Friday, November 16, 2012

တစ်ဖက်သားရူးအောင် ပြုရက်လေတယ်


by မင်းလူ၏ ၀တ္တုတိုများ on Friday, November 16, 2012 at 6:52am ·


    သူ့ရှေ့ရှိ စားပွဲပေါ်သို့ ရေခဲသုပ်ခွက်ကို ခွပ်ခနဲချပြီး ထွက်သွားသောကြောင့် လှမ်းပြောမည်ပြုလိုက်စဉ် ပင် ဟိုဘက်စားပွဲမှ အသံတစ်သံထွက်လာသည်။
    " ဘာလီချည်းပဲ နှစ်ခွက်ဖြစ်နေပြီ၊ ကျွန်မတို့မှာတာက ဘာလီတစ်ခွက် ရေခဲသုပ်တစ်ခွက်လေ "
    ထို့ကြောင့် ဟိုဘက်စားပွဲနှင့် ဒီဘက်စားပွဲမှားပြီး ချမိကြောင်းကိုသိလိုက်၏။ သူကလည်း ' ကျွန်တော်က ဘာလီမှာတာဗျ 'ဟုပြောလိုက်ပြန်သည်။
အအေးဆိုင်မှ ဦးယမ်းဘီလူးသည် ' မှားသွားလို့ပါ၊ ဆရာ့ဘာသာ လဲယူလိုက်ပါတော့။ ကျွန်တော်ဖွဲတွေကိုင်ထားလို့ 'ဟုပြောပြန်သည်။ သူ့ကိုဆရာဟု ခေါ်သောကြောင့် ကျောင်းဆရာဟု မထင်ကြပါနှင့်။ ဤတက္ကသိုလ် စားသောက်ဆိုင်မှ လူများသည် ကျောင်းသားများကိုလည်း တစ်ခါတစ်ရံ ဆရာဟုခေါ်တတ်သည်။ သူ သို့တည်းမဟုတ် အောင်ချစ်ဝင်းသည် ဘူမိဗေဒကျောင်းသားတစ်ယောက်သာဖြစ်၏။
    ဟိုဘက်စားပွဲကို သူကြည့်လိုက်သည်။ ကျောင်းသူနှစ်ယောက်။ သူတို့ကလည်း အောင်ချစ်ဝင်းကိုကြည့်နေသည်။ တစ်ယောက်ကတော့ သူနှင့် မျက်လုံးချင်းဆုံမိသောအခါ မျက်နှာလွှဲသွားသည်။ ကျန်တစ်ယောက်ကတော့ သူ့ကိုပြုံးစိစိကြည့်နေဆဲ။ အောင်ချစ်ဝင်းသည် ရေခဲသုပ်ကိုယူ၍ ဟိုဘက်စားပွဲဆီသို့ ထသွားသည်။ ရေခဲသုပ်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး ဘာလီရည်ခွက်ကို ယူသည်။ ရှက်ကိုးရှက်ကန်း ဖြစ်နေသောကြောင့် ' ဆောရီးပဲဗျာ 'ဟုလွှတ်ခနဲပြောမိသည်။ ခုနသူ့ကိုပြုံးစိစိကြည့်သော ကျောင်းသူက ' ခစ်ခနဲ 'ရယ်သည်။ သူပို၍ရှက်သွားပြီး စားပွဲဆီသို့ ခြေလှမ်း အမှားမှားနဲ့ ပြန်လာထိုင်သည်။ ဟုတ်တော့ ဟုတ်သား။ ဆိုင်ကခွက်မှားပြီး ချမိတာ၊ သူက ဘာဆိုင်လို့ ကြားထဲကဝင်ပြီး တောင်းပန်ရမှာလဲ။
    သူသည် အအေးဆိုင်ရှင် ဦးယမ်းဘီလူးကို မကျေမနပ် လှမ်းကြည့်သည်။ ဟင်း... နာမည်ကိုက ယမ်းဘီလူးတဲ့။ တို့မီးရှို့မီးလုပ်တာ။
    အမှန်မှာ သူ့ဘာသာသူ ရှက်ပြီး ဦးယမ်းဘီလူးကို ဘာမဆိုင်ညာမဆိုင် ဒေါကန်နေခြင်းဖြစ်သည်။ တကယ့်တကယ်တော့ ဦးယမ်းဘီလူးကို  သူကျေးဇူးတင်ဖို့ပင်ကောင်းသည်။ ခုလို အအေးခွက်ချင်းမှားချမိသည့် အတွက်ကြောင့်ပင် စိတ်ဝင်စားဖွယ်ကောင်းသော မိန်းကလေး တစ်ယောက်ကိုသူစတင်တွေ့ရှိခြင်းဖြစ်သည်။ ပြီးတော့လည်း ဦးယမ်းဘီလူးသည် အချစ်ချိန်ကိုက်ဗုံးတစ်လုံးကို ယနေ့ပင်ဖောက်ခွဲလိုက်ပြီမဟုတ်လား။
