Wednesday, November 21, 2012

“ကိုကိုချစ်၊ ဦးအောင်ဒင် နှင့် မြ”


by Soe Min on Wednesday, November 21, 2012 at 2:44am

          ပုံတောင်းစကြာယာဉ်ပျံ Air Force One ကြီး ပြန်တက်သွားပြီးတဲ့နောက်မှာတော့ ရွှေစွန်ညိုကြီး ဘာကိုလိုလို့ ၀ဲရသလဲ နည်းနည်းပါးပါး ရိပ်မိလာသလိုလို ရှိပါတယ်။ မထွေးအသားက ခါးမှ မခါးပဲနဲ့။ ချောင်းငယ်ရေနဲ့ဆေးပါဦးလေး။ မြစ်ငယ်ရေနဲ့ ဆေးပါဦးလေး လာလုပ်နေရသေးတယ်။ ပင်လယ်ရေနဲ့တော့ မဆေးခိုင်းပါနဲ့လေ။  နဂိုကတည်းက ငံတူးခါးနေတာ မသိဘူးလား။ ဂင်္ဂါငါး နဲ့ ယမုံနာငါးက အလှပြိုင်လို့ ဘာမှ မဖြစ်ဘူး။ ပင်လယ်ထဲက အုပ်စုလိုက်နေတဲ့ အသားစားငါးဘီလူးတွေကို မြစ်ဧရာနဒီကြောက ငါးကြင်းငါးဖယ် ငါးပြာစင်းတွေနဲ့ တူတူထားလိုက်ရင် ဘာတွေ ဖြစ်ကုန်မလဲ သိလျက်သားနဲ့။ တကယ်တော့ အဲဒီလူကြီးက အားကြီးအကင်းပါးတာပဲ။ သူများမခံနိုင်မယ့်စကားမှန်းသိသိကြီးနဲ့ တမင်ဆွပေးပြီး သူ့လာရင်းကိစ္စကို လူတွေအမှတ်တမဲ့ဖြစ်သွားအောင် သူမို့လုပ်တတ်တယ်။ အိမ်ရှင် နဲ့ ဧည့်သည်ပဲဟာ။
သည်လို စတဲ့နောက်တဲ့စကားများ ဗွေမယူပါဘူး။ သံခင်းတမာန်ခင်း တိုင်းရေးပြည်ရာဆိုတာ ကိုယ့်စိတ်ထဲရှိသမျှ လွှတ်ပေးလို့ ဖြစ်တာမှ မဟုတ်ပဲနဲ့။ သူလည်းချိုသာစွာ မမာမတင်းပြောရင် ကိုယ့်ဘက်ကလည်း မလျော့မတင်း စောင်းကြိုးညင်းဖို့ပဲရှိတယ်။ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်သတဲ့။ အကွက်အခင်း အဆင်းအတက်တွေ လှလွန်းအားကြီးလို့ အခုမှပဲ သည်လို ပွဲကြီးပွဲကောင်းမျိုးကို ရင်သပ်ရှုမော အံသြဘနန်း ကြည့်ရတော့တယ်။ နို့မို့ လိုအပ်သည်များကို မှာစားခဲ့တာချည့်ပဲ ကြည့်ကြည့်နေရတာ နှစ်ပေါင်းကို မနည်းတော့ဘူး။
          ပထမဦးဆုံး သတိထားမိတာကတော့ သားသားတို့ ဂီးဆောင်ကျောင်းတွေလည်း ခေသောသူ မဟုတ်တော့ပဲကိုး လို့ လေးလေးစားစား ဖြစ်ရတာပေါ့။ အရင်တုန်းကလို အတွင်းချောင်မှာ သတင်းမှောင်နဲ့ အုပ်ချုပ်နေတာမျိုး မဟုတ်တော့ပဲ နိုင်ငံတကာထွက်ပြီး ကစားကွက်တွေ ထုတ်ပြလာနိုင်ပြီ။ ဒီအခါမှာ ပင်ကိုယ်အရည်အချင်း ရှိတဲ့သူကရှိသလို ခြေပေါ်လာပြီး နဂိုကတည်းက