Tuesday, November 13, 2012

သားဖွားပညာ အတိတ်၊ပစ္စုပန်၊အနာဂတ် (အပိုင်း ၁ မှ ၄ အထိ)


       
     ယောင်္ကျားဖောင်စီး ၊မိန်းမမီးနေဟူသည့် မြန်မာစကားပုံရှိသည်။ မီးတွင်းထဲမှာ ကလေးမွေးနေရသည့် အချိန်သည် မိခင်လောင်းအမျိုးသမီးများအတွက် အသက်အန္တရာယ်နှင့် နီးကပ်နေသည့် အချိန်ဖြစ်ပါသည်။ မြန်မာပြည်မှာသာမက နိုင်ငံတကာမှာလည်း ကလေးမွေးနေသည့် အချိန်သည် အမေရော၊ကလေးအတွက် မှာပါ အရေးကြီးသည့်အချိန်ဖြစ်ပါသည်။
အမှန်တော့ မီးဖွားနေသည့် အချိန်မှာသာမက ကိုယ်ဝန်ဆောင်နေ သည့် အချိန်တွင်မှာလည်း အန္တရာယ်ကရှိနေသည်။
            တိုင်းပြည်တစ်ပြည်၏ ကျန်းမာရေးအဆင့်အတန်းကို တိုင်းတာသည့်နေရာမှာ Mother Mortality Ratio (MMRခေါ် မိခင်များ၏ သေဆုံးမှုအချိုးဖြင့် ခန့်မှန်းကြသည်လည်းရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာ မျိုးဆက်ပွားနိုင်သည့် အရွယ်ကောင်း မိခင်လောင်းများ၏ အဓိကသေဆုံးရသည့် အကြောင်းရင်းမှာ ကိုယ်ဝန်ဆောင်နေစဉ်၊မီးဖွားနေစဉ်ဖြစ်ပွားရသည့် နောက်ဆက်တွဲပြသနာ
များကြောင့် ဖြစ်ပါသည်။MMRကို တွက်ချက်သည့်နေရာတွင် ကိုယ်ဝန်ဆောင်စဉ်မှအစပြု၍ မီးဖွားသည့် အချိန်အပါအ၀င် မီးဖွားပြီး ၄၂ ရက်အတွင်း ကိုယ်ဝန်ဆောင်ခြင်းကြောင့်ဖြစ်ရသည့် သေဆုံးမှုများကို ထည့်သွင်းတွက်ချက်လေ့ရှိပါသည်။
            ကလေးမွေးသည့်ဖြစ်စဉ်မှာ သဘာဝကြီး၏ ထူးဆန်းသည့် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။နို့တိုက်သတ္တ၀ါများအဖို့ မတ်မတ်ရပ်ပြီး လမ်းလျှောက်နိုင်ဖို့ရာ အတန်ငယ်ကြီးသည့် ဦးနှောက်နှင့် ခိုင်မာတောင့်တင်းကျစ်လစ်သည့် ခါးရိုးတစ်စုံကို ပိုင်ဆိုင်ဖို့လိုပါသည်။ ခြေနှစ်ချောင်း၊ခြေလေးချောင်း နို့တိုက်သတ္တ၀ါမှန်သမျှ မွေးပြီးပြီဆိုသည်နှင့် လမ်းထလျှောက်နိုင်သည်။ သူ့ဘာသာသူ အစာ
ရှာစားနိုင်သည်။ သို့ပေမယ့် လူလေးတွေမွေးလာရင်တော့ ချက်ချင်းလမ်းထမလျှောက်နိုင်။ လပေါင်းများစွာတိုင်အောင်ပင် မွေးကင်းစကလေးငယ်များမှာ အိပ်ယာထဲတွင် ပက်လက်ကလေးလန်လျက် ကူညီမည့်သူကို မျှော်နေရသည်။ အကြောင်းက လူသည်အခြားသောနို့တိုက်သတ္တ၀ါများနှင့်ယှဉ်လျှင် စောပြီး ကလေးမွေးလေ့ရှိသဖြင့် မွေးကင်းစ ကလေးငယ်များမှာ ရှိသင့်သလောက် ရင့်ကျက်မှု
မရှိခြင်းကြောင့်ဟု ဆိုကြသည်။
            မိခင်လောင်းတစ်ယောက် ကိုယ်ဝန်စဆောင်ပြီဆိုရင် ပထမသုံးလအတွင်း ခါးရိုးကွင်းဆက်မှ အရိုးများသည် ပျော့ပျောင်းလာပါသည်။ ခါးရိုးများသည်လည်း အတန်ငယ်ကြီးလာသည်။ မွေးဖွားသည့် အချိန်မှာ ၀မ်းဗိုက်ထဲမှ ကလေး၏ ဦးခေါင်းနှင့်ကိုယ်ခန္ဓာတို့လွယ်ကူစွာဖြတ်သန်းသွားနိုင်ရန် ကြိုတင်ပြင် ဆင်သည့် သဘောဖြစ်သည်။
