဲ ခင်ဗျားရဲ့ အနက်ရှိုင်းဆုံး အတွင်းသားတစ်နေရာက လာတဲ့ အာရုံမှား အတ္တသာ ဖြစ်တယ်ဆိုတာ အမှန်အတိုင်း သိမြင်နိုင်အောင် ကြိုးစားကြည့်ဖို့ မမေ့ပါနဲ့လို့ သတိပေးအကြံပြုချင်ပါတယ်။
................. မ ျပီ း ေ သ း ပါ ။ အ မ် ာ း ၾကီး က် န္ ဘာ ေ သ း ဒ ယ် ။ စာ ရို က် ရ ဒါ လ က် အ လွ န်ေ ညာ င်း ဘာ ဒ ယ်။ ..........................
#ေ အာ င် ရ င် ငြိ မ်း
0 comments:
Post a Comment