Sunday, November 11, 2012

ကျွန်မ ပြတင်းတစ်ပေါက်စာ အိပ်မက်ရှုခင်း နဲ့ ကြယ်မစုံသော နံနက်ခင်း ကောင်းကင်


by Manor Hary on Saturday, November 10, 2012 at 9:50am ·


တနင်္ဂနွေ မနက်ခင်းလေးတစ်ခုမှာ ကျွန်မ အိပ်ရာက ထလာတဲ့ထိ တစ်ရေးမှ မအိပ်လိုက်ရသေးပါဘူး။ ဒါပေမယ့် ထုံးစံအတိုင်း နံနက်ခင်းကတော့ ဝတ္တရားမပျက် ကျွန်မကို အိပ်ရေးဝခဲ့သူတွေကို ကြိုဆိုသလိုပဲ ကြိုဆိုနေခဲ့တယ်။ ဟိုး ကောင်းကင် အစွန်းစဆီမှာ ရောင်နီက သန်းလုသန်းခင်နဲ့ ကမ္ဘာမြေဆီကို နေရောင်တွေ ပြန်ဝင်လာတော့မယ် ဆိုတဲ့ အရိပ်အယောင်တွေ အပြည့်နဲ့ .. ။
အရှုံးပေးလိုဟန် မတူသေးတဲ့ အမှောင်ထု ခပ်ကျဲကျဲပါးပါးက မာန်တင်းထားပေမယ့် သူ့ကောင်းကင်မှာ ကြယ်တစ်လုံးမှ မကျန်တော့ဘူး။ မနက်ခင်းတိုင်း လင်းလက်နေတတ်တဲ့ သောကြာကြယ်တောင် ဘယ်အရောင်နဲ့ ပျောက်ဆုံးနေခဲ့လေသလဲ မသိ ..။

အရာရာတိုင်းဟာ တသမတ်တည်း မသွားဘူးဆိုတာ ကျွန်မ ငယ်ငယ်တည်းက သိခဲ့တာပဲ။ ငယ်စဉ်က ရခဲ့တဲ့ ဆုတံဆိပ်တွေနဲ့ ဒီကနေ့ အောင်မြင်မှုတွေ ပြဒါးတစ်လမ်း သံတစ်လမ်း ဆိုတာလည်း သိခဲ့တာပဲ။ သစ္စာတရားဆိုတာက မူကွဲနာမည်ရင်းအမျိုးမျိုးနဲ့ ဆိုတာလည်း ကျွန်မကိုယ်တိုင် အဆိုတင်သွင်းခဲ့ဖူးတာပဲ။ ကတိကဝတ်ဆိုတာကလည်း ကောက်ယူ သိမ်းဆည်းလိုက်သူနဲ့သာ သက်ဆိုင်တယ်ဆိုတာ ကျွန်မ မေ့လျော့စရာ အကြောင်းရှိလို့လား။ ကျွန်မကို စွယ်တော်ရွက်တွေက ရယ်မောနေကြတယ်။ လက်မှတ်တွေ အပြည့်ထိုးထားတဲ့ စွယ်တော်ရွက်တွေရဲ့ ရယ်သံက တစ်စက်ကလေးမှ နားမခံသာခဲ့ဘူး။ကျွန်မရဲ့  အိပ်မက်မှန်ဘောင် ကျဉ်းကျဉ်းလေးထဲမှာတော့ ကျွန်မ ကံ့ကော်တွေကို အကျဉ်းချထားခဲ့တယ်။ ရေတမာတွေကို ဘောင်ခတ်ထားခဲ့တယ်။ လှိုင်းသံသဲ့သဲ့တွေကို အသံဖမ်းထားခဲ့တယ်။ ကိုယ့်အတ္တအတွက် အရာအားလုံးကို သက်ငြိမ်တစ်ခုအဖြစ် ဖန်တီးထားလိုက်နိုင်တာဟာ အစစ်တစ်ခုမဟုတ်မှန်း ကျွန်မ မသိတာမှ မဟုတ်ပဲ။ လူတွေ သိသိကြီးနဲ့ ကျူးလွန်မိတတ်ကြတဲ့အတိုင်း ကျွန်မလည်း ကျူးလွန်ခဲ့မိတာပါ။ တစ်ကိုယ်ရေ စေစားမှုတွေနဲ့ ကျွန်မက ခုထိ ရွှဲရွှဲစိုနေတုန်း ..။