    တင်အောင်ခိုင်ကို တွေ့အောင်ရှာရမည်။ ဒီကောင်က အမြင်ကျယ်သည်။ ကျောင်းဝင်းတစ်ခုလုံး အနှံ့လျှောက်သွားနေတတ်သူဖြစ်သောကြောင့် မိန်းကလေးတော်တော်များများကို သိနေသည်။ သူ့ကိုမိန်းကလေးတွေက မသိသော်လည်း သူကမိန်းကလေးတွေကို သိနေခြင်းကိုဆိုလိုပါသည်။
    ဒီလောက်ပြောလျှင်ပင် အခြေအနေကို သိလောက်ပြီ ထင်သည်။ သူစိတ်ဝင်စားနေပြီ ဖြစ်ကြောင်းကို။ ဘယ်သူ့ကိုလဲဆိုတော့ ဟိုတစ်နေ့က ရေခဲသုပ်နှင့် ဘာလီရည်ခွက်ချင်းမှားတဲ့ ကောင်မလေးကိုပါ။ ပြုံးစိစိကြည့်နေသောကောင်မလေးကိုမဟုတ်ပါ။ မျက်လုံးချင်း တစ်ခါလောက်ဆုံပြီး မျက်နှာလွှဲသွားသော ကောင်မလေးကို ဖြစ်ပါသည်။
    ဗြုန်းကနဲ ကြည့်လိုက်လျှင် သူလိုငါလိုအဆင့်လောက်သာ ရှိသည်ဟု ထင်ရသည်။ အိုလီဗီယာ နယူတန်ဂျွန်တို့၊ လင်ဒါကာတာတို့၊ ဆူဇီကွာထရိုတို့လို အင်တာနေရှင်နယ် ဆံပင်မျိုးနှင့် မဟုတ်သောကြောင့်လည်းကောင်း၊ သုံးဆင့်ဟုခေါ်မလား၊ လှေကားသုံးထစ်ဟုခေါ်မလား မသိရသော သရီးစတက်ဆံပင်မျိုးနှင့် မဟုတ်သောကြောင့်လည်းကောင်း သတိမထားမိဘဲ အမှတ်မဲ့ ဖြစ်ချင်ဖြစ်နေကြလိမ့်မည်။ ခုခေတ်တွင် အလွန်ရိုးနေပြီဖြစ်သော သာမန် ဆံပင်ဖားလျားကလေးနှင့် ကောင်မလေးကို သေချာစွာကြည့်မိလျှင် (အောင်ချစ်ဝင်း၏ အဆိုအရ) စိတ်ဝင်စားဖွယ် အတိပြီးနေကြောင်း တွေ့ရပါလိမ့်မည်။
    သူ့နာမည်နှင့် တတိယနှစ်လား၊ နောက်ဆုံးနှစ်လားဆိုသည်ကို မသိရသော်လည်း အဓိက ဘာသာရပ်ကိုမူ သိလိုက်ရ၏။ ဟိုတစ်နေ့က အအေးဆိုင်မှာ သူတို့ပြောနေသော စကားကို တစ်ခွန်းစ ကြားမိသည်။ ဒေါက်တာတင်အောင်။ ဦးမြင့်ဝေ စသောအမည်များကို ထည့်သွင်းပြောကြားနေသည်ကို ထောက်၍ ရူပဗေဒ အဓိက ကျောင်းသူဖြစ်ကြောင်းသိရသည်။ ကျန်အချက်အလက်များကို တင်အောင်ခိုင်၏အကူအညီဖြင့် သိအောင် ကြိုစားရပေတော့အံ့။
    တင်အောင်ခိုင်ကို မန္တလေးဆောင်မှာပင် ရှာတွေ့သည်။ ဒီကောင်က မဟာသိပ္ပံတက်နေသူဖြစ်သည်။ အဆောင်အလယ်ထပ်ရှိ နမူနာကျောက်များထားသောနေရာနားမှာ တွေ့ခြင်း ဖြစ်ပါသည်။ လှေကားမှတက်လာစဉ်ကပင် သူ့အသံကျယ်လောင်လောင်ကို ကြားနေရလေသည်။
    " ဟေ့... ဒီသလင်းကျောက်ကြီးသာ စိန်တုံးကြီး ဖြစ်သွားရင် ဘယ်လောက်ကောင်းမလဲ၊ ကမ္ဘာပေါ်မှာ အကြီးဆုံးစိန်တုံးကြီး ဖြစ်သွားမှာပဲ၊ ဒါကြီးကို ထက်ပိုင်းဖြတ်ပြီး ငါ့ကောင်မလေးကို နားကပ်လုပ်ပေး၊ ဟေ့...ဟေ့ နားရွက်ကြီး ရှည်ထွက်လာမှာပဲ "
    တင်အောင်ခိုင်ကို အတင်းဆွဲခေါ်လာရသည်။ 'ဘာလုပ်မလို့လဲကွ' ဆိုပြီးကန့်လန့် ကန့်လန့်ပါလာ၏။
    " ဘာကိစ္စလဲကွ၊ မင်းကအရေးတကြီး၊ လက်ဖက်ရည်တိုက်မလို့လား "
    " ပြီးတော့တိုက်ပါ့မယ်ကွာ၊ ခုမင်းကိုပြစရာတစ်ခုရှိလို့ "
    " ဘာလဲ ယူရေနီယမ်သိုက်တွေ့ထားလို့လား "