ကလေးမွေးပြီဆိုရင် နဂိုက လုံးလုံးကျစ်ကျစ်နှင့်သိပ်သိပ်သည်းသည်းရှိသော သားအိမ်သည် ကတော့ ပုံပြွန်ကြီးလိုဖြစ်လာပြီး အတွင်းမှကလေးကို စည်းချက်ကျကျညှစ်ထုတ်လေတော့သည်။ ထိုညှစ်ထုတ်မှုသည် သဘာဝတရား၏ အလုပ်ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်ပင်လျှင် ညှစ်ထုတ်ရန် အားစိုက်ဖို့မလို။ အောက်ပိုင်းသေနေသည့် အမျိုးသမီးများမှာပင်လျှင် သားအိမ်ထဲမှ ကလေးငယ်သည် အလိုလိုထွက်ကျ လာနိုင်စွမ်းရှိပါသည်။
            ကိုယ်ဝန်ဆောင်ကာလတလျှောက်လုံးမှာ ကျပ်ကျပ်တည်းတည်းကျစ်ကျစ်လစ်လစ်ဖြင့် သားအိမ်အ၀ကို ပိတ်ဆို့ထားခဲ့သည့် သားအိမ်ခေါင်းသည် မွေးဖွားချိန်ရောက်လာသည့်အခါ ပျော့ပျောင်းလာလေသည်။ ဗိုက်ထဲက ကလေး၏ ဦးခေါင်းသည်လည်း သားအိမ်အတွင်းပိုင်းမှနေ၍ သားအိမ်ခေါင်းကိုဖိသည်။ဦးခေါင်းကဖိလေလေ၊သားအိမ်ခေါင်းက ပျော့ပျောင်းလာလေလေ။ ထိုအဖြစ်
အပျက်ကို ဆေးပညာ အသုံးအရ Effacement ဟုခေါ်သည်။သားအိမ်ခေါင်းက ပျော့ပျောင်းလာလိုက် သည်မှာ အပေါက်ဝလေးဖြစ်လာသည်အထိဖြစ်သည်။ ကလေးခေါင်းက ဖိလေလေ၊ ထိုသားအိမ်ခေါင်း အ၀လေးက ကျယ်လေလေ။ ကလေးဦးခေါင်း တစ်ခုလုံး ထွက်နိုင်ဖို့အတွက်တော့ သားအိမ်ခေါင်းသည် လေးလက်မ(သို့မဟုတ်) ၁၀ စင်တီမီတာလောက်အထိ ကျယ်ဖို့လိုအပ်သည်။
            သားအိမ်ခေါင်းပြည့်ပြည့်၀၀ကျယ်သည့် အချိန်သည်ပင်လျှင် ကလေးမွေးသည့် အချိန်ပင်ဖြစ်လေ သည်။ သားအိမ်ခေါင်းအ၀က သုံးစင်တီမီတာလောက်ကျယ်နေသည်ဆိုရင်ပင် မီးဖွားချိန်စပြီဟုဆိုနိုင်သည်။သားအိမ်ခေါင်းပွင့်ပြီး မကြာခင်မှာပင် ရေမွှာပေါက်တော့မည်။ရေမွှာပေါက်ပြီးသည်နှင့် သားအိမ်ကပိုပြီး ညှစ်ပေတော့မည်။
            သားအိမ်ခေါင်းက ၇စင်တီမီတာမှ ၁၀စင်တီမီတာအထိကျယ်လာပြီဆိုရင် ကလေး၏ဦးခေါင်း သည် လည်း မွေးလမ်းကြောင်းအတွင်းပိုင်းအ၀သို့ရောက်နေပြီ။ မိခင်ဖြစ်သူ၏ ခါးရိုးကွင်းသည်လည်း အကျယ်ဆုံးအနေအထားသို့ရောက်လာသည်။
ကလေး၏ဦးခေါင်းကိုလည်းအပြင်ဘက်မှ လှမ်းမြင်နေရပြီ။ ထိုအချိန်မှာ အမေလုပ်သူက အားပါးတရနှင့် နောက်ဆုံးအချိန် ညှစ်ထုတ်လိုက်သည်။ ပထမဆုံးဦးခေါင်း ထွက်လာသည်။နောက် ပုခုံးလေးတွေထွက် လာသည်။ သည်လိုဆိုရင် ကလေးတစ်ကိုယ်လုံးလွတ်သွားပြီ။ မွေးကင်းစကလေးက အားပါးတရငိုချလိုက် သည်။ နောက်တော့ အချင်းကြိုးလေးထွက်လာသည်။နောက် သားအိမ်ကညှစ်ချလိုက်ပြန်သဖြင့် အချင်းပါ ထွက်ကျလာသည်။နောက်ဆုံးတွင် သွေးထွက်မှုများကို အဆုံးသတ်ရန် သားအိမ်သည် အလိုလိုပြန်ကျုံ့ သွားလေသည်။ ထိုအချိန်တွင် မိခင်ဖြစ်သူမှ နို့ဦးရည်များထွက်လာပြီး လူ့လောကထဲရောက်ကာစ ကလေးငယ် သောက်သုံးဖို့ အသင့်ဖြစ်နေပြီ။
            အထက်ပါဖြစ်ရပ်များက ပုံမှန်ကလေးမီးဖွားသည့် ဖြစ်စဉ်များဖြစ်ပါသည်။အထက်ပါဖြစ်စဉ် တစ်နေရာရာမှ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်သွားနိုင်သည်။ပြသနာတက်နိုင်သည်။ကလေး မီးဖွားချိန်မှာ အဆင်မပြေပဲ ပြသနာတက်ရင် ဘာဖြစ်ပါသနည်း။

