Saturday, November 17, 2012

စာပေငွေပေါ်အရင်းပြုတ်ဈေးပွဲတော်ကြီး (ပထမပိုင်း)


by မင်းလူ၏ ၀တ္တုတိုများ on Saturday, November 17, 2012 at 7:43pm ·


     ကမ္ဘာ့စီးပွားပျက်ကပ်ကြီးက တစ်ဆင့်ခံသွယ်ဝိုက်ပြီး အဖျားခတ်လို့ဆိုလား၊ ဒေါ်လာဈေးပြုတ်လို့ဆိုလား၊ ရေနံဈေးဆင်းလို့ဆိုလား၊ ရွှေဈေးအိလို့ဆိုလား၊ ခုတလော ကုန်ပစ္စည်းဈေးတွေ ထိုးကျနေသည်။ စားသောက် ကုန်တွေကတော့ အရမ်းဈေးမချဘဲ တတ်နိုင်သလောက်တင်းခံနေသည်။ ဒါတောင်ကြက်သွန် က သစ္စာဖောက်သွားသေးသည်။ ကြက်သွန်တစ်ပိဿာဈေးက လက်ဖက်ရည်တစ်ခွက်ဖိုးလောက် ဖြစ် သွားသည်။
တန်လှချည်ရဲ့ဆိုပြီးလက်ဖက်ရည်မသောက်ဘဲ တစ်နေ့ကြက်သွန်တစ်ပိဿာ ဝယ်စားလို့မဖြစ်တော့လည်း ခက်သားကလား။
    မော်တော်ကား ဈေးတွေကတော့ ဘရိတ်ပေါက်သလို လှိမ့်ဆင်းသွား၏။ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းတွေဈေးကျပုံများ (ကိုယ်မဝယ်နိုင်ပေမယ့်) အားရစရာကြီးပဲ။ စစချင်းမှာ ရမလားလို့ ဆယ်ရာခိုင်နှုန်းလောက်ပဲ လျှော့ပြီး မြူဆွယ်ကြည့်သေးသည်။ အဝယ်မလိုက်တော့ ဆယ့်ငါးရာခိုင်နှုန်း၊ ဒီနောက် နှစ်ဆယ်၊ နှစ်ဆယ့်ငါး၊ သုံးဆယ် နောက်ဆုံးထက်ဝက်ဈေးလောက်အထိ ရောက်လာသည်။
    ဒါနဲ့တောင် လူတွေက သိပ်မဝယ်ကြ။ ဘယ်ဝယ်မလဲ။ ပိုက်ဆံမှမရှိဘဲကိုး။ ခုနေခါ ရေခဲသေတ္တာကြီးတစ်လုံး အလကားပေးမယ်ဆိုရင်တောင် သယ်စရာကားခအတွက် ပူရမယ့်ကိန်းဆိုက်နေတာကိုး။
    ကုမ္ပဏီတွေကလည်း နည်းလမ်းမျိုးစုံနှင့် ကြံစည်ကြသည်။ ပစ္စည်းနှစ်မျိုးတွဲဝယ်လျှင် ဈေးထပ်လျှော့ပေးသည်။ ဒီဟာဝယ်လျှင်ဟိုဟာ လက်ဆောင်ပေးသည်။ ဈေးပွဲတော်ဆိုတာကလည်း တစ်လကို သုံးလေးခုလောက်ရှိ၏။ အကြောင်းအမျိုးမျိုးပြ နာမည်အမျိုးမျိုးတပ်ကြသည်။
    သီတင်းကျွတ်အထူး၊ တန်ဆောင်တိုင် အထိမ်းအမှတ်၊ ခရစ်စမတ်ပွဲတော်၊ နှစ်သစ်ကူးဈေးရောင်းပွဲ စသည်ဖြင့်။ ဒီထဲမှာ ' ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နှစ်ဆယ့်ငါးရာခိုင်နှုန်း ဒစ်စကောင့်လျှော့ဈေး 'ဆိုတာကတော့ တစ်မျိုးကြီးပဲနော်။
    အရောင်းအဝယ်တွေပါးတဲ့အခါကျတော့ တစ်နွယ်ငင်တံစဉ်ပါဆိုသလို အနုပညာလုပ်ငန်းတွေလည်း ထိလာတာပဲ။ ဖျော်ဖြေရေးကိစ္စအတွက်ဆိုတာ ငွေပိုငွေလျှံရှိမှ သုံးနိုင်တာမဟုတ်လား။
    ဒီတော့ ရုပ်ရှင်ရုံတွေ လူအဝင်နည်းလာသည်။ ဗီဒီယိုအခွေတွေ အငှားကျလာသည်။ ဗီစီဒီကာရာအိုကေ အခွေတွေကတော့ ပြောမနေနဲ့။ ခိုးကူးခွေထုတ်တဲ့လူတွေတောင် မကိုက်ဘူးတဲ့။ ဒီတော့ကာ...