    " အဲဒါထက်အဖိုးတန်တယ် "
    " သိပြီ သူငယ်ချင်း၊ ရတနာသိုက်ပဲ "
    ရူပဗေဒဌာန စာသင်ခန်းများအနီးတွင် တဝဲဝဲရယ်တဲ့ တလည်လည်ဖြစ်နေကြသည်။
    " မင်းအချိန်စာရင်းတော့ ကူးပြီးပြီလား "
    " အေး..ပြီးပြီ သတ်ယီးယား ပရက်တီကယ်ရှိတယ်၊ လေးနာရီခွဲလောက်မှပြီးမှာ၊ ဖိုင်နယ်တွေက နှစ်နာရီခွဲပြီးမယ် "
    " ဒါဆို အကြာကြီးစောင့်ရမှာပဲ၊ ခုမှနှစ်နာရီတောင်မထိုးသေးဘူး၊ လက်ဖက်ရည်သွားသောက်မယ်ကွာ၊ နှစ်နာရီခွဲခါနီးတော့ပြန်လာတာပေါ့ "
    " ဟာ...နေဦးကွာ၊ ကလပ်စ်က စောလွှတ်ရင် လွဲနေပါဦးမယ် "
    " မင်းဟာက မသေမချာကြီးပါကွာ၊ နှစ်နာရီခွဲအတန်းပြီးလို့ မတွေ့ရင် သတ်ယီးယား ပရက်တီကယ်ကို ဆက်စောင့်ရဦးမှာပေါ့ "
    " မင်းကလဲကွာ၊ တစ်နေ့တစ်လေပဲဟာ "
    နှစ်နာရီခွဲအထိ ရူပဗေဒခန်းမရှေ့က စင်္ကြအုတ်ခုံပေါ်မှာ ထိုင်စောင့်နေရသည်။ အတန်းလွှတ်ချိန်ကျတော့လည်း ထွက်လာသူတွေထဲမှာ သူမပါချေ။ တင်အောင်ခိုင်က ဟိုဟာလား၊ ဒီဟာလားလျှောက်မေးနေပြန်၏။
    " မပါဘူးကွာ "
    " ဒါဖြင့်ရင် ပရက်တီကယ်ပြီးအောင်စောင့်ရဦးမှာပေါ့ "
    " အဲဒါပဲ ရှိတာပဲ "
    တင်အောင်ခိုင်က ခဏစဉ်းစားလိုက်ပြီး...
    " ဟာ အပြင်ကနေ ချောင်းကြည့်ရတာ ကြောင်တောင်တောင်နဲ့ "
    " ဘာဖြစ်လဲကွာ၊ သူများတွေလဲ ဒီလိုပဲဟာ၊ လာပါကွာ "
    တင်အောင်ခိုင်က ဦးဆောင်၍ လက်တွေ့ခန်းများအနီးသို့ သွားကြပြန်သည်။ တံခါးပေါက်တစ်ပေါက်မှာ တစ်ခြမ်းပွင့်နေသည်။ အထဲသို့ကြည့်သော်လည်း သူ့မတွေ့ရ။ အတန်ငယ်ဟနေသော နောက်တံခါးတစ်ပေါက်မှချောင်းကြည့်ပြန်သည်။ အောင်ချစ်ဝင်းသည် ထိတ်ခနဲ ဝမ်းသာသွားလေ၏။ တတိယနှစ် ကျိန်းသေပြီ။
    " ဟေ့ကောင်... ဟိုမှာ ဟိုမှာ "
    " ဘယ်မှာလဲ "
    " ဟိုမှာ... အနီရောင်နဲ့ "
    " ဟင် ကုလားမကြီးပဲ "
    " ဟာ... အဲဒါမဟုတ်ဘူး၊ ဒီဘက်ကကွ၊ ဆံပင်ဖားလျားနဲ့ "
    " ဩော်... ဒါလား "
    " မင်းသိလား "
    " သိတာပေါ့ကွ၊ သူ့နာမည်က ဇာဇာတဲ့ "
    အို.. ဇာဇာတဲ့ ဘယ်လောက်လှတဲ့ နာမည်လေးလဲကွယ်။
    " ဒီမှာ... ဒီမှာ "
    နှစ်ယောက်စလုံး လှည့်ကြည့်သည်။
    " ကျွန်တော် ဂျီအော်လော်ဂျီ ဖိုင်နယ်က အောင်ချစ်ဝင်းပါ "
    " ဘယ်သူကမေးလို့လဲ "
    အအေးဆိုင်မှာတွေ့တုန်းက ပြုံးစိစိလုပ်နေသော ကောင်မလေးက ပြန်မေးသည်။ အောင်ချစ်ဝင်းနည်းနည်း ' နှာကစ် 'သွားသည်။
    " ကျွန်တော်ကလဲ ခင်ဗျားကိုပြောတာမဟုတ်ပါဘူး၊ ဒီကဇာဇာကို... "
    " ဘယ်ကဇာဇာလဲ "
    " သူလေ... "
    ဇာဇာဘက်သို့ သူမေးငေါ့ပြသည်။ ပြုံးစိစိမကလေးက.....
