(၅) ဆက်မြောက် တရုတ်ခေါင်းဆောင်အပြောင်းအလဲ
by Bo K Nyein on Wednesday, November 7, 2012 at 5:06pm
တတိယပိုင်း
(၉)
တရုတ် စနစ်ကြတော့ကော
နောက်တက်မဲ့ သမ္မတလောင်း စီကျင်ပင်း ကို (၁ရ) ကြိမ်မြောက် ပါတီကွန်ကရက်မှာ ရွေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ သူဟာ အိမ်ရှေ့စံ အဖြစ် (၅) နှစ် ဒုသမ္မတရာထူး နှင့် အလုပ်သင်နေရပါတယ်။ (၁၇) ကြိမ်မြောက် ပါတီကွန်ကရက်အပြီးမှာမှ သူဟာ စစ်ကောင်စီမှာလည်း ဒုဥက္ကဋ္ဌဖြစ်လာပါတယ်။ ရာထူးလွှဲခါနီးမှ အမေရိကန်တို့လို အရေးပါတဲ့ နိုင်ငံကြီးတွေကို မိတ်ဖွဲ့ရအောင် စေလွှတ် ခံရ ပါတယ်။ တသက်လုံး ပိုးမွေးသလိုမွေးလာတဲ့ အပြင် (၅) နှစ် အလုပ်သင် အဖြစ် သမ္မတနားမှာ ဒုသမ္မတ အဖြစ် နေရပါတယ်။ ၀န်ကြီးချုပ် ဖြစ်မဲ့ ဒုဝန်ကြီးချုပ်သည်လည်း ထို့နည်း၎င်း အလုပ်သင် (၅) နှစ် လုပ်ကြရပါတယ်။ ဒါကြောင့် ဒီလူတွေဟာ သမ္မတ ၊ ၀န်ကြီးချုပ် စဖြစ်တဲနေ့မှာ အတွေ့အကြုံ ရင့်ကျက်တဲ့ ၀ါရင့်ခေါင်းဆောင် ကြီးတွေဖြစ်နေပါပြီ။
တရုတ်ပုံစံက (စနစ်) က (လူ) ကို ထိန်းကြောင်းပေး သွားသည်ပါ။ နိုင်ငံရေး ခေါင်းတောင်တွေ အပြင် ဗဟိုဘဏ်လူကြီး စတဲ့ ဗျူရိုကရက် တွေဟာလည်း ၀ါရင့်ပညာ ရှင်တွေပါ။
စီကျင်ပင်း
စီကျင်ပင်းဟာ တရုတ်တော်လှန်ရေးသမား ၊ ဒုဝန်ကြီးချုပ်ဟောင်း Xi Zhongxun စီရောင်ဇန်း ရဲ့ ဒုတိယသား ၊ ၁၉၅၃ခုနှစ်မှာမွေးပါတယ်။ အသက် ၁၅ နှစ်အရွယ်မှာ ဖခင်ကြီးဟာ ယဉ်ကျေးမှု တော်လှန်ရေးမှာ အဖမ်းခံရပြီး မော်ရဲ့ တောလက်သို့ လှုပ်ရှားမှုကာလမှာ ရှန်စီပြည်နယ် ယန်နန်ကို လွင့်သွားခဲ့ပါတယ်။ ၁၉၇၅ မှ ၁၉၇၉ အထိ နံမည်ကျော် ဆင်ဝှာတက္ကသိုလ်မှာတက်ရောက်ခဲ့ပြီး နောက် ဆုံး ပါရဂူဘွဲ့ရခဲ့ပါတယ်။ စီဟာ ၁၉၇၁ မှာ ကွန်မြူနစ်လူငယ် CYL သို့ဝင်ခဲ့ပြီး ၁၉၇၄ ခုမှာ ကွန်မြူနစ်ပါတီဝင်ဖြစ်လာပါတယ်။ ၁၉၇၉ မှ ၁၉၈၂ ခုအထိ သူ့အဖေရဲ့ တပည့်ဟောင်း ဖြစ်တဲ့ ဂျန်ပြောင်ရဲ့ အတွင်းရေးမှူး (PSO) အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဆရာသည်ထိုစဉ်က ဒုတိယ၀န်ကြီးချုပ် နှင့် စစ်ကောင်စီ၏ အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်လျက်ရှိသည်။ ၁၉၈၅ခုနှစ်တွင် အိုင်အိုဝါပြည်နယ်က Muscatine မြို့ကလေးကို အမေရိကန်လယ်ယာစိုက်ပျိုး ရေးကိုလေ့လာရန် တရုတ်အဖွဲ့အ၀င်အဖြစ်ရောက်ရှိခဲ့ပါသည်။
