ဘ၀ရဲ့ ရှုထောင့်များ
by Linn Yaung on Tuesday, October 23, 2012 at 10:31pm
နိဒါန်း
နဘေးမှာ တွေဝေငေးမောစွာ လိုက်ပါလာသော သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်သည်။
တစ်လမ်းလုံး စကားမပြောဘဲ တိုးတိတ်စွာ လိုက်ပါလာသော သမီးငယ်၏ ရင်ထဲမှာ ဘာတွေဖြစ်နေမည်ကို သူမကောင်းစွာသိပါသည်။ ချစ်သူနှင့် ကွေကွင်းရသော ဒုက္ခကို သူမစာနာနိုင်ပါသည်။ ခင်ထားလည်း အသည်းကွဲဖူးပါသည်။ သူမသည်လည်း ငယ်ရာက ကြီးလာသူမဟုတ်ပါလား။
ခင်ထား ငယ်စဉ်ကလည်း အသည်းကွဲဖူးပါသည်။ ချစ်ဦးသူနှင့် ကွေကွင်းရသော ဒုက္ခကို ခင်ထားလည်း ခံစားခဲ့ရဖူးသည် ။
ခင်ထားတုန်းကတော့ သမီးလို မဟုတ်ပါ။ ငွေကြေးဂုဏ်ရှိန်ပြည့်စုံသော သူမနှင့် ဆင်းရဲနိမ့်ကျသော ချစ်ဦးသူတို့၏ ရိုးရှင်းသော သမားရိုးကျ ဇာတ်လမ်းလေးတစ်ခုမျှသာ ဖြစ်ပါသည်။ နိမ့်ပါးသော မောင့်ကို ခင်ထား၏ မိဘများက သဘောမတူ။ ငွေကြေးပြည့်စုံသော အရာရှိပေါက်စလေး ကိုကိုနှင့် ကြောင်းလမ်းပေးခဲ့သည်။
အရာရာ ပြည့်စုံသော ကိုကိုနှင့် အတင်းအကြပ်လက်ဆက်ပေးခဲ့သော မိဘတွေကို အခုတော့လည်း ကျေးဇူးတင်ရပြန်ပါသည်။ ချစ်ဦးသူနှင့် ကွေကွင်းရသော ဒုက္ခဆင်းရဲကို နှစ်နှစ်သုံးနှစ်မျှ ခံစားခဲ့ရပြီးနောက်မှာတော့ ခင်ပွန်းသည်ကိုကို၏ ကြင်နာယုယမှုများနှင့် သမီးငယ်၏ ဝေယာဝစ္စများကြားမှာ နစ်မြုပ်ရင်း ချစ်ဦးမောင်ကို မေ့လျော့သွားခဲ့ပြီဖြစ်သည်။ မောင်နှင့်သာ ပေါင်းဖက်ခဲ့လျှင် ယခုလို သာယာပြည့်စုံသော အိမ်ထောင်တစ်ခုဖြစ်လာမည်ဟု သူမတပ်အပ်မပြောနိုင်ပါ။
တစ်ခါတစ်ရံ အကြောင်းတိုက်ဆိုင်၍ မောင့်ကို သတိရမည်သည်ကတော့ ချွင်းချက်တစ်ခုသာဖြစ်ပါသည်။
အမှန်အတိုင်းပြောရလျှင် ခင်ထားကိုယ်တိုင်လည်း သမီးငယ် ဒီလိုခံစားကြေကွဲနေရသည်ကို မကြည့်ရက်ပါ။
ပွင့်လင်းသော မိသားစု ဆက်ဆံရေးအရ သမီးငယ်၏ ချစ်သူကို ကြေနပ်ကြည်ဖြူစွာ လက်ခံခဲ့သည်သာဖြစ်သည်။ မိမိတို့မှာ မိသားစုမှာ ဂုဏ်မလို၊ ရွှေငွေဥစ္စာမလိုပါ။
ရိုးသားကြင်နာတတ်သော ချစ်သူသည်သာ သမီးငယ်၏ ဘ၀ရှေ့ရေးအတွက် အာမခံချက်ရှိမည်ဟု ကိုကိုက ဆုံးဖြတ်သတ်မှတ်ပေးခဲ့သည်။ ခင်ထားကိုယ်တိုင်ကလည်း ဒါကို လက်ခံသည်။ ထို့ကြောင့်လည်း သမီးငယ်၏ ချစ်သူကို လေ့လာပြီး လက်ခံနိုင်လောက်သော မျိုးရိုးဗီဇနှင့် အကျင့်စာရိတ္တကို သိရှိပြီးနောက်မှာ ကြည်ဖြူစွာ လက်ခံပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်ကတော့ အရာရာချောမွေ့နေသော သမီးငယ်၏ ချစ်ကံတရားကို ခင်ထားကိုယ်တိုင် ကြည်နူးခဲ့ရသေးသည်။