    စာအုပ်တွေဆိုတာကကော ဘာသားနဲ့ ရိုက်ထားတာမို့လို့လဲ။ အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ရဲ့ ဗုဒ္ဓဝင်ဇာတ်တော်ထဲက စကားလုံးမျိုးနဲ့ပြောရရင်
    " မကောင်းဘူးမင်းကြီး၊ မကောင်းဘူး "
    တက်ကျမ်းတွေလည်း မကယ်နိုင်။ တက်ကျမ်းတက်ကျမ်းနဲ့ ဘာတွေတက်သလဲဆိုတော့ ကုန်ဈေးနှုန်းပဲတက်သည်။ ထို့ကြောင့် ' ကျကျမ်း 'ပဲရေးတော်မူကြပါရန် တောင်းပန်ရမလိုဖြစ်နေ၏။
    ခုချိန်မှာ ဟာသ ဝတ္ထုတွေနဲ့ တစ္ဆေသရဲ ဝတ္ထုတွေလောက်သာ ဈေးကွက်ထဲမှာ အတော်အသင့် တောင့်ခံနိုင်သည်။ ပြောသာပြောရတယ်။ ဒါတွေကလည်း နည်းနည်းအီလာပြီ။ လူတွေက ရယ်ရလွန်းလို့ ပျင်းလာကြပြီ။ ကြောက်ရတာကိုလည်း ငြီးငွေ့လာကြပြီ။ ဒီတစ်ခါ ဘက်စ်ဆယ်လာ စာရေးဆရာတွေရဲ့ စာအုပ်တွေတောင်မော်ဒယ်မြင့် ကားတွေလို ပြိုစပြုလာလေသည်။
    ဒီတော့ ရောင်းအားပြန်တက်လာအောင် နည်းလမ်းတွေရှာရသည်။ တချို့က ကြော်ငြာနဲ့ ဖိဖို့ကြိုးစားသည်။ တကယ်တမ်းကျတော့ ကြော်ငြာတိုင်းသာ ရောင်းအားကောင်းမယ်ဆိုရင် အီလက်ထရွန်နစ်ပစ္စည်းတွေလောက်မှာတောင် မဟုတ်ဘူးလေ။
    တချို့ကျတော့ စာရေးဆရာတွေကိုယ်တိုင် အမှတ်တရ လက်မှတ်ထိုးပြီး ပရိုမိုးရှင်းပွဲတွေလုပ်ကြသည်။ အစပိုင်းတော့ ဟုတ်မလိုလိုပဲ။ ကိုယ်ခရေစီဖြစ်တဲ့ စာရေးဆရာကို မြင်တွေ့ခွင့် ရတဲ့အပြင်လက်မှတ်ပါ ထိုးပေးဦးမယ်ဆိုတာကိုး။ နောက်ပိုင်းကျတော့ဒါလည်း ရိုးအီလာသည်။ လက်မှတ်ထိုးပွဲတွေက တစ်ပတ်တစ်ခါလောက်လုပ်နေကြသဖြင့် ပရိသတ်နည်းပါးလာသည်။ ထိုအခါကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေခေါ် ' အင်.. ပရိသတ် 'အဖြစ်  အစားထိုးပြီး လူစည်ကားသယောင် လုပ်ကြရသည်။
    တချို့ထုတ်ဝေသူတွေလည်း စာအုပ်ဆိုင်မှာ အခန့်သားတင်ရောင်းလို့ အလုပ်မဖြစ်မှန်း သိလာကြသည်။ ထို့ကြောင့်ခရီးသွားဟန်လွဲ ခလုတ်တိုက်ရင်း ဝယ်သွားနိုင်မည့် နည်းလမ်းကို ရှာကြသည်။ လူစည်ကားတဲ့ပွဲမှန်သမျှ စာအုပ်ဆိုင်လိုက်ဖွင့်သည်။ အခါကြီးရက်ကြီး၊နေ့ထူးနေ့မြတ်တွေမှာ ကျင်းပသော ပျော်ပွဲရွှင်ပွဲတွေ၊ ဘုရားပွဲတွေပါမကျန် လိုက်ရောင်းသည်။
    အမျိုးသမီးထုတ်ဝေသူ တစ်ယောက်ဆိုလျှင် မကွေးမြသလွန်ဘုရားပွဲနှင့် ရွှေစက်တော်အထိတောင်ရောက်သည်။ ဘုရားပွဲဆိုတော့ ညမှာလည်း အိပ်ရေးပျက်၊ နေ့ကျတော့လည်း နေကပူ၊ ဖုန်ကတထောင်းထောင်း၊ ရေလည်းမှန်မှန်မချိုးရသဖြင့် အသားတွေ မည်းခြောက်၊ မျက်တွင်းတွေဟောက်ပက်၊ ဆံပင်တွေနီကြောင်ဖွာလန်ကြဲ၊ ချေးညော်အထပ်ထပ်ဖြင့် တကယ့်ကို ဆယ့်နှစ်ပွဲဈေးသည်ရုပ်ပေါက်သွားရလေသည်။
    ဒါနဲ့တောင် ဂိုဒေါင်ထဲက စာအုပ်ပုံတွေက လျော့သွားတယ်လို့မရှိ။ ဒါတွေ မြန်မြန်ကုန်သွားစေချင်ရင်တော့ ခြတွေကို အကူအညီတောင်းမှပဲ ဖြစ်တော့မည်။ ထုတ်ဝေသူတွေ စီးပွားပျက်လျှင် စာရေးဆရာတွေလည်း စားပေါက်ပိတ်တော့မည်။ သူဌေးကားရောင်းလိုက်ရလို့ ဒရိုင်ဘာအလုပ်ပြုတ်မယ့်ကိန်း ဆိုက်နေပြီ။
    ထိုအခါစီးပွားဖက်တွေပေါင်းပြီး ကြံမိကြံရာ ကြံစည်ကြရလေတော့သည်။
    ++++++
    ' စာပေငွေပေါ်အရင်းပြုတ် ဈေးပွဲတော်ကြီး '
    ဖုန်တထောင်းထောင်းထနေသော ကွင်းပြင်ကြီးထဲမှာ စာအုပ်ဆိုင်တွေ တန်းစီနေသည်။ စာအုပ်ရောင်းရုံသက်သက်မဟုတ်။ စာဖတ်ပရိသတ်ကို သူ့ထက်ငါအပြိုင်အဆိုင် ဆွယ်တဲ့အနေနဲ့ ဖျော်ဖြေမှုတွေပါ တွဲဖက်ထားကြရသည်။
    ဒီထဲမှာ ' စာပေလောက 'စာအုပ်ဆိုင်တွေကလည်း မပါမဖြစ်ပေါ့၊ သူတို့ မက်ဒေါနယ်၊ ကေအက်ဖ်စီ၊ စီးတီးမတ်၊ စူပါဝမ်း၊ အောရင့်ခ်ျ၊ စိန်ဂေဟာတို့လိုပဲ ဆိုင်ခွဲတွေ  အများကြီးဖွင့်ထားတာ။ သူတို့ထဲမှာ စာပေလောက-၅မှ နေမျိုးညွန့်သည် နည်းနည်းထွင်ချင်တတ်သူဖြစ်၏။ (သူ့အဖေ ဦးမျိုးညွန့်လိုပဲ နည်းနည်းကြောင်တတ်သည်။) သူက စာရေးဆရာ တစ်ဦးချင်းစီကိုဖိတ်ပြီး လက်မှတ်ထိုးခိုင်းတာမျိုးမလုပ်။ စာအုပ်တစ်အုပ် လာဝယ်လျှင် သက်ဆိုင်ရာ စာရေးဆရာက လက်မှတ်ထိုးပေး၊ ဒါဆို စာအုပ်မျိုးစုံ ရောင်းရမည်။ ရောင်းအားပိုကောင်းမည်ဟု တွက်သည်။
    သို့ရာတွင်တကယ်တမ်းကျတော့
    " ရွှေဥဒေါင်း လက်မှတ်ထိုးပေးပါ "
    " ဗန်းမော်တင်အောင်ကိုယ်တိုင်လက်မှတ်ထိုးပေးမှ ဝယ်မယ် "
    " ဟင်... သော်တာဆွေ လက်မှတ်လဲ မပါပါလား "
    စသည်ဖြင့် ကွယ်လွန်လေပြီးသော စာရေးဆရာကြီးများကို သာပရိသတ်က တောင်းဆိုကြသဖြင့် အခက်တွေ့နေရ၏။ နောက်ပြီး မအူမလည် မောင်နေမျိုးညွန့် တစ်ယောက်မစဉ်းစားမိသော အချက်တစ်ချက်လည်း ရှိသေးသည်။
    မိန်းမတွေစုမိလျှင် ' အတင်း 'ပါမှဖြစ်သလို စာရေးဆရာတွေ ဆုံမိလျှင် ပုလင်းပါမှ အဆင်ပြေသည်။ ထို့ကြောင့် ညနေစောင်းတာနဲ့ သောက်ပွဲကြီး ကျင်းပကြတော့သည်။ ဒီကြားထဲမှာ ကိုကိုနိုင်တို့လို ပန်းချီဆရာတွေ၊ စိုးသော်တာတို့လို ကာတွန်းဆရာတွေ၊ အောင်ဘညိုတို့လို ကဗျာဆရာတွေလည်း သတင်းအကြားနဲ့ ရောက်ရှိလာ၏။
    သူတို့သည် လုံးချင်းစာအုပ်ထုတ်ဖူးတဲ့သူတွေလည်း မဟုတ်။ လက်မှတ်ထိုးပေးစရာ အကြောင်းလည်းမရှိ။ ဘာဆိုင်လို့လဲဟု ထင်စရာရှိသော်လည်း သူတို့ပုံတွေ၊ ကဗျာတွေပါသော မဂ္ဂဇင်းလာဝယ်တဲ့သူရှိရင် လက်မှတ်ထိုးပေးရအောင်ဟု အကြောင်းပြပြီး ဝင်နွှဲကြခြင်းဖြစ်၏။ နေမျိုးညွန့်ကလည်း စာပေလောက ထုံးစံအတိုင်း စာမူခပေးဖို့သာ လက်တွန့်တာ၊ သောက်မယ်စားမယ်ဆိုရင် ပိုက်ဆံအိတ်ဖွင့်ဖို့ ဝန်မလေးတဲ့လူဆိုတော့... ဘာပြောကောင်းမလဲ။
    သောက်မငြီးပေါ့။
    ++++++
    စာအုပ်အရောင်းပြခန်းတစ်ခုရှေ့တွင် အရုပ်ကြီးတစ်ရုပ်ထောင်ထားသည်။ ပါးစပ်ကြီးဖြဲပြီး အားရပါးရရယ်မောနေသော စာရေးဆရာဖေမြင့်၏ ပုံတူအရုပ်ကြီးဖြစ်၏။ ပါးစပ်နေရာကိုတော့ အပေါက်ဖောက်ပေးထားသည်။ ထိုအပေါက်ထဲသို့ တင်းနစ်ဘောလုံးကို ဝင်အောင်ပစ်ရမည်။ ဝင်သွားလျှင်ဆုကြေးအဖြစ်ဖေမြင့်၏ နှလုံးသားအဟာရ စာအုပ်တစ်အုပ်ရရှိမည်။ ပရိသတ်တွေက
    " ဘောလုံးကို သုံးလုံးတစ်ရာနဲ့ ဝယ်ပြီးတော့ ဝင်အောင်ပစ်နိုင်မှ စာအုပ်တစ်အုပ်ဆိုတော့ မတန်ဘူးကွ။ ဘီယာဘူးတို့၊ ဖျော်ရည်ပုလင်းတို့ပေးမယ်ဆိုရင် တော်သေးတယ် "
    ဟု ဝိုင်းပြီး ဝေဖန်ကြသည်။ ထို့ကြောင့် မူလအစီအစဉ်ကို ဖျက်သိမ်းပြီး ' နှလုံးသားအဟာရ စာအုပ်တစ်အုပ်ဝယ်လျှင် အမဲအူပြုတ်တစ်ပွဲတိုက်ပါမည် 'ဟုပြင်ဆင် သတ်မှတ်လိုက်ရ၏။
    ' အမျိုးသမီးထုတ်ဝေသူများ စာအုပ်အရောင်းဆိုင်၊ ဝယ်ယူအားပေးသူ ပရိသတ်ကြီးကို စာအုပ်ယိမ်းဖြင့် ဖျော်ဖြေမည် '
    စင်ပေါ်မှာ အမျိုးသမီးထုတ်ဝေသူများ တန်းစီနေရာယူထားကြသည်။ စာအုပ်အထူကြီးများကို မှောက်လျက်ဖြန့်ပြီး ခေါင်းပေါ်မှာတင်ထားသည်။ ဝင်းသူဇာပွင့်ရိုက် ဝမ်းဆက်တွေ ဝတ်ထားကြ၏။ သူတို့ထဲမှာ ငယ်ငယ်ရွယ်ရွယ် ချောချောလှလှတစ်ယောက်မှမပါ။ ရွက်ကြမ်းရေကျို ကြည့်ပျော်ရှုပျော်ရှိသူ တစ်ယောက်စနှစ်ယောက်စ ပါသော်လည်း အများစုမှာ ဝတုတ်ကြီးတွေ၊ ပိန်ခြောက်ခြောက်တွေ၊ ရှည်တောက်တောက်တွေ၊ ပုလုံးလုံးတွေသာဖြစ်၏။
    သူတို့ရဲ့ ယိမ်းအကကလည်း ညီညီညာညာမဟုတ်။ တစ်ယောက်က လက်မြှောက်စဉ် တစ်ယောက်က လက်ချ။ တစ်ယောက်က ညာဘက်လှည့်တုန်း တစ်ယောက်က ဘယ်ဘက်ချိုး။ ဘယ်လိုမှ ကြည့်လို့ အဆင်မပြေနိုင်သဖြင့် ပရိသတ်တွေ ထပြန်ကုန်ကြသည်။ ကလေးတစ်အုပ်စုသာ ကျန်ခဲ့၏။ ကလေးတွေကလည် ကြည့်လို့ကောင်းလွန်းလို့မဟုတ်။ ဒီအဒေါ်ကြီးတွေ အသက်ကြီးမှ စာမရလို့ စာအုပ်ခေါင်းပေါ်တင်ပြီး ဒဏ်ပေးခံရတာပဲဟု အထူးအဆန်းသဖွယ် ကြည့်နေကြခြင်းသာဖြစ်၏။ (အကနည်းပြတွေကလည်း ဒေါ်တူးတူးမြင့်သိန်းနှင့်ဒေါ်လမင်းအိမ်ဆိုတော့ ကောင်းရောပေါ့။)