သမိန်ပရမ်းပတာတွေကတော့ ပြည်ပသတင်းဌာနတွေက လေဟပ်ပေးလိုက်ရင် ခြေပေါ်ရုံတင်မကဘူး။ အောက်စပါလွတ်ကုန်ပြီး “တို့ပါတီက ပြောတာ ဟုတ်ဘူးနော်။” လို့ ထမင်းရည်ပူလျှာလွှဲ အလုပ်ခံရပြန်ရော။ မှတ်ကျောက်ကြီးနဲ့ တိုက်ချလိုက်တဲ့အခါ ရွှေရည်စိမ်တွေကလည်း လိမ်လို့ မရတော့ဘူးလေ။ သတင်းမီဒီယာတွေက ပါပါရာဇီနီးပါး အနံ့ခံကောင်းလာတဲ့အခါ ဖေဖေမေမေတို့ တက်လှမ်းရှေ့ရေးဆိုတာ သားသားမီးမီးတို့ မဆင်ခြင်နိုင်ရင် ရွှေပြည်တော် မျှော်တိုင်း ဝေးသွားတတ်သကိုးလို့ သာဓကတွေ ရှိလာခဲ့ပြန်တယ်။ မတတ်သာရင် ချစ်လျက်နဲ့ သတင်းစာထဲ အမွေပြတ်ထည့်ထည့်ယူရတာလည်း မဆန်းတော့ဘူး။ ကိုယ်နဲ့ တစ်လှေတည်းစီးတဲ့သူတွေကမှ တွန်းချချင် လက်တစ်ကမ်းနဲ့ အလွယ်ကလေးမှန်းသိလာတဲ့အခါ အနေအထိုင်ကလေးတွေလည်း သတိမြဲလာတယ်။ အရင်တုန်းကလို ထိပ်ကိုကိုင်ထားပြီး ထင်တိုင်းကြဲလို့ မရတော့ဘူး။ ထိပ်မှာကိုက တစ်ယောက်ခြေ တစ်ယောက် အလစ်မပေးကြတော့ဘူးလေ။ လောင်းကြေးကြီးနေပြီ။ တစ်ကွက်မှားလိုက်ရင် အပုံကြီး ပြောင်းသွားမှာပေါ့။
          ဒီအခြေအနေမျိုးမှာ လူညိုယဉ်အညာသား အိုဘားမားကြီး အိမ်လည်လာလိုက်တာ လမ်းကြုံလို့ ဂျမ်းဘုံကို ၀င်တွေ့ဖို့တော့ မဟုတ်ပါဘူး။ သူလည်း သူ့ကစားကွက်နဲ့သူရှိလို့ လာတာပါ။ ဘယ်လောက်တောင် ဖုတ်ပူမီးတိုက် စီစဉ်ခဲ့ရမလဲဆို သူ့နိုင်ငံမှာ လေမုန်တိုင်းကြီးဝင်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ရ၊ ဒုတိယသက်တမ်းရွေးကောက်ပွဲအတွက် မဲဆွယ်ရင်းစည်းရုံး စည်းရုံးရင်းမဲဆွယ်နဲ့ ဂျင်ခြေကိုလည်လို့။ အနိုင်ရပြီး အမောအပန်းကလေးမှ မဖြေနိုင်အားပဲ ကိုယ့်ဆီအပြေးလာခဲ့တာ သူ့အတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်လှမ်းမို့သာ ဖြစ်လိမ့်မယ်ဆိုတာ တွေးစရာတောင် မလိုဘူးနော်။ သူစကြာမင်းဖြစ်တဲ့ခေတ်ဟာ အရင်တုန်းကလို မာရေကျောရေ ကိုယ့်နိုင်ငံကမဲကလေး ကိုယ်ရနေရင်ပြီးရောဆို ဟမ်ဘာဂါ ယပ်ခတ်စားလို့ မရတော့ပဲကိုး။ ဒီအခြေအနေမျိုးမှာ အစဉ်သဖြင့် တရားအားထုတ်လာခဲ့တဲ့၊ မြောက်ကိုရီးယား၊ ရုရှားတို့ကို သူ့ထက် ရောရောနှောနှောဆက်ဆံနေတဲ့၊  မြန်မာပြည်ကလေးက