Wednesday, November 7, 2012

ဝါကျွတ်၊ နှစ်ဝက်စာမေးပွဲနှင့် စိန်စီသောဆရာမ

ယခု ရက်ပိုင်း အတွင်းမှာ ကျွန်တော်တို့ ကော့သောင်းမြို့  ၊ အဏ္ဏ၀ါရပ်ကွက် အလယ်တန်းကျောင်းခွဲက မူလတန်းပြ ဆရာမတစ်ဦးနဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတစ်ဦး တိုးတိုးတိတ်တိတ် ပြဿနာတက်နေကြောင်းကြားသိရပါတယ်။
ဆရာမရဲ့ အမည်ကတော့ ဒေါ်နှင်းသီတာစိုးပါတဲ့ခင်ဗျာ။  သူက ကျောင်းသား(၄၀)လောက်ရှိတဲ့ အတန်းပိုင် ဆရာမတစ်ဦးဖြစ်ပြီး နိုဝင်ဘာလ လဆန်းပိုင်းမှာကျင်းပမဲ့ နှစ်ဝက်စာမေးပွဲ အတွက် ကျောင်းသားလေးများကို စေတနာအပြည့်နဲ့ စာတွေသင်ကြားပေးရင်း (ဒီနေရာမှာ နဲနဲ ပြောစရာရှိတာက သင်ကြားမှုကို ၄ မျိုးခွဲခြားထားပါသတဲ့)
၁။   ဆက်ရှင် (တစ်လကျပ်တစ်သောင်း)
၂။   ၀ိုင်း(တစ်လ ကျပ်နှစ်သောင်း)
၃။   ရှယ်(တစ်လကျပ်သုံးသောင်း)
၎။   ထူးချွန်(သူကတော့ ကျပ်နှစ်သိန်းသုံးသိန်းထိပေါက်ပါတယ်၊ မိဘများရဲ့စေတနာပေါ့ခင်ဗျာ)

