ကြိုးကြာသံ - ခင်မောင်တိုး (ကိုမောင်မောင်).
Author: lubo601 |
10:44 AM |
No မှတ်ချက် |
◘မောင်မောင်၏ကြိုးကြာသံ ◘ 'ကြိုးကြာသံ' ဟူသော သီချင်းခေါင်းစီး အမည်ကို တွေ့လိုက်သောအခါ 'ကြိုးကြာကရ၀ိတ်၊ တောလုံးတိတ်မျှ၊ ညိတ်ညိတ်တွန်ထူး' ဆိုသည့်၊ ရှေးခေတ်စာဆိုတဦး၏ အဖွဲ့အရ၊ ကြိုးကြာငှက်၏ သာယာသော အသံနှင့်အတူ ကြိုးကြာဖိုမတို့၏ ရာသက်ပန် သစ္စာတိုင်အချစ်ကို ကြားရတော့မည်ဟု ထင်ခဲ့မိ၏။ မဟုတ်ပါ။ ကိုမောင်မောင် နှင့် ခင်မောင်တိုးတို့သည် ကြိုးကြာ၏ အလှကို အသံတွင်မရှာ၊ အသံတွင် မယူဘဲ 'ပျံသန်းမှု' ဖြင့် ရေးဖွဲ့ သီဆိုလိုက်ကြပါသည်။
'မိုးဦး ၀င်ရောက်လာတဲ့အခါ ရိုးမပေါ် ဖြတ်ပျံရင်း ...' ခင်မောင်တိုးသည် သူ၏ ချိုသော ပင်ကိုယ်သံကို အကွန့်အမြူး၊ အလူးအလွန့် မလုပ်ဘဲ (အသံပရိယာယ် တန်ဆာမဆင်ဘဲ) ရိုးရိုး အေးအေးလေးဖြင့် စဖွင့်လိုက်၏။ ကျွန်တော့် အာရုံထဲတွင် ညို့သော ကောင်းကင်ပြင်ကြီးတခုလုံး ကြိုးကြာငှက်တို့၏ တောင်ပံများဖြင့် ဖွေးဖွေးဖြူသွားသည်။ ' ဖြတ်ပျံရင်း ...' စာသားနောက်မှာ တယောသံ (ဟု ကျွန်တော်ကြားသည်) တချက် လွန့်လူး ကပ်ပါလာသည်။ ကြိုးကြာတို့၏ အတောင်ပံ ခတ်သံလား...၊ လေစီးကြောင်း၏ ဆန့်ကျင် အော်မြည်သံ လား....။' မြောက်ဖက်ကို ဦးတည်လှည့်ကာသားဖောက်ရာ အရပ်ဆီမိုင်ထောင်ချီ ပြန်(ပျံ)လေပြီ ...' သီချင်းစာအုပ်များ၌ (ပြန်လေပြီ) ဟူ၍ (ပြန်) စာလုံးကို သုံးပြထားပါသည်။ သီချင်းနားထောင် ရသူ အဖို့မှာမူ ပြန် (Return) ရော၊ ပျံ (Fly) နှစ်မျိုးစလုံး ခံစားရ၏။ မြောက်ဖက် ...ဘယ်အထိနည်း.....။ သားဖောက်ရာ အရပ်ဆီ....... မိုင်ပေါင်းထောင်ချီ ပျံသန်း ကြလေကုန်သည် ... တဲ့။ တယောသံလေးက ' ပြန်လေပြီ' စာသားနောက်မှာ ကပ်ပါလာပြန်သည်။ 'ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ်'ပထမပိုဒ် ဤတွင် ပြီးထားပါသည်။ တေးသွား၊ စာသား၊ ခင်မောင်တိုး၏ဆိုဟန် တို့နှင့်အတူ ကျွန်တော် မိုင်ထောင်ချီခရီးစဉ်ထဲသို့ လိုက်ပါ ပျံသန်း သွားခဲ့သည်။ (ကျွန်တော် ကြိုးကြာငှက်တကောင် ဖြစ်သွားသည်။) ဒုတိယအပိုဒ်တွင်- ' မျိုးဆက်ရဲ့ အားမာန်တခုပါ လမ်းကြောင်းမှန် ရွေးချယ်ခြင်း ...' အတူလိုက်ပါ ပျံသန်းရင်းမှ (ကြိုးကြာငှက်တကောင်ဖြစ်နေရင်းမှ) ကျွန်တော်သည် သီချင်း နားထောင်သူ အဖြစ်ကိုပါ ရရှိနေပြန်၏။ ပထမအပိုဒ်နှင့် သံစဉ်တူ ဤ 'မျိုးဆက်ရဲ့  အားမာန်တခုပါ' ဒုတိယပိုဒ်သည် ပျံသန်းခြင်း ခရီးစဉ်နှင့်အတူ ပျံသန်းခြင်းသေနင်္ဂဗျူဟာနှင့် ပျံသန်းခြင်း သဘောတရား တခုကို ဖော်ထုတ်လာသည်။' လမ်းကြောင်းမှန် ရွေးချယ်ခြင်း'လေစီးကြောင်း၊ တူရူပျံသန်းရမည့်ဒေသ၊ မနားမနေ လှုပ်ရှားနေရသည့် တောင်ပံများ၊ ဟိုးးးး အောက်ဖက်တွင် တောင်တန်းများ၊ သစ်တောများ၊ ပင်လယ်သမုဒ္ဒရာများ၊ မြက်ခင်းပြင်များ၊ လွင်တီး ခေါင် ကန္တာရများ။ ' ... အများနည်းတူ သက်လုံမကောင်းရင်မွေးဖွားရာအရပ် ဆီ၊ မိုင်ထောင်ချီ ပျံနေရင်း ...' တယောသံလေး ၀င်လာပြန်ပြီ။ '....ကြိုးကြာငှက်တချို့လေ ချီလာစဉ် ကျန်ရစ်ပြီ......' အထောင်အသောင်း အုပ်စုကြီးထဲမှ အချို့ ကြိုးကြာတို့၏ တောင်ပံများသည် စွင့်စွင့်ကားကား ထက်အောက်လှုပ်ရှား နေရာမှ ယွင်းပြိုသွားကြသည်။ ပျံသန်းမှုပုံစံ ပျက်သွားသည်။ ထို့နောက် ... သူတို့ သမုဒ္ဒရာထဲသို့၊ တောင်တန်း တောအုပ်များထဲသို့ ထိုးစိုက် ကျဆင်းသွားကြ၏။ တစ်ကောင် ...၊ နောက်တစ်ကောင် ...၊ နောက်တစ်ကောင် ... အများနည်းတူ သက်လုံ မကောင်းကြ ရှာသူ တွေ၊ ကျန်ရစ်ပြီ။ သက်လုံကောင်းသော ကြိုးကြာတွေကတော့ ဆက်၍ ပျံဆဲ ပျံမြဲ။ 'ရိုးမပေါ် ဖြတ်ကျော်လွှားချိန် စီးလမ်းလေကြောင်းလွှာထဲ ချဉ်းနင်း ၀င်ရောက်လာပြီးရင် အားစိုက် မျှောလိုက်နဲ့ မိုင်ထောင်ချီ ပြန်(ပျံ)နေပြီ 'တတိယအပိုဒ်သည်လည်း ပထမ၊ ဒုတိယပိုဒ်များနှင့် သံစဉ်တူပင် ဖြစ်သည်။ သို့သော် အရသာချင်း မတူတော့ပါ။ စာသား အပြောင်းအလဲကြောင့် ဖြစ်မည်။ Chorus အပိုဒ်ခုခံပြီးတာကြောင့် လည်းဖြစ်မည်။ 'ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီ ခရီးစဉ် ...' ဤ အချပိုဒ်ပြီးလျှင် 'ဆုံးဖြတ်ချက်တခုချမယ့်' အဆိုပြန်ဝင်ပြီး အတီးပိုဒ်ဝင်သည်။ တီးပိုဒ်က အဆိုစာသားပိုဒ် သံစဉ်အတိုင်း လိုက်လျောသော တီးပိုဒ် မဟုတ်ပါ။ တေးရေး ကိုမောင်မောင် အနေဖြင့် ဤနေရာမှာ တီးပိုဒ်ကို ဘယ်လို ရည်ရွယ်ချက်နှင့် ထည့်သလဲတော့ ကျွန်တော် မသိနိုင်ပါ။ သို့သော် ကျွန်တော့် အဖို့မူ အလွန်အဆင်ပြေသော တီးပိုဒ် နေရာချထားမှုဟု မြင်သည်။ 'ရှိသင့်သော အားမာန်' တို့နှင့် ဟန်ချက်ညီအောင် ထိမ်းသိမ်းထားရင်း၊ ကြိုးကြာတို့ ဆက်ပျံ နေကြသည့် ခရီးကာလ အပိုင်းအခြားတခုကို တီးပိုဒ်က နိမိတ်ဆောင်ပြသည်ဟု ကျွန်တော် ခံစား ရသည်။တီးပိုဒ်ပြီးတော့ တတိယပိုဒ် 'ရိုးမအပေါ် ဖြတ်ကျော်လွှားချိန်' ပြန်ဆိုသည်။ အဆိုထဲမှာ တယောသံ(?) က လူးလှိမ့်၍ ၀င်သည်။ ထို့နောက် ' ဆုံးဖြတ်ချက်တခု ကျမယ့်' ကိုးရပ်စ် ဆက်ဆို သည်။ 'ဟန်နိုင်မှ' စာသားကို အဆိုဖြင့် တင်ထားခဲ့သည်။ အီးဖလက်၊ စီမိုင်နာ၊ ဘီဖလက်၊ စီမိုင်နာ ကော့ဒ်များဖြင့် ဖွဲ့စည်းသော အတီးသံက တစတစ မှိန်ပျောက် (Fade Out) ဖြင့် ဆုံးသွားသည်။ ကြိုးကြာတို့ ရိုးမပေါ် ဖြတ်ကျော်သွားကြပြီ။ ဟိုးးးးးးး မိုးကုပ်စက်ဝိုင်းဆီတွင် တစတစ ဝေးသွားသော ကြိုးကြာတို့ကို ကျွန်တော် မျက်စိတဆုံး မြင်နေရသည်။ အဖြူရောင် ကောင်းကင်ကြီး တဖြည်းဖြည်း သေးငယ်သွားသည်။ သူတို့ ဆက်ပျံသွားကြပြီ ဆောင်းခိုငှက်တို့သည် မိုင် ၂၀၀၀ ထက် မနည်းသော ခရီးကို သမုဒ္ဒရာဖြတ်၍ ပျံသန်းကြကြောင်း၊ လမ်းခရီးတလျှောက် ရပ်နားစရာ ကျွန်းလုံးဝ မရှိသဖြင့် (ကုန်းမြေတောင်တန်းကို ဖြတ်သန်းရာမှာလည်း သစ်ပင်တောအုပ်များ၌ နားလေ့မရှိ) မရပ်မနား ပျံသန်းကြကြောင်း ဖတ်ဖူး၏။ အာတိတ် စင်ရော်ငှက်မျိုးဆိုလျင် ဆောင်းရာသီ ရောက်လုနီးလာသည့်အခါ သူ၏ ပေါက်ဖွားရာ မြောက်ဝင်ရိုးစွန်းဒေသမှ မိုင်ပေါင်း တသောင်းကျော် ဝေးသော တောင်ဘက် ၀င်ရိုးစွန်းဒေသသို့ ခရီးထွက်ကာ ဆောင်းရာသီ ကုန်ဆုံးတော့မှ မြောက်ဝင်ရိုးစွန်းသို့ ပြန်သည်ဟု ဆိုသည်။ တေးရေး ကိုမောင်မောင်နှင့် သီဆိုသူ ကိုခင်မောင်တိုး တို့သည် ငှက်တို့၏ ဤသဘာဝမှ ကြိုးကြာငှက်၏ ပျံသန်းခြင်းကို ယူကာ ရေးဖွဲ့သီဆို