Thursday, November 15, 2012

နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်း မရှိစေဖို့ ထောက်ပံ့ရေး နည်းလမ်းများ


by Lwin Aung Soe on Thursday, November 15, 2012 at 11:32am ·


အကျင့်ပျက် ခြစားမှုကို ဖြစ်စေတဲ့ လာဘ်ပေးလာဘ်ယူမှု ပပျောက်စေဖို့ နိုင်ငံ့ဝန်ထမ်းတွေအပေါ် နိုင်ငံမှ နောက်ထပ် တာဝန်ယူ ထောက်ပံ့တာတွေ ရှိစေချင်ပါတယ်။
 နိုင်ငံ့ဝန်ထမ်းတွေကို လစာကို လုံလောက်အောင် မြှင့်တင်ပေးဖို့ဘက်မှာ ကျနော်ကတော့ အမြဲတမ်း ရပ်တည်ပြီး တောင်းဆိုပေးခဲ့ပါတယ်။ ဥပမာ ဦးရွှေမန်း အဆိုပြုချိန်တုန်းက ဖြစ်ပါတယ်။


များသောအားဖြင့် လစာနဲ့ ကုန်ဈေးနှုန်းကိစ္စကို ပြောသင့်ပြောထိုက်လို့ ပြောကြပါတယ်။ အများသိနေကြတဲ့ လစာတိုးရင် ကုန်ဈေးနှုန်း တက်မယ် ဆိုတာမျိုး မဖြစ်အောင် ထိန်းကြတာလည်း ကောင်းတဲ့ လက္ခဏာတရပ်လို့ ယူဆပါတယ်။ လူတဦး အနေနဲ့ နေ့စဉ် လိုအပ်ချက်အတွက် ဝယ်ယူ သုံးစွဲရတာတွေအပေါ် လုံလောက်တဲ့ လစာငွေ ရှိနေရပါမယ်။ ပိုလျှံတာကို နောင်ရေးအတွက် စုမိဆောင်းမိတာမျိုးထိ ဖြစ်အောင် စီစဉ်ပေးနိုင်ရပါမယ်။

တချိန်တည်းမှာ နောက်ထပ်ဖြစ်နိုင်စရာ နည်းလမ်းတွေကို စီမံပေးနိုင်အောင် ကျနော်တို့ ကြိုးပမ်းရပါမယ်။ အဲဒါတွေကတော့ ..

(၁) အကျင့်ပျက်ခြစားမှု ကင်းရှင်းသူတွေကို နိုင်ငံအဆင့် ဂုဏ်ပြု မှတ်တမ်းတင် ဆုကြေးငွေနဲ့ အခြားခံစားခွင့်တွေ ပေးဖို့၊

(၂) နိုင်ငံ့ဝန်ထမ်းအပါအဝင်ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေဟာ အခမဲ့ (သို့) အဖိုးနှုန်း ချိုသာတဲ့ ကျန်းမာရေးစရိတ် ကျခံစေဖို့ နိုင်ငံရဲ့ စီမံချက်မှာ နိုင်ငံဝန်ထမ်းနဲ့ သူတို့ မိသားစုတွေကပါ အကြုံးဝင် ခံစားနိုင်စေဖို့၊

(၃) အထက်တန်းနဲ့ တက္ကသိုလ် ကောလိပ်အဆင့်တွေမှာ အဖိုးနှုန်း အချိုသာဆုံး ဖြစ်စေဖို့ နိုင်ငံရဲ့ စီမံချက်မှာ ဝန်ထမ်းတွေရဲ့ သားသမီးတွေကို အထူးလျှော့ပေါ့ခံစားခွင့်တွေ ပေးဖို့၊

(၄) နိုင်ငံ့ဝန်ထမ်းတွေအတွက် တိုက်တာ အိုးအိမ်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် တည်ဆောက်ပေးပြီး အဖိုးနှုန်း ချိုသာစွာ ထားရှိဖို့၊ တကယ်လို့ မဆောက်နိုင်သေးဘူး ဆိုရင်တောင် နေထိုင်စရိတ် သပ်သပ် ပေးထားဖို့၊ လစာအနည်းဆုံး ဝန်ထမ်းကို အရင်ဆုံး ဦးစားပေးပြီး ရာထူးအကြီးဆုံးလူက နောက်ဆုံးနေရာမှာ အခွင့်အရေးခံစားတဲ့ စနစ်မျိုး ထားရှိဖို့။

(၅) ဝန်ထမ်းတွေ နေ့စဉ် အလုပ်အသွားအပြန်ကို အခမဲ့ ပို့ဆောင်ပေးဖို့ (သို့) ခရီးစရိတ် ထုတ်ပေးဖို့။

(၆) နိုင်ငံ့ဝန်ထမ်းတွေက အရေးပေါ်အခြေအနေ ကြုံလာရင် လစာ ကြိုထုတ်ခွင့် (သို့) သက်သာတဲ့ အတိုးနှုန်းနဲ့ ချေးငွေ ထုတ်ယူခွင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတိုင်းက စီမံထားရှိပေးဖို့ ဖြစ်ပါတယ်။

အထက်ပါ (၆) ချက်က မရှိမဖြစ် အခြေခံအားဖြင့် မှန်ကန်အောင် စီမံပေးရမယ်လို့ ကျနော် ယူဆပါတယ်။ ပိုမိုကောင်းမွန်တဲ့ စိတ်ကူးတွေ ကြံဆပြီး ကူညီထောက်ပံ့နိုင်တာတွေလည်း ရှိနေဦးမှာပါ။ ဒီလို ဖြစ်လာနိုင်အောင်လည်း ကျနော်တို့အားလုံး ဝိုင်းဝန်း ကြိုးစားသင့်ပါတယ်။  ဒါမှသာ အကျင့်ပျက် ခြစားမှုကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

အဆမတန် ပိုလျှံ ကြွယ်ဝ ချမ်းသာနေသူတွေက လာဘ်ပေးလာဘ်ယူတာဟာ မလျော်ကန်တဲ့  လောဘဖြစ်ပြီး အကျင့်ပျက် ခြစားတာလို့ တပ်အပ်သေချာ ပြောရပါမယ်။

စားဝတ်နေရေးကို ဖူလုံနိုင်အောင် အနိုင်နိုင် ကြိုးစားရနေသူတွေက လာဘ်ယူမိတာဟာ အကျင့်ပျက် ခြစားတဲ့ စိတ်ဓါတ်ကြောင့် မဟုတ်မှန်း ကောင်းစွာ ခွဲခြားနားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူ့ဘယ်သူကိုမှ လာဘ်ပေးလာဘ်ယူတာတွေ မလုပ်စေချင်ပါ။

လွင်အောင်စိုး
၁၆-၁၁-၂ဝ၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...