သို့သော် ကံတရားဆိုတာက ကြိုမြင်ရသည်မှ မဟုတ်ဘဲလေ။ မထင်မှတ်တဲ့ အချိုးအကွေ့တွေမှာ အရာရာပြောင်းလဲသွားတတ်သည် မဟုတ်ပါလား။
သမီးငယ်၏ ချစ်သူသည် လက်ထပ်မင်္ဂလာပွဲ ကျင်းပခါနီးမှာပင် ခရီးစဉ်တစ်ခု၏ အက်ဆီးဒင့်မှာ တိမ်းပါးသွားခဲ့သည်။ လောကဓံကို နဖူးတွေ့ဒူးတွေ့ ရင်မဆိုင်ခဲ့ရဖူးသေးသော သမီးငယ်အတွက်တော့ ကမ္ဘာပျက်သလို ခံစားရရှာလိမ့်မည်။ သမီးငယ်၏ ကြေကွဲနာကျင်မှုများက ခင်ထားအတွက်လည်း ကြီးစွာသော ပူပန်သောကတစ်ခုဖြစ်ပါသည်။
မထင်မှတ်သော ကံကြမ္မာ၏ ထိုးနှက်မှုများက သမီးငယ်ကို အဆက်မပြတ်နာကျင်စေခဲ့သည်။ သမီးငယ်၏ စိတ်နာကျင်မှုနှင့် အနာဂါတ်ကို ပြုပြင်ဖန်တီးဖို့ ခင်ထားဆုံးဖြတ်ရတော့သည်။ ယခုတော့ .. မစားနိုင် မသောက်နိုင် ..တမှိုင်မှိုင်တစ်တွေတွေ ဖြစ်နေသော သမီးကို စိတ်ပြေလက်ပျောက်ဖြစ်ဖို့ အကြောင်းပြပြီး ခရီးထွက်လာခဲ့ခြင်းဖြစ်သည်။ ဇာတိမြေသည် သမီးငယ်၏ ဒဏ်ရာဒဏ်ချက်များနှင့် အနာဂါတ်ကို ကောင်းစွာ ထိန်းသိမ်းပေးနိုင်လိမ့်မည်ဟု ခင်ထားမျှော်လင့်ရပါသည်။
““သမီး .. ရှေ့က မြို့ကိုရောက်ရင် တစ်ခုခု ၀င်စားရအောင်နော်... ““
သမီးက ညိုးငယ်သော မျက်နှာဖြင့် ခေါင်းတစ်ချက် ဆက်ပြသည်။ စိတ်နဲ့လူနဲ့ မကပ်သော သမီးဆီက ဘယ်အချိန်မှ တီတီတာတာ စကားများပြန်ကြားရမည်လဲဟု စိတ်မောစွာတွေးရင်း ကားကို သပ်ရပ်သော ထမင်းဆိုင် တစ်ဆိုင်ရှေ့သို့ ထိုးရပ်လိုက်သည်။ နယ်မြို့လေး၏ ထမင်းဆိုင်က ခရီးသွားများ လှုပ်လှုပ်ရွရွနှင့်သဘာဝကျစွာ အသက်ဝင်နေသည်။ သဘာဝကျစွာ လောကဒဏ်ကို ရင်ဆိုင်နိုင်ဖို့ သဘာဝကျကျ ရှင်သန်နိုင်ဖို့ သမီးငယ်ကို သင်ကြားပေးရပါဦးမည်။
------------------------------------------------------------------------
အခန်း (၁)
““ အန်တီကြီး... ထမင်းဖိုးလေး သနားပါခင်ဗျာ... ကျွန်တော် ဘာမှ မစားရသေးလို့ပါ ””
ထမင်းဆိုင်ကို ၀င်ထိုင်ပြီး မကြာခင်မှာပင်.. လမ်းဘေးကလေးတစ်ယောက်က လက်ဝါးဖြန့်ပြီးလာတောင်းသဖြင့် ခင်ထားစိတ်ရှုတ်သွားသည်။
ကြည့်လိုက်တော့ အသက်က လေးနှစ်သားလောက်ပဲ ရှိဦးမည်။ ဒီအရွယ်နဲ့ လမ်းပေါ်ထွက်ပြီး လက်ဝါးဖြန့်တောင်းစားနေသူတွေကို ခင်ထားမကြာခဏမြင်ဖူးပါသည်။