သွားကြသည်။ ကြိုးကြာသံဆိုလျှင် သာယာသော အသံဟု စွဲမှတ်ထားလေ့ရှိကြသည့် ကျွန်တော်တို့အတွက် ကိုမောင်မောင်နှင့် ကိုခင်မောင်တိုးတို့ ပေးပို့လိုက်သော ကြိုးကြာသံကား လှပနက်ရှိုင်းမှု အတိ ရှိနေတော့သည်။ တေးရေးတေးဆို အနုပညာသမားတို့၏ အာရုံကျက်စားမှုနှင့် တဆင့်ပြန်လည် တင်ပြပေးမှုကို ကျွန်တော် လေးစားစွာဖြင့် ကျေးဇူးတင်စကား ဆိုရပါသည်။ 'ကြိုးကြာသံ' သီချင်းသည် နှစ်ခါ သုံးခါ ကြားရုံမှုဖြင့် နားစွဲလွယ်၊ လိုက်ဆိုလွယ်သော သံစဉ်ဖွဲ့စည်းမှု ဖြစ်သည်။ ကိုးရပ်စ်ပိုဒ်နှင့်ပေါင်းပါမှ သံစဉ် နှစ်မျိုးပဲ ရှိသည်။ ဤသို့ ရှင်းလင်းလွယ်ကူခြင်းသည်ပင် ကြိုးကြာသံ၏ လှပသော(ပြည့်စုံသော) အနုပညာ တန်ဆာဆင်မှု ဖြစ်လာသည်။ ရှင်းလင်း လွယ်ကူသော သံစဉ်နှင့် အတူ ရှင်းလင်း လွယ်ကူ သော စာသား(စကားလုံး) များဖြင့် ဖွဲ့စည်းထားသည်။ ဤသည်ပင်လျှင် အကြောင်းအရာနှင့် အာဘော်တို့၏ ကြီးကျယ် လေးနက်မှုကို ကြီးစွာသော အထောက်အပံ့ ဖြစ်စေသည်ဟု ကျွန်တော် ထင်သည်။ ရိုးစင်း ရှင်းလင်းလွယ်ကူမှု၊ မလိုအပ်ပဲ တန်ဆာ ချဲ့ထွင် မွမ်းမံခြင်းမပြုမှုတို့ကို ရေးဖွဲ့သူရော၊ သီဆိုသူပါ ကောင်းစွာ နားလည်ကြပါပေသည်။ ကိုခင်မောင်တိုး သည်လည်း ကြိုးကြာသံသီချင်းတွင် သမားဂုဏ်ပြသည့် အရှိုက်အဟက် အတွဲ့အငင် များဖြင့် ဆော့ကစား မသွားပါ။ သူ၏ အေးဆေး ချိုမြသော အသံဖြင့် ရိုးရိုးလေး ဆိုသွားသည်။ ကြေကွဲပြခြင်း၊ ကြုံးဝါးပြခြင်း စသည်များမလုပ်။ရေးဖွဲ့သူ၊ သီဆိုသူ၊ တီးခတ်သူ အားလုံးပင် သူတို့၏ ကြိုးကြာသံထဲက 'ရှိသင့်တဲ့ အားနဲ့မာန်-ဟန်နိုင်မှ' အပိုဒ်နှင့်လိုက်လျောညီညွတ် ကြပါပေသည် ဟု လေးစားစွာ ကျေးဇူးတင်စကား ဆိုလိုက် ရပေသည်။ ။ ။
◄ချစ်ဦးညို► ခံစားမှု ဆောင်းပါးကို ဖတ်ရင်း ကြိုးကြာငှက်တစ်ကောင် ပျံသန်းနေ ◄အမ်အယ်လ်►
ဆောင်းပါး စိတ်ဝင်စားတယ် ဆိုရင်ဖြင့် ♥ ...https://www.facebook.com/ groups/165240943563871/doc/ 358931747528122/ ... ♥
Length: 4:07
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment