စစ်နဲ့အတူကျကွဲသွားတဲ့ အနာဂတ်တွေဟာ တစ်စစ်စစ်နဲ့ တဆစ်ဆစ်ငိုကြွေး
by Arr Mann on Saturday, November 3, 2012 at 11:04pm
(၁)
ပြုံး ပြုံး ရယ် ရယ်
ခိုး ခိုး ခစ် ခစ် အသံ စီ စီ ညံ ညံ
ထောက်ခနဲ
ဘောလုံးလေးဟာ လိမ့်ဆင်းသွား
ဟော ကောက်လိုက်စမ်း
ကောက်ယူလိုက်ဖို့
“မေမေ .. သမီးရဲ့ လက်နှစ်ဖက်ဘယ်ရောက်သွားလဲဟင်”
(၂)
အခိုးအငွေ့တွေ
မရှူရှိုက်ပါရစေနဲ့ ..
ဟင့်အင်း အဲဒီအသီးအရွက်တွေ ကျွန်မ မစားဘူး
(စားလိုက်စမ်း၊ မစားရင် မင်းသေလိမ့်မယ်)
အားးးး
အစိမ်းရောင်တွေ
အစိမ်းယောင်ယောင်
အဆိပ်ရောင်တွေ
စင်ကြယ်လာမလား အထပ်ထပ်ဆေးရင်း
ဇွတ်မှိတ်လို့သာ မြိုချခဲ့ရ
ကျွန်မ မသေတော့ပါဘူး
အလျော်အစားအဖြစ်
ကျွန်မတို့ကလေးတွေသာ
မွေးကတည်းက နှလုံးခုန်သံတွေပျောက်ဆုံးခဲ့ကြ။ ။
(၃)
ပြေး ပြေး
ခြေဦးတည့်ရာ
မီးတွေဟာ မိုးပေါ်မှာ
မဟုတ်ဘူး၊ မီးတွေဟာ မြေကြီးထက်မှာ
မြန်မြန်ပြေး
မဟုတ်ရင်
အကာအရံတံတိုင်းဖြစ်ကုန်တော့မှာ
ငါတို့အားလုံးရဲ့မျက်ရည်တွေ သွေ့ခြောက်အောင်လုပ်ပစ်မှာ
ငိုသံတွေကို ၀ါးမြိုပစ်တော့မှာ
မြန်မြန်လာ
မြန်မြန်လာပါ
ငါ့အစ်ကိုနဲ့ ငါ့အစ်မဟာ ငါ့အသံမကြားဘူး
အမေ၊ အမေ၊ ငါ့ကိုချီပါ
အဖေ့ဆီကို မြန်မြန်ပို့ပါ
ငါကြောက်လို့ပါ
ငါ တကြော်ကြော်အော်နှိုးနေပေမယ့်
သူတို့တွေဟာ တစ်ယောက်မှ ထမလာကြဘူး။ ။
(၄)
မြင်အောင်ကြည့်
ငါနဲ့တူတာဟာ
ငါတစ်ယောက်သာ။ ။
(၅)
ရနံ့တွေဟာ ညှီစို့စို့
ညိုညစ်ညစ်သစ်ခေါက်တွေ
တီးခတ်တိုင်း ငိုသံစူးစူးထွက်တယ်
အသာအယာလေး
ထိတွေ့ကြည့်ပါ
သူတို့လေးတွေပုံပြင်အကြောင်း ခင်ဗျားကိုပြောပြလိမ့်မယ်
သူတို့ဘယ်လို ထိတ်လန့်ကြောက်ရွံ့ခဲ့ကြကြောင်း
သူတို့ဘယ်လို ငိုကြွေးခဲ့ကြကြောင်း