အပြောင်းအလဲတစ်ခုနဲ့ သူ့ဘက်ကို ညွှတ်ချင်ချင် ဖြစ်လာမယ်ဆိုရင် အကျိုးမရှိပါလား။ ဟုတ်သည်မဟုတ်သည်တော့ သူလာမယ့်ကိစ္စ ပေါက်ဖော်ကြီးတွေ ခေါင်းချင်းရိုက်၊ အစည်းအဝေးလေးခါခေါ်ပြီး ဗမာအတင်းတုပ်ယူရတာကို ကြည့်ရင် သိနိုင်ပါတယ်။ မြန်မာအရေးနဲ့ ပတ်သက်လာတိုင်း သူတို့ပြည်တွင်းရေးကို ဘယ်သူမှ ၀င်စွက်ဖက်စရာ မလိုဘူးလို့ ဗီတိုအာဏာကြီး ထုတ်လို့ ကာဆီးကာဆီး လုပ်လာခဲ့သမျှဟာ မြစ်ဆုံမှာတုန်းကတစ်ခါ ကလန်ကဆန်ဖြစ်လာခဲ့ပြီးပြီ။ အခုသူတို့နဲ့ မတည့်တဲ့သူကြီးကို အိမ်အလည်ခေါ်ပြန်ပြီ မဟုတ်လား။ စိတ်ထဲမှာ “ပုဟောင် ပုဟောင်” လို့ ဂဏာမငြိမ်ဖြစ်နေလျက်နဲ့ “အို သူ့ဘာသူလာတာ ငါတို့က ဘာဂရုစိုက်စရာလိုလို့လဲ။” ဆို အိုက်တင်ကလေးကလည်း ခံပြချင်သေးတာ။ ဒါပေမယ့် ဒီနေ့ထုတ်တဲ့ တရုတ်သတင်းစာတွေထဲမှာဖြင့် “You can’t take that away from me” လို့  Frank Sinatra သီချင်းကလေး ညည်းနေကြသတဲ့။
          အရင်တုန်းက အားပြိုင်နေတဲ့ အဖွဲ့ကြီးတွေမှာ မြန်မာကအစပြုလို့ ဟန်ချက်တွေ ယိမ်းယိုင်လာတဲ့အခါ အိုဘားမားကြီးက ချိန်ခွင်ညှာကို သူ့ဘက်သာလာအောင် မြန်မာ့အပေါ်မှာ ခြေတစ်လှမ်းချထားတာ ဖြစ်လိမ့်မယ် လို့ တွေးစရာပါပဲ။ ကိုယ်တွေဘက်ကရော အကျိုးမရှိပဲ ဘယ်နေပါ့မလဲ။  တရုတ်နဲ့ ပတ်သက်တဲ့ အခင်း၊ ဘင်္ဂလားနဲ့ ပတ်သက်တဲ့ အခင်း၊ အိုအိုင်စီကြီးရဲ့ဖိအားတစ်ခုခု ကြုံလာရင် အရင်ကလို တစ်ကောင်ကြွက် တစ်မျက်နှာ လုပ်ချင်ရာလုပ်လို့ရတဲ့ ဘ၀မျိုး မဟုတ်တော့ဘူး။ တနည်းအားဖြင့်ပြောရရင် မြန်မာဆိုတာ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနယ်ပယ်မှာ ဟိုတုန်းကလို ကိုယ်စားလှယ်လောက်ပဲလွှတ်၊ သပိတ်မှောက်ပြီး ပြန်လာခဲ့ကြလို့ ပြည်တွင်းကလှမ်းအမိန့်ပေးတဲ့ အသက်မပါတဲ့ အရုပ်တစ်ရုပ် မဟုတ်တော့ဘူးပေါ့။ ဘာကသိသာသလဲဆိုတော့ ဧည့်သည်လာတဲ့အချိန်မှာ ဘိုးတော်ကြီးရော ဘွားတော်ကြီးရော အိမ်မှာမရှိကြဘူး။ အပြင်က အပြေးအလွှားပြန်လာ ဧည့်ခံကြရတာ။ အာဆီယံမှာ တရုတ်နဲ့ ဟန်မပျက် ဆွေးနွေးနေရင်းကနေ အိမ်မှာ ဧည့်သည်ရောက်နေလို့ “Excuse me.” ဆို ခပ်ကြွားကြွားလေးပြော ထွက်လာနိုင်တာပေါ့။ ဘွားတော်က အိန္ဒိယမှာတော်တော် မျက်နှာပန်းလှခဲ့တာပါ။ မတွေ့တာကြာတဲ့ ဆွေမျိုးတွေလို “နေစိမ့်ရန်ကော” လို့ ခပ်ငေါ့ငေါ့လေး အပြုံးမပျက်ပြောပြီး ကိုယ့်နောက်က မျက်စိမလွှဲ တစ်ခါတည်းပါလာအောင် ရှေးဟောင်းနှောင်းဖြစ် စပ်ကာဟပ်ကာ ပြန်လည်နွေးထွေးလာစေခဲ့တယ်။ အာရှတိုက်မှာ လူဦးရေ အင်အားအကြီးမားဆုံး နိုင်ငံကြီးနှစ်ခုရဲ့အလယ်မှာ ပြောင်းလဲပွင့်လင်းတဲ့ နိုင်ငံရေးခြေလှမ်းအသစ်နဲ့ သံတမာန် မဟာမိတ်အင်အားကို ခင်းကျင်းပြသနိုင်ခဲ့တယ်။ သူတပါးအပေါ် အမှီအခိုကင်းကင်းနဲ့ ဘယ်ဘက်ကိုမှ မယိမ်းပဲနေတော့မယ်ဆိုတာလည်း တစ်ကမ္ဘာလုံးက သိစေလိုက်သလိုပဲ။
          အိုဘားမားကြီး တက်နင်းလိုက်တဲ့ ချိန်ခွင်လျှာဟာ နိုင်ငံတကာအခင်းအကျင်းက ချိန်ခွင်လျှာတစ်ခုတည်း သက်သက်တော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အတိတ်နဲ့ အနာဂတ်အကြားမှာ ရှိတဲ့ ချိန်ခွင်လျှာကိုလည်း နင်းထားတယ်။ မြန်မာနိုင်ငံရဲ့ တိုးတက်ပြောင်းလဲမှုတွေဆိုတာက အမှန်တကယ် စိတ်ချလက်ချ နိုင်ငံတော်သစ်ကြီးဆီကို မုချပြောင်းလဲသွားတော့မယ်လို့ ယုံကြည်လို့ မရသေးပါဘူး။ အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်သေးတယ်။ စစ်တပ်အစိုးရကနေ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးခဲ့တယ်ဆိုပေမယ့် ကျားသနားမှ နွားချမ်းသာရမယ်ဆိုတာ နှစ်ဘက်စလုံးက နားလည်ထားပြီးသား။ နှုတ်က ဗြောင်ဖွင့်ပြောနေတာတောင် ကြားဖူးတယ်။ ကချင်အရေး၊ ရခိုင်အရေး၊ အမျိုးမျိုးသော ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ လူတွေရဲ့စိတ်ထဲမှာ စစ်တပ်မရှိလို့တော့ဖြင့် မဖြစ်သေးပါဘူး လို့ ခံစားနေရအောင် လုပ်ထားတယ်။ ဟိုးအထက်ပိုင်းမှာကိုက အတိတ်ရဲ့ အရိပ်မည်းကြီးတွေက မလှုပ်သာအောင် တုပ်ကာနှောင်ကာထားတာ အသိသာကြီး။ မိဘသဖွယ် ကိုးကွယ်နိုင်လွန်းလို့ ဒီနေရာရောက်လာခဲ့ပြီးမှ ဆရာကာပြန် အာခေါင်လှံစူးမယ့် ဇာတ်ကို ဘယ်သူက က၀ံ့မှာတုန်း။ တကယ်တမ်း ထိထိရောက်ရောက် အပြောင်းအလဲတွေလုပ်မှာလား။ လူကြီးလာတုန်း တီဗီသတင်းတစ်ပုဒ်စာလောက် ထုံးသုတ် သနပ်ခါးလိမ်းပြမှာလား