    " သူ့နာမည် ဇာဇာမှမဟုတ်ဘဲ "
    " ခင်ဗျာ... "
    သူအံ့ဩသွားသည်။ ရှက်လည်းရှက်သွားသည်။
    " ဆောရီးပဲဗျာ "
    သူလှည့်ထွက်လာခဲ့သည်။ ' ကြောင်လိုက်တာ 'ဟုလှမ်းပြောလိုက်သောအသံသည် သူ့နောက်ကိုပြေးလိုက်လာ၏။
    လှေကားပေါ်သို့ တက်မည်ပြုသော တင်အောင်ခိုင်၏ ကုပ်ကိုဖမ်းကိုင်လိုက်သည်။
    " ခွေးကောင် တင်အောင်ခိုင် "
    " ဟ..ဟ.. ဘာဖြစ်တာလဲ "
    " ဘာလဲကွာ "
    " သူ့နာမည် ဇာဇာမှမဟုတ်ဘဲ၊ မင်းသက်သက်မဲ့... "
    " ဟုတ်ပါတယ် "
    " ငါဆွဲထိုးမိမယ်နော်...မင်း "
    " ဟဲ..ဟဲ.. ဆောရီးပဲကွာ၊ သူ့နာမည်ကို ငါမှမသိဘဲ၊ ပါးစပ်ထဲတွေ့တဲ့နာမည်ကို ပြောလိုက်တာပဲကွာ "
    " မင်းလုပ်တာ ငါဘယ်လောက် အရှက်ကွဲတယ်မှတ်သလဲ "
    " ကဲပါကွာ... သူ့နာမည်ကို မသိသိအောင် ငါပဲ စုံစမ်းပေးပါ့မယ် "
    " လာပြန်ပြီ "
    ထိုနေ့က တင်အောင်ခိုင်က လက်ဖက်ရည်တိုက်သွားသည်။
    တင်အောင်ခိုင်သည် သူ့ဒုက္ခနှင့်သူ တော်တော်ပင်ပန်းသွားရရှာသည်။ ငွေသွင်းဌာနရှေ့တွင် သုံးရက်တိတိ သွားစောင့်သည်။ ကျောင်းသူတို့သည် ကျောင်းလခကို စောစောစီးစီး သွင်းတတ်ကြသည် မဟုတ်လား။ လဆန်းတစ်ရက်နေ့မှ သုံးရက်နေ့ထိ မနက်ဆယ်နာရီနှင့် နေ့လယ်တစ်နာရီလောက်ထိ ယောင်လည်လည်လုပ်ရင်း စောင့်ရသည်။ သုံးရက်နေ့ကျမှ ဟိုနှစ်ယောက် ငွေလာသွင်းသည်။ သူလည်း ငွေသွင်းဖို့တန်းစီသလိုလုပ်၍ နောက်နားက ကပ်ရပ်လိုက်သည်။ ငွေသွင်းပုံစံကိုလှမ်းတင်လိုက်သောအခါကျမှ မသိမသာခိုး၍ကြည့်ရ၏။ အမလေး.... နာမည်လေးသိရဖို့ ပင်ပန်းလိုက်တာ။ ပင်ပန်းရကျိုးနပ်အောင် ပြန်လုပ်ယူရမည်။ ဒါတောင် ဟိုကောင် အောင်ချစ်ဝင်းက မယုံချင်သေးချေ။
    " ဟေ့ကောင်... မင်းစကား ငါမယုံဘူး "
    " တကယ်ပါကွာ၊ ငါ ကက်ရှ်မှာ သုံးရက်တိတိစောင့်ပြီး စုံစမ်းလာတာပါ "     
    " ဒါဖြင့် သူ့နာမည် ဘယ်သူလဲ... ပြောလေ "
    " ဒီလိုတော့ ဘယ်ရမလဲကွာ၊ အရှည်ကြီးဆိုင်ကျမှ ပြောမယ် "
    " ဒီတစ်ခါ မင်းချောက်တွန်းရင်တော့ ခေါင်းကွဲပြီသာမှတ် "
    " မခင်သန်းမြင့် တစ်ယောက်တည်းလား "
    လန့်သွားသည်။ လှည့်ကြည့်သည်။ အံ့ဩသွားသည်။
    " နာမည်သိလို့ အံ့ဩသွားသလားဗျာ၊ ကျွန်တော်အပင်ပန်းခံပြီး စုံစမ်းထားရတာပါ "
    ဘာမှပြန်မပြောချေ။ အောင်ချစ်ဝင်းလည်း ပြောသာပြောနေရသည်။ နာမည်အမှန် ဟုတ်မှဟုတ်ပါ့မလားဟု သံသယရှိနေဆဲပင်။