ဘယ်တုန်းကမှတော့ လူမိုက်အားပေး စွန့်ကြဲခဲ့တာမျိုးမရှိပါ။ ဒါဟာ ကလေးငယ်တွေ၏ အကျင့်စာရိတ္တကို ပျက်ဆီးစေသည်ဟု ထင်သောကြောင့်ဖြစ်သည်။ အချောင်ယူအလွယ်ရလမ်းစဉ်မှာ ဒီကလေးငယ်တွေကို နစ်မြောမသွားစေချင်ပါ။ ဒီအရွယ်ကလေးငယ်တွေကို လွှတ်ပြီး တောင်းရမ်းခိုင်းသည့် မိဘများကိုလည်း အံ့သြတကြီးစိတ်ပျက်ရပါသည်။ မည်မျှပင် ဆင်းရဲသည်ဖြစ်စေ သားသမီးကို တောင်းရမ်းခိုင်းသည်ကိုတော့ သူမ လက်မခံပါ။ ဒီလို မိဘများကိုလည်း တွေးကြည့်ယုံနှင့် ရွံ့ရှာမိသည်။ လောကကြီးမှာ ဒီလို မိဘများရှိနေသည်ကိုလည်း မယုံကြည်နိုင်အောင် အံ့သြရသည်။
““ အန်တီကြီး.. ထမင်းဖိုးလေးး...““
““ ဟဲ့..သွား..သွား... မပေးဘူး...““
ပြောရင်းနှင့် ထမင်းဆိုင်က အလုပ်သမားတွေများ လာရောက်ဟန့်တားမည်လား တစ်ချက်ဝေ့ကြည့်သည်။ ပျားပန်းခက်မျှ အလုပ်များနေသော ထမင်းဆိုင်မှ ၀န်ထမ်းများသည် ဒီအဖြစ်အပျက်တွေကို မြင်နိုင်စွမ်းမရှိပါ။ မြင်လည်း တားချင်မှ တားမြစ်ပေလိမ့်မည်။ သူတို့အတွက်တော့ ဒီမြင်ကွင်းတွေက ရိုးနေပြီမဟုတ်ပါလား။
““ဟဲ့..သွားလို့ ပြောနေတယ်လေ...““
သူမ၏ ငေါက်ဆက်ဆက်အသံကြောင့် ဘေးနားပတ်ဝန်းကျင်ကလှည့်ကြည့်သည်။ ချဉ်စုပ်စုပ် အနံတစ်မျိုးထွက်နေသော ကလေးငယ်ဆီမှ အနံ့အသက်ကို ခင်ထား ခံနိုင်ရည်မရှိပါ။ တောင်းရမ်းစားသောက်သည့် ကလေးငယ်တစ်ယောက်ကို နားခေါင်းအုပ်ပြီး ခပ်ကြမ်းကြမ်းမောင်းထုတ်သော ခင်ထားကို ပတ်ဝန်းကျင်ကတော့ မည်သို့မြင်မည်မသိ။ သမီးငယ်ကတော့ သူနှင့်မဆိုင်သလို တွေဝေငေးမောနေဆဲသာ။
““ ဟဲ့.. ဖိုးကျော်.. လာလာ .... ပြန်လာခဲ့ ““
သူတောင်းစားလေးက သူ့ကို ခေါ်သံကြားတော့မှ ပြန်လှည့်ထွက်သွားသည်။
““အို ...““
အသံကြား၍ ခင်ထား လှမ်းကြည့်လိုက်တော့ အသက် သုံးဆယ်ခန့်ရှိမည့် စုတ်စုတ် ပြတ်ပြတ် ပေပေရေရေနှင့် မိန်းမတစ်ယောက်က နှစ်နှစ်သားအရွယ် ကလေးတစ်ယောက်ကို ခါးထစ်ခွင်ချီပြီး သူမတို့ကို လှမ်းကြည့်နေသည်ကို တွေ့ရသည်။ စောစောက လာတောင်းသော ကလေးငယ်၏ အမေသာ ဖြစ်လိမ့်မည်။ သူမက အနောက်မှာ ရပ်နေပြီး ကလေးလေးကို တောင်းခိုင်းလိုက်ခြင်းဖြစ်မည်။ ခင်ထားဒေါသထွက်ပြီး စိတ်ပျက်လက်ပျက်နှင့် မြည်တွန်မိသည်။
““ဟယ်.. ဘယ်လို မိန်းမတွေလည်း မသိပါဘူး.. ကိုယ့်သားသမီးကိုယ် တောင်းစားခိုင်းနေတယ်....
ဒီလောက်မွဲတေပြီး ဆင်းရဲနေတဲ့ ကြားထဲ .. လင်ယူသားမွေးကလည်း လုပ်ချင်သေးတယ်...
ကိုယ့်သား သမီးကိုယ်လည်း တာဝန်ယူနိုင်တာ မဟုတ်ပဲနဲ့.. ဘယ်လို မိဘစိတ်နဲ့များ ဒီကလေးတွေကို မွေးလာလဲ မသိဘူး..