    စာအုပ်တွေကတော့ မဖြစ်စလောက်သာ ရောင်းရသည်။ ဒီအတိုင်းဆိုလျှင် ဆိုင်ခန်းခတောင် ပြန်ရပါ့မလားဟု စိုးရိမ်လာကြသည်။ ခေါင်းချင်းဆိုင်တိုင်ပင်ကြပြီးနောက် စရိတ်စက ကြေလိုကြေညားဆိုပြီး စာအုပ်ဆိုင်ရှေ့မှာ ဘူးသီးကြော်ရောင်းကြလေသည်။ ပြုံးစာပေ ဒေါ်ပြုံးက ဘူးသီးကြော် ကောင်းကောင်းကြော်တတ်သဖြင့် အဆင်ပြေသွားသည်။
    တောက်တိုမယ်ရခိုင်းလို့ရအောင်ဆိုပြီး ဇူးကျော်နှင့် စည်သူမြသန်းတို့ကို အဖော်အဖြစ်ခေါ်ထားရသည်။ တကယ်တော့ သူတို့နှစ်ယောက်မှာ လေးတိလေးကန် ငိုင်တိငိုင်တိုင်သမားတွေသာဖြစ်၏။ ဆလပ်ရွက်ပေးပါဦးပြောတဲ့ဝိုင်းကို လက်သုတ်ပဝါသွားပေးလိုပေး။ ဘူးသီးကြော်နဲ့ ကြက်သွန်ကြော်မှားချ။ ရေနွေးကြမ်းအိုး တော်တော်နဲ့ မလာလို့ အဟောက်ခံရနဲ့ ယောင်ချာချာတွေဖြစ်နေကြ၏။
    စည်သူမြသန်းကလည်း ညနေစောင်းပြီဆိုလျှင် လက်ကမမြဲချင်တော့။ တစ်ခါတော့ အကြော်စားနေသော အမျိုးသမီး၏ပေါင်ပေါ်သို့ အချဉ်ပန်းကန်လွတ်ကျသွားသည်။ အူကြောင်ကြောင်နိုင်လှသော ဇူးကျော်က အမျိုးသမီး၏ ပေါင်ပေါ်ကအချဉ်ရည်တွေကို လက်နဲ့ပွတ်ပြီး သွားသုတ်ပေးသည်။ ဟိုကစိတ်ဆိုးပြီး အကြမ်းပန်းကန်လုံးနဲ့ထုလိုက်တာ ထိပ်ဖုသွားသေးသည်။
    ဒီကြားထဲမှာ ဘုရားပွဲ ကန်ထရိုက်ရထားသူတစ်ယောက်က သူတို့ပွဲမှာ ဘူးသီးကြော်ရောင်းဖို့ လာစပ်သေးသည်။ ချွေးတလုံးလုံးနဲ့ ကြော်နေသော ပြုံးစာပေ ဒေါ်ပြုံးရဲ့ပုံစံကလည်း တကယ့် ဘူးသီးကြော်သည်ကြီးနဲ့ တော်တော်တူပေတာကိုး။
    ++++++
    ကြောင်နှစ်ကောင်စာပေသည် များသောအားဖြင့် ဘက်စ်ဆယ်လာ စာရေးဆရာတို့၏ စာအုပ်များကိုသာ ထုတ်ဝေသူဖြစ်၏။ ဈေးကွက်ကောင်းစဉ်အခါကတော့ မောင်မျိုးတို့ ပြုံးပြုံးပြုံးပြုံးနဲ့ပေါ့။ စာအုပ်အရောင်းအဝယ် ပါးလာတဲ့အခါမှာတော့ အထက်ကားကို ဈေးကြီးနဲ့မိထားတဲ့လူကို ပြူးပြူးပြာပြာဖြစ်ရပြီ။ စာအုပ်လက်ကျန်များလေထိလေပဲ။
    ဒီတော့ ရနိုင်သမျှ ထေမိကာမိစေရန် ဈေးပွဲတော်မှာ အရောင်းဆိုင်လာဖွင့်သည်။ နာမည်ကြီးစာရေးဆရာတွေရဲ့စာအုပ်တွေဖြစ်သည့်တိုင်အောင် ဝယ်လိုအားတော့ ဖြိုးဖြိုးဖြောက်ဖြောက်သာရှိ၏။