သူတို့ဘယ်လို တယဉ့်တိုက်ပါလာခဲ့ကြကြောင်း
သူတို့ဘယ်လို လေပေါ်ဆွဲမြှောက်ခံခဲ့ရကြောင်း
သူတို့ဘယ်လို အရှိန်နဲ့ပစ်လွှဲခံခဲ့ရကြောင်း
သူတို့ရဲ့နုနယ်တဲ့အသွေးအသားတွေ
မာကြောတဲ့ပင်စည်ထက် ဘယ်လိုကြေမွခဲ့ရကြောင်း
သူတို့ဘယ်လို အေးစက်ထဲမြေသားထုမှာပိတ်လှောင်နေခဲ့ကြကြောင်း
နောက်ပြီး
မိုးတစ်စက်တောက်မှ
မြေပေါ်ပြန်ရောက်ခွင့်ရခဲ့တဲ့
သူတို့ရဲ့ ရောင်စုံလက်ကောက်ကလေးတွေအကြောင်း။ ။
(၆)
ကျွန်တော်တို့ ကျွန်မတို့ဟာ
လူထုရန်သူပါ
လူတန်းစားရန်သူပါ (တဲ့)
ကျွန်တော်တို့ ကျွန်မတို့ဟာ
အနာဂတ်မဟုတ်
အနာဂတ်ကိုဖျက်ဆီးမယ့်သူတွေပါ (တဲ့)
ကျွန်တော်တို့ ကျွန်မတို့ဟာ
ဝါဒတစ်ခုကို ယုံကြည်သက်ဝင်မှုမရှိသူတွေပါ
ဥက္ကဌမော်ရဲ့ စာအုပ်နီလေးများကို မဖတ်ရှုခဲ့ကြပါ
နုနယ်တဲ့လက်ဖ၀ါးတွေကြောင့် တံဆိပ်ကပ်ခံခဲ့ရတာပါ*
ကျွန်တော်တို့ ကျွန်မတို့ဟာ
မကြာခင် စာသင်ခန်းများအတွင်းရောက်ရှိတော့မှာ**
မကြာခင် မှတ်တမ်းမှတ်ရာတစ်ခုအဖြစ် ရေးခြစ်ခံရတော့မှာ
မကြာခင် ဖလက်ရှ်တစ်ခုလည်း လင်းပွင့်တော့မှာ
မကြာခင် သတ်ကွင်းများဆီက အသံချဲ့စက်သံစီညံတော့မှာ***
မကြာခင် အပုံအထပ်တွေကြား ထာဝရလဲလျောင်းရမှာ
ကျွန်တော်တို့ ကျွန်မတို့ဟာ
တိုင်းပြည်ရဲ့ရန်သူ
သမိုင်းရဲ့ရန်သူပါ (တဲ့)
အဲဒါဟုတ်ရဲ့လား အမေ
သမိုင်းဆရာတွေကို မေးကြည့်ပေးပါ
ကျွန်တော်တို့သွေးတွေ စွန်းထင်းခဲ့ရတာ
ကျွန်တော်တို့အသက်တွေ ချေမွခံခဲ့ရတာက
သူတို့ပြောသလိုအကြောင်းလား
သူတို့ပြောသလိုကြောင့်လားဆိုတာ။ ။
--- တည်တံ့ (G.B.K) ---
၎ နိုဝင်ဘာ ၂၀၁၂
......................................................................................................
