Thursday, November 22, 2012

ကင်ဆာဖြစ်စေနိုင်သော ငရုတ်သီးမှုန့် အမှတ်တံဆိပ် (၂၀) ကို ဥပဒေအရ အရေးယူ


by ဆေးလောက on Thursday, November 22, 2012 at 2:34am ·

               FDA မှ ရွေ့လျားဓာတ်ခွဲခန်းဖြင့် ဈေးများရှိ စားသောက်ကုန်များကို စစ်ဆေးနေစဉ်

မြန်မာ တစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရောင်းချနေသည့် ဈေးကွက်များအတွင်း၌
ကင်ဆာဖြစ်နိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသော ငရုတ်သီးမှုန့် နှင့် နနွင်းမှုန့်ကဲ့သို့ အမှုန့်မျိုးစုံမှာ ဆိုးရွားစွာ ပျံ့နှံ့လျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန် ထားသည်။


၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသော ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအားကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA မှ ထုတ်ပြန်ထားသည်။

 ယင်းသို့ စစ်ဆေးရာတွင် ငရုတ်သီးမှုန့်နမူနာ ၅၃၄ ခုတွင် ၁၇၅ ခု၌ စားသုံးသူအား ကင်ဆာဖြစ်စေနိုင်ပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် အဆိုပါ ငရုတ်သီးမှုန့်များကို ထုတ်လုပ်ခဲ့သည့် အမှတ်တံဆိပ် ၂၀ အား အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က)အရ အရေးယူထားကြောင်း သိရသည်။

ယင်းအပြင် နနွင်းမှုန့်နမူနာ ၄၃၀ ကို စစ်ဆေးရာတွင် ၃၉ ခု၌ စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိရ၍ ယင်းနနွင်းမှုန့်များ ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်ခုကိုလည်း အမျိုးသားအစားအသောက် ဥပဒေအရ အရေးယူထားကြောင်း သိရပါသည်။

အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈(က) အရဆိုပါက ထောင်ဒဏ်သုံးနှစ်နှင့် ငွေဒဏ်ကျပ် ၃၀၀၀၀ သို့မဟုတ် ထောင်ဒဏ်နှင့်ငွေဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။

ငရုတ်သီးမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ် ၂၀ နှင့် နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်ခုတို့မှ ထုတ်လုပ်ထားသည့် အမှုန့်များမှာ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက် ရရှိမထားဘဲ ထုတ်လုပ်ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအမည်လိပ်စာများ ဖော်ပြထားခြင်းမရှိဘဲ ထုတ်လုပ်ရောင်းချခြင်း ဖြစ်ကြောင်းကိုလည်း ကျန်းမာရေးဝန်ကြီးဌာနမှ နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

ထို့အတွက် အဆိုပါအမှတ်တံဆိပ်များမှ ထုတ်လုပ်သည့် အမှုန့်များမှာ စားသုံးရန်မသင့်ကြောင်းကိုလည်း သတိပေးထားသည်။

ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်များတွင် သုံးစွဲထားသည့် စားသုံးရန်မသင့်သော ဆိုးဆေးများမှာ အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုသည့် Auramine-O နှင့် Rhodamine B အမျိုးအစားများဖြစ်ကြောင်း သိရသည်။

  • Rhodamine B အမျိုးအစားမှာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်းနှင့် ရေရှည်စားသုံးပါက ကင်ဆာရောဂါများ ဖြစ်စေနိုင်သည့် အနီရောင်ဆိုးဆေး ဖြစ်ကြောင်း၊
  • Auramine-O မှာ ရေရှည်တွင် အသည်းနှင့်ကျောက်ကပ်ရောဂါ ဖြစ်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်းနှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့ရှိ ဈေးကွက်များအတွင်း စစ်ဆေးရာတွင် တွေ့ရှိခြင်းဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးနီးပါးသို့ ပျံ့နှံ့နေသည်ဟု ဆိုရမည်ဟု ကျန်းမာရေးဆိုင်ရာ ဆရာဝန်များက ပြောကြားခဲ့ပါသည်။

“ဒီစာရင်းအရဆိုရင်တော့ တစ်နိုင်ငံလုံးနီးပါးမှာ ပျံ့သလိုပါပဲ။ ဒါထိထိရောက်ရောက် အရေးမယူလို့ ဆက်လုပ်နေကြတာ။ သိတယ်၊ စစ်တယ်၊ မိတယ်။ အရေးယူတာကျ မထိရောက်ဘူး၊ ပင်ရင်းထုတ်တဲ့အထိ အရေးမယူဘူး။ ဆက်လုပ်တာပေါ့။ ဒါကြောင့် အခုလောက်ထိ ဆိုးဆိုးရွားရွား ပျံ့နှံ့နေတာ။ ဒါတောင် မိတဲ့ဟာပဲရှိသေးတယ် တကယ့်နာမည်ကြီး တံဆိပ်တွေမှာလည်း ဒီလိုရှိနိုင်တယ်။ အထပ်ထပ်စစ်ပြီး နာမည်ကြီးတာ မကြီးတာမခွဲနဲ့ တစ်ခါတည်း အရေးယူပစ်ရမယ်။ အခုက နေ့တိုင်းအများပြည်သူက အဆိပ်တွေကို ပါးစပ်ထဲထည့်နေရတယ်။ ကြာရင် နိုင်ငံမှာ ကျန်းမာရေးအတွက် အခက်အခဲတောင် ရှိလာနိုင်တယ်။ နှစ်ကြာလာတာနဲ့အမျှ ဒီဒဏ်တွေကို အများပြည်သူ ခံစားရတော့မှာလေ” ဟု မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိထားသည့် အမှတ်တံဆိပ်များ

  • ၀င်းမိုး ငရုတ်သီးမှုန့်
  • မော်လမြိုင် ငရုတ်သီးမှုန့်
  • ရွှေမင်းဝန် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  • အိအိချို ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  •  စံပယ် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  •  နှင်းပုလဲ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  •  ဘုရင် ငရုတ်သီးမှုန့်
  • ညိုညို ငရုတ်သီးမှုန့်(အနုမှုန့်)
  • အောင်ကြည်သိန်း ငရုတ်သီးမှုန့်
  • နိုင်း ငရုတ်သီးမှုန့်(အနုမှုန့်)
  • ရွှေမြင့်မိုရ် ငရုတ်သီးမှုန့်(အနုမှုန့်)
  • ဓူဝံ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  •  ဖိုးဝ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  • ရွှေဝတီ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  • ညွှန့်သဘာဝ ငရုတ်သီးမှုန့်(အလှော်မှုန့်)
  •  ရဲသီဟ ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  • သွယ်သွယ်အေး ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  •  မြန်မာရနံ့ ငရုတ်သီးမှုန့်(အကြမ်းမှုန့်)
  • စွဲကြိုက် ငရုတ်သီးမှုန့်(အရောင်တင်မှုန့်)
  • မွှေးမွှေးလေး နနွင်းမှုန့်
  • ရွှေမိ နနွင်းမှုန့်
  • ဖိုးဝ နနွင်းမှုန့် တို့ဖြစ်သည်။

Ref; EMG


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...