လူစိတ်မှ ရှိကြရဲ့လား.. လူတွေမှ ဟုတ်ရဲ့လား.. မသိဘူး.. ““....
-----------------------------------------------------------------------------
အခန်း (၂)
““ လူစိတ်မှ ရှိကြရဲ့လား.. လူတွေမှ ဟုတ်ရဲ့လား.. မသိဘူး.. ““
မေမေ့၏ စကားသံများက သက်ထားနားထဲကို အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာသည်။ ရင်ထဲမှာ ဆစ်ခနဲ့ အောင်သွားသည်။
သက်ထားမြင်ကွင်းထဲမှာ ကလေးငယ်လေးကို ခါးထစ်ခွင်ချီထားသော သူတောင်းစားမကြီး ရှိနေသည်။
ဒီလောက် ဆင်းရဲငတ်ပြတ်နေသည့် ဘ၀မှာ ဒီကလေးငယ်ကို ဘယ်လိုအင်အားနှင့် သူမ မွေးဖွားခဲ့တာပါလိမ့်။
ဘာလို အကြောင်းအရာတွေက သူမကို ဒီလို အင်အားတွေ ပေးခဲ့တာပါလိမ့်။
သူ့ခင်ပွန်းကို ချစ်သည့်စိတ်လား..။ သူ့ ရင်သွေးလေးကို ချစ်သည့်စိတ်ဖြင့်လား။
ဒီကလေးငယ်လေး ကိုယ်ဝန်ရှိတော့ ဒီသူတောင်းစားမကြီး ပျော်ရွှင်နေခဲ့လား။ သူ့ခင်ပွန်းကကော ၀မ်းသာအားရ ဖြစ်ခဲ့ပါသလား။
သက်ထား၏ အတွေးများ ကိုကို နောက်ဆုံးတစ်ခေါက် ခရီးမသွားခင် ကာလကို ပြန်ရောက်သွားသည်။
““ သက်ထားရယ်.. စိတ်မပူနဲ့နော်.. ကိုယ် အားလုံးတာဝန်ယူပါတယ်..
မေမေတို့ကလည်း သဘောတူထားပြီးသားပဲ... ဒီကိစ္စကို သက်ထားရဲ့ မေမေကို ဖွင့်ပြောပြီး ကိုယ်တို့ မြန်မြန်လက်ထပ်မှ ဖြစ်မယ့်အကြောင်း ပြောပြရမယ်ထင်တယ်..
သက်ထားဖေဖေကိုတော့ မပြောနဲ့နော်.. သက်ထားမေမေကိုပဲ တိုးတိုးတိတ်တိတ် ပြောပြမှ ဖြစ်မယ်.. ““
““ ဖြစ်ပါ့မလား ကိုကိုရယ်.. သက်ထားကြောက်တယ်... ပြီးတော့ သဘောတူထားပေးတယ်သားနဲ့ ဒီလိုဖြစ်ရမလားလို့ .. မေမေက စိတ်ဆိုးမှာပေါ့““
““ သြော် သက်ထားလေးရယ်.. ဒီအခြေအနေရောက်မှတော့ ဘယ်တတ်နိုင်တော့မှာလဲ ကလေးရယ်...
စိတ်ဆိုးရင်လဲ ခဏပေါ့.. အန်တီက နားလည်မှု ရှိမှာပါ.. ဘာမှ မကြောက်နဲ့နော်.. ကိုကိုလဲ အဲဒီအချိန် သက်ထားနဲ့ အတူတူ ရှိပေးမှာလေ..
ဒါ ကိုယ်တို့ နှစ်ယောက် မြန်မြန် ပေါင်းရဖို့ပဲလို့ သဘောထားပါ သက်ထားရယ်.. မကြောက်နဲ့နော်...““
““ ကိုယ်ကတော့လေ.. သက်ထားဗိုက်ထဲက ကိုယ့်ရင်သွေးလေးအတွက် အရမ်းဝမ်းသာတာပဲ..
ဘာပဲဖြစ်ဖြစ် ဒါ ကိုယ်တို့အတွက် ဘုရားပေးတဲ့ ဆုပဲ.. ကိုယ် အရမ်းပျော်တာပဲ သက်ထားရယ်...