အပိုင်း(၂)
            လွန်ခဲ့သည့်နှစ်ပေါင်းထောင်နှင့်ချီကပင် မီးတွင်းကာလသည် မီးနေသည်နှင့် မွေးကင်းစ ကလေး များစွာကို အသက်သေဆုံးစေသည့် အဓိကအကြောင်းရင်းဖြစ်ပါသည်။ အချင်းသည် ပုံမှန်မကွာပဲ တပိုင်း တစသာကွာပြီး တချို့သောအပိုင်းတွေ သားအိမ်ထဲမှာကျန်နေခဲ့နိုင်သည်။ ထိုအခါမျိုးတွင် သွေးသွန်သည့် ပြသနာ တက်နိုင်သည်။မွေးပြီးပြီးချင်း အလိုအလျောက်ပြန်ကျုံ့သွားရမည့် သားအိမ်သည် ပျော့လ ဘတ်ကြီးဖြစ်လျက်သွေးတွေကို အဆက်မပြတ်သွန်ချနေပေလိမ့်မည်။ အမေသည် ထိုသွေးလွန်သည့် ပြသနာနှင့်ပင် သေဆုံးနိုင်သည်။ တခါတလေမှာ မွေးနေသည့်အချိန်မှာပင် သားအိမ်သည်ကွဲထွက်ပြီး သွေး
ထွက်လွန်နိုင်သေးသည်။
            နောက် မိခင်နှင့်ကလေးကိုသေစေသည့် အကြောင်းရင်းက ကူးစက်ရောဂါပိုးဝင်သည့်ပြသနာ။ရေမြွှာပေါက်ပြီဆိုကတည်းက ရောဂါပိုးတွေက ထိုနေရာမှတဆင့် သားအိမ်ထဲဝင်ဖို့ တာစူနေပြီ။ ရေမြွှာ ပေါက်ပြီး ကလေးမြန်မြန်ထွက်သွားရင်တော့ တော်သေးသည်။ ရေမြွှာပေါက်တာကြာပြီး ကလေးက တော်တော်နှင့်မထွက်လျှင်တော့ ရောဂါပိုးတွေဝင်ရောက်ဖို့ အချိန်ပိုရသွားမည်။ ၁၉ ရာစုနှစ်တုန်းက ဆရာဝန်များနှင့်မွေးသော ဗိုက်ကြီးသည်တွေ ပိုပြီး ရောဂါပိုးဝင်သွေးဆိပ်တက်ပြီး ဖျားကြသည်ဟူသော
တွေ့ရှိချက်တစ်ခုရှိသည်။ ထိုအချိန်က လူနာကို စမ်းသပ်ပြီး လက်ဆေးလေ့မရှိကြသဖြင့် လူနာပိုများသည့် ဆရာဝန်၏လက်တွေက ဆရာဝန်လောက်လူနာမစမ်းရသည့် လက်သည်တို့၏လက်ထက် ရောဂါပိုးများကို ဖြန့်ဝေကြခြင်းကြောင့်ဖြစ်ပါသည်။ ပဋိဇီဝဆေးများ မပေါ်ပေါက်သေးသည့် ရှေးဟောင်းကာလများမှာတော့ မီးဖွားပြီး သွေးဆိပ်တက်အဖျားဝင်သည့် ပြသနာမှာ မီးတွင်းထွက်မိခင်များကို အသေကျေဆုံးသော ပြသနာဖြစ်ခဲ့ပါသည်။ ယနေ့ကာလအထိ ရေမြွှာပေါက်ပြီး ၂၄နာရီအတွင်း ကလေးမမွေးသေးဘူး
ဆိုရင် ကူးစက်ရောဂါဝင်ဖို့ ၄၀%လောက် အလားအလာရှိနေပါသေးသည်။
            သည်ထက်ပိုပြီးဆိုးသည့် ပြသနာတစ်ခုကျန်နေသေးသည်။ ကလေးမထွက်သည့်ပြသနာ။ကလေးက အရမ်းကြီးနေသည်။ ကိုယ်ဝန်ပတ်က ၄၀ကျော်လာပြီ။ရှေးပဝေသဏီတုန်းက ဗီတာမင်ဒီ ချို့တဲ့ပြီး အရပ်ပု၊ခါးရိုးကွင်းသေးသည့် မိခင်လောင်းတွေများသည်။ ဗိုက်ထဲက ကလေးခေါင်းက အမေ၏ခါးရိုးကွင်းထက် ကြီးနေသည်။သည်တော့ ကလေးခေါင်းထွက်လာရမည့်အစား ခြေထောက် တစ်ချောင်းပဲထွက်ချင်ထွက်လာမည်။ လက်တစ်ဖက်ထဲ ထွက်ချင်ထွက်လာမည်။ ဒါမှမဟုတ် ဦးခေါင်းတော့ထွက်မည်၊သို့ပေမယ့် ထွက်ပုံထွက်နည်း မမှန်သဖြင့်ပုခုံးတွေ၊လက်တွေကလိုက်ထွက်မလာပဲ တစ်နေမည်။ကလေးက အသက်ရှူလို့မရ။ခေါင်းကြီးထွက်ပြီး တန်းလန်းကြီးဖြစ်နေမည်။
            အလွန်ခေါင်းခဲရသည့် အနေအထားဖြစ်ပါသည်။ဦးခေါင်းက မွေးလမ်းကြောင်းအ၀မှာ တစ်နေ သည့် အခါ ကလေးအတွက် အောက်ဆီဂျင်နှင့် အာဟာရတွေ သယ်ဆောင်ပေးနေသည့် ချက်ကြိုးသည် လည်း မွေးလမ်းကြောင်းတစ်နေရာရာမှာ ညပ်နေပါသည်။
