Saturday, November 3, 2012

“ကြေးနီအရိုင်း ကီလို တစ်ထောင်လောက်မှာ ကြေးနီအစစ် နှစ်ကီလိုသာ ရနိုင်တာမို့...”

by Lwin Aung Soe on Friday, November 2, 2012 at 7:19pm ·


ကြေးနီ အဆိပ်အတောက်ကြောင့် ဖြစ်လာနိုင်သော ရောဂါများ
ကြေးနီအရိုင်းကီလို တစ်ထောင်လောက်မှာ ကြေးနီအစစ် နှစ်ကီလိုသာ ရနိုင်တာမို့ နေရာအများအပြား တူးယူရပါတယ်။ (ဦးအောင်ခင်, ဒေါ်ခင်စိုးဝင်း - ဗီအိုအေ မြန်မာ)

တွေးကြည့်ဗျာ.. ရလိုက်တာက ၂ ကီလို .. ကြွင်းကျန်ရစ်တဲ့ ၉၉၈ ကီလိုကနေ ဖြစ်လာနိုင်တဲ့ ရောဂါတွေကို ဒေသခံတွေ ဘယ်လောက် ဆိုးဆိုးဝါးဝါး ခံစားရမလဲ ...ကြေးနီကြောင့် ရောဂါ ဖြစ်စေနိုင်တယ်လို့ အစိုးရကရော.. ကုမ္ပဏီတွေကရော ဘယ်တုန်းက ထုတ်ပြန်ဖူးပါသလဲ။

ကြေးနီ အဆိပ်အတောက်ပါတဲ့ အစားအသောက်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ သွေးအန်မယ်၊ သွေးပေါင်ကျမယ်၊ အမည်းရောင် ဝမ်းသွားမယ်၊ မေ့မျောနေမယ်၊ အသားဝါရောဂါဖြစ်မယ်၊ ကြွက်တက်မယ်၊ ရောင်ရမ်းမယ်၊ ပျို့အန်ချင်မယ်၊ အန်မယ်၊ ဝမ်းလျှောမယ် စသဖြင့် တော်တော်များပါတယ်။ ကြေးနီကို အချိန်ကြာကြာထိတွေ့ရင် အသည်းနဲ့ ကျောက်ကပ်ကို ဒုက္ခပေးပါလိမ့်မယ်။ အထက်က ဖော်ပြထားတဲ့ ပုံမှာ ပိုပြီး အသေးစိတ် ကြည့်နိုင်ပါတယ်။

ဒါက ကျန်းမာရေးကဏ္ဍပဲ ရှိပါသေးတယ်။ ဒါတွေဟာ ရောဂါဝေဒနာ ခံစားရတဲ့ ပြည်သူတွေက အစိုးရဆီမှာ လျော်ကြေးတောင်းလို့ရတဲ့ ကိစ္စ (အမှု) တွေပါ။ ခုတောင်းလို့ မရသေးရင် နောင်တချိန် တောင်းလာမှာပါပဲ။

နောင်တချိန် ပိုပြီးတော့ များသထက်များလာမှာက တက်ကြွလှုပ်ရှားသူ (Activist) တွေပါပဲ။ ပြည်သူတွေကလည်း အသိဥာဏ် ပိုမို တိုးတက်လာပါတော့မယ်။ နိုင်ငံရေးပါတီတွေကလည်း ပိုပြီး ထောင့်စေ့အောင် လူထုဘက်က ရပ်တည်လာပါတော့မယ်။ ပြဿနာရှိနေရင် အစိုးရအဖို့ တကယ့်ကို ဘေးကြပ်နံကြပ်တွေပါပဲ။

ဒီတော့ ဒီမိုကရေစီ ပန်းတိုင်ကို သွားနေရတဲ့ အစိုးရအနေနဲ့ ခံဘက်ကချည်းသာ ဖြစ်နေပါလိမ့်မယ်။ တဖက်က ဘယ်လောက်ပဲ တိုင်းပြည် ဖွံ့ဖြိုးအောင် လုပ်ပေးသည့်တိုင်အောင် အခြားတဖက်က ပေးနေရမယ့် လျော်ကြေးတွေဟာ သမင်မွေးရင်း ကျားစားရင်း ဖြစ်နေပါလိမ့်မယ်။


ကြေးနီမိုင်းကြောင့် စိမ်းပြာပြာ ရေစီးနေသည့် စမ်းချောင်းငယ်


ကြေးနီ ထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင် ပျက်စီးမှု ကြိမ်းသေပေါက် ဖြစ်ပါတယ်။ ဒီအခါမှာ သဘာဝဘေးဒဏ် ဆိုးကျိုးသက်ရောက်မှုတွေဟာ မခန့်မှန်းနိုင်လောက်အောင် ဖြစ်ပျက်သွားနိုင်ပါတယ်။ အကြီးအကျယ် ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်ပါတယ်။ တောတောင်ပျောက် သစ်ပင်စိုက်လို့ မရရင် သဲကန္တာရတခု ဖြစ်သွားပါမယ်။ တကယ်လို့ တနေရာမှာ သဲကန္တာရ ဖြစ်ရင် အဲဒီနိုင်ငံအဖို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးသွားပါပြီ။ ပြန်ကောင်းအောင် ဘယ်လိုမှ လုပ်လို့ မရနိုင်တော့ပါဘူး။ အစိုးရ သမိုင်းတရားခံ ဖြစ်မယ့်ကိစ္စပါ။