နောက်ဆို ကိုယ်က အဖေကြီးဖြစ်တော့မှာပဲ.. ဟားဟား...သက်ထားက ကိုယ့်ကို ကိုကိုလို့ မခေါ်ရတော့ဘူးနော်.. ဖေကြီးလို့ ခေါ်ရမယ်...ဟားဟား““
““ ဟာ...ကိုကိုကလည်း .. ဘာမှန်းလဲ မသိဘူး.. ဒီက မေမေ့ကို ပြောဖို့ ကြောက်နေပါတယ်ဆို....““
ဒီလိုနှင့် မေမေ့ကို အကြောင်းစုံ ဖွင့် ပြောပြတော့ အရာရာသည် ကိုကို ကြိုတွေးထားသလိုပင် ဖြစ်ခဲ့သည်။
မေမေ စိတ်ဆိုးခဲ့သော်လည်း .. နောက်တော့လည်း ရှောင်လွှဲလို့ မရသည့် အခြေအနေကို နားလည်ပေးခဲ့သည်။
မေမေကိုယ်တိုင်လည်း မြေးလေးချီရတော့မယ်ဆိုတော့ စိတ်လှုပ်ရှားနေခဲ့သည်လား မသိပါ။
နောက်နှစ်လောက်မှ လက်ထပ်ပေးမည်ဟု ပြောခဲ့ဖူးသော ဖေဖေကို ဘယ်လို စည်းရုံးလိုက်သည်မသိ ။ ကိုကို ဒီတစ်ခေါက် နိုင်ငံခြားခရီးစဉ်က ပြန်လာလျှင် လက်ထပ်ပေးမည်ဟု စီစဉ်ခဲ့သည်။ အဲဒီတုန်းကတော့ အရာရာသည် သာယာဖြောင့်ဖြူးလွန်းလှသည်။ ကိုကို့ကို ချစ်သည့်စိတ် . ကိုကို့ ရင်သွေးလေးကို မွေးဖွားပေးရမည်ဆိုသည့် စိတ်နှင့် သက်ထား ရင်တွေခုန်ပြီး အပျော်ကြီး ပျော်ခဲ့သည်။ ကိုကိုနှင့် ဒီရင်သွေးလေးရှိလျှင် ဘာမဆို ရင်ဆိုင်ဖို့ သက်ထားအဆင်သင့် ရှိပါသည်။
သို့သော် ကံကြမ္မာ၏ ကျီစားချက်က သက်ထားဘ၀ကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် ပြောင်းလဲသွားစေခဲ့သည်။
ကိုကို အက်ဆီးဒင့်ဖြစ်သည် ဆိုသည့် သတင်းကို ကြားကြားချင်းမှာ သက်ထား၏ ကမ္ဘာတစ်ခုလုံး အမှောင်ဖုံးသွားခဲ့သည်။ ကိုကိုမရှိဘဲ သက်ထားလောကကြီးကို ဘယ်လိုရင်ဆိုင်ရမည်လဲ။ ကိုကို မရှိဘဲ ကိုကို့ရင်သွေးလေးကို ဘယ်လိုမွေးဖွားရမည်လဲ။ စိတ်သဘေားကောင်းသလောက် ပြတ်သားတိကျသည့် ဖေဖေသိလျှင်တော့ သက်ထားကို သတ်မည်ထင်သည်။ ဌာနဆိုင်ရာတွေမှာ .. မြန်မာနိုင်ငံ၏ စီးပွားရေးလောကမှာ နာမည်တစ်လုံးနှင့် အရေးပါအရာရောက်သော ဂုဏ်သရေရှိဖေဖေ၏ သမီးက ဖအေ မရှိတဲ့ ကလေးကို မကြာခင်မှာ မွေးဖွားပေးရတော့မည်ဖြစ်သည်။ ပတ်ဝန်းကျင်သာသိလျှင် ဘ၀တစ်လျှောက် နာမည်ကောင်းဖြင့် ရပ်တည်ထူတောင်ခဲ့သော ဖေဖေသည်လည်း သူများ တံတွေးခွက်မှာ ပတ်လက်မြောမည်မှာ သေချာပါသည်။ ကိုကိုသည် အလွမ်းများနှင့်အတူ ခက်ခဲသော ဘ၀တစ်ခုကို သူမအတွက် ထားခဲ့ရက်ပြီ။
““ သမီး.. မေမေကော ဖေဖေကောဟာ.. သမီးအတွက် အမြဲတမ်းစဉ်းစားပေးခဲ့တယ်.. ရပ်တည်ပေးခဲ့တယ်..
ဘယ်တုန်းကမှ သမီးသဘောကို တားမြစ်ပိတ်ပင်ခဲ့တာ မဟုတ်ဘူးသမီး..
ဒီကိစ္စ ဒီလိုဖြစ်ရတယ်ဆိုတာလည်း မေမေတို့ကြောင့် မဟုတ်ဘူး..ကံတရားကြောင့်ဖြစ်ရတာပဲ...
သမီးတို့ မလုပ်သင့်တဲ့အလုပ်ကို စိတ်မထိန်းနိုင်လို့ ဖြစ်တဲ့ ပြဿနာကြောင့် သမီးအဖေကို မထိခိုက်စေချင်ဘူး...
