Thursday, November 1, 2012

မျက်နှာ အဖြူ တခြမ်း ၊ အနက် တစ်ခြမ်းနဲ့ ငါတို့တွေ . . .


by Mar Ga Luelin on Thursday, November 1, 2012 at 3:23am ·

( ၁ )

အနီရောင်တောက်တောက် မှာ အမောက်ထောင်လာတဲ့မြို့
လူအင်အားစိုက်မှ လေးဘီလုံးသွား ယန္တယားပေါ တဲ့ မြို့
နိုင်ငံတကာ လှည့်လာတဲ့ လူတစ်ယောက်က
ဒီဒေသမှာ ဘာပေါသလဲ မေးသတဲ့
မြို့ခံလူက လူလည်နဲ့ခွေးချေးပေါတယ်လို့ ဖြေတယ် . . .


တကယ့်ဘ၀ စစ်စစ်တွေက ညစ်ညစ်ထေးထေး
ကိုယ်ကာယ နဲ့ ပုခုန်းတင် ပုဆိုးစုတ်လေး သုံးပြီးငွေရှာ
ရလာတဲ့ ကုန်ထမ်းခတွေကို
အရက်ဆိုင်မှာ အရည်ဖျော်ပစ်
အိမ်လခ ပေးပြီး အရည်ဖျော်ပစ်
သားသမီးအများကြီးဆီမှာ အရည်ဖျော်ပစ်
ဆိပ်ကမ်းက မိန်းမပျက်တွေဆီမှာ ပျော်ဝင်ပစ်
ရီရယ်လစ်ဇင် ရီးရဲလ် လိုက်ဖ်
အချောင်သာရရင် သူများမယားလည်း ကြာကူလီရိုက်ဖို့ ၀န်မလေး . . .

ကျော်ကျော်ဟိန်း ရေ . . .
မင်း နဲ့ ငါ နဲ့ က ဒီလိုနေရာမျိုးမှာ ကြီးပြင်းခဲ့
ဆိုရှယ် ရီပတ်ဗလစ်
ငွေမရှာတတ်ပါဘူးဆိုတဲ့ မင်းအဖေ ပြည်သူ့ရဲ က
အိမ်တစ်ဆောင် မီးတစ်ပြောင်
လစ်ဗရယ် ဒီမိုကရက်တစ်
ပညာတတ် ငါ့ ဦးလေး ၀န်ထမ်းကြီးမှာလဲ
ရွှေရောင်တ၀င်းဝင်း  ငွေရောင်တ၀င်းဝင်း
ငါတို့ ငယ်ဘ၀ ကလည်း
သူများ သီဟိုပင်ပေါ်မှာ
သူတပါး ဇီးပင်ပေါ်မှာ
ဓါတ်ဆီ တိုင်ကီအကုန် တွေကို စောင်းချ
အကပ်အသတ်ကို ဖေါ့ နဲ့ စုပ်ပြီး ငွေရှာ
ဒီတစ်ပုဒ်ကတော့ ငါရေးနေကြ ကဗျာတွေလို
ကာရံ လှတော့မှာ မဟုတ်ဘူး . . .

( ၂ )

ငါ  ၆တန်း ဆေးလိပ်စသောက်တော့
မင်း နှခေါင်း ရှုံ့တယ်
မင်း ၉တန်း အရက်စသောက်တော့
ငါ ခေါင်းယိမ်းမိတယ်
မင်း ပထမနှစ်ကျောင်းသားဘ၀မှာ
ဓါးထိုးမှု့နဲ့ ထောင်ကျ
ငါ က ဒုတိယနှစ်ကျောင်းသား
စာမေးပွဲတစ်ဘုံးဘုံးကျ
ဘာပဲဖြစ်ဖြစ် အဲ့ဒီအချိန်တုန်းက ကိုယ့်အယူအဆနဲ့ကိုယ်မှန်ခဲ့ကြ
အခုအချိန်ပြန်တွေးရင် ရင်နာစရာကောင်းပေါ့ . . .

ဂျိုပေါက်တဲ့ အရွယ်ရောက်စ
မင်းဟာ အမျိုးသမီးတစ်ယောက်ပြီး တစ်ယောက်နဲ့
အောက်ခံအခင်းမပါပဲ
ကမ်းစပ် အလေ့ကျတောထဲ မှာ
နဒီသောင်ယံ ပန်းခြံက ခုံနဲ့နဲ့လေးမှာ
ဟိုနား ဒီနား ဟိုခြုံ ဒီခြုံမှာ
ဆန္ဒက မိနစ်ပိုင်းနဲ့ ပြည့်ပေမယ့်
ဘ၀ဆိုတဲ့အမျိုးက နှစ်ချီတည်ဆောက်လို့တောင်မရဘူး သူငယ်ချင်း
စာရိတ္တပိုင်းဆိုင်ရာက မိန်းမလျှာတောင် မချန်အောင် ပျက်စီးသွားကြပြီဆိုတော့ . . .

ရာသီဥတု က အနောက်မုတ်သုံက ခွာပြီ
မြို့မှာ လူစိမ်း သူစိမ်း ငွေစိမ်းစိမ်းတွေ ရောက်လာပြီ
ဆိုက်ကား က ဆိုင်ကယ်ကယ်ရီဖြစ်
ထော်လာဂျီ က ဒိုင်နာတွေဖြစ်
မြို့လယ်က အိမ်တွေ သိန်းထောင်ချီဖြစ်
ငါက ရန်ကုန်မှာ ကုပ္ပဏီဝန်ထမ်းဖြစ်
မင်းက မြို့ခံကုလသမဂ္ဂရုံးမှာ စကျူရတီ ဆိုလား
လုံခြုံရေးမှုးကြီး ဆိုလား
ထောင်ထွက်ကြီး မင်းက နံပါတ်ဒုတ်ကြီး တကားကား
ကဗျာဆရာကြီးဖြစ်ချင်တဲ့ ငါက စာအုပ်ကြီး တကားကား
အခုအချိန်ထိ မိန်းမဖွံ့ထွားထွားတွေ မြင်ရင်
တို့နှစ်ယောက်လုံး အရင်လို ငေးတုန်းပဲဆိုတာတော့ ၀န်ခံရမယ် . . .

( ၃ )

တချိန်က ပင်လယ်ကျောက်တန်းမှ ထိုင်ရင်း
မင်း အစ်မ တခုလပ်မလေးကို ငါယူမဲ့အကြောင်းဆွေးနွေး
ငါက မင်း ဘယ်ကလေးမတွေနဲ့ ဖြစ်ပျက်ခဲ့တယ်ဆိုတာ နားထောင်
ဆည်းဆာတွေကို ချေမွပစ်
အာရုဏ်ဦးတွေကို နင်းချေပစ်
တို့ဟာ လူသားစစ်စစ် ပီသဖို့
တို့ဟာ လူငယ်စစ်စစ် ပီသဖို့
ကိုယ့်စိတ်ဓါတ်တွေကို ရိုက်ချိုးပြီး အမှောင်ကို ပခုန်းထမ်းတင်ဖို့
သိပ်မခက်ခဲ ပျော်မွေ့ခဲ့ကြပေမယ့်
ပညာတတ် ကလေကချေအဖြစ်ကနေ
ပညာရှိ လူကြီးလူကောင်း ဖြစ်ဖို့ကျတော့
လူ့မျက်နှာ စေ့စေ့ ကြည့်ပြီး ဓါးနဲ့ထိုးဖို့ထက် ပိုခက်တယ် သူငယ်ချင်း . . .

ခက်တာက
မင်းကလဲ လူဇော်ဖြစ်ချင်တဲ့ ကောင်
ငါကလဲ လူမော်ဖြစ်ချင်တဲ့ ကောင်
ကိုယ်ရည်ကိုယ်သွေးဆိုတာကလဲ တက်ကျမ်းတွေဖတ်ရုံနဲ့မရ
ဒီတော့ မင်းက အားသန်ရာ မိုက်ဂုဏ်ပြ
ငါကလဲ ၀ါသနာပါရာ ဗီဇပြ
မင်းပြောတာ မှန်တယ် ကျော်ကျော်ဟိန်း
ငါတို့က သူများကိုးကွယ်တာ ခံချင်တဲ့ကောင်တွေ
အခုချိန်ထိ မင်းရော ငါရော ပလ္လင်နဲ့ မတန်သေးဘူး . . .

အဲ့ဒီမြို့ အနီရောင်တောက်တောက်အောက်မှာ
ငါတို့ မွေးခဲ့ကြတယ်
အဲ့ဒီမြို့ ရွှေဝါရောင်တောက်ပတဲ့ အချိန်မှာ
ငါတို့ ပြန်သေကြမယ်
အဲ့ဒီ စပ်ကြား မင်းရော ငါရော ခေါင်းဖြူတဲ့အခါ
ဒီအကြောင်းတွေ ရေနွေးသောက်ရင်း စမြုံပြန်ကြတာပေါ့ . . .


 မာဃသစ္စာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...