Thursday, November 8, 2012

ရင်သို့ထိသောစာများ



လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်တုန်းကပေါ့ ။ ကျွန်တော် ဟာ တက်စီကားမောင်းရင်း အသက်မွေးဝမ်းကြောင်းပြုခဲ့တယ် ။ တစ်ခါမှာတော့ ညနက်သန်းခေါင်ယံအချိန်ကြီးမှာ အိမ်တစ်အိမ် က ကားငှားဖို့ဖုန်းဆက်ခေါ်တာကြောင့် အဲဒီအိမ်ရှေ့ရောက်လာခဲ့တယ် ။ အဲဒီအဆောက်အဦးကလည်းမည်းမှောင်နေပြီး မြေညီထပ်ပြတင်းပေါက်က မီးရောင်မှိန်မှိန်ကလေးပဲမြင်နေခဲ့ရတယ်။ 

ဖြတ်သွားဖြတ်လာတက်စီ မောင်းသူ အများစုဟာ အဲဒီအိမ်ကြီးရှေ့ ဟွန်း တစ်ချက်နှစ်ချက်လောက
်တီးတယ် ပြီးတော့ တစ်မိနစ်လောက်စောင့်ပြီးအဝေးကို ထွက်ခွာသွားကြတယ် ။ ကျွန်တော်အမြဲတွေ့ရလေ့ရှိတာက တက်စီပေါ်က လူတွေဟာ စိတ်ဆင်းရဲမှု စိတ်မချမ်းသာမှုတွေနဲ့ သွားလာရေးကို ပြုလုပ်နေကြတယ်ဆိုတာပါပဲ ။ အနန္တရာယ်ရှိတဲ့အငွေ့အသက်မရှိဘူးဆိုရင် ကျွန်တော် အိမ်တံခါးဆီကို ပြေးသွားတယ် ။ ဒီခရီးသည်ဟာ အကူအညီလိုနေတဲ့သူတစ်ယောက်ဖြစ်ရမယ်ကျွန်တော်တွေးမိလိုက်တယ် ။ ဒါနဲ့ ကျွန်တော်တံခါးဆီသွားပြီးခေါက်လိုက်တယ် ။

“ တစ်မိနစ်လောက်စောင့်ပါ ” အထဲကနေ သက်ကြီးရွယ်အိုအသံတစ်ခုကပြန်ဖြေတယ် ။

ကြမ်းခင်းကို တရွတ်တိုက်ဆွဲလာတဲ့အသံတစ်သံကို ကျွန်တော်ကြားနေရတယ် ။ တခဏကြာမှ အသံရပ်သွားပြီးတဲ့အခါ တံခါးပွင့်လာပါတယ် ။ အသက် ၈၀ လောက်ရှိတဲ့အဖွားအိုက ကျွန်တော့်ရှေ့မှာ မတ်တပ်ရပ်နေပါတယ် ။ ချည်ထည်အင်္ကျီလေးကိုဝတ်ဆင်ထားပြီး တုတ်ကောက်လေးကိုအားပြုပြီး ပခုံးပေါ်မှာ ပုဝါပါးပါးလေးလွှမ်းခြုံထားတယ် ။ ၁၉၄၀ ခုနှစ်လောက်တုန်းက ရုပ်ရှင်မြင်ကွင်းတစ်ခုကိုပြန်ကြည့်နေရသလိုပါပဲ ။ သူမဘေးမှာတော့ နိုင်လွန်အိတ်တစ်လုံးရှိပါတယ် ။

ကြည့်ရတာ ဒီအခန်းလေးဟာ ဘယ်သူမှ နေပုံမပေါ်လောက်အောင် တိတ်ဆိတ်ခြောက်ကပ်လွန်းလှပါတယ် ။ ပရိဘောဂတွေကို အကုန်လုံး အ၀တ်တွေနဲ့ဖုံးအုပ်ထားတယ် ။ နံရံတွေမှာ နာရီမရှိဘူး ပြက္ခဒိန်မရှိဘူး ဘာဆို ဘာမှရှိမနေခဲ့ဘူး ။ ထောင့်ချိုးလေးတစ်ခုမှာတော့ ဓါတ်ပုံတွေ ဖန်ခွက်တွေ တင်ထားတဲ့ ခုံဝိုင်းလေးတစ်ခုကိုတွေ့လိုက်ရတယ် ။

“ ကားပေါ်ကို ဒီအိတ်လေး သယ်ပေးနိုင်မလား ငါ့သား ” အဖွားအိုကပြောပါတယ် ။ ကျွန်တော်လည်း ကားပေါ်ကို အိတ်ကို ဆွဲတင်လာခဲ့တယ် ။ ပြီးတော့ အဖွားအိုကို ကူဖို့ပြန်လာခဲ့တယ် ။ အဖွားအိုက ကျွန်တော့်လက်မောင်းကိုဆွဲပြီးကားပေါ်ကို ဖြေးဖြေးချင်း တက်ခဲ့ပါတယ် ။ သူမဟာ ကျွန်တော့်ရဲ့နွေးထွေးကြင်နာမှုအတွက် တွေးနေပုံပါပဲ ။

“ ဒါဟာ ဘာမှမဟုတ်ပါဘူးအဖွားရဲ့ ” ကျွန်တော်အဖွားကိုနှစ်သိမ့်ပေးလိုက်တယ် ။ “ ကျွန်တော်က လမ်းမှာတွေ့ရတဲ့ခရီးသည်တစ်ယောက်ကို ကိုယ့်အမေတစ်ယောက်လို သဘောထားပြီး ဆက်ဆံခဲ့လိုက်ယုံပါပဲ ”

“ အို . .မင်းဟာ သိပ်ကြင်နာတတ်တဲ့သားတစ်ယောက်ပဲ ” အဖွားအိုကပြောတယ် ။ ကားပေါ်ရောက်တဲ့အခါ အဖွားက လိပ်စာတစ်ခုပေးပြီး “ ငါ့ကို အဲဒီကိုပို့ပေးပါလား မြို့ထဲကနေဖြတ်ပြီးမောင်းလို့ရမလားဟင် ” လို့ပြောခဲ့တယ် ။

“ မြို့လယ်ခေါင်ကဖြတ်မောင်းတာ အတိုဆုံးလမ်းမဟုတ်ဘူးအဖွားရဲ့ ” ကျွန်တော် ချက်ချင်းပြန်ပြောခဲ့တယ် “ အိုးကိစ္စမရှီပါဘူး အဖွားက အလျှင်မလိုပါဘူး အဖွားက အခု ဘိုးဘွားရိပ်သာကို သွားရမှာလေ ”

ကျွန်တော် ရုတ်တရက်တိတ်ဆိတ်သွားတယ် ပြီးတော့ မီတာကိုပိတ်လိုက်တယ် ။ “ ကဲ အဖွား ဘယ်လမ်းက ကျွန်တော့်ကိုသွားစေချင်သလဲ ” ကျွန်တော်မေးခဲ့တယ် ။ ဒီလိုနဲ့ . .

နောက်နှစ်နာရီလောက်ကြာအောင် ကျွန်တော်မြို့ထဲကနေဖြတ်မောင်းခဲ့တယ် ။ အဖွားက အရင်က ဓါတ်လှေကားအော်ပရေတာအဖြစ်အလုပ်လုပ်ခဲ့ဖူးတဲ့ အဆောက်အဦးတစ်ခုကို လက်ညိုးထိုးပြတယ် ။ ကျွန်တော် အဖွားရဲ့အမျိုးတွေရှိတဲ့ နေရာတွေကနေ အဖွားနဲ့ သူ့ခင်ပွန်းနေတဲ့နေရာတွေကနေ အနီးဆုံးဖြတ်မောင်းပေးခဲ့တယ် ။ ပရိဘောဂအရောင်းဆိုင်တစ်ဆိုင်ရဲ့ အရှေ့ကို ညွှန်ပြပြီး အဲဒီခန်းမထဲမှာ ငယ်ငယ်က အကသင်ခဲ့ရဖူးတယ်လို့လည်းပြောတယ် ။

တခါတရံမှာ အဖွားက တချို့သော အဆောက်အဦးတွေရှေ့မှာ ဖြေးဖြေးမောင်းပေးပါလို့ပြောပြီး တချို့နေရာတွေမှာတော့ အမှောင်ထဲ တိတ်ဆိတ်စွာထိုင်ပြီး ဘာစကားမှမပြောဘူး ။ နေရောင်ခြည်သန်းလာခဲ့ပါပြီ အလင်းလေးစတင်ရလာတဲ့အချိန် ..အဖွားကပြောတယ် “ အဖွားမောနေပြီ ငါတို့အခုသွားကြပါစို့ . .” ။ ကျွန်တော်တို့ တိတ်ဆိတ်စွာနဲ့ပဲ သူပေးတဲ့လိပ်စာလေးအတိုင်းဆက်ပြီးမောင်းနှင်လာခဲ့တယ် ။

အဆောက်အဦးက ပုပျက်ပျက်လေးပါပဲ ။ သေးငယ်တဲ့အိမ်လေးတစ်လုံးနဲ့တူပါတယ် ။ ပေါ်တီကိုအောက်မှာ အဖွားကို ကျွန်တော် ချပေးခဲ့တယ် ။ အကူနှစ်ယောက်ထွက်လာပြီး ကားထဲကနေ အဖွား ကို ကားထဲကအပြင်ကို ထုတ်ကြတယ် ။ သူတို့ဟာ အဖွားအိုကို နားလည်ဂရုစိုက်ပေးမယ့်ပုံသဏ္ဍာန်ရှိပါတယ် ။ အဖွားက သူတို့ချပေးတဲ့ ၀ှီးချဲပေါ်ထိုင်ပြီးကျွန်တော့်ကိုမေးတယ် ။

“ အဖွားကားခဘယ်လောက်ပေးရမလဲ ” ပြီးတော့ ပိုက်ဆံအိတ်ပြားပြားလေးထဲလက်နှိုက်လိုက်တယ် ။ “ ဟင့်အင်း ပေးစရာမလိုပါဘူးအဖွားရဲ့ ” “ ဟင် သားကအဖွားကိုလိုက်ပို့ပေးတယ်လေ တခြားခရီးသည်တွေကိုယူသလိုပဲယူပါ ” ကျွန်တော်ဘာမှမတွေးတော့ပဲ ဒူးညွှတ်ချပြီးအဖွားအိုကို ပွေ့ဖက်လိုက်တယ် ။ အဖွားကလည်းကျွန်တော့်ကို တင်းကြပ်စွာ ဖက်ထားပါတယ် ။

“ သားက သက်ကြီးရွယ်အိုအဖွားတစ်ယောက်အတွက် တဒင်္ဂ ပျော်ရွှင်မှုကိုပေးလိုက်တာပဲ . .ကျေးဇူးတင်လိုက်တာ ” အဖွားအိုက မျက်ရည်တွေ ကျပြီး ကျွန်တော့်ကိုပြောတယ် ။ ကျွန်တော်အဖွားရဲ့လက်ကို ဖျစ်ညှစ်ပြီးဆုပ်ကိုင်လိုက်တယ် ပြီးတော့ မနက်ခင်း လင်းစပြုတဲ့အချိန်ကျွန်တော်ထွက်လာခဲ့တယ် ။ ကျွန်တော့်အနောက်မှာ တံခါးတစ်ချပ်ကပွင့်သွားပါပြီ ။ အဲဒါတံခါးပွင့်သံဟာ ဘ၀တစ်ခုကို ပိတ်လိုက်တဲ့အသံပဲဖြစ်ပါတယ် ။

ကျွန်တော် အဲဒီကပြန်လာပြီး ဘယ်ခရီးသည်မှ မတင်တော့ဘူး ရည်ရွယ်ချက်မဲ့စွာ ကားမောင်းပြီးအချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။ အကယ်၍သာ အဖွားအိုဟာ ဒေါသထွက်တတ်တဲ့ ကားမောင်းသူတစ်ယောက်နဲ့များတွေ့ခဲ့ရင် ဒါမှမဟုတ်စိတ်မရှည်တဲ့ ကားမောင်းသူနဲ့တွေ့ခဲ့ရင် အဖွားဘယ်လိုနေမလဲ ကျွန်တော်အကြာကြီးတွေးမိတယ် ။ ဒါမှမဟုတ် တခြား ကားမောင်းသူတွေလို အများစုဟာ အဖွားကိုတွေ့တာနဲ့ဟွန်းတစ်ချက်လောက်တီးပြီး အဝေးကိုပြေးထွက်သွားကြမလား ။ ကျွန်တော်က ဘ၀မှာ ဒီထက်ပိုအရေးကြီးတဲ့အလုပ်မရှိဘူးလို့တောင်တွေးမိတယ် ။ ကျွန်တော်တို့ ရရှိတဲ့ဘ၀မှာ ကျွန်တော်တို့အားလုံးဟာ အဆင်ပြေသလိုနေနေကြရတယ် ။ ဘ၀ဆိုတာ ဖယောင်းတိုင်လိုပါပဲ ။ မီးစာ ကုန်ခါနီးဟာ ပျော်ရွှင်မှုတွေ ခမ်းခြောက်လာတတ်ပြီး အထီးကျန်မှုတွေက မျက်ရည်တွေအဖြစ်သွန်ကျလာတတ်တယ် ။

သင်ရော . . .

သက်ကြီ့းရွယ်အိုတွေနဲ့တွေ့တဲ့အခါ စိတ်ရှည်မိရဲ့လာ ။ ဒါဟာ သူတို့ဘ၀ရဲ့ နေ၀င်ချိန်ပါ ကိုယ်လည်းတစ်ချိန် အဲဒီဘ၀ကိုရောက်ရဦးမှာပါပဲ ။ ဘ၀ဆိုတာ ကုန်ဆုံးခါနီးပြီဆိုရင် ခဏတာသော ပျော်ရွှင်မှုလေးဖြစ်ဖြစ် ရင်ကိုအေးမြစေပါတယ် ။

အခုချိန်ကစလို့ သက်ကြီးရွယ်အို အဖိုးအဖွားများကို ကျေးဇူပြုပြီး ဂရုစိုက်ပေးကြပါ ။ ဘ၀တစ်ခုကို အဆုံးသတ်မယ့် တံခါးဖွင့်သံကို သင်မကြားမိပါစေနဲ့ . . ။

သက်တန့်ချို
Kent Nerburn ရေးသားသော The last cab ride အားခံစားဘာသာပြန်သည် ။
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...