တစ်ခါတစ်ခါတော့လည်း ခုထိ ဘာလို့ ကြယ်ကလေးတစ်လုံးတည်း ပါတဲ့ ပန်းချီကားတစ်ချပ်ကို မရေးဆွဲ ဖြစ်သေးတာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်နေဖြစ်တယ်။ အရောင်တွေ မရှိသေးလို့ပါ ..။ အဲဒီအတွက် ဘောင်တွေကိုတော့ ကျွန်မကိုယ်တိုင် ရိုက်ချိုးပစ်ခဲ့လိုက်တာပဲ။ နဂါးငွေ့တန်းတစ်လျှောက် မြင်နေရတဲ့ စကြဝဠာ တဆုံး ကြယ်ကလေး စိတ်ရှိတိုင်း လင်းလက်ဖို့ သူတို့ကို အကျဉ်းချထားလို့ မဖြစ်ဘူးလေ။ ဒါဟာလည်း ကျွန်မရဲ့ တစ်ကိုယ်ရေ အတ္တ တစ်စင်းပါပဲ။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ကတော့ လင်းလို့ ..။

ခုတလော အသက်ရှူ မဝဘူး။ စိတ်နှလုံးတွေ တင်းကြပ်တိုင်း ပန်းချီကား ဘောင်တွေကို လိုက်လံ ရိုက်ချိုး ပစ်နေမိတာ၊ တစ်ခန်းလုံးလည်း ပွစာကျဲလို့။ အသက်ရှူ မဝဘူး။ အသက်ရှူ မဝဘူး…။ ပြူတင်းတံခါးတွေ တစ်ချပ်မှ မရှိပဲ ပြတင်းတံခါးဟန်ဆောင်ထားတဲ့ မှန်ချပ်တွေသာရှိတဲ့ နေရာတစ်ခုမှာ လတ်တလော ကျွန်မ နေထိုင်နေပါတယ်။ အသက်ရှူမဝခြင်းတွေက ဒါတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေခဲ့တယ် လို့ပဲ သတ်မှတ်လိုက်ကြပါစို့။ .. ဒါကြောင့် အဲဒီမှန်ချပ်တွေကို ကျော်လွန်လို့ ကျွန်မ အပြင်ကိုထွက်ရပ်လိုက်ရတယ် ..။ ဒါပေမယ့် စည်းက ကျွန်မရဲ့ အပြင်မှာပဲ ရှိနေတုန်း ..။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ အလင်းသဲ့သဲ့က အမှောင်ထုကို ခုထိ ဖောက်မထွက်နိုင်သေးဘူး။ တစ်လောကလုံး ကြယ်တစ်လုံးမှ မလင်းနိုင်တော့ဘူးတဲ့လား ။ ဘယ်လို နံနက်ခင်းကောင်းကင် အသစ်စက်စက်မှာမှ ကြယ်စုံမနေပါဘူး … လို့ ကျွန်မကို တစ်စုံတစ်ယောက် က ခပ်တိုးတိုး လာပြောနေသလိုပဲ ..။ ကျွန်မ နားနှစ်ဖက်ကို ယောင်ရမ်း ပိတ်ပစ်လိုက် မိတယ်။ ဘယ်လို အလင်းကိုမှ မကြားနာနိုင်တော့ပါဘူး။ပြတင်းတစ်ပေါက်စာအိပ်မက်တွေနဲ့ ပျော်မွေ့နေခဲ့ဖူးတဲ့ နေ့ရက်ကလေးတစ်ချို့ကတော့ ဟိုမှာဖက်ဆီက သက္ကရာဇ်တစ်ခုမှာ ကွေးကောက်ကျကျန်ခဲ့ပါပြီ။ ကိုယ့်နောက်ကို လိုက်မလာနိုင်တဲ့ သက္ကရာဇ်တွေနဲ့ သူတို့ကို ထားရစ်ပစ်ခဲ့ရတဲ့ ကျွန်မ .. အဲဒီသဘာဝကြီးကိုက ကျွန်မအတွက် တစ်စုံတစ်ရာမက မှားယွင်း နေခဲ့တာပဲ ..။ ခုနေခါမှာတော့ ဒီမြေဒီရေ ဒီတော ဒီတောင် ဒီကံ့ကော်တွေ သင်းနေတဲ့ နေရာမှာ ကျွန်မ ထွက်ပေါက်မဲ့စွာ အသက်ရှူခက်နေခဲ့တယ်။

