Monday, November 19, 2012

အင်တာနက် ခရီးကြမ်း (အပိုင်း ၁၅)


by May Thandar Win on Monday, November 19, 2012 at 8:32pm ·

အာ့ပ်ပဲလ် ကွန်ပြူတာရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေကတော့ ၁၉၇၀ ခုနှစ်များအတွင်း ဇာတ်ရှိန်အမြင့်ဆုံး ပါပဲ။
အာ့ပ်ပဲလ် ကြောင့် နဂိုက ရုပ်ဆိုးဆိုး ပုံတုံးတုံးနဲ့ လူတိုင်း သုံးရတာ အဆင်မပြေလှတဲ့ ကွန်ပြူတာ ဆိုတဲ့ စက် တစ်မျိုးဟာ ရိုးရိုးသာမန်အမေရိကန် တိုင်းရဲ့ ဧည့်ခန်းမှာ တီဗီ၊ ရေဒီယိုတို့ နဲ့အတူ ဘေးမှာယှဉ်ထားရမယ့် အသုံးဝင်တဲ့ စက်တစ် မျိုး ဖြစ်လာပါတော့တယ်။

ပြောရမယ်ဆိုရင် ပထမဆုံး အာ့ပ်ပဲလ်ကွန်ပြူ တာကို တီထွင်သူ စတိဗ်ဝုဇ်နီယာ့ရဲ့ ကနဦး ရည်ရွယ်ချက် ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။


ဒီနေရာမှာ ၀ုဇ် အကြောင်းအနည်းငယ်ပြောရမယ်ဆိုရင် ၀ုဇ်ဟာလည်း ဘေလ်ဂိတ်စ်နဲ့ ပေါလ်အယ်လန် တို့လိုပဲ ကွန်ပြူတာကို ရူးသွပ်သူပါ။ သူ အသက် ၁၃ နှစ် အရွယ်မှာ ကျောင်းကပေးတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ တီထွင်မှု ပြိုင်ပွဲတစ်ခုမှာ ဆုရရှိခဲ့ပါတယ်။ အဲဒီတုန်းက သူတီထွင်ပြခဲ့တာကတော့ အဲဒီတုန်းကကွန်ပြူတာတွေရဲ့ လုပ် ဆောင်ချက်နဲ့ အလားသဏ္ဍာန်တူ အပေါင်းအနုတ်တွက်ချက်ပေးနိုင်တဲ့ စက်ကလေးတစ်မျိုးပါ။ အဲဒီကတည်းက စက်တွေနဲ့ပဲ တကုတ်ကုတ်နေလာခဲ့တာ တကယ့် ကွန်ပြူတာတွေ ပေါ်လာတဲ့အခါမှာလည်း သူ့ရဲ့ အချိန်အများ စုဟာ ကွန်ပြူတာတွေနဲ့ပဲ အိပ်ရင်း စားရင်း အချိန် ကုန်လွန်ခဲ့ပါတယ်။ သူနေတဲ့ နေရာကလည်း အမေရိကန်ရဲ့ အကောင်းဆုံးကွန်ပြူတာနည်းပညာတို့ရဲ့ ဇာတိချက်ကြွေမွေးရပ်မြေဖြစ်တဲ့ ကာလီဖိုးနီးယားရဲ့ စီလီကွန်ဗယ်လီ မှာပါ။ အဲဒီမှာရှိတဲ့ ကွန်ပြူတာ ကုမ္ပဏီတွေက အင်ဂျင်နီယာတွေကလည်း လူငယ်ခြေတက်ကလေးဖြစ်တဲ့ ကျောင်းသားအရွယ် ၀ုဇ်နီယာ့ ကို အလုပ်အချိန်ပြီးတိုင်း သူတို့ရဲ့ကွန်ပြူတာတွေကို လိုလိုလားလားပဲ အသုံးပြုခွင့်အမြဲပေးခဲ့ပါတယ်။ 

