ဝါဒမှိုင်းတိုက်မှုတွေ…လာရာ…လားရာ
by Kyawmoe Aung on Wednesday, November 21, 2012 at 2:22am ·
ငယ်ငယ်က သမိုင်းမှာ သင်ခဲ့ဖူုးသလောက်ဆို ဖက်ဒရယ်မူဆိုတာကြီးက တိုင်းရင်းသားတွေက ပြည်ထောင်စုကို ဖြိုဖျက်ဖို့အကြံအစည်ဆိုပဲ။
ခုတစ်လောဂျာနယ်တွေမှာတွေ့ရတော့ကျ အဲလိုမဟုတ်ပါလား။ ဘယ်လိုဖြစ်သွားတာပါလိမ့်။
လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ဆယ်တန်းကျောင်းသားတစ်ယောက်နဲ့ စကားစမည်ပြောဖြစ်တော့ ထိုင်းတွေကို အလွန် အမြင်ကပ်တယ်တဲ့။ သူလည်း ထိုင်းမရောက်ဖူးဘဲနဲ့ … ဘယ်ကထိုင်းလူမျိုးနဲ့မှလည်း ပတ်သက်ရာပတ်သက်ကြောင်းရော ရန်ငြိုးရန်စပါ မရှိဘဲနဲ့ ဘယ်လိုဖြစ်ပါလိမ့်ပေါ့ … မေးကြည့်တော့မှ (ကျွန်တော်တို့လက်ထက်က မပါခဲ့တဲ့၊ သူတို့တွေလက်ထက် ခဏတာပြဌာန်းခဲ့တဲ့) ထိုင်းမြန်မာဆက်ဆံရေး ကျောင်းသင်ရိုးညွှန်းတမ်း ဝါဒဖြန့်စာအုပ်ရဲ့ နောက်ဆက်တွဲအောင်ပွဲပေါ့။ ခုတော့တစ်ခါ ဒီရောဂါ ပြီးသွားပြန်ပါပြီ။ နှစ်ပြည်ထောင်လမ်းတွေဖောက်လို့။
ဒါပေမယ့် မကြာသေးခင်က ထိုင်းပညာရေးတက္ကသိုလ်တစ်ခုက ဆရာရဲ့ ပြောစကားအရတော့ ထိုင်းနိုင်ငံရဲ့ သင်ရိုးတစ်ချို့မှာတော့ ဗမာမကောင်းကြောင်းတွေ ကျန်သေးဆိုပဲ။ ပညာရေးလောကက ဆရာတစ်ယောက်ဖြစ်တဲ့ သူကတော့ အဲဒါတွေက တကယ်တမ်းတော့ အဆိပ်အတောက်တွေမို့ သင်ရိုးထဲမှာမထည့်တော့ဖို့ သူတို့တွေ နိုင်သလောက် ကြိုးစားပြင်ဆင်နေပြီ။ မျိုးချစ်စိတ်ရှိဖို့အရေး နောင်လာနောင်သားတွေရင်ထဲကို အမုန်းတရားလက်ဆင့်မကမ်းချင်တော့၊ မှားခဲ့ကြတဲ့သမိုင်းအသီးသီး ရှိခဲ့ကြတာကို (ကျုးကျော်နယ်ချဲ့မှုစသည့်) မကောင်းသောဖြစ်ရပ်ဝါဒ၏ မကောင်းကြောင်းကိုသာ သင်ခန်းစာယူစေချင်သည်၊ ထိုစဉ်ကဖြစ်ရပ်များနှင့် မည်သို့မျှ သက်ဆိုင်ခြင်း အလျဉ်းမရှိသည့် လက်ရှိလူသားကမ္ဘာက မည်သူမျှ ဒီဖြစ်စဉ်၏အကျိုးဆက် ဆိုးမွေ အမုန်းတရား မဆက်ခံရစေသင့်တော့ပါတဲ့။
ကိုယ့်အမျိုးကိုယ်ချစ်ဖို့ ကိုယ့်နိုင်ငံကိုယ်ချစ်ဖို့ သူများကိုမုန်းပြစရာ၊ ရန်လုပ်စရာမလိုပါတဲ့။
ထိုအချက်မှန်ကန်ကြောင်း ဘန်ကောက်မြို့တွင်း ကိုယ်တွေ့ကြုံခဲ့ရသည့် ဥပမာရှိသည်။ ညနေစောင်းပိုင်း Chatuchak Weekend Market ကို အလည်ရောက်စဉ် ညနေ ၆နာရီတိတိတွင် လမ်းပေါ်ကလူတွေကားတွေအားလုံး ရုတ်တရက် ရပ်သွားသည်၊ အစကတော့ ချက်ချင်း သတိမပြုမိ၊ ကိုယ်က ကိုယ့်အရှိန်နှင့်ကိုယ် မုန့်က လက်တစ်ဖက်ကစားရင်း၊ မျက်လုံးက ဈေးဆိုင်များအား ငေးရင်း တောသား မြို့ရောက်ကိုး။ နောက်မှ နိုင်ငံတော်သီချင်းသံကြား၍ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြမှန်းသိရသည်။ မြန်မာပြည်မှာ ရုပ်ရှင်ရုံအတွင်း အလံတော်အလေးပြုသည်ကို မတ်တပ်မရပ်ကြသူတွေ၊နိုင်ငံတော်သီချင်းသံ ပြိင်္းသွားသည်အထိတောင် မစောင့်နိုင် မအောင့်နိုင်ကြသူများကို ချက်ချင်း မြင်ယောင်မိလိုက်သည်။