    မောင်မျိုးလည်းကြံရာမရဖြစ်ပြီး ဓာတ်ရိုက်ဓာတ်ဆင်လုပ်တတ်သော ဟိန်းလတ်ဆီမှာ အကူအညီသွားတောင်းသည်။ ဟိန်းလတ်က ယတြာချေဖို့ အကြံဉာဏ်ပေးလိုက်၏။ (တကယ်တော့ ဟိန်းလတ်ကိုယ်တိုင်တောင် သူရေးတဲ့အင်္ဂလိပ်စကား အလွယ်ပြောနည်းစာအုပ်လက်ကျန်တွေ တစ်ဝက်ဈေးနဲ့ ချရောင်းရကောင်းမလား စဉ်းစားနေတာ။)
    မောင်မျိုးကတော့ ထူပူနေသဖြင့် ပြောသည့်အတိုင်း လိုက်လုပ်သည်။ သူ့တစ်ကိုယ်လုံး ရွှေရောင်ဆေးတွေသုတ်၊ အရောင်းကောင်တာပေါ်ဆောင့်ကြောင့် ထိုင်ပြီး ဝယ်သူလာအောင် လက်ယပ်ခေါ်သည်။ တရုတ်ဆိုင်တွေမှာ ထားလေ့ရှိသော လာဘ်ခေါ်ကြောင်ရုပ်လို လူကိုယ်တိုင် သရုပ်ဆောင်ရခြင်းဖြစ်၏။
    ဆိုင်မှာလူကတော့ စည်ပါသည်။ အထူးအဆန်းအဖြစ် ဝိုင်းအုံကြည့်ခြင်းသာဖြစ်၏။ စာအုပ်တွေကတော့ သိပ်မရောင်းရ။ လက်ယပ်ခေါ်ရလွန်းလို့ ညောင်းလာပြီး ကြာတော့ ချိုမိုင်မိုင်လုပ်သလောက်သာ လှုပ်ရှားနိုင်တော့သည်။ သည်ကြားထဲ ရွှေရောင်ဆေးတွေကြောင့် ချွေးပေါက်တွေပိတ်ပြီး တစ်ကိုယ်လုံးယားယံလာသောကြောင့် မောင်မျိုးမှာ ကိုယ့်ကိုယ်ကို ပြန်ကုတ်ရသော ' ကြောင် 'ဖြစ်သွားလေတော့သည်။
    မှုခင်းသတင်းထဲက ခါးပိုက်နှိုက်တွေလို နာမည်အမျိုးမျိုးနှင့် လှုပ်ရှားတတ်သော ငါးမည်ရ အတ္တကျော်သည် ကိုယ်ပိုင်စာအုပ်တိုက်တည်ထောင်ထားသည်။ လက်တွဲဖော်စာအုပ်တိုက်ဟု အမည်ပေးထား၏။ သူသည် လူပေါ်လူဇော် လုပ်လိုက်ရမှ ကျေနပ်သူဖြစ်တဲ့အတိုင်း သူ့စာအုပ်တိုက်လိုဂိုတံဆိပ်ကို အကြီးကြီးရေးဆွဲပြီး အရောင်းဆိုင်ခန်းရှေ့မှာထောင်ထားသည်။
    ဒီဇိုင်းခကုန်မှာစိုးလို့ သူ့ဘာသာဆွဲထားသလားတော့မသိ။ စာအုပ်တိုက်တံဆိပ်ပုံစံက ဘယ်ဘက်အပေါ်ထောင့်မှာ ဖြန့်ထားသော လက်ဝါးတစ်ဖက်နှင့် ညာဘက်အောက်ထောင့်မှာ စာအုပ်လိုလို စာတိုက်ပုံးလိုလို ဘာမှန်းမသိသော အရာတစ်ခုပါသည်။ သူ့ဟာသူတော့ အတော်သဘောကျနေပုံရသည်။
    သို့ရာတွင် ထိုပုံစံသည် အချိုရည်ဘူးပေါ်တွင် ရိုက်နှိပ်ထားလေ့ရှိသော အမှိုက်ပုံးတွင် စွန့်ပစ်ရန်သတိပေးသည့် အမှတ်အသားလိုဖြစ်နေလေသည်။ ထို့ကြောင့် လူတွေက သူ့စာအုပ်တိုက်ဆိုင်းဘုတ်ကြီးရှေ့မှာ အမှိုက်တွေလာပစ်ကြသည်။ ထိုအခါ သူတို့လက်တွဲဖော် ဇနီးမောင်နှံနှစ်ယောက်ခမျာ စာအုပ်ရောင်းတဲ့အလုပ်ထက် အမှိုက်သိမ်းတဲ့အလုပ်ကို ပိုပြီး အဓိက ထားလုပ်နေကြရသည်။ ညနေဆိုလျှင် သူတို့၏ စီးတော်ယာဉ် ဒဂုံဂျစ်ကားကြီးဖြင့် ရေသန့်ဘူးခွံတွေတင်ပြီး ဘော်တယ်ဆိုင်မှာ တစ်ဗူးတစ်ဆယ်နှင့်ပြန်သွင်းတာက စာအုပ်ရောင်းတာထက်ပိုပြီး တွက်ခြေကိုက်သယောင်ရှိလေ၏။    
    +++++++