ဝုဇ် ဟာ သူ့အရွယ် အခြားလူပျိုပေါက်လေးတွေ အဲဒီခေတ်တုန်းက တယ်လီဗေးရှင်းကို တမက်တမော ထမင်း မေ့ ဟင်းမေ့ ကြည့်ကြသလိုပဲ ကွန်ပြူတာ စာအုပ်တွေကို ထမင်းမေ့ဟင်းမေ့ ဖတ်ခဲ့သူပါ။ ကုမ္ပဏီတစ်ခုက စက် အသစ်တစ်ခု ထွက်ပြီလို့ ကြေငြာတိုင်း အဲဒီကုမ္ပဏီကနေ အဲဒီ စက်အကြောင်း ရေးထားတဲ့ စာအုပ်ကို အောက် ကျ နောက်ကျခံပြီး မရအရ တောင်းဖတ်လေ့ရှိပါတယ်။ တချို့ ကုမ္ပဏီတွေကလည်း သူ့အတွက် စာအုပ်တွေ လိုလိုလားလား ပေးကြပါတယ်။ အဲဒီစာအုပ်တွေ ဖတ်ပြီး သူတစ်ခါမှတောင် မတို့ထိဖူးတဲ့ အဲဒီစက်တွေ အတွက် ပရိုဂရမ်တွေ အတန်းထဲမှာ အချိန်ပြည့် ရေးဆွဲနေလေ့ ရှိပါတယ်။  ပရိုဂရမ်တွေ ရေးဆွဲတိုင်းလည်း ဖျက်လိုက် ပြင်လိုက်နဲ့  ချုံ့နိုင်သမျှ ချုံ့ပြီး ကျစ်ကျစ်လျစ်လျစ်နဲ့ စွမ်းရည်မြင့်မားတဲ့ ပရိုဂရမ်တွေဖြစ်လာအောင် စိတ်ရှည် လက်ရှည် လုပ်လေ့ရှိပါတယ်။ 

အဲဒီတုန်းက ၀ုဇ်ဟာ ဟျူးလတ်ပတ်ကာ့ထ် ကုမ္ပဏီမှာ ခဏ၀င်လုပ်ခဲ့ပါသေးတယ်။ အဲဒီမှာလည်း သူ စက်တွေ နဲ့ အချိန်ပြည့်နေရတဲ့ဘ၀ကို အတော်သဘောကျခဲ့ပါတယ်။ တချိန်တည်းမှာပဲ သူ့နဲ့တစ်ကျောင်းတည်းနေ သူငယ်ချင်းဖြစ်တဲ့ စတိဗ်ဂျော့ အလုပ်လုပ်နေတဲ့ အက်ထရီဂိမ်းကုမ္ပဏီ အတွက်လည်း အချိန်ပိုင်း အလုပ်တချို့ လုပ်ပေးနေလိုက်ပါသေးတယ်။ မကြာခဏဆိုသလို အဲဒီဂိမ်းကုမ္ပဏီအတွက် သူကိုယ်တိုင် တီထွင်ပေးခဲ့တဲ့ ဂိမ်းကို တစ်ခြားတစ်ယောက် နဲ့ ပြိုင်ပြိုင်ကစားပြီးရင် နိုင်လာတဲ့ ပိုက်ဆံနဲ့ သူရယ် စတိဗ်ဂျော့ရယ် ပီဇာတွေ ၀ယ်ဝယ်စားကြပါတယ်။  


Steve Jobs and Woz

အော်တဲရ် ထွက်လာတဲ့အခါ ဘေလ်ဂိတ်စ်နဲ့ ပေါအယ်လန် တို့လိုပဲ စိတ်လှုပ်ရှားခဲ့ကြသူတွေထဲမှာ သူလည်း အပါအ၀င်ပါ။ ဟျူးလတ်ပတ်ကာ့ထ် မှာ သူသုံးနေတဲ့ ကွန်ပြူတာတွေနဲ့ယှဉ်ရင် အော်တဲရ် ဟာ စွမ်းရည်နိမ့် တယ် ဆိုတာသိပေမယ့်  သူ့စိတ်ကြိုက်ကိုယ်ပိုင်ကွန်ပြူတာတစ်လုံး ဖန်တီးဖို့အတွက် အော်တဲရ်ဟာ လမ်းပြကြယ်ဖြစ်လိမ့်မယ်ဆိုတာကိုတော့ သူ အပြည့်အ၀ကိုယုံကြည်နေပါတယ်။

ဝုဇ် ဟာ ကွန်ပြူတာနဲ့ပတ်သတ်တဲ့ ဒီဇိုင်းတွေကို ဘယ်သွားသွား သူခေါင်းထဲမှာ စိတ်ကူးနဲ့ ရေးနေလေ့ရှိပါ တယ်။ အော်တဲရ်ကို သူတွေ့လိုက်ပြီးတဲ့နောက် သူဖန်တီးမယ့် ကွန်ပြူတာဟာ အော်တဲရ်ထက်ကို အရွယ်အစား သေးငယ်ပြီး ဈေးလည်း သက်သာရမယ်လို့ တေးထားလိုက်ပါတယ်။