ထိုအခါ ကလေးသည် အောက်ဆီဂျင်ပြတ်ပြီး ပိုလို့ပြာလာပါသည်။ ထိုအနေအထားမျိုးမှာ အချိန်လင့်သွား ရင် ကလေးဆုံးသွားနိုင်သည်။ ၁၈၁၇ ခုနှစ်ကအင်္ဂလန်ကျွန်းမှ၊ဂျော့ဘုရင် အမှတ်(၄) ၏ တစ်ဦးတည်း သော၂၁နှစ်အရွယ်သမီးကလေးမှာ ကိုးပေါင်အလေးချိန်၇ှိသည့် သားလေးကိုမမွေးနိုင်သဖြင့် ကလေးရော၊မိခင်ပါ သေဆုံးခဲ့ကြရသည်။ဂျော့ဘုရင်မှာလည်း ထီးနန်းဆက်ခံပိုင်ခွင့်၇ှိသူက သည်သမီးကလေး တစ်ယောက် ပဲရှိရာထီးမွေနန်းမွေကို သူ့ညီတော်ကို လွှဲလိုက်ရသည်။ထိုညီတော်လွန်သည့်အခါ ထီးနန်းကို သမီးတော် ၀ိတိုရိယဘုရင်မကြီးက ဆက်ခံသည်။ ထိုနည်းဖြင့် အင်္ဂလန်၏ ထီးနန်းသည် ယနေ့ဝိတိုရိယ ဘုရင်မကြီးထံ ရောက်ရှိလာခဲ့ရခြင်းဖြစ်သည်။
            ကလေးမွေးစဉ်ကြုံရသည့် အခက်အခဲများကို ဖြေရှင်းဖို့ရန် ဆရာဝန်များနှင့် သားဖွားဆရာမများ အဖို့ ရှေးပဝေသဏီကတည်းကပင် ရှာဖွေကြံဆခဲ့ကြသည်။ သားဖွားပညာ၏ သမိုင်းသည်ပင် ထိုကြိုးပမ်း မှုများ၏ သမိုင်းပင်ဖြစ်သည်။ကလေးမမွေးနိုင်၍ မွေးလမ်းကြောင်းမှာပိတ်နေပြီဆိုရင် မိခင်ဖြစ်သူ၏ အသက်ကို ကယ်တင်ဖို့အတွက် သားဖွားပညာသမိုင်းမှာ ပထမဆုံးပေါ်ပေါက်လာသည့် အရာက အသွားမှာချွန်ထက်နေသည့် ထိပ်စူးပါသည့် ကိရိယာတစ်မျိုးဖြစ်ပါသည်။ Crochet ဟုခေါ်ကြသည်။ထိုထိပ်ချွန်ဖြင့်ကလေး၏ဦးခေါင်းခွံကိုဖောက်ပြီးကလေးကိုတစစီ ဆွဲထုတ်သည့် နည်းလမ်းဖြစ်ပါသည်။ ရည်ရွယ်ချက်ကိုက မိခင်၏အသက်ကိုသာ ကယ်တင်ဖို့ဖြစ်ပါသည်။
            နောက်ပိုင်းမှာ ခေါင်းနှင့်မမွေးပဲ တင်ပဆုံနှင့်ထွက်လာသည့်၊ခြေထောက်နှင့် ထွက်လာသည့်၊ ပုခုံးနှင့်ထွက်လာသည့်၊ မျက်နှာနှင့် ထွက်လာသည့် ကလေးများကို မွေးဖွားနိုင်ဖို့ သားဖွားဆရာဝန်များ အနေဖြင့် မွေးဖွားနည်းပုံစံသစ်များကို တီထွင်လာကြသည်။ ထိုနည်းလမ်းများကိုလည်း တီထွင်သူ ဆရာဝန်များက သူတို့နာမည်ကို ပေးလိုက်ကြသည်။ ဥပမာတင်ပဆုံနှင့် မွေးသည့် ကလေးကိုကြည့်ပါ။ ကလေး၏တင်ပါးကိုကိုင်၊ဖြည်းဖြည်းလှည့်၊ ခြေထောက်တစ်ချောင်းချင်းစီကို လှည့်ပြီးဆွဲထုတ်၊ထို့နောက်
သားအိမ်ထဲမှာရှိနေသေးသည့်လက်ကလေး တစ်ချောင်းချင်းစီကို ဆွဲချ၊ ထိုအထိကို Lovsett Maneuver မွေးနည်း ဟုခေါ်သည်။
            ထိုအခါမွေးလမ်းကြောင်းထဲမှာ ကျန်နေသေးသည့် ဦးခေါင်းကို ဆွဲထုတ်ဖို့ကျတော့ Mauriceau-Smellie-Veit Maneuver ဆိုတာကို သုံးရပြန်သည်။ကလေး၏ရင်ဘတ်ကို လက်နှစ်ဖက်နှင့် အပေါ်တစ် ဖက်၊ အောက်တစ်ဖက်ကိုင်။အောက်ကလက်၏ လက်ညှိုးဖြင့် ကလေး၏ပါးစပ်ထဲကို ထည့်ပြီးကလေးခေါင်း ကို ထုတ်သည့်နည်းဖြစ်သည်။ခေါင်းထွက်ပြီး ပုခုံးကမွေးလမ်းကြောင်းထဲမှာ တစ်နေတတ်သည့်ပြသနာမျိုး များမှာလည်း မွေးသည့်နည်းလမ်းတွေရှိသေးသည်။တချို့နေရာမှာတော့ ကလေး၏ အသက်ကိုကယ်တင် ရန် ကလေး၏ညှပ်ရိုးကိုချိုးပြီး ဆွဲထုတ်ရတာမျိုးလည်းရှိသည်။