စီဟာ ပြည်နယ် (၄)ခုတွင် ကွန်မြူနစ်ပါတီ တာဝန်များကိုထမ်းဆောင်ရင်း ၂၀၀၂ တွင် စီးပွား ရေးအရအောင်မြင်သော စင်ဂျန်း (Zhejaing) ပြည်နယ်ရဲ့ ပါတီခေါင်းဆောင် ဖြစ်လာကာ နောက်ဆုံး အရေးကြီးသော ရှန်ဟိုင်းပါတီ အကြီအကဲ အဖြစ်တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ (၁၅) ကြီမ်မြောက်ပါတီကွန်ကရက်တွင် အလှည့်ကျ ဗဟိုကော်မီတီဝင် ဖြစ်လာကာ ၊ (၁၆) ကြီမ်မြောက်တွင် ဗဟိုကော်မီတီဖြစ်လာပြီး (၁ရ) ကြီမ်မြောက်တွင်တော့ ဒုသမ္မတ ဖြစ်လာ ကာ ထိပ်ဆုံး ပေါလစ်ဗျူရို (၉)ယောက်တွင် နံပတ် (၆) ဖြစ်လာပါသည်။ ဒုသမ္မတဖြစ်လာပြီးတောင် ၂၀၀၈ မှာ အိုလံပစ်ပွဲတော် ကို တရုတ်ပြည်ကြီးတွင်ကျင်းပရာ စီဂျင်ပင်း ကို ပါတီက ဦဆောင်ခိုင်း ကာ လက်စမ်းလိုက်ပါသေးသည်။
ထို့ကြောင့် တရုတ်ခေါင်းဆောင်များသည် နံပတ် (၁) နေရာကို မယူခင် အမျိုးစုံ စမ်းသပ် ထု ထောင်း ခံပြီးမှ နန်းတက်ရသည်ပါ။ အိမ်ရှေ့စံအဖြစ် (၅) နှစ် ၊ နံပတ် (၁) အဖြစ် (၁၀) တိုင်းပြည် ကို ဦးဆောင်စေသောကြောင့် စနစ်က ခေါင်းဆောင်ကို ရွေးရုံကမ တိုင်းပြည် ကို အတွေ့အကြုံ ရင့်ကျက်သော ခေါင်းဆောင်များကို ဦးဆောင်စေသဖြင့် တိုင်းပြည် အတွက် အလွန် အကျိုး ရှိပါသည်။
တိန်လျှောက်ပိန်သည် အနှစ် ၁၀၀ မှာ တခါပေါ်ပေါက်တတ်သော ၊ အလွန်ဥါဏ်ပညာ နှင့် အမြှော်အမြင် ရှိသော ခေါင်းဆောင်မျိုးဖြစ်သည်။ မြန်မာနိုင်ငံမှာ ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းကို ညွှန်းရပေမည်။တိန်လျှောက်ပိန် ချစ်သည်မှာ (တိုင်းပြည်) ၊ သစ္စာရှိသည်မှာ (ပါတီ)။ ထို့ကြောင့် ပါတီ တည်မြဲရေး အတွက် စိတ်ကူးရင်ဆန်သော ကွန်မြူနစ် စီးပွားရေးစနစ် ကို စွန့်လွှတ်၍ ၊ အရင်းရှင် စနစ်၏ ဈေးကွက်စီးပွားရေးကို ယူလာကာ ၊ အစိုးရက ဦးဆောင်သောအရင်းရှင် စနစ် (State Capitalism) ဆိုတာကိုဖေါ်ဆောင်လာပါသည်။