သမီးဖေဖေ ခုတလော ကျန်းမာရေး မကောင်းတာလဲ သမီးအသိပဲ.. ဟိုတစ်လောက်က ခေါင်းမူတယ်ဆိုလို့ ဒေါက်တာအုန်းမောင်ကို ပြတော့ ..
ဟက်ခ်အတတ်ခ် လက္ခဏာတွေ ဖြစ်နေတာလို့ ပြောတယ်.. ဒီအကြောင်းတွေသာ သိရင်တော့ သမီးအဖေ ကျိန်းသေ ဒုက္ခရောက်မှာပဲ...
သမီးရဲ့ ရင်သွေးလေးနဲ့ .. သမီးရဲ့ အဖေကို လဲနိုင်တယ်ဆိုရင် သမီးသဘောပဲ .. မေမေ ဘာမှ မပြောလိုဘူး...
ဒါပေမယ့် ရှေ့ဆက်ရပ်တည်ရမယ့် သမီးရဲ့ ဘ၀အတွက် .. ရှေ့ဆက်ပြီး ရပ်တည်ရမယ့် သမီးအဖေရဲ့ ဂုဏ်သိက္ခာအတွက် ထည့်တွက်မယ်ဆိုရင်တော့..
မေမေစီစဉ်တာကို လက်ခံပါ သမီး...“
“သမီးအဖေကို နယ်မှာ ခဏ သွားအနားယူမယ်လို့ ပြောပြီး.. သမီး...ဒီကလေးကို... ဒီကလေးကို.... ““
--------------------------------------------
အခန်း (၃)
““ ဒီကလေးကို... ဒီကလေးကို ......““
““လူစိတ်မှ ရှိကြရဲ့လား.. လူတွေမှ ဟုတ်ရဲ့လား.. မသိဘူး.. ““....
သက်ထားနားထဲမှာ အတိတ်နှင့် ပစ္စုပန်က အသံတွေ တလှည့်စီ ရိုက်ခတ်နေသည်။
““လူစိတ်မှ ရှိကြရဲ့လား.. လူတွေမှ ဟုတ်ရဲ့လား.. မသိဘူး.. ““ ဆိုသည့် မေမေ့စကားသံတွေက ဘယ်လို သဘောနှင့်များ ပြောလိုက်တာပါလိမ့်။
အခု ဒီခရီးထွက်လာခဲ့သည့် အကြောင်းတရားကို မေမေ မေ့နေပြီထင်သည်။
ရင်သွေးတစ်ယောက် ဖျက်ချမည့် ကိစ္စသည် မေမေ့အတွက် ဒီလောက်တောင် လွယ်ကူခဲ့သည်လား။
သက်ထားအတွက်တော့ အင်မတန် ခက်ခဲသည့် ကိစ္စဖြစ်သည်။ ပြီးတော့ ဒါက သက်ထားချစ်ရတဲ့ ကိုကို့ ရင်သွေးလေး။
တမလွန်က ကိုကိုသိလျှင် ကြေကွဲဝမ်းနည်းစွာနှင့် တားမြစ်မည်လား.. သက်ထားရယ် ကိုယ့်ရင်သွေးလေးကို မသတ်ပါနဲ့နော်... ဟု ငိုယိုတောင်းပန်နေမည်လား။
သက်ထား မျက်ရည်များ အဆီးအတားမရှိ ကျလာသည်။
ကလေးတစ်ယောက်ကို ချီပြီး ...ကလေးတစ်ယောက်ကို လက်ဆွဲထားသော တောင်းရမ်းစားသောက်သည့် အမျိုးသမီးက သက်ထားမြင်ကွင်းထဲမှာ ၀ိုးတ၀ါးမှ ပြတ်သားစွာ ပေါ်လာသည်။ ဒီ အမျိုးသမီး၏ ဘ၀အကြောင်းကို သက်ထားမသိပါ။ ဘယ်လောက်ဆိုးဝါးခဲ့သလဲ သက်ထားမသိပါ။
သို့သော် သက်ထား သိလာသည်က ဒီဘ၀.. ဒီအခြေအနေမှာ ကလေးနှစ်ယောက်ကို စွန့်မပစ်ရက်ဘဲ ရုန်းကန်ရင်ဆိုင်နေသော..