တကယ်ဆို ကျွန်မက ကံ့ကော်တွေပွင့်နေတဲ့ သက်ငြိမ်ပန်းချိကားတစ်ချပ်ကို အခန်းထဲထည့် ဘောင်သွင်း ထားခဲ့သလိုမျိုး .. လှိုင်းခတ်သံ တသဲ့သဲ့ကြားနေရတတ်တဲ့ ကန်ရေပြင်တစ်ခုကို တိတ်သားကြိုးပေါ် ထည့်သိမ်း ထားခဲ့သလိုမျိုး .. ကြယ်ကလေးတွေကို ထည့်သိမ်းထားဖို့ ကောင်းကင် အပိုမရှိခဲ့ဘူးဆိုတာ မေ့နေခဲ့တယ်။ ဖြစ်နေပျက်နေကျအတိုင်း ကျွန်မက အသိတရားတွေကို ပွေ့ပိုက်ရင်းကပဲ သတိလက်လွတ် ဖြစ်စဉ်တွေကို ပြန်ပြန် ကောက်ယူကြည့်မိနေတတ်ပြန်တယ်။ ကျွန်မမှာ ကြယ်ကြွေတွေ ခင်းထားတဲ့ လမ်းတစ်လမ်း ရှိမနေခဲ့တာတော့ အသေအချာပါပဲ ..။

အဲဒီတနင်္ဂနွေ မိုးပြေးတွေက ငါ့ကို စွတ်စိုနာကျင်သွားစေခဲ့တာလား။ ရွာမယ်မှန်း သိသိနဲ့ မိုးလေဝသ ပညာရှင်တစ်ယောက်လို ခန့်မှန်းတတ်ခဲ့ပါလျက် သဘာဝရဲ့လှည့်စားမှုကို စောင့်နေခဲ့မိတာ ရူးသွပ်မှု တစ်ခုထက်တော့ ပိုလိမ့်မယ် ထင်ပါတယ်။ နံနက်ခင်းရဲ့ နေရောင်အသစ်စက်စက်အောက်မှာ ဘယ်ကောင်းကင်မှာမှ ကြယ်ရှိမနေတတ်ဘူး ..။ မိုးလင်းတိုင်း ရင်ဆိုင်နေရမယ့် နံနက်ခင်းတွေကို ငြင်းပယ်ခဲ့ရင် ညတွေ အသင်္ချေနေခဲ့မှာပေါ့ .. တဲ့..။ ကျွန်မ ခပ်ပါးပါး ရယ်မော လိုက်မိတယ် ။ ဒါ မထီမဲ့မြင် လုပ်ရပ်တစ်ခုဆိုတာ ပီပြင်စေချင်လို့ပါပဲ။ ဒါပေမယ့် ပီပြင်လိုက်လိမ့်မယ် မထင်ပါဘူး။ တကယ်တမ်းကျ ကျွန်မက ကျင့်သားရနေသူမှ မဟုတ်ပဲကွယ် ..။

ကြက်ခြေခတ်အနီတွေ မြင်နေပါလျက် အမှန်ခြစ် ခပ်ကွေးကွေးလေးများ ဖြစ်နေလေမလား မျှော်လင့်တတ်သူ တစ်ယောက်သာပါပဲ။ စကားလုံးတွေ အများကြီးမသုံးချင်တော့ဘူး။ စကားလုံးတိုင်းဟာ လျှာနှစ်ခွထွက်နေတဲ့ မြွေဟောက်တွေ လိုပဲ .. လမ်းတွေအများကြီး ခွဲဖြာထွက်သွားလိုက်တာ .. မုန်းစရာ .. ။ ကံသေကံမ ပြောလို့ရတဲ့ အရာဆိုလို့ ဘဝမှာ မေတ္တာတရားတစ်ခုပဲ ကျန်ပါတော့တယ်။ မိခင်တစ်ယောက်ဟာ သားတစ်ယောက်အပေါ် မျှော်လင့်ခွင့် တစ်စုံတစ်ရာ ရှိမနေခဲ့ဘူးဆိုတာ သိနေပါလျက် မျှော်လင့်ချက်တွေရဲ့ ကြိုးပေးမှု အောက် ကျွန်မ အရောက်လျှောက်ခဲ့မိတာပဲ ..။ အရာအားလုံးရဲ့ နိဂုံးဟာ ကျွန်မရဲ့ အမှားထုတွေချည်းပဲပေါ့ ..။

စိတ်ကို ဖြေလျှော့လွှတ်ချလိုက်တဲ့အခါ ကျွန်မ တိမ်တစ်စ ပမာ .. ကြယ်ကလေးတွေနားမှာ လွင့်မျောနေခွင့် ရခဲ့ချင်ပါတယ်။

မနော်ဟရီ

မျက်ရှု သုတရသ မဂ္ဂဇင်း


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...