လူငယ်လေးများကို (သတိ) ပြုစေချင်သည်မှာ ၊ တိန်လျှောက်ပိန်သည် လက်တွေ့နိုင်ငံရေး သမား တစ်ယောက်။ သို့သော် ဒီမိုကရက်တစ်ယောက် မဟုတ်ပါ။ အရင်းရှင်စီးပွားရေး စနစ်ကို ပါတီအ သက်ရှင်ရေးအတွက် သာအသုံးချသွားသည်။ ပါတီအာဏါတည်မြဲရေးအတွက် ၊ အာဏါရှင်စနစ်ကို ဆက်ကိုင်ထားဆဲ။ ပြည်သူတွေကို ရွေးချယ်ခွင့် မပေးခဲ့ပါ။
အရင်းရှင်စနစ်တွင် Planning ဆိုတာ ပါမလာ။ (အမြတ်) ရှိရာကိုသာ ငန်းငန်းတက်လိုက်ကြသည်။ ထို့ကြောင့် Boom & Bust နှင့် သံသရာလည်နေရသည်။ ကွန်မြူနစ် စီးပွားရေးစနစ်တွင် စီမံမှု ကော ၊ ဖေါ်ထုတ်မှု ပါ အစိုးရက ကိုင်ထားသည်။ ထို့ကြောင့် မအောင်မြင်။ တိန်လျှောက်ပိန်၏ နိုင်ငံတော် အရင်းရှင်စနစ်တွင် စီမံမှု Planning ကို အစိုးရ ကိုင်ထားသော်လည်း ဖေါ်ဆောင်မှု ကိုတော့ ပုဂ္ဂလိက လက်ထဲတွင် ထည့်ထားသည်။ အစိုးရက အစိုးရပိုင် လုပ်ငန်းများကို ပုဂ္ဂလိက လက်ထဲပြောင်းရာတွင်လည်း စနစ်တကျ တခုပြီးတခု ပြောင်းစေသည်။
ပထမ အဆင့်တွင် လူတွေ အလုပ်ရအောင် စီမံပေးသည်။ နောက် လုပ်ငန်းတွေ ငွေစုမိ အောင် ထိန်းပေးသည်။ ဒုတိယအဆင့် မိမိနိုင်ငံ ချမ်းသာလာမှ ပို့ကုန်ကိုမှီရသော Export Oriented economy မှ မိမိပြည်သူတွေ၏သုံးစွဲမှုကို မှီသော Domestic Consuming economy သို့ တဖြည်းဖြည်းပြောင်းနေပေပြီ။ တရုတ်တွေ တိန်လျှောက်ပိန်ကို ကျေးဇူးတင်ရပေမည်။
(၁၀)
တရုတ်ခေါင်းဆောင်တွေဟာ စိတ်ရှည်တယ်
တရုတ်ခေါင်းဆောင်တွေဟာ ဥါဏ်ရှိရုံ မက ၊ စိတ်လည်းရှည်တယ်။
အမေရိကန်တွေက တိုင်ဝမ်ကို အားပေးထားတယ်။ ဒါကြောင့် တိုင်ဝမ်ကိုဝင်သိမ်းရင် အမေရိကန် နဲ့ စစ်ဖြစ်ရမယ်။ မော် လက်ထက်ကတည်း တိုင်ဝမ်ကို သိမ်းမယ်ချိမ်းခြောက်ပေမဲ့ တကယ်ဝင် မတိုက်ခဲ့ဖူး။ “တရုတ်ပြည်တခုတည်း” (One China Policy) ပေါ်လစီကြေငြာပြီး သံတမာန်အရ တိုင်ဝမ်ကို ဖဲ့ခဲ့တယ်။ တိုင်းပြည်ထူထောင်တော့ တိုင်ဝမ်သားတွေ ရဲ့ (အသိ) ပညာကို ကောင်း ကောင်း အသုံးချခဲ့တယ်။ စီးပွားရေး အရ တဖြေးဖြေး စွဲဆိ ပြီး တနေ့ တိုင်ဝမ်ဟာ အလိုလို ညွပ်လာမယ်ဆိုတဲ့ ဗျူဟာ ကိုကျင့်သုံးခဲ့တယ်။ နောက်ဆုံးတော့ တိုင်ဝမ်ဟာ တရုတ်တွေပဲ။ စနစ် မတူတာပဲရှိတယ်။ ဟောင်ကောင် နဲ့ မကာအို ကို ပြန်ယူတော့ တိန် ကအတင်း မပြောင်းဖူး။ “နိုင်ငံတစ်ခု ၊ စနစ်နှစ်မျိုး” ဆိုတဲ့ ပေါ်လစီကို ဖေါ်ထုတ်လာတယ်။ တိုင်ဝမ် ကလူတွေကို စိတ်မပူကြနဲ့ လို့ မျက်စ ပစ်ထားတာ။ ဒါကြောင့် လေ့လာတတ်ရင် တိန်လျှောက်ပိန် ဟာ ဥါဏ် အလွန်ပြေးတယ်။
တရုတ်အချင်းချင်းသာ နားလည်တာ။ ခွင့်လွှတ်တာ။ အမေရိကန် တိုင်ဝမ်ကို ကာကွယ်တာကြ တော့ ခွင့် မလွှတ် ဖူး။ သမ္မတကလင်တန် လက်ထက်မှာ တိုင်ဝမ်ပြဿနာပေါ်တော့ အမေရိကန်က ဗိုလ်ကျပြီး လေယဉ်တင်သင်္ဘော နှစ်ဆင်း တိုင်ဝမ်ကို လွှတ်လိုက်တယ်။ တရုတ်မှာက တိုင်ဝမ်ကို သိမ်းချင် ရင်တောင် စစ်သားတွေ သယ်ဖို့ကမ်းတက်ရေယဉ် လုံလုံလောက်လောက် မရှိဖူး။ တရုတ်တွေ သိပ်စိတ်နာတယ်။ ဒါကြောင့် စစ်ကောင်စီက ဆိုဗီယက်ဆီက စစ်သင်္ဘော တွေမှာပြီး တရုတ်ရေတပ် ကို တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်။
အမေရိကန်ပြီးရင် စစ်ဘတ်ဂျက် အများဆုံးက တရုတ်နိုင်ငံပဲ။ မကြာခင်က တရုတ်လေယဉ်တင် သင်္ဘော စစ်မှုတမ်းအခမ်းအနား ကျင်းပခဲ့ပြီ။ တရုတ်တစ်နိုင်ငံပဲ လေယဉ်တင်သင်္ဘောပစ်ဒုံး ကျည် ကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တယ်။ တရုတ်ရဲ့ စစ်အင်အားက တနေ့တခြားကြီးလာတာ။
(၁၁)
ဆိုဗီယက် နဲ့ ပါကွာသလဲ
ဆိုဗီယက် နဲ့ တရုတ်တွေ ကွာတာက ဆိုဗီယက် တွေက မာ့က်စ် စိတ်ကူးယဉ်တာ မဖြစ်နိုင်ဖူး ဆိုတာကို နားမလည်ခဲ့ဖူး။ လူတန်းစားတိုက်ပွဲ ကမထွက်နိုင်ဖူး။ အပြင်က စူပါပါဝါ ဆိုပြီး (ဟန်) လုပ်နေပေမဲ့ အတွင်းမှာ (အဆံ) မရှိဖူး။ စီပွားရေး က ချူန်းချုန်းကျ နေပြီ။ တိန်က လျှင်တယ်။ ကွန်မြူနစ်စနစ် တွေ အင်တာနေရှင်းနယ် အော်နေချိန်မှာ တရုတ်က “အမျိုးသားရေး” Nationalism ကိုမမေ့ဖူး။ တရုတ်တွေကောင်းစားရေးက ပထမပဲ။ ဒါကြောင့် နိုင်ငံရေး အရ ကွန်မြူနစ်ကွ လို့အော်နေပေမဲ့ စီးပွားရေး အရ အရင်းရှင်စနစ်ရဲ့  ဈေးကွက်စီးပွားရေး ကို ပြောင်းလိုက်ပြီး နိုင်ငံရေး အရ အုပ်ချုပ်ရေးအာဏါကို ဆက်ကိုင်ထားတယ်။
တရုတ်က ငွေမရှိခင် ကုတ်ကပ်ကြီုးစားပြီး ငွေ ရှိမှ ခေါင်းထောင်လာတာ။
ဆိုဗီယက်တွေက လက်နက်နဲ့ စူပါပါဝါလုပ်တာ။
အမေရိကန်တွေက ငွေချေးပြီး စူပါပါဝါ လုပ်တာ
တရုတ်တွေက ငွေစုပြီး ငွေရှိမှ စူပါပါဝါ လုပ်တာ။
(၁၂)
တရုတ်တွေကမှ ကြောက်စရာကောင်းတာ
ဘယ်နိုင်ငံ ၊ ဘယ်မိသားစု မှ ၀င်ငွေ မရှိပဲ ကြာကြာ ဟန်မလုပ် နိုင်ပါဖူး။
ဒါကြောင့် ဆိုဗီယက် တွေ ပြိုကွဲခဲ့ရတာပဲ။
တရုတ်က ငွေ မပြည်စုံခင်မှာ ငြိမ် နေတယ်။
ဥပမာ တရုတ်ရဲ့ စစ်ရေးပေါ်လစီ မှာ တရုတ်ပင်လယ် တွေကို ကာကွယ်ရာမှာ “တရုတ်အကျိုး” (China Interest) ဆိုတာကို (သုံး) တယ်။ လွန်ခဲ့တဲ့ (၁၀)နှစ်က အထိ စပက်လီ (Spratley) ကျွန်းတွေ မှာ ရန်မဖြစ်ကြပါနဲ့ အေးအေးချမ်းချမ်း စီးပွားရေး အကျိုးတူ လုပ်ကြရအောင် ဆိုပြီး အဆိုပြုခဲ့တယ်။ ဟော တရုတ်ရေတပ်ကြီးလည်း ကြီးလာရော တရုတ်က လေသံပြောင်းသွားတယ်။ မြောက်ဖက်မှာလည်း ဂျပန် ကိုအားပြိုင်လျက်ရှိပြီး ဖိလစ်ပိုင် ငါးဖမ်းသင်္ဘောတွေ အပေါ်က တရုတ်စစ်လေယဉ်တွေက နိမ့်နိမ့်လေးပျံပြီး ချိမ်းခြောက်ခဲ့တယ်။
တရုတ်ရဲ့ အကျိုး ဆိုတာ အရင် ကတရုတ်ကမ်းခြေ အလွန်ပဲရှိတယ်။ အခု အမေရိကန်က မ၀ိုင်းနိုင် ခင်တရုတ်က ၀ိုင်းလိုက်ပြီး အနားမကပ်နဲ့ ဖြစ်ရော။ မြန်မာနိုင်ငံဟာလည်း တရုတ်ရဲ့ အကျိုး စက်ဝိုင်းထဲမှာ ပါတယ်။ နောက်တဆင့် ပိစစ်ဖစ် သမုဒ္ဒရာ မာရီယးနား ကျွန်းတွေအ ထိဆွဲယူ သွား လိမ့်မယ်။ အမေရိကန် လေယဉ်တင်သင်္ဘောကို ဘယ်လိုနှစ်မယ် ဆိုပြီး ရေးပြထားတော့ အမေ ရိကန်တွေလည်း အရမ်းဗိုလ်မကျရဲတော့ဖူး။
အမေရိကန်တွေက ချမ်းသာခဲ့တာတော့ ဟုတ်ပါရဲ။့ ဥါဏ်မရှိပဲ ငွေချေးပြီး အသုံးမရှော့နိုင်တော့ အကြွေးထူဖြစ်နေပြီ။ အခု အကြွေး (၁၆) တြီလျံကျော်သွားပြီ။ ကြွေးရှင် ၊ ချစ်တီးလက်သစ် က တရုတ်တွေ။
အမေရိကန်တွေက ဘ၀င်မြင့်ပြီး တကမ္ဘာလုံးကို လိုက်ကူရတာ အမော။တရုတ်က တရုတ်အကျိုး မပါရင် လှည့်တောင်မကြည့်ဖူး။ မကြာခင် အမေရိကန်တွေ အင်္ဂလိပ်နဲ့ ပြင်သစ်တွေဖြစ်တာမျိုး ဖြစ်တော့မယ်။ တချိန်က ကိုလိုနီ ဆိုတဲ့မာန ကို မချ နိုင်ပဲ ဟန်လုပ်ပြီး လိုက်ကူနေတာ အပေါ် မှာတော့ ရှိုးနဲ့ အောက်မှာ ဟောင်းလောင်း။ ပိုဆိုးတာက ဘယ်သူကမှ ကျေးဇူးမတင်။
(၁၃)
တရုတ်တွေရဲ့ စီးပွားရေး ၊ စစ်ရေး မဟာမိတ်။
တချိန်က G7 လို့ခေါ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေက မှန်မှန်တွေ့ပြီး ကမ္ဘာကြီးကို ချယ်လှယ်ခဲ့ ကြတယ်။ အခု G7 ကနိုင်ငံတွေ ဂျပန်ကလွဲပြီး အကုန်အကြွေးနဲ့ ပိကုန်ပြီ။ ဒါကြောင့် G7 ကနေ G20 ဆိုတာပေါ်လာသလို BRICS ဆိုတဲ့အုပ်စု ပေါ်လာတယ်။ ဘရာဇီး ၊ ရုရှား ၊ အိန္ဒြိယ ၊ တရုတ် ၊ တောင်အာဖရိက စတဲ့ ထွန်းပေါက်စနိုင်ငံတွေကို ခေါ်တာ။ စစ်ရေးအရလည်း SCO လို့ခေါ်တဲ့ ရုရှား နဲ့ တရုတ် ပေါင်းထားတဲ့ စစ်အုပ်စုပေါ်လာပြီ။
တိန်လျှောက်ပိန်လို ဥါဏ်ကြီးတဲ့ ခေါင်းဆောင်မျိုးရဲ့ ရေရှည် အကွက်ချ ပေးနိုင်ခဲ့မှုကြောင့် တရုတ်တွေဟာ အောင်မြင် လျှက်ရှိတယ်။ ဆက်ထိန်းနိုင်ဖို့ ရှေ့ကိုကြိုမြင်နိုင်ဖို့ရာ နိုင်ငံရေး ၊ စစ်ရေး ၊စီးပွားရေး ကျွမ်းတဲ့ ၀ါရင့်ခေါင်း ဆောင်တွေလိုတယ်။
(၁၄)
သို့ပေမဲ့လည်း
တရုတ်ခေါင်းဆောင် တွေဟာ ဘယ်လိုပင် တော်ကြပါစေ ၊ (လူ) ဆိုတာ ဗိုက်ဝ လာပြီးရင် (လွပ်လပ်မှု) ကိုတောင်းဆိုလာမှာပဲ။ တရုတ်ပြည် ကြီးမှာ စီးပွားရေးတိုးတက်မှု ဆိုတာ အားကျ စရာလို့ ပြောနိုင်ပေမဲ့ ၊ တပါတီ အုပ်ချုပ်မှုကြောင့် ၊ လူမှုရေး မတရားမှုတွေ ဟာ အများကြီး။ လဘ် စားမှု ၊ ခြစားမှုတွေကို လည်း မပယ်ဖျောက်နိုင်။ ဒါကြောင့် Forward thinkers လို့ခေါ်တဲ့ (ရှေ့) ကိုတွေးတတ်တဲ့ ပညာရှင်တွေက “လူထုကိုရွေးချယ်ခွင့်” ပေးရမယ်ဆိုပြီး (စ) ပြောနေကြပြီ။
ပညာရှင် တချို့ နဲ့ ဗိုလ်ချုပ် တချို့ က ဒီမိုကရေစီ ပေးရေးကို ၂၀၁၀ ခုမှာ ဇောင်းပေးရေးလာကြတယ်။ စိတ်ဝင်စား စရာကောင်းတာက ဗိုလ်ချုပ် လူရာချောင် (General Liu Yazhou ) ဆိုသူ ဟာ သမ္မတဟောင်း Li Xinian ရဲ့ သားမက် ဖြစ်ပြီး လေတပ်စစ်ကော်မီရှင်နာ က နေ ပြည်သူ့တပ်မတော် ကာကွယ်ရေးတက္ကသိုလ်မှ စစ်ကော်မီရှင်နာ အဖြစ်ပြောင်းတာဝန်ယူကာ မကြာခင်ကမှ ဗိုလ်ချုပ်ကြီး အဆင့်ရာထုးတိုးမြှင့်ခြင်းခံရတဲ့ ဗိုလ်ချုပ် (၆)ယောက်မှာ တစ်ယောက် အပါအ၀င်ဖြစ်သည်။ ဗိုလ်ချုပ်ကြီး လူရာချောင်ဟာ သမ္မတဟူဂျင်တောင်ကို ထောက်ခံသူဖြစ်ပြီး အမေရိကန် တက္ကသိုလ်မှာရှိစဉ် က တရုတ်ပြည်ဟာ အမေရိကန် ပုံစံ ဒီမိုကရေစီ မပြောင်းရင် ဆိုဗီယက်လိုပြိုကွဲမယ်လို့ ဆိုခဲ့တာမို့ နံမည်ကျော်ခဲ့သူပါ။
ဘေဂျင်း စက်မှုတက္ကသိုလ် (BIT) မှ စီးပွားရေး ပါမောက္ခ ဟူဂင်ဒေါ (Hu Xingdou) က သမ္မတဟူဂျင်တောင် သို့ရေးသော ဆောင်းပါးတွင်လည်း တရုတ်ပြည်ကြီးတွင် လူမှုရေးညီမျှမှု နှင့် တရားမျှတမှု ပျောက်ဆုံးလျှက်ရှိပါသည်။ တခုထဲသော ထွက်ပေါက်မှာ ပြည်သူတွေအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ အရ ရပိုင်ခွင့် နှင့် လွပ်လပ်မှု တွေ ကိုပေးရန် ပြန်လည်ပြင်ဆင်ရေး (reforms) တွေလုပ်ရမည် ဟု ဖေါ်ပြထားပါသည်။
တရုတ်ကြီးလည်း နောက်ဆုံးတော့ “ဒီမိုကရေစီ” လမ်းကြောင်းအပေါ် တဖြေးဖြေးရောက်လာ မှာပါ။
တရုတ်တွေဆီက မြန်မာတွေ အတုယူစရာ အများကြီး ရှိပါတယ်။
အုပ်ချုပ်ရေးမှာ အတွေ့အကြုံ မရှိလို့မရ
ဘယ်လို ခေါင်းဆောင်ကောင်းတွေ မွေးမလဲ ဆိုတာ စဉ်းစားစရာရှိတယ်။
စင်္ကာပူက လီကွမ်ယူး လုပ်တာကိုလ့လာသင့်တယ်။
ကြိုက်သော်ရှိ ၊ မကြိုက်သော် ရှိ ၊ နောက်ဆုံး (လူတော်) တွေတက်လာပြီး elites လို့ခေါ်တဲ့ အုပ်ချုပ်သူ လူတန်းစား ဆိုတာပေါ်လာမှာပဲ။
ဒီတော့ အစောကြီးကတည်း က လူတော်တွေကို ရွေးပြီး လီကွမ်ယူ အုပ်ချုပ်ရေး ကျောင်းခေါ်ပြီး မွေးပေတော့သည်။
နိုင်ငံတိုးတက် လာတာနဲ့ အမျှ ဒီလိုကျောင်းတွေ ကိုထောင်ပြီး နိုင်ငံရေး စိတ်ဝင်စားမဲ့ တချိန် လူကြီးဖြစ်နိုင်တဲ့ သူတွေကို ရွေးပြီး ပြင်ဆင်ပေးရမှာပဲ
ယနေ့ မြန်မာနိုင်ငံ မှာ capacity gap လို့ပြောနိုင်တဲ့ (အသိ) (ကွာဟမှု) ကြီးနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၁၅ မှာ လူငယ် ၊ လူတော်တွေ ပေါ်လာပြီး တိုင်ပြည်ကို အကျိုးပြုနိုင်ကြပါစေ လို့ ဆဲတောင်းလိုက်ရပါတယ်။
ဘိုဘိုကျော်ငြိမ်း
အောက်တိုဘာလ ၂၀၁၂
0 comments:
Post a Comment