အပိုင်း (၃)
            သားဖွားပညာသမိုင်းကြောင်းမှာ ကလေးမွေးနည်း နိဿရည်းပေါင်း ဒါဇင်နှင့်ချီပြီး ရှိပါသည်။ထိုနည်းလမ်းများက မရေမတွက်နိုင်သည့် ကလေးငယ်များစွာ၏ အသက်ကိုကယ်တင်နိုင်ခဲ့သလို တဘက်ကလည်း မအောင်မြင်ဖြစ်ပြီး အသက်ဆုံးရှုံးမှုတွေ များစွာရှိခဲ့သည်။
            ကလေးကို မွေးလမ်းကြောင်းမှ မမွေးပဲ ဗိုက်ကိုခွဲပြီး ကလေးကိုမွေးဖွားသည့် နည်းလမ်းမှာလည်း ရှေးပဝေသဏီတည်းက၇ှိခဲ့သည်။ ၁၇ ရာစု ရောမဥပဒေတွင် မီးမဖွားနိုင်၍ မီးတွင်းထဲ ဆုံးကြရသည့် အမျိုးသမီးများကို ဗိုက်ကိုခွဲ၊ ကလေးထုတ်ယူပြီးမှ မြေမြုပ်ခွင့်ရှိသည်။ဗိုက်ထဲက ကလေး အသက်ရှိများနေ ခဲ့ရင်ဟူသည့် မျှော်လင့်ချက်နှင့် ဖြစ်ပါသည်။ ဗိုက်ကိုခွဲပြီး ကလေးမွေးသည့် ခွဲစိတ်မှုကို (Cesarean section) ဟုခေါ်သည်။ ထိုအမည်ရလာပုံမှာ ဆီဇာဘုရင်ကြီးကို မိခင်ဖြစ်သူ “သြော်ရီလီယာ”က ဗိုက်ခွဲ
ပြီးမွေးပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဒဏ္ဍာရီများရှိသည်။ တချို့ကလည်း ရောမခေတ်မှာ ဗိုက်ခွဲပြီးကလေး မွေးဖို့ ကိစ္စမှာ မဖြစ်နိုင်၊ ဆီဇာ၏အမေမှာ မီးတွင်းမှာ မသေသည့်အပြင် အသက်အတော်ရမှ ကွယ်လွန် သဖြင့် ပိုလို့မဖြစ်နိုင်ဟုဆိုကြသည်။ ရှေးပဝေသဏီ သမိုင်းတလျှောက် အသက်ရှင်နေသည့် မိခင်၏ ဗိုက်ကိုခွဲပြီး ကလေးကိုထုတ်ယူမွေးဖွားသည် ဆိုသည်မှာ လူသတ်မှုမြောက်သည့် ရာဇ၀တ်မှုဖြစ် ခဲ့သည်။ ဗိုက်ခွဲခံရပြီဆိုကတည်းကအမေဖြစ်သူမှာ သွေးထွက်လွန်ပြီးသေချင်သေ၊ ပိုးဆိပ်တက်ပြီးသေချင်သေ၊
တနည်းနည်းဖြင့် သေဖို့သာရှိပါသည်။ ၁၉ရာစုနှစ်အတွင်း မေ့ဆေးပညာနှင့် ပိုးသန့်စင်နည်းလမ်းများ ဖွံ့ဖြိုးလာပြီးနောက်ပိုင်း၊ ကလေးကို ဗိုက်ခွဲထုတ်ယူပြီး သားအိမ်ကိုပြန်ချုပ်သည့်အခါ ခိုင်မြဲအောင်နှစ်လွှာ ချုပ်သည့် ခွဲစိတ်နည်းပညာများပေါ်ပေါက်လာသည့်နောက်ပိုင်းများတွင်မှာ ဗိုက်ခွဲပြီးကလေးမွေးခြင်း (Cesarean section) ကို အများလက်ခံလာကြသည်။သို့တိုင်အောင် အပြစ်လွတ်တယ်ရယ်လို့တော့ မရှိသေး။
            ဗိုက်ခွဲပြီးကလေးမွေးခြင်းထက် ပိုအသုံးများအရေးပါခဲ့သည့် ကလေးမွေးသည့်နည်းလမ်းတစ်ခု ရှိသေးသည်။ ညှပ်ဖြင့်ဆွဲမွေးသည့်နည်းပညာဖြစ်ပါသည်။ Forceps delivaryဟု ခေါ်ကြသည်။ တရုတ်သိုင်း ကားများမှာ သိုင်းကျမ်းများကို မိသားစုလိုက်လျှို့ဝှက်ထိမ်းသိမ်းလေ့ကျင့်ခဲ့ကြသလို ညှပ်ဆွဲမွေးသည့် အတတ်ပညာသည်လည်း မိသားစုအတွင်းမှာ လျှို့ဝှက်တီထွင်ပြီးမျိုးဆက်နှစ်ဆက်၊ သုံးဆက်တိုင်အောင် မပေါက်ကြားအောင် ထိန်းသိမ်းခဲ့ကြသည့် အစဉ်အလာရှိခဲ့သည်။ကလေးမွေးရာတွင်သုံးသည့် “ညှပ်”ကို စတင်တီထွင်ခဲ့သူမှာလန်ဒန်မြို့မှ သားဖွားဆရာဝန် ပြင်သစ်လူမျိုး ပီတာချိန်ဘာလန်( ၁၅၆၀-၁၆၃၁) ဖြစ်သည်။