    " ကျွန်တော့်ကို စကားတစ်ခွန်းလောက် ပြောခွင့်ပြုပါ "
    " မနှောင့်ယှက်ပါနဲ့ "
    အသံကို သေသေချာချာကြားဖူးပြီ၊ သာယာသံစာရင်းဝင်အသံမျိုး။
    " နှောင့်ယှက်တယ်လို့ထင်ချင်လည်းထင်ပါ၊ ဒါပေမယ့် အတန်းချိန်တွေအပျက်ခံပြီး မခင်သန်းမြင့်ကို လာလာစောင့်ရတဲ့အချိန်အတွက် ကျွန်တော့်ရဲ့ စွဲလမ်းမှုကို အသိအမှတ်ပြုစေချင်ပါတယ် "
    ခင်သန်းမြင့်၏ မျက်နှာတွင် ရှက်သွေးဖြာသွားသော အရောင်ကိုမြင်ရသည်။ သူ့စကားထိရောက်ကြောင်း သိရသဖြင့် အောင်ချစ်ဝင်း ဝမ်းသာသွား၏။ ဒီလောက်ပဲပြောဖို့ လိုမည်ထင်သည်။ သူလည်း တက္ကသိုလ်ကျောင်းသူတစ်ယောက်ပေပဲ။
    ဒါ... ပထမအဆင့်။
    × × × × × ×
    " ဒီမှာ... မပြုံးပြုံး "
    " ကျွန်မနာမည် မပြုံးပြုံး မဟုတ်ဘူး"
    " ဩော်...ဇာဇာလား၊ ဒါဖြင့် "
    " ပေါလှချည်လား "
    " ဒီလိုပါဗျာ၊ ခင်ဗျားက ကျွန်တော့်ကိုမြင်ရင် ပြုံးစိစိနဲ့ ကြည့်တတ်လို့ မပြုံးပြုံးလို့ ခေါ်တာပါ "
    " ထားပါတော့၊ ခုဘာကိစ္စရှိလို့လဲ "
    " ဟို... မခင်သန်းမြင့် မပါဘူးလား "
    " ဟင့်အင်း "
    " တွေ့ရင်ကျွန်တော်ကမေးတယ်လို့ ပြောလိုက်ပါနော် "
    " ကျွန်တော်ဆိုတာပဲ ပြောရမှာလား၊ ရှင့်နာမည်မှမသိဘဲ "
    " ကျွန်တော့်နာမည်သိချင်ရင် ကျွန်တော်ကျောင်းလခသွင်းတဲ့အခါ လာစောင့်နေပေါ့၊ ငွေသွင်းပုံစံထဲကို ခိုးကြည့်ရင် အောင်ချစ်ဝင်းဆိုတာ တွေ့လိမ့်မယ် "
    ×  ×  ×  ×
    " မခင်သန်းမြင့်ရယ် ကျွန်တော်စောင့်နေရတာ သုံးလတောင်ကျော်ခဲ့ပါပြီ "
    ဘာမှ ပြန်မပြောချေ။
    " ကျွန်တော့်မှာလက်မခံနိုင်လောက်တဲ့ အပြစ်တွေ ရှိနေလို့လားဟင် "
    ခေါင်းညိတ်ခြင်း၊ ခေါင်းခါခြင်းမပြု။
    " ကျွန်တော့်ကို စကားတစ်ခုခုတော့ ပြန်ပြောပါဦး "
    " ကျွန်မ မပြောတတ်ဘူး "
    ခင်သန်းမြင့်ထံမှ စကားတစ်ခွန်းကို ကြားရဖို့ အလွန်ခက်ခဲလှဘိသည်။
    ×  ×  ×  ×  ×
    " လာမယ့် ဆယ်ရက်နေ့ဆိုရင် ခြောက်လ ပြည့်ပြီနော် "
    " ရှင် "
    " ကျွန်တော်စောင့်ခဲ့ရတာကို ပြောတာပါ "
    " ကျွန်မ... မသိဘူး "
    " ကျွန်တော်ကတော့ သေသေချာချာ မှတ်ထားတာပါ "