    " လျှပ်တစ်ပြက်ဂျာနယ် ဘာကြောင့်ကြိုက်ကြတာလဲ "
    " လျှပ်တစ်ပြက်ဂျာနယ် ဘာကြောင့်ကြိုက်ကြတာလဲ"
    မြတ်ခိုင်သည် ' အပြတ်ချက်မယ့် လျှက်တစ်ပြက် 'ဆိုသော စာတမ်းပါ စလွယ်ကိုလွယ်လျက် ရှေ့ဆုံးက တိုင်ပေးလေသည်။ ဇေယျာနှင့် ရွှေညာတို့က ' ထူးလို့ ထူးလို့ 'ဟု နောက်မှ လိုက်အော်သည်။ မောင်းကြီးကိုလည်း တဒူဒူ ထုသေးသည်။
    သူတို့သည် ပရိသတ်တွေကြားထဲ လှည့်လည် သွားလာရင်း အော်ဟစ် ကြော်ငြာနေကြသည်။ ငှားထားသော လက်ပွေ့သမားဆယ်ယောက်ကလည်း ဂျာနယ်တွေပွေ့ပြီး လိုက်လာသည်။ ဂျာနယ်ကို အထူးလျှော့ဈေးနှင့် ရောင်းသော်လည်း သိပ်စိတ်မဝင်စားကြ။ နောက်ဆုံး ညှိနှိုင်းဈေးဆိုတာတောင် အလုပ်မဖြစ်သောကြောင့် 'လျှပ်တစ်ပြက်မှာ အမြတ်မထွက်ဘဲ'ဖြစ်နေလေသည်။
    သို့တိုင်အောင် မြတ်ခိုင်ကတော့ လုပ်ငန်းကန်ထရိုက်တစ်ခုကိုရရှိသဖြင့် နည်းနည်းထေမိကာမိသွားသည်။ မျက်နှာအသားချောလိမ်းဆေးခရင် ထုတ်လုပ်သောကုမ္ပဏီတစ်ခုက သူ့ကိုကြော်ငြာမင်းသားအဖြစ်လာငှားသောကြောင့်ဖြစ်၏။ ကြော်ငြာထဲတွင် မြတ်ခိုင်က ' ဆေးမလိမ်းမီပုံ 'အဖြစ် သရုပ်ဆောင်ရမည်ဖြစ်လေသည်။
    +++++++
    ရယ်စရာမဂ္ဂဇင်းအဖွဲ့သည် စရိတ်စကကို အစစအရာရာ ချွေတာကြသူများဖြစ်၏။ (စာမူခအပါအဝင်ပေါ့)ထို့ကြောင့် အကုန်အကျသက်သာစေရန် အရောင်းဆိုင်ကို ဘာအပြင်အဆင်မှမလုပ်။ ဘာဖျော်ဖြေရေးမှမပါဘဲ အယ်ဒီတာချုပ် မောင်မောင်စနေနှင့် တာဝန်ခံအယ်ဒီတာ မြေလတ်မောင်မြင့်သူတို့ နှစ်ယောက်သာ ငေါင်းစင်းစင်းထိုင်နေကြသည်။ လူများလျှင် စားသောက်စရိတ်ပိုကုန်မယ် မဟုတ်လား။
    သူတို့နှစ်ယောက်သည် ရှေ့က ဖြတ်သွားသူများကို ' ဟဲ ဟဲ '  ' ဟီး ဟီး 'ဆိုပြီး လှမ်းလှမ်းရယ်ပြနေသည်။ လူတွေက ဘာကြောင်တာလဲ ဆိုပြီး ပြူးပြဲကြည့်သွားကြ၏။ မောင်မောင်စနေသည် နဂိုကပင် အရှက်မရှိသူဖြစ်သောကြောင့် ပြဿနာမရှိ၊ မြေလတ်မောင်မြင့်သူကတော့ အေးအေးတည်တည်နေတတ်သူဖြစ်သဖြင့် မျက်နှာကြီးနီပြီး ရွံွ့တွံ့တွံ့ဖြစ်နေသည်။ ပရိသတ်တွေက ဂရုမစိုက်သဖြင့်နောက်ဆုံးတော့ သူတို့အချင်းချင်း ကြည့်ပြီးတော့သာ ရယ်နေရလေတော့သည်။
    စားပွဲပေါ်မှာ မှတ်တမ်းလွှာစာအုပ်တစ်အုပ် ချပေးထားသည်။ စာဖတ်ပရိသတ်များအနေဖြင့် ရယ်စရာမဂ္ဂဇင်းနှင့်ပက်သက်ပြီး ဝေဖန်အကြံပေးစာများ ရေးသားနိုင်ရန်ဖြစ်၏။ ထိုစာအုပ်ထဲတွင် ရေးသားသွားကြသော စာဖတ်ပရိသတ်အချို့၏ စာများမှာ