“ညှပ်” တစ်စုံမှာလေးခေါင်းကို ထိန်းပြီးဆွဲထုတ်နိုင်ဖို့ သတ္တုဖြင့်လုပ်ထားသည့် အသွားနှစ်ဘက်ပါသည်။ထိုအသွားကြီးနှစ်ဖက်က ခါးမှာသိမ်သွားပြီးမလှုပ်နိုင်အောင် ထိန်းထားသည့် အထစ်ကလေးတစ်ခုပါသည်။ ညှပ်ဖြင့်ကလေးမွေးဖွားခြင်းကို နည်းမှန်လမ်းမှန်သာ ပြုလုပ်တတ်မည်ဆိုလျှင် မွေးရခက်နေသည့် ကိုယ်ဝန်မျိုးမှာ ကလေးရော၊အမေရောကိုပါ ကယ်တင်နိုင်မည့် ကလေးမွေးဖွားခြင်းပညာတစ်ရပ်ဖြစ် ပါသည်။
            သို့သော် ချိန်ဘာလန် မိသားစုသည် မျိုးဆက်သုံးဆက်တိုင်တိုင် ညှပ်ဆွဲကလေးမွေးခြင်း အတတ်ပညာကို လျှို့ဝှက်ထားခဲ့ကြသည်။ မီးမဖွားနိုင်သဖြင့် သူတို့ကို လာပင့်ပြီဆိုရင် မီးနေအခန်းထဲ ရောက်သည့်အခါ ရှိသမျှလူတွေကို အခန်းပြင်ထွက်ခိုင်းသည်။
မီးနေသည်ကိုလည်း သူဘာလုပ်နေသည်ကိုမမြင်ရအောင် ခါးအောက်ပိုင်းကို ကာထားသေးသည်။ သူ၏ညှပ်ဆွဲကိရိယာကြီးကို ကလေးအမေပင် မမြင်စေရ။ချိန်ဘာလင် တတိယမျိုးဆက်တွင်တော့ ညှပ်ဆွဲနည်းပညာနှင့် ညှပ်ကြီးကို ရော်ဂျာ အမည်ရအမ်စတာဒန်မြို့အခြေချခွဲစိတ်ဆရာဝန်တစ်ဦးထံ ရောင်းစားလိုက်သည်။ ညှပ်ဆွဲပညာသည် ရောဂျာတို့ မိသားစုထံတွင်လည်း နှစ်ပေါင်း ၆၀ကျော် လျို့ဝှက်ထိန်းသိမ်းထားခံရပြန်လေသည်။ ၁၈ရာစု အလယ်ပိုင်းရောက်မှ ညှပ်ဆွဲသားဖွားနည်းပညာသည် ပြင်ပသားဖွားမီးယပ်လောကသို့ပေါက်ကြားလာခဲ့သည်။ထိုအချိန်မှစ၍ ညှပ်ဆွဲသားဖွားပညာကို တွင်တွင်ကျယ်ကျယ်လက်ခံ အသုံးပြုလာကြသည်။ ၁၈၁၇ခုနှစ်မင်းသမီး၊ချားလော့ ကလေးမမွေးနိုင်သည့် ကိစ္စတွင် မင်းသမီး၏ သားဖွားဆရာဝန်ကြီး ဆာရစ်ချတ်ခရော့ဖ်မှာ ညှပ်ဆွဲပြီးမမွေးပေးခဲ့သည့်အတွက် အပြင်းအထန်ဝေဖန်ခံခဲ့ရသည်။ ထို့နောက်ထိုဆရာဝန်ကြီးမှာ ကိုယ်ကိုကိုယ်သေနတ်နှင့် ပစ်ပြီး
အဆုံးစီရင်ခဲ့သည်။
            ၂၀ရာစုအစောပိုင်းမှာတော့ ကလေးမွေးသည့်အတတ်ပညာမှာ အတော့်ကိုတိုးတက်မှုတွေ ရှိလာခဲ့ပြီ။ ကလေးမွေးသည့်နေရာမှာပိုးသန့်စင်နည်းလမ်းတွေသုံးနိုင်လာသည်။ ညှပ်ဖြင့်ဆွဲပြီး ကလေးကို ဆွဲထုတ်နိုင်လာသည်။ မိခင်တွေ သွေးထွက်လွန်လျှင် သွေးပြန်သွင်းပေးနိုင်သည်။ မွေးချိန်တန်လို့မှ မမွေးသေးသည့် မိခင်တွေကို သားအိမ်ညှစ်ဆေးတစ်မျိုးဖြစ်သည့် Ergot ကိုသုံးလျက် ဗိုက်နာလာအောင် လုပ်နိုင်သလို ကလေးမွေးပြီး၊အချင်းကျပြီးသည်နှင့် တပြုင်နက် သားအိမ်ကိုပြန်ကျုံ့သွားအောင်လည်း
Ergot ကလုပ်နိုင်စွမ်းသည်။ သည်လိုမှ မရဘူးဆိုရင်လည်း ဗိုက်ခွဲပြီးကလေးမွေးသည့်နည်းပညာ (Cesarean section )ကလည်း စိတ်ချလာရပြီ။သည်လိုနှင့်၁၉၃၀ပြည့်လွန်နှစ်များမှာ မိခင်အတော်များများ သည် အရင်က လက်သည်နှင့် အိမ်မှာမီးဖွားခဲ့ကြရာမှ ဆေးရုံတက်ပြီးဆရာဝန်နှင့် မွေးသည့်အနေအထား သို့ ပြောင်းလဲလာခဲ့သည်။

အပိုင်း(၄)