အဲဒီလို ကြိုးစားသင်ကြားပေးနေရာကနေ  ဒီနှစ်မှာ ပညာရေးစနစ်တွေ ပြောင်းလာသလိုလို။  စာမေးပွဲတွေကျတာရှိလာမလိုလို သတင်းတွေထွက်လာတော့ နှစ်ဝက်စာမေးပွဲအတွက် မေးခွန်းလေးတွေ
ထုတ်ပြီး သီးသန့် သင်ကြားပေးပါတယ်တဲ့(သူကတော့ အပိုကြေး နှစ်သောင်းနဲ့ပေါ့ခင်ဗျာ)
ပြီးတော့ သီတင်းကျွတ် ဆရာကန်တော့ပွဲအတွက်က ကလေးငယ်တစ်ဦးကို နှစ်သောင်းဝန်းကျင်ပေါ့ခင်ဗျာ။ လာရောက် ဂါရ၀မပြုသူကလေးငယ်လေးတွေကိုတော့ သူက မှတ်တမ်းလေးလုပ်ထားပါသတဲ့။
အဲဒီမှာပြောစရာဖြစ်လာတာက သူ့အတန်းမှာ ပညာသင်ကြားနေတဲ့ ပထမတန်းကလေးငယ်(၄၀)၀န်းကျင်လောက်မှာ (၂၀)လောက်က ကုန်သည်မိသားစုနှင့် ဌာနဆိုင်ရာမိသားစု (အဲဒီမှာ ၀င်ငွေကောင်းတဲ့ အကောက်ခွန်နဲ့ လ၀ကတွေပါဝင်ပါတယ်)။ သူတို့ကိုတော့ သီးသန့် ကျူရှင်အေ အခန်းမှာ ဒေါ်နှင်းသီတာစိုးကိုယ်တိုင် သင်ကြားပေးပါသတဲ့။ ကျန်တဲ့ သာမန်မိသားစုနဲ့ တင်းရဲတဲ့ လက်လုပ်လက်စားနဲ့
အောက်ခြေ၀န်ထမ်းတွေရဲ့ သားသမီး(၂၀)လောက်ကိုတော့ ကျူရှင် ဘီ အခန်းမှာ အငှား(အတန်းပိုင်မဟုတ်သူ)ဆရာမတစ်ယောက်နဲ့ သင်ကြားပေးခဲ့ပါတယ်။
ဆရာမတွေကလည်း သိပ်ကို ယဉ်ကျေးကြပါတယ်။ ကလေးငယ်တွေရဲ့ စာအုပ်ကို စာစစ်ပြီးတဲ့ အခါမှာ ကလေးငယ်တွေ ထိုင်နေရာကို ပစ်ပေးပါသတဲ့၊ လက်ရေးမလှလို့ ဆိုပြီးတော့ စာအုပ်တွေကို ဆွဲဖြဲ ပါသတဲ့။ 
နောက်တစ်ခါ  ငွေကြေးမပြည့်စုံသူ ရေလုပ်ငန်းမိသားစုကကလေးဆိုရင် ငါးညှီနံ့နံလို့၊ မုန့်ဟင်းခါးလို ဘိန်းမုန့်လို ဈေးရောင်တဲ့ကလေးဆိုရင်လဲ မီးခိုးစော်နံလို့ အနောက်ဆုံးအတန်းမှာ ထားတယ်ဆိုတဲ့ စော်ကား နှိမ့်ချတဲ့ စကားတွေကိုလည်း တွင်တွင်ပြောပါသတဲ့။
ကျွန်တော်တို့ ကော့သောင်းမြို့  ၊ အဏ္ဏ၀ါရပ်ကွက် အလယ်တန်းကျောင်းခွဲက မူလတန်းပြ ဆရာမတစ်ဦးရဲ့ ၀င်ငွေဟာ ပုံမှန်(၆) သိန်းကနေ(၈)သိန်းလောက်ရှိပါသတဲ့။
ဒီဆရာမတွေကတော့ စိန်နားကပ်ပန်၊ WAVE I (125) ဆိုင်ကယ်စီး၊ သူဌေးကျွန်းဟိုတယ်မှာ မိသားစုနဲ့ စတိတ်ရှိုးကြည့် ကာစီနို ကစားနိုင်တဲ့အထိ အဆင်ပြေကြပါသတဲ့။
အခုနောက်ဆုံးသတင်းလေးကတော့ ဒီဆရာမရဲ့အတန်းမှာ ဆင်းရဲသားအောက်ခြေ၀န်ထမ်းတစ်ဦးရဲ့ ကလေးလည်းတက်နေပါသတဲ့။ ဒီကလေးကိုတော့ ဆရာမက အခွန်ကောက်ခံလို့ မရတဲ့အတွက် မိခင်ဖြစ်သူကိုခေါ်ပြီး ကလေးက စာမလိုက်နိုင်တဲ့အကြောင်း၊ သေသေချာချာပြောပြီးပြီနော် ဆိုပြီး စာမေးပွဲဖြေဖို့(၃)လအလိုမှာတင် စာမေးပွဲကျသယောင် ခြိမ်းခြောက်ပြောဆိုခဲ့ပါသတဲ့။
ဒါကို ကလေးအဖေကသိတော့  ကော့သောင်းမြို့  ၊ အဏ္ဏ၀ါရပ်ကွက် အလယ်တန်းကျောင်းခွဲက မူလတန်းပြ ဆရာမတွေရဲ့ လုပ်ရပ်ကို အထက်ကိုတိုင်ဖို့ ပြင်ဆင်နေတယ်လို့ ကြားသိရပါတယ်။
ဒီသတင်းကိုကြားတဲ့ဆရာမကတော့ သူ့ရဲ့ မောက်မာလှတဲ့ ထုံးစံအတိုင်း `` ကျွန်မတို့က တစ်ယောက်ထဲရတာမဟုတ်ဘူး။  ကြိုက်တဲ့နေရာကိုတိုင် ဂရုမစိုက်ဘူး၊ ကျောင်းအုပ်ကြီးကို တစ်လတစ်သိန်းခွဲလောက် ပေးရတော့ ဘယ်သူမှ အသံမထွက်ဘူး၊ ကျောင်းအုပ်ကြီးပြောရင် ပညာရေးမှူးကိုတိုင်မယ်၊ ပညာရေးမှူးပြောရင် တိုင်းရုံးကိုတိုင်မယ်၊ သူတို့အစိုးရကရော ဘယ်လောက်ပေးထားလို့လဲ´´ ဆိုတဲ့ စကားများကို အော်ကြီး ဟစ်ကျယ်ပြောကြားခဲ့ကြောင်း ကြားသိရပါတယ်။
အော် ပြောဖို့တစ်ခုမေ့သွားတယ်၊ ဆရာမနဲ့ ပြဿနာတက်တဲ့ ၀န်ထမ်းကတော့ အုပ်ချုပ်ရေးရုံးကပါတဲ့ခင်ဗျာ-
ဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုဆက်ဖြစ်ကြမယ်မသိပေမဲ့ ကျောင်းသားမိဘများကတော့ဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်နေကြပါကြောင်းနှင့် ကော့သောင်းမြို့  က လူပျိုကြီးများကတော့ဖြင့် အဏ္ဏ၀ါရပ်ကွက် အလယ်တန်းကျောင်းခွဲက ဆရာမလေးတစ်ဦးဦးသာ ရခဲ့လျှင့်ဖြင့် ဘ၀ပြီးပြည့်စုံပြီဖြစ်ကြောင်း ပြောဆိုနေကြပါတယ်ခင်ဗျာ။

ကျောင်းသားမိဘတစ်ဦး(ကော့သောင်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...