ဝုဇ် ဟာ မကြာခင်မှာပဲ ဟုမ်းဘရူးကွန်ပြူတာကလပ် မှာ အသင်းဝင်လိုက်ပါတယ်။ အဲဒီနေရာမှာ ကွန်ပြူတာ သမားအချင်း အော်တဲရ် ကွန်ပြူတာအကြောင်းဆွေးနွေးကြ၊ ပြီးရင် သူတို့ရေးထားတဲ့ ပရိုဂရမ်တွေ ပြကြ အချင်းချင်း ဖလှယ်ကြ၊ နောက်ထပ် စက်ပစ္စည်းအသစ်တွေအကြောင်း တိုင်ပင်နှီးနှောကြနဲ့ အမြဲမပြတ် စည်းကားလှတဲ့ စုရပ်တစ်ခုဖြစ်ပါတယ်။ ၀ုဇ် ဟာ အဲဒီကလပ်မှာ သူ့လို ကွန်ပြူတာကို ရူးသွပ်သူ မိတ်ဆွေ သူငယ်ချင်းတွေ အများကြီးရခဲ့ပါတယ်။ အဲဒီသူငယ်ချင်းတွေက သူ့မက်နေတဲ့ အိပ်မက်တွေအတွက်လည်း အများကြီးအထောက်အကူပြုခဲ့ပါတယ်။

တစ်ရက်မှာ သူလက်ရှိအလုပ်လုပ်နေတဲ့ ဟျူးလတ်ပတ်ကာ့ထ်ရဲ့သူဌေးက ချပ်စ်ပြားလေးတစ်ခုကိုတောင် သူ့ကို မပေးဘူးလို့ရင်ဖွင့်မိတော့ အဲဒီက အသိမိတ်ဆွေ အင်ဂျင်နီယာက နောက်တစ်ခေါက် ဟုမ်းဘရူးအစည်း အဝေးနေ့မှာ စက်ပစ္စည်း အပိုင်းအစတွေ အများကြီးပါတဲ့ ပုံးကြီးတစ်ပုံး သယ်လာပြီး ၀ုဇ် ကိုပေးပါတယ်။ ၀ုဇ် လည်း ရေငတ်တုန်း ရေတွင်းကျသလိုပါပဲ.. အိမ်လည်းရောက်တာနဲ့ ပုံးကြီးထဲက ပစ္စည်းတွေနဲ့ သူ့ကိုယ်ပိုင် ကွန်ပြူတာတစ်ခုကို စိတ်ကြိုက်စပြီး တပ်ဆင်ကြည့်ပါတော့တယ်။

တကယ်တော့ ၀ုဇ်ရဲ့အိုင်ဒီယာ အများစုကို ဟုမ်းဘရူးကလပ်ကနေ ရပါတယ်။ အဲဒီမှာလာကြတဲ့ ကွန်ပြူတာ သမားတွေအားလုံးဟာ သတင်းဖလှယ်တဲ့နေရာမှာ ရက်ရက်ရောရောရှိလှပါတယ်။ ၀ုဇ် ဟာ အဲဒီ ကလပ်က ဆွေးနွေးပွဲတွေမှာ နားထောင်လာသမျှ အချက်တွေအားလုံးကို တစ်ဆင့်ပြီးတစ်ဆင့် ဖြည့်စွက်ရင်း သူ့ကွန်ပြူ တာကို တဖြည်းဖြည်း ပုံဖော်ပါတော့တယ်။

သူ့ကွန်ပြူတာ အတွင်းတည်ဆောက်ပုံဒီဇိုင်းက အလွန်ထူးခြားပါတယ်။ဘာလို့လည်း ဆိုရင် သူများတွေက ချပ်စ်ပြားနှစ်ခု သုံးတဲ့နေရာမှာ သူက တစ်ခုနဲ့ရအောင် လုပ်ပါတယ်။ အဲဒီတော့ သူ့စက်မှာ ရှိတဲ့အစိတ်အပိုင်း တိုင်းဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ စွမ်းဆောင်ရည်မှာလည်း သူများထက် မလျော့ပါဘူး။

“စက်တွေ တည်ဆောက်တဲ့အခါမှာ ကျွန်တော် အနေနဲ့ သူများတွေထက် ဖြစ်နိုင်သမျှ အစိတ်အပိုင်းနည်းနည်းနဲ့ ကျစ်ကျစ်လျစ်လျစ်လုပ်ရတာကို ပိုသဘောကျပါတယ်။ တစ်ခုခု ဒီဇိုင်းဆွဲပြီဆိုရင် ကျွန်တော် အမြဲစဉ်းစားတယ် ငါဒီနေရာလေးကိုတော့ ဘယ်လိုလေး ပိုမြန်အောင် ပိုသေးအောင် ပိုကောင်းအောင် လုပ်ရမလဲဆိုတာကို.. ညွှန်ကြားချက်မှာ ဒီလိုဆောက်ဖို့ဆိုရင် အကောင်းဆုံးက အစိတ်အပိုင်း ၆ ခု တပ်ပါလို့ ပြောရင် ကျွန်တော် ၅ ခုလောက်ပဲ သုံးချင်သုံးမယ်.. တခါတလေ သုံးခုလောက်ပဲတောင် သုံးချင်သုံးတတ်ပါတယ်။ လုပ်ရိုးလုပ်စဉ် ဖြစ်ချင်မှဖြစ်မယ် ဟိုနေရာလေး ဒီနေရာလေးကို နည်းနည်းကစားလိုက်တယ်..တချို့ ပြသနာတွေမှာ တွေးပုံ တွေးနည်းလေး ပြောင်းကြည့်လိုက်တာနဲ့ ပိုကောင်းတဲ့အဖြေတွေ ထွက်လာတတ်တယ်ဗျ” လို့ ၀ုဇ်က အမြဲ ပြောလေ့ရှိပါတယ်။