            ၁၉၃၃ခုနှစ်တွင် နယူးယောက်ဆေးပညာအကယ်ဒမီ မှဦးစီးလျက် မီးတွင်းမှာသေဆုံးရသည့် မိခင် ၂၀၄၁ အပေါ်မူတည်ပြီး သုတေသနတစ်ခုပြုလုပ်သည်။ သုတေသနတွေ့ရှိချက်အရ ထိုသေဆုံးရမှု စုစုပေါင်း၏ သုံးပုံနှစ်ပုံမှာ ကာကွယ်၍ရသည်ဟု ထိတ်လန့်တကြား သိလိုက်ကြရသည်။ ၁၉၃၃ မှ လွန်ခဲ့ သည့် နှစ်၂၀ အတွင်း မိခင်လောင်းသေဆုံးမှုနှုန်းသည် လျော့ကျသွားခြင်းမရှိ။ သည်ထက်ဆိုးသည်က မီးတွင်းမှာ မွေးရခက်ပြီး သေဆုံးရသည့် မွေးကင်းစကလေးဦးရေက ပိုလို့ပင်များလာခြင်းဖြစ်သည်။ဆေးရုံမှာ မွေးခြင်းကြောင့် သေဆုံးမှုကျဆင်းခြင်းမရှိ။ အိမ်မှာ အရပ်လက်သည်ဖြင့် မွေးခြင်းကပင် ပိုပြီး စိတ်ချရသလိုဖြစ်နေသည်။
            ဆေးရုံမှ ဆရာဝန်များသည် သွေးသွန်သည့်လက္ခဏာများကို ကြိုတင်မသိရှိခြင်း၊ တခြား ကြိုတင် ကာကွယ်လို့ရသည့်ရောဂါ လက္ခဏာ များကို မသိရှိကြခြင်း၊ ရောဂါပိုးသန့်စင်သည့်နည်းလမ်းများကို မှန်ကန် စွာမသုံးကြခြင်း၊ ညှပ်ဆွဲမွေးရာတွင် မှားယွင်းသည့်နည်းပညာ များအသုံးပြုကြခြင်းတို့ကြောင့် ထိုကဲ့သို့ အသေအပျောက်များလာရခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။
            အထက်ပါတွေ့ရှိချက်များကြောင့် သားဖွားပညာရပ်တွင် စနစ်တကျစံနှုန်းများ ထားးရှိဖို့လိုနေ သည့် အချက်ကို သားဖွားဆရာဝန်များနားလည်လာကြသည်။နောက်နှစ် ၇၀ကျော်ကြာလာသည့် ယနေ့ အချိန်တွင်မူ သားဖွားပညာရပ်သည် ကြီးမားသည့်အဟုန်ဖြင့် တိုးတက်နေသည်ကိုတွေ့ကြရမည်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ၉၀%သော ကလေးမွေးဖွားခြင်းများတွင် ကလေး၏နှလုံးခုန်နှုန်းကို တိုင်းတာသော စက်ဖြင့် ထိန်းကျောင်းစောင့်ကြပ်နေကြသည်။ မိခင်များကို သွေးထွက်လွန်ခြင်းမှ ကာကွယ်နိုင်ရန် အကြော
ဆေးများသွင်းလျက်ကလေးမွေးဖွားခြင်းမှာ ၈၀%၊ မနာကျင်ရစေရန် ခါးရိုးထုံဆေးဖြင့် ကလေးမီးဖွားခြင်း မှာ ၇၅%၊ သားအိမ်ညှစ်ဆေးအသစ် Pitocin ကိုသုံးလျက်မွေးဖွားခြင်းမှာ ၅၀%ခန့်ရှိနေသည်ကို တွေ့ရ သည်။ ယနေ့အမေရိကန်ပြည်ထောင်စုတွင် ကိုယ်ဝန်စုစုပေါင်း၏ ၃၀%မှာ ဗိုက်ခွဲပြီးကလေးမွေးကြသည်။ ထိုအရေ အတွက်မှာ ဆက်လက်တိုးတက်လျက်ရှိပါသည်။
            တစ်နှစ်လျှင် ကမ္ဘာပေါ်၌ ကလေးမီးဖွားမှုပေါင်း သန်း၁၃၀ရှိသည်။ အမေရိကန်လိုဖွံဖြိုးပြီးနိုင်ငံမှာ တစ်နှစ်လျှင်၎သန်းခန့် ကလေးမီးဖွားကြသည်။ ဘယ်လိုပင် နည်းပညာတွေဖွံဖြိုးလာစေကာမူ ဖွံ့ဖြိုးပြီးနိုင်ငံ များမှာပင်လျှင် သားဖွားသည့်နေရာမှာ အဖိတ်အစင်တော့ ရှိနေသေးသည်သာဖြစ်သည်။ ထိုအဖိတ်အစင်ကို လျှော့ချနိုင်ဖို့ သားဖွားဆရာဝန်များအနေဖြင့် ကလေးမွေးနည်း အဆင့်တွေကို နည်းဗျူ ဟာချမှတ်ပေးသည်။Guidelines တွေချပေးသည်။ ထိုနည်းလမ်းများကလည်း မိခင်နှင့်ကလေးသေဆုံး
မှုကို အထိုက်အလျောက်ကာကွယ်နိုင်ပါသည်။