ဘာပိုင်ဆိုင်မှုမှ မရှိရှာသော ထိုအမျိုးသမီးဆီမှာ မိခင်စိတ်တစ်ခုတော့ သေချာပေါက် ရှိနေပါလိမ့်မည်။
မည်သူကတော့ ကိုယ့်သားသမီးကို တောင်းရမ်းစေချင်ပါ့မလဲ။ ခက်ခဲသော ဘ၀အခြေအနေအရ တောင်းရမ်းစားသောက်ပြီး ၀မ်းရေးကို ဖြေရှင်းနေရခြင်းသာဖြစ်မည်။
မိမိ သားသမီးတွေကို တောင်းရမ်းဖို့ စေခိုင်းခြင်းမှာ မိမိသားသမီးကို သတ်ပစ်လိုက်တာလောက်တော့ ဆိုးရွားမည်မဟုတ်ပါ။
လူစိတ် မရှိသည်က သူတောင်းစား မကြီးလား.. သက်ထားလား...။
မေမေ့ဆီက လူစိတ်မှ ရှိကြရဲ့လား မသိဘူး..ဆိုသည့် စကားက သက်ထားရဲ့ ရင်ဘက်ကို အကြိမ်ကြိမ်ရိုက်ခတ်နေသည်။
သက်ထား.... ဖြည်းညှင်းစွာ မတ်တပ်ရပ်သည်။ မေမေ့ကို သေချာကြည့်ပြီး ပြတ်သားသော စကားကို ဆိုသည်။
““မေမေ .. သမီးကို ခွင့်လွှတ်ပါ.. သမီးရဲ့ ကလေးလေးကို သမီး လုံးဝ ဖျက်မချတော့ဘူးမေမေ...
ဖေဖေ့ကို မချစ်လို့ မဟုတ်ပါဘူး.. တကယ်လို့ ဖေဖေစိတ်ဆိုးပြီး သမီးကို သတ်ချင်လဲ သတ်ပါစေတော့...
ပတ်ဝန်းကျင်က မေးငေါ့ရင်လည်း ငေါ့ပါစေတော့... သမီးကြောင့် မေမေတို့ ထိခိုက်ရတယ်ဆိုရင် .. သမီး မေမေတို့ ဘ၀ထဲက ထွက်သွားပါ့မယ်မေမေ..
သမီးဘ၀ထဲ ၀င်လာမယ့် ကိုကို့ ရင်သွေးလေးကိုတော့ သမီး နှင်မထုတ်ပါရစေနဲ့... သမီးကို မေမေချစ်သလို .. သမီးရင်သွေးလေးကိုလဲ ချစ်ပါရစေမေမေ..
မေမေ သမီးကို ခွင့်လွှတ်ပါနော်... ““
-------------------------------------------------------------
ဘ၀ရဲ့ ရှုထောင့်များ
““ ဒီမယ်...အစ်မကြီး ““
နုနုဖတ်ဖတ်နှင့် ကြွေရုပ်လေးလို လှပလွန်းသော ကောင်မလေးက သူမကို ခေါ်သဖြင့် မိစိန် အံ့သြသွားသည်။
သူမလို တောင်းရမ်းစားသောက်ရသည့် အနုတ်စုတ်ဂုတ်စုတ် သူတောင်းစားမ တစ်ယောက်ကို ကိုယ်ပိုင်ကားကြီးစီးပြီး ပုံပြင်ထဲက နတ်သမီးလေးလို နုနယ်လှပသော မိန်းကလေးတစ်ယောက်က ဘယ်တုန်းကမှ စကားလာမပြောဖူးပါ။ ယခုတော့ သူမရှေ့မှာ ပုံပြင်ထဲက နတ်သမီးလေးက မတ်တပ်ရပ်ပြီး.. သူမကို ခေါ်နေလေပြီ။
““ ဟုတ်.. ဟုတ်ကဲ့.. ““
ထစ်ထစ် ငေါ့ငေါ့ဖြင့် မိစိန်ထူးသည်။
““ ရော့ .. ကလေးတွေကို ကောင်းကောင်းထားပါ““
““ ဟင်““
နတ်သမီးလေး ကမ်းပေးသော တစ်ထောင်တန် အုပ်လိုက်ကိုကြည့်ပြီး မိစိန် မင်သပ်နေသည်။
တကယ်လား...အိပ်မက်တစ်ခုလား..
တစ်ထောင်တန် အုပ်လိုက်ကို အပြင်မှာ သူမ မြင်တောင် မမြင်ဖူးပါ။
ပိုက်ဆံတွေကို ကြည့်လိုက် .. နတ်သမီးလေးကို ကြည့်လိုက်နှင့် မိစိန် ကြောင်နေသည်။
““ ရော့ .. ယူလေ.. ဒါ ရှင့်ကိုပေးတာ...““
ယောင်ယောင် ကမ်းကမ်းနှင့် မိစိန် ပိုက်ဆံအုပ်ကို ယူသည်။
မိမိကိုယ်တိုင် .. အိမ်မက်တစ်ခုထဲကို ရောက်နေသလိုလို.. လေထဲမှာ လွင့်နေသလိုလို...။
ပိုက်ဆံတွေကို လက်နဲ့ ထိသည်ဟုလည်း မထင်။ မိစိန် ခြေထောက်တွေ မြေကြီးနှင့် ထိနေသည်ဟုလည်း မထင်။
ဘာဖြစ်သွားတာလဲ.. ဘာဖြစ်နေတာလဲ... အိမ်မက်တစ်ခုလား ..။
မိစိန်တွေးနေတုန်းမှာပဲ နတ်သမီးလေးက ကားအကောင်းစားကြီးပေါ်တက်သွားသည်။ သူမ၏ မိခင်ဖြစ်သူက မျက်နှာအပျက်ပျက်ဖြင့် နောက်ကလိုက်သွားပြီး ကားအကောင်းစားကြီးကို ကိုယ်တိုင်မောင်းကာ မြင်ကွင်းထဲမှ ထွက်သွားသည်။ မိစိန်ကတော့ ပိုက်ဆံအုပ်ကို ကိုင်ပြီး အံ့သြစွာ ရပ်ကြည့်နေဆဲ။
ထမင်းဆိုင်ထဲမှ လူတစ်ချို့လည်း သူတို့မြင်ကွင်းကို အံ့သြ နားမလည်စွာ ၀ိုင်းကြည့်နေကြဆဲဖြစ်သည်။
မိစိန် သတိပြန်ဝင်လာပြီး ဖိုးကျော်လက်ကို ဆွဲကာ ထိုနေရာမှ ခပ်သွက်သွက်ထွက်လာခဲ့သည်။
ခြေလှမ်းများက မြေကြီးနှင့် ထိသည်ဟု မထင်ပါ။ ဒီနေ့လောက် ဘယ်တုန်းကမှ မိစိန် ကံမကောင်းခဲ့ဖူးသည်မှာ အမှန်ပင်ဖြစ်သည်။
ပိုက်ဆံ ထောင်တန် အုပ်လိုက်သည် သူမဘ၀မှာ ဘယ်တော့မှ ကိုင်ဖူးမည့် အရာဟု သူမ မထင်ခဲ့ပါ။
အခုတော့ ထောင်တန် အုပ်လိုက်ကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး သူမ ဦးတည်ရာ မရှိ လမ်းလျှောက်နေမိသည်။
ဒါ.. သူ့ဘေးမှာ အပြေးပါလာသော ဖိုးကျော်လေးနှင့် သူ့ ခါးမှာ ချီထားသော ပေါက်စလေးကြောင့် ဖြစ်မည်ထင်သည်။
ဒီနေ့ အလုပ်လုပ်ဖို့ အိမ်က ထွက်လာတော့ .. ဖိုးကျော်လေးနှင့် ပေါက်စလေးတို့ အမေ မကြည်မြ ပြောလိုက်သော စကားများကို ပြန်ကြားယောင်လာသည်။
““ငါက ဘယ်လိုမှ လမ်းလျှောက်လို့ မရအောင် နေမကောင်းဖြစ်နေလို့ပါ မိစိန်ရယ်..
ငါ့ ကလေးနှစ်ယောက်ကို နင်တောင်းတဲ့အခါ ခေါ်သွားပြီးတောင်းကြည့်ပါ။ နင် အရင်ထက် ပိုတောင်းလို့ ရမှာ သေချာပါတယ်။
နင်လဲ လက်တွေ ခြေထောက်တွေမှာ ပတ်တီးစည်းစရာ မလိုတော့ဘူးပေါ့။ ကလေးတွေပါရင် ပိုက်ဆံ ပိုရပါတယ်ဟာ။
ဖိုးကျော်ဆိုရင် သူကိုယ်တိုင်တောင် တောင်းတတ်ပါတယ်။ သူ့ကိုလည်း တောင်းခိုင်း၊ နင်လည်း ပေါက်စလေးကို ချီပြီး တောင်းပေါ့။
ပြန်လာရင်သာ ငါအတွက် နည်းနည်းလေး ခွဲပေးစမ်းပါဟယ်။ ငါ ကိုယ်တိုင်ထွက်မတောင်းနိုင်လို့ ထမင်းမစားရတာ နှစ်ရက်ရှိပြီ။
ဆာလွန်းလို့ပါဟယ်.. ။ ငါ့ကလေးတွေကို ခေါ်သွားပေးပါနော်..။ သူတို့က လာဘ်ကောင်းပါတယ်။ နင် အများကြီးတောင်းလို့ ရမှာပါ။ ““
------------------------------------------------------------------------------
လင်းရောင်
(ရန်ကုန်မြို့မှာ .. ကလေးတစ်ယောက်ကို တစ်နေ့ ထောင့်နှစ်ရာနဲ့ ငှားစားတဲ့ သူတောင်းစား ဈေးကွက် တကယ်ရှိပါတယ်)
0 comments:
Post a Comment