Woz wit his first computer

အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ၀ုဇ် လည်း အော်တဲရ်လိုပဲ တူညီတဲ့စွမ်းဆောင်ရည်နဲ့ သူ့လောက်လည်း အစိတ် အပိုင်းတွေများများစားစားမပါတဲ့ ကွန်ပြူတာတစ်လုံးကို အောင်အောင်မြင်မြင်နဲ့တည်ဆောက်နိုင်ခဲ့ပါတယ်။ ဘေးမှာ တလျှောက်လုံး ရှိနေခဲ့တဲ့ သူ့သူငယ်ချင်း စတိဗ်ဂျော့လည်း ၀ုဇ် ကွန်ပြူတာအတွက် စိတ်လှုပ်ရှားနေ ခဲ့ပါတယ်။ တကယ်တော့ စတိဗ်ဂျော့ ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး အိုင်ဒီယာအပြည့်နဲ့ စိတ်အား ထက်သန်မှု အပြည့်ရှိတာကလွဲရင် ၀ုဇ်လို အရမ်းတော်တဲ့အင်ဂျင်နီယာတစ်ယောက်တော့မဟုတ်ပါဘူး။ ပြောရရင် သူမှ မဟုတ်ပါဘူး.. ၀ုဇ် လောက်တော်တဲ့ အင်ဂျင်နီယာ ရှိကို မရှိသလောက်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် အဲဒီအချိန်ကတည်းက စတိဗ်ဂျော့သိနေတာတစ်ခုကတော့ ၀ုဇ်ရဲ့ ကွန်ပြူတာဟာ ကမ္ဘာကြီးတစ်ခုလုံးကို တချိန်ကျရင် လုံးဝပြောင်းလဲပစ်လိမ့်မယ်ဆိုတာပါပဲ။   


စတိဗ်ဂျော့ဟာ သူနဲ့ ၀ုဇ် တို့ ကုမ္ပဏီအတူတူထောင်ပြီး အဲဒီကွန်ပြူတာတွေကို စီးပွားဖြစ်ရောင်းသင့်တယ်လို့ အကြံရပါတယ်။ ဒါပေမယ့် ၀ုဇ်ကတော့ သိပ်စိတ်မပါလှပါဘူး။ ဘာလို့လည်းဆိုရင် ကွန်ပြူတာတွေကို အခုလို တီထွင်တာ သူ့ရဲ့ဝါသနာအရပါ။ စီးပွားဖြစ် အလုပ်ကြီးတစ်ခုလို မလုပ်ချင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးမှာ စတိဗ်ဂျော့ အဆွယ်ကောင်းလွန်းတော့ သူလည်း လုပ်ဖို့ သဘောတူလိုက်ရပါတော့တယ်။ အဲဒီနောက် သူက သူ့ရဲ့ ဂဏန်းပေါင်းစက် ကလေးရောင်း၊ စတိဗ်ဂျော့ကတော့ သူ့ရဲ့ ဘောက်စ်ဝက်ဂွန်ကားဟောင်းလေးရောင်း ရလာတဲ့ပိုက်ဆံနဲ့ အာ့ပ်ပဲလ် ကုမ္ပဏီကို စတင် အသက်သွင်းကြပါတော့တယ်။ အာ့ပ်ပဲလ် လို့ ပေးဖြစ်သွားတာ ကတော့ စတိဗ်ဂျော့ဟာ တစ်ခါတုန်းက ပန်းသီးတွေကိုင်ထားတုန်း သူလျှောက်ထားတဲ့ အလုပ်က ခေါ်စာ ရောက်လာပြီး အလုပ်ရသွားဖူးလို့ နိမိတ်ကောင်းတယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပါ။ အာ့ပ်ပဲလ် ကုမ္ပဏီရဲ့ ပထမဆုံးအလုပ်ခန်းကတော့ စတိဗ်ဂျော့အဖေရဲ့ ကားဂိုထောင်လေးပါပဲ။




Steve Wozniak, the co-founder of Apple, in Sydney today.




(အပိုင်း ၁၆ ဆက်ရန်)



မေသန္တာဝင်း



၂၀၁၂ နိုဝင်ဘာ ၂၀ ရက်နေ့


နေ့လည် ၁၁ နာရီ ၀၂ မိနစ်




Ref: The Story of the Internet by Stephen Bryant

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...