            ၁၉၃၀ပြည့်လွန်နှစ်များက ကလေးမွေးဖွားခြင်းဟူသည် အမျိုးသမီးတစ်ဦးအတွက် ဘ၀တွင် အသက်အန္တရာယ်ကိုထိခိုက်စေသည့်အဓိကအကြောင်းရင်းဖြစ်သည်။ ကလေးမီးဖွားမှု ၁၅၀ လျှင် ပျမ်းမျှ မိခင်တစ်ယောက်ကျ သေဆုံးရသည်။ ၁၉၅၀ပြည့်လွန်နှစ်များအတွင်း ပင်နီစလင်ကဲ့သို့ ပဋိဇီဝဆေးများ ပေါ်ပေါက်လာခြင်း၊ ကလေးမွေးဖွားခြင်း လမ်းညွှန်များစနစ်တကျချမှတ်ပေးခြင်းကြောင့် မီးနေသည် သေဆုံးမှုမှာ ၉၀% အထိကျဆင်းလာခဲ့သည်။ သဘောက ကလေးမီးဖွားမှု နှစ်ထောင်မှာမှ မီးနေသည် တစ်ဦးသေဆုံးတော့မည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။
            မိခင်များ၏ သေဆုံးနှုန်းကကျဆင်းလာသော်လည်း မွေးကင်းစကလေးငယ်များ၏ သေဆုံးမှု ကတော့ ကျဆင်းမှုမရှိသေး။
ထိုအခြေအနေကို တော်လှန်ပစ်လိုက်သူ ဆရာဝန်မတစ်ဦး အမေရိကန်နိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်။ သူ့နာမည်က ဗာဂျီးနီးယားအပ်ဂါ (Virginia Apgar) ဖြစ်ပါသည်။ ၁၉၃၃ခုနှစ်တွင် အမေရိကန်ကိုလံဘီယာ တက္ကသိုလ်၊ သမားတော်နှင့် ခွဲစိတ်ဆရာဝန်များ ကောလိပ်မှာ ခွဲစိတ်ဆရာဝန် အထူးကုသင်တန်းသို့ ၀င်ရောက် ခွင့်ရခဲ့သည့် ပထမဆုံးသော အမျိုးသမီးဆရာဝန်ဖြစ်ပါသည်။ သင်တန်းတက်ရောက်နေစဉ် ကာလ၊ သူခွဲစိတ်နေသည့် လူနာတစ်ဦး ခွဲစိတ်ခုတင်ပေါ်မှာတင်ဆုံးသွားသည်။
            ထို့နောက်မှာ ခွဲစိတ်ဆရာဝန်ဘ၀ကို ကျောခိုင်းပြီး မေ့ဆေးအထူးကုသင်တန်းပြန်တက်သည်။အမေရိကန်ဆေးပညာသမိုင်းမှာ ဒုတိယမြောက် အမျိုးသမီးမေ့ဆေးဆရာဝန်တစ်ဦးဖြစ်လာသည်။သူ့မေ့ဆေးဆရာဝန် သက်တမ်းတလျှောက် လူနာပေါင်း နှစ်သောင်းကျော်ကိုမေ့ဆေးပေးခဲ့ဖူးသည်။ဗိုက်ခွဲပြီးကလေးမီးဖွားသည့်နေရာမှာလည်း ကြိမ်ဖန်များစွာမေ့ဆေးပေးဖူးသည်။ သူက မွေးကင်းစ တွေကို မွေးပြီးပြီးချင်း အသက်ကယ်ဆယ်စောင့်ရှောက်သည့် နည်းနာများကို ဘ၀င်မကျ။ သည်တော့ သားဖွားမီး ယပ် အထူးကုမဟုတ်သော မေ့ဆေးဆရာဝန်မကြီး ဒေါက်တာအပ်ဂါ သည် မွေးကင်းစကလေးငယ်များအ တွက် Apgar Score အမည်ရ မွေးကင်းစကလေးများကို အချိန်တိုအတွင်း မှန်ကန်စွာအကဲဖြတ်နိုင်မည့် အမှတ်ပေးဇယားတစ်မျိုးကို တီထွင်လိုက်လေသည်။
            အမှတ်ပေးသည့်စနစ်ကလည်း အလွန်လွယ်သည်။ အမှတ်အားလုံးပေါင်း ဆယ်မှတ်ရှိရာ ကလေးအသားအရည်က ပြာနှမ်းမနေပဲပန်းရောင်ထနေရင် ၂မှတ်၊ ငိုရင် ၂မှတ်၊အသက်ကောင်းကောင်း ရှုနေရင် ၂မှတ်၊ခြေလက် လေးဘက်စလုံးလှုပ်နေရင် ၂မှတ်၊ ကလေးနှလုံးခုန်နှုန်း တစ်ရာကျော်ရင် ၂မှတ်၊ အားလုံးပေါင်း ၁၀ မှတ်ဟု သတ်မှတ်ပေးလိုက်သည်။ အမှတ် ၁၀မှတ်အပြည့်ရရင် ထိုကလေးအခြေအနေ အလွန် ကောင်းသည်။ လေးမှတ်နှင့် အောက်ဖြစ်နေရင်တော့ ထိုကလေးပြသနာတက်နေပြီ။
            Apgar sore ကို ၁၉၅၃ခုနှစ်တွင် ပုံနှိပ်ဖော်ပြလိုက်သည်။မွေးကင်းစကလေးငယ်များကို ပိုမိုကယ်တင်လာနိုင်စေရန် ပထမဆုံးပေါ်ထွက်လာသည့် အမှတ်ပေးဇယားတစ်မျိုးဖြစ်ပါသည်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...