    ခင်သန်းမြင့်သည် ဘယ်လိုနည်း။  အောင်ချစ်ဝင်း သူ့ကိုချဉ်းကပ်ခဲ့သည်မှာ ခြောက်လပင်ပြည့်တော့မည်။ ခုထိ သူရဲဝံ့စွာ စကားမတုံ့ပြန်သေးချေ။ အရှက်အကြောက်ကြီးသူဟု ဆိုရမလား၊ ဣနြေ္ဒကြီးသူဟု ဆိုရမလားမသိ။
    " ဒီလောက်ကြာမှတော့ ကျွန်တော့်အပေါ် တစ်ခုခုဆုံးဖြတ်ချက်ရသင့်ပါပြီဗျာ "
    အောင်ချစ်ဝင်းသည် ခင်သန်းမြင့်ကို အကဲခတ်ကြည့်သည်။ တစ်ခုခုပြန်ပြောမည့် အရိပ်အယောင်ကို မမြင်ရ။ အောင်ချစ်ဝင်း စကားကိုဆက်ရသည်။
    " ကျွန်တော့်ကို အခွင့်အရေးတစ်ခုတော့ ပေးပါ မခင်သန်းမြင့်ရယ်၊ ဆယ်ရက်နေ့က စနေနေ့နော် မခင်သန်းမြင့်တို့ ကလပ်စ် ဆယ့်တစ်နာရီပြီးမှာ မဟုတ်လား၊ ပြန်ရရင် ဒီလမ်းအတိုင်း ပြန်ပါဗျာ၊ ကျွန်တော် ဟို..ညောင်ကြတ်ပင်အောက်က စောင့်နေပါ့မယ်၊ အဲဒီနေ့ကျရင် ကျွန်တော့်ကို အဖြေပေးပါတော့ဗျာ "
    ခင်သန်းမြင့်က တစ်ခုခုပြန်ပြောရန် ဟန်ပြင်သည်။ အောင်ချစ်ဝင်းက အခွင့်မပေး။
    " ကျွန်တော့်ကိုလက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ ဒီလမ်းအတိုင်းပြန်ဖြစ်အောင် ပြန်ပါနော် "    
    ×  ×  ×  ×  ×  ×
    ဆယ်နာရီ ခွဲပြီးကာစကပင် ညောင်ကြတ်ပင်အောက်မှ ခုံတန်းကလေးမှ ထိုင်စောင့်နေသည်။ အောင်ချစ်ဝင်းဟု ထင်လျင်မှားပါလိမ့်မည်။ တင်အောင်ခိုင်ပင်ဖြစ်သည်။
    ဖြစ်ပုံမှာ ဤသို့တည်း။ အောင်ချစ်ဝင်းသည် တင်အောင်ခိုင်ကို မနေ့က အရေးတကြီး ရှာဖွေခဲ့လေသည်။ ပြီးတော့ ခင်သန်းမြင့်အား သူ့ကိုယ်စားသွားတွေ့ပေးရန် တင်အောင်ခိုင်ကိုတောင်းပန်သည်။
    " ဟ ငါ့ကိုချိန်းတာမှ မဟုတ်ဘဲ "
    တင်အောင်ခိုင်က ငြင်းသည်။
    " ဒီလိုကွာ ခင်သန်းမြင့်နဲ့ချိန်းထားတဲ့အချိန်က မနက်ဖြန် ဆယ့်တစ်နာရီမဟုတ်လား၊ ငါ့အဘိုးကြီးကလဲ နက်ဖြန် ဆယ်နာရီ လေးဆယ့်ငါးရထားနဲ့ရန်ကုန်ကို လာမှာကွ၊ ငါသွားကြိုရမှာ။ ခင်သန်းမြင့်ဆီ ဘယ်လိုမှ သွားလို့ရမှာ မဟုတ်ဘူး "
    " မင်းအဘိုးကြီးကို ငါသွားကြိုမယ်လေကွာ "
    " မင်းမှ ငါ့အဘိုးကြီးကို မမြင်ဖူးဘဲ "
    " အေး... ဟုတ်သားပဲ၊ ခက်တာပဲကွာ "
    " မတတ်နိုင်ဘူးကွာ၊ မင်းပဲ ကူညီပေါ့ကွာ၊ ငါ့ကိုယ်စားခင်သန်းမြင့်ကို သွားစောင့်ပေးပါကွာ၊ တွေ့ရင် ငါမလာနိုင်တဲ့အကြောင်းပြောပြပြီး "
    " တော်တော်တော့ ကြောင်စီစီနိုင်တာပဲ "
    " ဒီလိုမှ မလုပ်ရင် မဖြစ်လို့ပါကွာ၊ ကူညီပါ သူငယ်ချင်းရာ၊ တောက် အဖေကလဲ ဒီရက်ကျမှ လာရတယ်လို့ "
    ထို့ကြောင့် တင်အောင်ခိုင် ဒီမှာ လာစောင့်နေရခြင်းဖြစ်လေသည်။ သူ့လက်မှ နာရီကိုကြည့်သည်။ ဆယ့်တစ်နာရီ။
    တင်အောင်ခိုင်သည် သူ့အဖြစ်ကို ပြန်စဉ်းစားပြီး ရယ်သည်။ ဘယ်လောက်ကြောင်သနည်း။ ခင်သန်းမြင့်လာလျှင် သူ့ကိုယ်သူ အရင်မိတ်ဆက်ရမည်။ ပြီးတော့ အောင်ချစ်ဝင်း မလာနိုင်ကြောင်းကို နားလည်အောင်ရှင်းပြရမည်။ အောင်ချစ်ဝင်း၏အဆိုအရ ခင်သန်းမြင့်သည် ရှက်တတ်သတဲ့။ တကယ်လို့များ သူ့စကားကို ဆုံးအောင် နားမထောင်ဘဲ ရှက်ရှက်နှင့် ထွက်သွားခဲ့လျှင်...
    ခုမှပင် သူဆောင်ရွက်ရမည့် တာဝန်၏ ပမာဏကို ခန့်မှန်းမိသည်။ မလွယ်ပါလား။
    ဆယ့်တစ်နာရီ ဆယ့်ငါးမိနစ်။ ခင်သန်းမြင့် မလာသေး။
    အင်းလေ... အတန်းပြီးတော့ အိမ်သာများ ဝင်နေလို့လားတော့ မသိ။ ဒါမှမဟုတ် လာရမှာရှက်လို့ ချီတုံချတုံ ဖြစ်နေတာများလား။ သို့ရာတွင် ဆယ့်တစ်နာရီခွဲသည်အထိ ခင်သန်းမြင့် အရိပ်အယောင်ကိုပင် မမြင်ရ။
    တင်အောင်ခိုင်စိုးရိမ်စပြုလာသည်။ ဆရာက နောက်တစ်ချိန်ဆက်ပြီး သင်နေလို့များလား။ အတန်းရှိရာသို့ သွားနေတုန်း ဟိုက ဒီကိုရောက်နေလျှင် ခက်မည်ဟု စဉ်းစားမိသောကြောင့် မသွားဖြစ်။ အောင်ချစ်ဝင်းကိုယ်စား စိုးရိမ်ရခြင်းပင်ဖြစ်သော်လည်း သူတာဝန်ယူလာသော ကိစ္စဖြစ်သောကြောင့် သူကိုယ်တိုင် စိုးရိမ်နေရသည်နှင့် မခြားရှိသည်။
    ဆယ့်တစ်နာရီလေးဆယ့်ငါးမိနစ်။ အခြေအနေ မထူးခြားသေး။ စိတ်ထဲက ဟိုဟိုဒီဒီလျှောက်တွေးစပြုလာသည်။ ခင်သန်းမြင့် လှည့်စားပြီလော။
    ဆယ့်နှစ်နာရီ။ စနေနေ့ဖြစ်သောကြောင့် နောက်ထပ်အတန်းချိန်မရှိတော့။ ပတ်ဝန်းကျင်၌ အိမ်ပြန်သူ စားသောက်ဆိုင်တန်းသွားသူတို့ဖြင့် စည်ကားနေပြီ။ ဗိုက်ထဲက ဆာလာသည်။ ထို့အတူ စိတ်လည်းတိုလာသည်။
    ဆယ့်နှစ်နာရီဆယ်မိနစ်။ ဒေါသဖြစ်သည့်အဆင့်သို့ရောက်ရှိသွားလေတော့သည်။ ကြည့်။ ဘယ်လောက်ယုတ်မာသနည်း။ ချိန်းထားပြီးမှ မလာဘဲနေသည်။ ဒါသက်သက်လှည့်စားတာ။ စော်ကားတာ။ အောင်ချစ်ဝင်းကတော့ ကာယကံရှင်မို့ ထားပါတော့။ သူက ဘာမဆိုင် ညာမဆိုင်ကြားထဲက အချောင်ခံရသည်။ ထမင်းဆာခြင်း၊ စိတ်မောခြင်း။
    ဆယ့်နှစ်နာရီခွဲသောအချိန်တွင် ဒီနေရာကို စွန့်ခွာဖို့ သူဆုံးဖြတ်လိုက်သည်။ မလာတော့သည်မှာ သေချာပြီ။ စိတ်ထဲက အလွန်အမင်းမခံချိမခံသာ ဖြစ်နေရသည်။ အောင်ချစ်ဝင်းကတော့ ဘယ်လိုနေမလဲမသိ။ သူကတော့ ခင်သန်းမြင့်ကို တွေ့ရာနေရာမှာ ' ချဲ 'ဖို့ ဆုံးဖြတ်ပြီးသား။
    မတ်တပ်ရပ်လိုက်သည်။ သူထိုင်ခဲ့သော ခုံတန်းကို လက်ဝါးစောင်းဖြင့် တစ်ချက်ရိုက်သည်။ သူလှည့်ထွက်လာခဲ့ပြီး လေးငါးလှမ်းလောက်လျှောက်မိချိန်တွင် နောက်မှ ' ဒီမှာ 'ဟုခေါ်သံကြားသောကြောင့် ဝမ်းမြောက်စွာ လှည့်ကြည့်လိုက်သည်။ သို့ရာတွင် ခင်သန်းမြင့်မဟုတ်ချေ။ အမျိုးသမီးတစ်ယောက်။ မြင်ဖူးသလိုလိုတော့ ရှိသည်။ ဘယ်သူမှန်းမသိ။
    " ဒီမှာ... လူတစ်ယောက်လာတာ မတွေ့မိဘူးလားဟင် "
    " ဘာပြောတယ်၊ ကျုပ်လဲလူပဲဗျ "
    " အို... "
    အမျိုးသမီးမှာ ရှက်ရွံ့အားနာသွားပုံရသည်။ တင်အောင်ခိုင်သည် သူ့ကိစ္စနှင့်သူ ဒေါသဖြစ်နေသောကြောင့် မဆိုင်သူကို သွားဟောက်မိသည့်အတွက် အားနာသွားသည်။ သူကလေးကကော ချိန်းထားတဲ့သူ မလာလို့ပေလားမသိ။
    " ဆောရီးပဲဗျာ... ကျွန်တော် တောင်းပန်ပါတယ်၊ ဘာကိစ္စရှိလို့လဲ "
    အမျိုးသမီးမှာ ပြောသင့်မပြောသင့် စဉ်းစားနေပြီးမှ...
    " ရှင်က ကိုအောင်ချစ်ဝင်းရဲ့သူငယ်ချင်းမဟုတ်လား "
    " ခင်ဗျာ "
    သူ အံ့ဩသွားသည်။ ' ဟုတ်ပါတယ် 'ဟု ဖြေသည်။
    " ကျွန်မက ခင်သန်းမြင့်ရဲ့သူငယ်ချင်းပါ "
    " ဗျာ "
    " ကိုအောင်ချစ်ဝင်း မလာဘူးလား "
    တင်အောင်ခိုင်က အောင်ချစ်ဝင်း အကြောင်းကို ရှင်းပြသည်။ ပြီးတော့ ' ခင်သန်းမြင့် မလာဘူးလား 'ဟုပြန်မေးသည်။ အမျိုးသမီးက ပြုံးစိစိနှင့်လုပ်နေသည်။ အောင်ချစ်ဝင်းပြောသော မပြုံးပြုံးဆိုတာ ဖြစ်မည်။ သူက ခင်သန်းမြင့် မလာနိုင်ကြောင်း ကိုယ်စားလာခြင်းဖြစ်သည်။ အောင်ချစ်ဝင်းအား မခင်သန်းမြင့်က ပေးခိုင်းလိုက်သော စာအိတ်ကလေးကို ပေးသည်။ စာကို ဖွင့်ကြည့်ရန် မလို။ စာအိတ်ပေါ်က လိပ်ပြာကလေးနှစ်ကောင်ပုံကို ကြည့်ခြင်းအားဖြင့် အခြေအနေကိုသိသာနိုင်သည်။
    ကဲ...ဘယ်လောက် ထူးဆန်းသနည်း။ ဒါ ဘာဟုတ်သေးလဲ။ ဒါထက် ထူးဆန်းတာ ရှိသေးသည်။ ခင်သန်းမြင့် မလာနိုင်သောအကြောင်းမှာ...
    ခင်သန်းမြင့်၏ အဖေသည် ဒီနေ့ ဆယ်နာရီလေးဆယ့်ငါး ရထားဖြင့်နယ်မှ ရောက်လာမည်ဖြစ်သောကြောင့် ဘူတာရုံသို့ သွားကြိုနေရလို့ပါတဲ့။

----------------------------------------------

မင်းလူ
(တက္ကသိုလ်များပုံနှိပ်တိုက်၊ နှစ် ၂၀ မြောက်မဂ္ဂဇင်း၊ ၁၉၈၀)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...