ရှင်းလင်းချက်
(၁)
Agent Orange ဟုဆိုလိုက်လျှင် သမိုင်းလေ့လာသူတို့ ကောင်းစွာသိကြပါလိမ့်မည်။ အမေရိကန်-ဗီယက်နမ် စစ်ပွဲကာလအတွင်း ဗီယက်နမ်နိုင်ငံအတွင်းနှင့် ကမ္ဘောဒီယား၊ လာအို နယ်စပ်တို့တစ်လျှောက်တွင် အမေရိကန်တို့က အပင်ဖျက်ဓါတုဆေးရည် လီတာပေါင်း သန်း ၈၀အထိ အသုံးပြုခဲ့ကြသည်။ ရိက္ခာဖြတ်တောက်ရန် အဓိကရည်ရွယ်သော်လည်း ထိုမိုက်မဲသည့်လုပ်ရပ်ကြောင့် အစာကွင်းဆက်ပေါင်းများစွာ အဆိပ်သင့်ဒဏ်ခံခဲ့ရပြီး စစ်ပွဲပြီးကာလမှာပင် ဗီယက်နမ်လူမျိုး သုံးသန်းခန့် မသန်မစွမ်းအဖြစ် မွေးဖွားလာခဲ့ကြသည်။
(၂)
ကလေးအသေမွေးဖွားနှုန်းမြင့်တက်ခြင်းမှာလည်း Agent Orange ၏ အစာကွင်းဆက် အဆိပ်သင့်မှုဖြစ်သည်။
(၃)
ဗီယက်ကောင်းဖြစ်တလဲ ကွန်မြူနစ် မြောက်ဗီနမ်ပြောက်ကျားတပ်တို့ကို လက်ခံအားပေးသည့်အတွက် ဗီယက်နမ်ကျေးရွာပေါင်းများစွာ ရွာလုံးကျွတ် သတ်ဖြတ်ခံခဲ့ရသည်။ အားလုံးလိုလိုမှာ သက်ကြီးရွယ်အိုများ၊ မိန်းမများနှင့် အရွယ်မရောက်သေးသော ကလေးငယ်များဖြစ်သည်။ တောင်ဗီယက်နမ်တပ်မတော်ကို လက်ညှိုးထိုးညွှန်ရန်ရှိသော်လည်း အထောက်အထားများအရ အချို့သောသတ်ဖြတ်မှုကျူးလွန်သူတို့မှာ အမေရိကန်စစ်သားများဖြစ်သည်။
(၄)
“စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပဲ ပစ်တယ်” ဆိုသော စကားကဲ့သို့ပင် ဗီယက်နမ်စစ်ပွဲကာလအတွင်း ကမ္ဘာကျော်ခဲ့သည့် စကား။
(ဒီပြဿနာအတွက် ကျုပ်ဖြေရှင်းမယ့်နည်းကတော့ ဒီမြောက်ဗီယက်နမ်ကောင်တွေကို အမြန်ဆုံးနောက်ဆုတ်ဖို့ ပွင့်ပွင့်လင်းလင်း ပြောဖို့ပဲ။ မဟုတ်ရင်တော့ ကျုပ်တို့က ဒင်းတို့ကို ဗုံးကြဲပြီး ကျောက်ခေတ် ပြန်ပို့ပေးရမှာပဲ)
-ကားတစ္စလမ်မေ၊ အမေရိကန်လေတပ်ကာကွယ်ရေးဦးစီးချုပ်
ဓါတ်ပုံမှာ အမေရိကန်တို့၏ဗုံးဒဏ်သင့်ခဲ့သော ဗီယက်နမ်ကျေးလက်ဒေသတစ်နေရာကို ညွှန်ပြသည်။
(၅)
၁၉၇၅ မှ ၁၉၇၉ အထိ ပိုလ်ပေါ့၏ခမာနီအုပ်ချုပ်ရေးကာလ လေးနှစ်တာအတွင်း ကမ္ဘောဒီယား မြို့နေပညာတတ်လူတန်းစားတစ်ရပ်လုံးနီးပါး ကလေးလူကြီးမရွေး မျိုးတုန်းသတ်ဖြတ်ခံခဲ့ရ၏။ ပစ္စည်းမဲ့လူတန်းစား မဟုတ်သော အစိုးရအဖွဲ့ဝင်ဟောင်းများ၊ အီလစ်များ၊ ဆရာဝန် အင်ဂျင်နီယာ ကျောင်းဆရာအစရှိသည့် ပညာတတ်များ၊ ကုန်သည်များ၊ စီးပွားရေးသမားများ၊ ထိုင်း ဗီယက်နမ်စသော သွေးနှောသူများ၊ ဘာသာခြားလူနည်းစုဖြစ်သည့် ခရစ်ယာန်နဲ့ မွတ်စလင်များ၊ အခြားလူနည်းလူမျိုးစုများ၊ ထိုသူများအားလုံးကို ဖောက်ပြန်သောလူတန်းစားတစ်ရပ်အဖြစ် သတ်မှတ်၍ နောင်တစ်ချိန် သတ်ကွင်းများ (Killing Fields) အဖြစ် ထင်ရှားလာမည့် လူသတ်ကုန်းတို့တွင် အစုအပြုံလိုက်ကွပ်မျက်ခဲ့ကြ၏။ ကလေးငယ်များသည်ပင် ချမ်းသာပေးခြင်းမခံခဲ့ရ။ အထောက်အထားနှင့် နှောင်းပိုင်းကာလထုတ်ဖော်ဝန်ခံမှုများအရ ကလေးများကို ခြေထောက်မှဆွဲကိုင်၍ သစ်ပင်၏ပင်စည်တွင် ရိုက်နှက်ခြင်းဖြင့် ရက်စက်ကြမ်းကြုတ်စွာသတ်ခဲ့ကြသည်။ အထက်ပါသစ်ပင်မှာ ခမာနီတို့ လူသတ်လက်နက်အဖြစ် အသုံးပြုခဲ့သောနေရာဟောင်းဖြစ်သည်။ နှစ်ပေါင်းများစွာအကြာ သတ်ကွင်းများထဲရှိ သင်္ချိုင်းနေရာများကို ပြန်လည်တူးဖော်သည့်အခါမှ သတ်ဖြတ်ခံရသည့် ကလေးငယ်တို့ ၀တ်ဆင်ခဲ့သော ရောင်စုံလက်ကောက်များနှင့် အရိုးများကို တွေ့ရှိခဲ့သည်။
(၆)
နာဇီပုံစံယူ၍ ခမာနီအကျဉ်းထောင်များကို တည်ဆောက်ခဲ့ကြသည်ဟု ဆိုသည်။ အကျဉ်းထောင်ဆိုသော်လည်း နှိပ်စက်ခန်းများကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ကြ၏။ မိဘများကို ဖမ်းဆီသည့်အခါ သားသမီးကလေးငယ်များကိုပါ တပါတည်း ဖမ်းဆီးလေ့ရှိ၏။ တစ်ချိန်တွင် လက်စားချေတုံ့ပြန်မှုများရှိမလာစေရန် အဆိုပါကလေးငယ်ပေါင်းများစွာကို မိဘများနှင့်အတူတကွ ဖျောက်ဖျက်ပစ်ခဲ့ကြသည်။
* ခမာနီအစိုးရ၏လူထုရန်သူဟူသော သတ်မှတ်ချက်အတွင်း ပညာတတ်များနှင့် ပညာတတ်များဟု ယူဆသူများ (ဥပမာ မျက်မှန်တပ်ဆင်သူများ၊ လက်ဖ၀ါးနုနယ်သူများ) ပါ ပါဝင်ခဲ့ကြသည်။
** စာသင်ခန်းများသည် ကျောင်းဟူ၍ မရည်ညွှန်း။ ခမာနီတို့က စာသင်ဆောင်များကိုပါ အကျဉ်းထောင်အဖြစ် အသွင်ပြောင်းလဲခဲ့ကြသည်။ S21 ဟု ထင်ရှားသည်။
*** သတ်ကွင်းများတွင် ကွပ်မျက်ချိန်အတွင်း အော်ဟစ်သံ၊ ငိုယိုသံများ အတတ်နိုင်ဆုံးနည်းပါးစေရန် အသံချဲ့စက်တစ်လုံးဖြင့် အခြားကျယ်လောင်သောအသံများ လွှင့်ထားလေ့ရှိသည်။
(ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ (ယခင် ဆိုင်ဂုံ)ရှိ War Remnants Museum နှင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်ရှိ Genocide Museum တို့မှ ကိုယ်တိုင်ရိုက်ကူးရရှိသောဓါတ်ပုံများကို အသုံးပြုသည်)
..........................................................................................................
CTRL + Q to Enable/Disable GoPhoto.it
0 comments:
Post a Comment