A stitch in time saves nine. အချိန်မီချုပ် အစုတ် သက်သာ ဆိုတဲ့ စကားပုံလိုပဲ စဖြစ်ကတည်းက အဖြစ်နိုင်ဆုံး ကာကွယ် တားဆီးထားလိုက်ရင် နောက်ထပ် ဆိုးဆိုးဝါးဝါး ထပ်မဖြစ်တော့ဘူးပေါ့။

မြန်မာနိုင်ငံမှာ ကြေးနီ ထုတ်လုပ်ဖို့ စီမံကိန်းတွေကို ဘယ်တုန်းကတည်းက စတင်နေမှန်း ကျနော် မသိပါ။ ဝေဖန်ကန့်ကွက်သံတွေ တိုးတိုးတိတ်တိတ် စထွက်လာတဲ့အချိန်ဟာ စစ်အစိုးရခေတ်ပါပဲ။ ကြေးနီထုတ်လုပ်ဖို့ မသင့်တော်ကြောင်း အမြော်အမြင်ရှိတဲ့ တတ်သိပညာရှင်တွေကတော့ သူတို့ တတ်နိုင်သလောက် အကြံပေးတာတွေ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဒါပေမယ့် အာဏာရှင်ခေတ်မှာ အမိန့်ကို ဘယ်သူမှ မလွန်ဆန်နိုင်ကြပါဘူး။


Morenci ကြေးနီမိုင်း


အာဏာရှင်စနစ်မှာ ခေါင်းဆောင်ဆိုသူတွေဟာ ပြည်သူလူထု နစ်နာဆုံးရှုံးမှုကို ဘယ်တော့မှ ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်ပါတယ်။ အာဏာရှင်ခေါင်းဆောင်က အာဏာမြဲရေး၊ သူ ကြီးပွား ချမ်းသာရေးအတွက် တိုင်းပြည်ဘဏ္ဍာကို သူကြိုက်သလို သုံးပါမယ်။ စစ်တပ်လို တိုင်းပြည် အဖွဲ့အစည်းကို လက်ကိုင်တုတ် လုပ်ပါမယ်။ တိုင်းပြည် သယံဇာတမှန်သမျှ ဘနဖူး သိုက်တူးပါမယ်။ သူတယောက်တည်း အကျင့်ပျက် ခြစားတာ မဖြစ်ရအောင် အမြီးပြတ်မြေခွေးလို ကျန်တဲ့ မြေခွေးအားလုံးကို အမြီးဖြတ်ခိုင်းပါမယ်။ တတိုင်းပြည်လုံး အကျင့်ပျက် ခြစားလာပါတော့မယ်။ နောက်ဆုံး တိုင်းပြည်ပျက်တော့ အကျင့်ပျက် ခြစားသူတွေကြောင့် ဆိုပြီး လက်ညိုးထိုး အပြစ်တင်ပါမယ်။

လိုရင်းကတော့ လက်ရှိအားဖြင့် တိုင်းပြည် မဏ္ဍိုင် သုံးရပ်မှာ အစိုးရနေသူ အားလုံးဟာ အရင်ခေတ်က အာဏာရှင် ဆိုးမွေတွေကို မခံကြဖို့ ဖြစ်ပါတယ်။ ဆိုးမွေကို ရနိုင်သလောက် ဖယ်ရှားပြီး စိတ်သစ်လူသစ်နဲ့ တိုင်းပြည်အကျိုးကို လူထုဆန္ဒနဲ့အညီ တာဝန်ထမ်းဆောင်ပေးဖို့ ဖြစ်ပါတယ်။ ထပ်ပြီး ရှင်းအောင် ဆိုရရင် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကို အမြန်ဆုံး ရပ်ဆိုင်းဖို့ အစိုးရတွေက အားသွန်ခွန်စိုက် ကြိုးပမ်းပေးဖို့ ဖြစ်ပါတယ်။

လွင်အောင်စိုး
၃-၁၁-၂ဝ၁၂

ဆက်စပ် သတင်းသုံးသပ်ချက် - (ဗီအိုအေ မြန်မာ) ကြေးနီထုတ်ယူမှု နှင့် ပတ်ဝန်းကျင် ပျက်စီးမှု


Kennecott Brigham Canyon ကြေးနီမိုင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...