ငယ်ငယ်ကကြည့်ခဲ့ဖူး၊ စွဲလမ်းခဲ့ဖူးသည့် James Bond ဇာတ်လမ်းများ၊ အက်ရှင်ကားများ ပြန်ကြည့်ဖြစ်သည်။ ဗီလိန်လူဆိုးက အများအားဖြင့် ဆိုဗီယက်ရုရှဖြစ်သည်ကို သတိပြုမိသည်။ စတားလုံး၏ First Blood ခေါ် John Rambo 3 လောက်ထိဖြစ်သည်။ ထိုထဲတွင်ဆို အမေရိကန်က မြှောက်ပေး၊ လက်နက်ပေး၊ အကုအညီပေးခဲ့သည်က သနားစဖွယ်ပုံဖော်ခံရသည့် (ထိုစဉ်ကလည်း တကယ်အမှန် သနားစရာကောင်းခဲ့ရသည့်) အာဖဂန် နစ္စတန်မှ တာလီဘန် မူဂျာဟစ်သူပုန်တို့ကို….။ Rambo ကိုယ်တိုင် ထိုတာလီဘန်တွေကို သွားကယ်ရသူ။
လွန်ခဲ့သည့် ဆယ်နှစ်ခန့်က သူငယ်ချင်းတစ်ယောက်အိမ်သို့ မကြာမကြာ ရောက်တတ်တော့ အသက်ရှစ်ဆယ်ကျော် သူတို့အဖွား (ယခုတော့ ကွယ်လွန်သွားပါပြီ။) သတင်းစာဖတ်နေသည်ကို သတိရမိသည်။ အဖွားက အသက်ရှစ်ဆယ်ကျော်ပေမယ့် မျက်လုံးက မျက်မှန်မပါဘဲ စာဖတ်နိုင်သူ၊ နားကတော့ လုံးဝ မကြားရသလောက်။ သတင်းစာဖတ်ပြီး ဘိုကတော်စုကြည်က ဘာဖြစ်တယ်ညာဖြစ်တယ် အော်ပြောနေတတ်သည်။ အမေ ဒေါ်အောင်ဆန်းစုကြည်ကို အတော်မျက်မုန်းကြိုးနေရှာသူ။ အစိုးရ ပြောသမျှ လုပ်သမျှ ချွင်းချက်မရှိ အကောင်းမြင်တတ်သူ။ (ထိုအချိန်က ဂျာနယ်တွေလည်း ခုလို ခေတ်မကောင်း သေးကိုး။) သူငယ်ချင်းကို တအံ့တသြ လှမ်းကြည့်တော့ သူက ပြုံးစိစိနဲ့။ နားမကောင်းတဲ့သူ့အဖွား ရေဒီယိုလည်း နားမထောင် အပြင်ကလည်း ပြောတာမကြားရတော့ သတင်းစာထဲ ပါသမျှ အကုန်ယုံသတဲ့လေ။
ခပ်ငယ်ငယ်က နေ့စဉ်ကြားခဲ့ရသလောက်ဆိုလည်း ပြည်ပအားကိုး ပုဆိန်ရိုးအကြောင်းရယ်၊ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါရယ် … စသည်စသည်တွေပေါ့လေ။
နှစ်ပေါင်းများစွာ အရိုးစွဲလာတဲ့ ဝါဒမှိုင်းတိုက်မှုတွေရဲ့ လာရာနဲ့ လားရာကို စဉ်းစားမိလေလေ … ကြောက်လေလေပဲ။
လူတစ်ယောက်အတွက် အခက်ဆုံးက unlearn လို့ခေါ်တဲ့ ကိုယ့်စိတ်က လက်ခံထားပြီးသားတစ်ခုကို အဲဒီလို မဟုတ်ကြောင်း ပြန်ပြောင်းမှတ်ယူဖို့ပဲတဲ့။
တကယ်တမ်းတော့ ဖြစ်စဉ်ဖြစ်ရပ်တော်တော်များများမှာ အများစုက ရုပ်သေးရုပ်များသာ။ ကြိုးစွဲရာ ကကြရသူများသာ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
နှလုံးသားတိုင် အမှန်ရောက်လို့ အမှားပျောက်ကြပါစေ။
အာဃာတတရား အမုန်းမီးပွား အေးငြိမ်းပါရစေ။
0 comments:
Post a Comment