ဆိုတာ ဘယ်သူမှ မပြောနိုင်သေးဘူး။ အဲဒီအဟောင်းနဲ့အသစ်ကြားက ချိန်ခွင်ညှာကိုလည်း အဲဒီလူကြီးက မိမိရရ နင်းချလိုက်ပါသေးတယ်။ ပြီးတော့ ပြောသွားသေး။ ကမ္ဘာပေါ်မှာ စစ်အင်အားအကြီးမားဆုံး သူတို့ အမေရိကန်တပ်မတော်ကြီးတောင် အရပ်သားပြည်သူများရဲ့ ထိမ်းချုပ်မှုအောက်မှာပဲ နေပါသတဲ့။ (America may have the strongest military in the World but it must submit to civilian control.) လို့ ဆိုပါတယ်။ စစ်တပ်ကို သမ္မတအနေနဲ့ သူအမိန့်ပေးလို့ရပေမယ့် သူ့ရဲ့သဘောထားကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပြီးမှသာ ဖြစ်ရပါမယ်တဲ့။ သဘောကတော့ စစ်တပ်ဆိုတာ သူ့အောက်မှာရှိတယ်။ သူကိုယ်တိုင်ကတော့ ပြည်သူတွေနဲ့ တရားဥပဒေအောက်မှာ ရှိတယ်ပေါ့။ (ရွဲ့လိုက်တာလား စန္ဒာရယ် အဲလေ အိုဘားရယ်) တို့ဆီမှာတော့ တပ်မတော်ကြီးက သမ္မတကြီးအထက်မှာ ရှိနေလို့လား။ တပ်မတော်အထက်မှာ အရင်တပ်ချုပ်ကြီး ရှိနေလို့လား။ ဟင်း နော်။ စိတ်ကောက်ပလိုက်မှာ။ မုန်းစရာကြီး။
          အဲ့လူကြီး မွှေချက်ကတော့ ကမ်းကုန်တယ်။ ဒီကအဘိုးကြီးတွေ မဲ့ကာရွဲ့ကာ မလိုတမာ စကားတင်းဆိုနေကျ လေဒီကြီးဆီကို အိမ်တိုင်ရာရောက်ကို သွားလည်ပြလိုက်တယ်။ သာမာန်လွှတ်တော်ကိုယ်စားလှယ်ကလေးတစ်ဦးထက် ဘာမှ မပိုပါဘူးလို့ ပါးစပ်ကတဖွဖွပြောနေတဲ့သူတွေ ဂွမ်းကုန်အောင် လုပ်တာလားမသိ။ မခံစားနိုင်လွန်းသူတွေကတော့ မြန်မာပြည်မှာကို မနေတော့ဘူး။ စင်္ကာပူသွားမယ်ဆို ဖြစ်ကုန်သတဲ့။ ဖေ့စ်ဘုတ်ပေါ်မှာ ဖတ်ရတာ ပြောပါတယ်။ သတင်းစာထဲတော့ မရှာနဲ့ဗျ။ မရှိဘူး။ နိုင်ငံတော်အဆင့် ပြည်ထောင်စုအဆင့် မဟုတ်တဲ့သတင်းတွေကို မျက်နှာဖုံးတင်လေ့မရှိတဲ့ တို့ဆီကသတင်းစာတွေမှာ အဲလို အမေရိကန်အဆင့် နိုင်ငံတကာအဆင့် သတင်းတွေကို အဖုံးတင်ပေးရိုး ထုံးစံမရှိဘူး။ ဖတ်ချင် Times တို့ Newsweek တို့ ၀ယ်ဖတ်ချေကြ။ နံမယ်ကိုက ကြေးမုံလို့ ပေးထားတာ။ ကိုယ်ကြည့်နေတုန်း သူများပုံရိပ်ပေါ်ရအောင် သူတို့ဆီကလာတဲ့ ကျောက်သင်ပုန်းမှ မဟုတ်တာ။ ဒီနေရာမှာတော့ ဧည့်သည်ကြီးက ချိန်ခွင်ပေါ် ကောက်ထိုင်လိုက်တာထက် သာတယ်။ တကမ္ဘာလုံးရှေ့မှာ ဖူးဖူးမှုတ်ပြလိုက်တာ။ သူ့ဘ၀မှာ လေးစားကြည်ညို အတုယူခဲ့ရတဲ့သူတစ်ယောက်တဲ့။ အဲဒါကြောင့် ဒီလူကြီး အမေရိကန်သမ္မတလောက်ပဲ ဖြစ်တာ။ တို့ဆီမှာဆို အဲလိုလေးစားတဲ့သူတွေ ဆယ်အိမ်ခေါင်းတောင် ဖြစ်မှာ မဟုတ်ဘူး။ ခုတော့ သူလုပ်တာနဲ့ အလကားနေရင်း ဗျိုင်းကလေးတွေတောင် ကြိုးတုပ်ခံရသေးဆိုလား။ သနားစရာ။ (ဒါမျိုးကတော့ ဖေ့စ်ဘုတ်တက်တဲ့သူတွေသာ နားလည်နိုင်လိမ့်မယ်ဗျ။)
          ဇာတ်သမားလာတော့ မှတ်သားစရာတွေပါခဲ့သလို ဇာတ်သမားကြီးပြန်တော့လည်း ကျန်ခဲ့တာပါပဲ။ ပြောမဆုံးပေါင် တောသုံးတောင်။ ကိုယ်တောင် မနေနိုင်မထိုင်နိုင် တစ်ပုဒ်ဝင်ရေးမိနေပါပေါ့။ တကယ်တော့ ဖြစ်နိုင်ရင် ရေးတောင် မနေချင်ပါဘူး။ အဲဒီဦးတွတ်ပီရုပ်နဲ့ ကလန်ကလား အညာသားရောင်ကြီးကို ဘယ်ပြန်ညာပြန် အာပွားပေးပြီးမှကို ပုခုံးကလေး ပုတ်ကာပုတ်ကာ “သည်မယ်။ သေသေချာချာ နားထောင်” ဆို မျက်နှာချင်းဆိုင် ပြောပလိုက်ချင်ပါတယ်။ သူပြောတဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာ ကျုပ်တို့ဆီမှာ ပဝေသဏီကတည်းက ကျင့်သုံးနေထိုင်လာခဲ့ပြီးသားပါဗျ။ ဒီနေ့ သမ္မတဖြစ်နေတဲ့ လူကြီးငယ်ငယ်က အမေကြီးကားမှာ သူ့ကို ဘယ်လိုအဆက်ဆံခံရသလဲ မှတ်မိဦးမှာပါ။ အမေရိကန်လွှတ်တော်ထဲ လူမည်းတွေ ရှာမရခင်ကတည်းက ကျုပ်တို့ မြန်မာပြည်က ဖဆပလလွှတ်တော်ထဲမှာ ဘင်္ဂါလီအမတ်တွေ ရှိခဲ့တယ်။ စူလတန်မာမွတ်ဆိုတာ မြန်မာပြည်ရဲ့ ကျန်းမာရေးဝန်ကြီး။ ဘင်္ဂါလီနွယ်ဖွားစစ်စစ်။ သူ့လက်ထက်မှာ အထဲသွင်းသွားတဲ့ ဘင်္ဂါလီပေါင်းကို သိန်းသောင်းမကဘူး။ ဒီနေ့လောင်နေတဲ့မီးတွေဟာ အဲဒီကအစပဲ။ အဲဒီအချိန်တုန်းကတော့ သူပုန်ထရင်တောင် မူဂျာဟစ်နံမယ်နဲ့ပဲထတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးတောင် မပေါ်သေးဘူး။ ခုခါမှ ဘာရာဏသီ ကြိုးနဲ့ချည် ထလုပ်နေတာ။ အဲဒီကတည်းက ရခိုင်မှာ ဘင်္ဂါလီလာနေတာ အဆန်းမဟုတ်ဘူး။ ဒါပေမယ့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုတာ လက်ခံသူဘက်မှာချည့် တဘက်သတ်တာဝန်ရှိတာ မဟုတ်ဘူး။ ၀င်လာသူဘက်မှာလည်း အေးအေးဆေးဆေး နေဖို့လိုတယ်။ ဘယ်လိုပဲ အသားအရောင် မခွဲခြားတဲ့ အမေရိကန်ပြည်ထောင်စုကြီးမှာတောင် လေယာဉ်ပေါ်ကို မုတ်ဆိတ်ရှည်ကြီးတွေ တက်ရင် သူများထက်တော့ ပိုရှာတာပဲ မဟုတ်ဘူးလား။ တကယ်လို့များ မစ္စတာ ပရက်ဆီးဒင့်ကြီးသာ အာဖရိကနွယ်ဖွားမဟုတ်ပဲ တာလီဘန်တွေဆီကလာမယ်ဆိုရင် အမေရိကန်ပြည်သူတွေဆီက မဲရနိုင်ပါ့မလား။ အကြမ်းဖက်မှုဆိုတာ ဘင်လာဒင်ကြီးမှာပဲ ရှိသလား။ အီရတ်ကို ၀င်တိုက်တဲ့ အမေရိကန်စစ်သားတွေကတော့ အကြမ်းဖက်မှုကို အနုနည်းနဲ့ နှိမ်နှင်းနေတာလား။ ရခိုင်တွေလက်ထဲမှာ အလွန်ဆုံးရှိလှ ဓါးမတိုထက်မပိုပါဘူး။ သူများဘက်က သိမ်းထားတဲ့ လက်နက်ထဲမှာ စိန်ပြောင်းတောင် ပါတယ်။ အဲဒါတွေ သူတို့ ဘယ်ကရသလဲ။ ခုကိစ္စကို လူ့အခွင့်အရေးသက်သက် နဲ့ ကြည့်ချင်ကြည့်ပါ။ မပြောလိုပါဘူး။ ဒါပေမယ့် အမျိုးသားလုံခြုံရေး မျက်စိနဲ့ရော မကြည့်သင့်ဘူးလား။ မျှမျှတတ ပြောကြရအောင်နော့။ တို့ကတော့ ကာရီနာကပူးရ်လေးလည်းချစ်တာပဲ။ ကျန်ကျိယီလေးလည်း ချစ်တာပဲ။ နာအိုမီကင်းဘဲလ်လည်း ချစ်နိုင်တယ်။ အသားအရောင် မခွဲခြားဘူး။ အားလုံးကို ချစ်ပြီးသား။
          ဗိုလ်အောင်ဒင်ဇာတ်ကားထဲမတော့ ဦးအောင်ဒင် နဲ့ ကိုကိုချစ် အကြားမှာ ဘယ်သူ့ကိုမှ သစ္စာမပျက်ခဲ့သော်ငြား နောင်အခါမှာ ရာမဇာတ်တော်ထဲက မယ်သီတာလို အပြစ်ဆိုစရာ ဖြစ်လာမှာစိုးလို့ မြကိုယ်တိုင် မျက်လုံးလေး အ၀တ်စည်းပြီး လက်ကိုင်ပုဝါကလေး နှစ်ခုကို ရွေးသတဲ့။ တို့လည်းပဲ သစ္စာရှိရှိ သိက္ခာရှိရှိ နဲ့ပဲ နေမှာပါ။ ဆန်ရှင်ကလေး လျှော့ပြရုံနဲ့၊ အတောင်းအရမ်းလေး ပေးကမ်းရုံနဲ့ စပွန်ဆာခိုင်ပြီဆို ကောက်ကောက်ပါသွားမယ် ထင်သလား။ ငါးစိမ်းမြင်လို့ ငါးကင်ပစ်တဲ့အစား မဟုတ်ဘူး။ ငါးကင်ကိုလည်း စားမှာ။ ငါးစိမ်းကိုလည်း ချက်မှာ။ ဧည့်သည်ကြီး ချိန်ခွင်ညှာပေါ် တက်နင်းသလို ဟိုဘက်သည်ဘက် ဟန်ချက်ကလေးညီအောင် နင်းထားပြီး ကစားမယ်နော့။ မေးကလေးထိုးပြီး မူမူကလေး ပြောလိုက်တဲ့ မေမေ၀င်းအသံကလေးတောင် ကြားယောင်မိသေး။ “ဒါပဲနော်။ ဦးအောင်ဒင်ရော ကိုကိုချစ်ရော။ နောက်တော့မှ မြကို လှေနံနှစ်ဘက်နင်းတယ် လို့ မပြောရဘူး။” တဲ့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...