    " ရယ်စရာ မဂ္ဂဇင်းစတင်ထုတ်ဝေသည့် အချိန်မှ ယခုထိစွဲမြဲစွာဆုပ်ကိုင်ထားသော အချက်တစ်ခုကိုသတိထားမိပါသည်။ ထိုအချက်မှာ စာလုံးပေါင်းသတ်ပုံမှားခြင်းပင်ဖြစ်ပါသည် "
    " နောက်ကို မဂ္ဂဇင်းထဲမှာ တက္ကသိုလ်စိန်တင်ရဲ့ဓာတ်ပုံကြီးမထည့်ပါနဲ့၊ စိုင်းစိုင်းတို့၊ စွမ်းစွမ်းတို့ပုံတွေပဲ ထည့်ပါ "
    " ဖလင်ခွဲတာသိပ်မသပ်ရပ်ဘူး။ တခြားနေရာ ပြောင်းအပ်သင့်သည် "
    ++++++
    တစ္ဆေသရဲ ဝတ္ထုရေးသူတွေစုပြီး ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ သူရဲရထားအစီအစဉ်ပြုလုပ်ထားသည်။ စာရေးဆရာများ ကိုယ်တိုင်သရဲများအဖြစ် ခြောက်လှန့်ပေးမည်ဖြစ်၏။
    ဒေဝစကြာသည်ကိုယ်ပေါ်မှာ ဆေးအဖြူခြယ်ပြီး အရိုးခြောက်လို ပုံသဏ္ဌာန်ဖြင့် ခြေလှုပ်လက်လှုပ်လုပ်ပြသည်။ ရထားပေါ်မှာ ပရိသတ်တွေက မကြောက်လန့်ကြဘဲ
    " ထိပ်ပြောင်ကြီးဟေ့.... "
    ဟု ဝိုင်းအော်ကြသည်။ နန်းကြော့သျှင်က အစွယ်အတုကြီးတပ်၊ ဟားဟား ဝါးဝါးအော်ပြီးခြောက်သည်။ မကြောက်တဲ့အပြင် လက်မြန်တဲ့ ချာတိတ်တစ်ယောက်က အစွယ်အတုကို ဆွဲဖြုတ်လိုက်တာ နှုတ်ခမ်းမွေး နှစ်ပင်သုံးပင်တောင် အဆစ်ပါသွားသေးသည်။
    သတိုးတေဇကတော့ ဝတ်ရုံအမည်းကြီးခြုံ၊ ဓားကောက်သွားလှံကြီးနဲ့ခုတ်မလိုလို ထိုးမလိုလိုလုပ်ပြသည်။ ခပ်ကဲကဲကောင်မလေးတစ်ယောက်က အလစ်မှာ မျက်မှန်ကိုဖြတ်ခနဲဖြုတ်ယူသွားသဖြင့် ' မျက်ကန်း တစ္ဆေမကြောက် 'ဖြစ်သွားရ၏။
    ဒဿကျော်စွာသည် သူ၏နာမည်ကျော် ဇာတ်ကောင်ပုံစံအတိုင်း မျက်နှာမှာ သနပ်ခါးထူထူလိမ်း၊ ဆံပင်တုဖားလျားကြီးစွပ်၊ ထမီရင်လျားဝတ်ပြီး လက်ယပ်ခေါ်နေတဲ့ဟန်ပြုလုပ်ပြသည်။
    ကောင်လေးတွေက
    " မာမီမဖဲဝါ၊ မာမီမဖဲဝါ.. "
    ဟုအော်ဟစ်နှုတ်ဆက်ကြသည်။ ဒီလိုနဲ့ တဝါးဝါတဟားဟား ရယ်မောရင်း သရဲရထားသည် ဂိတ်ဆုံးသို့ရောက်ရှိလာခဲ့၏။ လူတစ်ယောက်က
    " ကြောက်စရာလည်းမကောင်းဘူး၊ သရဲရထားလို့မခေါ်ဘဲ ဟာသရထားလို့ခေါ်ဖို့ကောင်းတယ်၊ ဟား ဟား ဟား ဟား၊ ဟား ဟ အမလေး၊ ဘာကြီးလဲ "
    ရယ်နေရာမှ တစ်နေရာကိုကြည့်ပြီး လန့်ဖြန့်သွားသည်။    မှောင်ထဲကနေစင်းစင်းကြီး ကြည့်နေသော မျက်လုံးဝါဝါကြီးနှစ်လုံး။ ပြီးတော့ ဖွေးခနဲဖြစ်သွားသော သွားကြီးတွေ။ ဒါကလွဲပြီး ဘာမှမမြင်ရ။
    " ဟာ..သရဲ၊ ဒါမှသရဲအစစ်၊ အမလေးလုပ်ကြပါဦး "
    မိမိကိုမြင်တာနဲ့ လူတွေကဘာကြောင့် ထိတ်လန့်တကြားထွက်ပြေးကြရတာလဲဟု နားမလည်စွာ တွေးရင်းနေဝင်းမြင့်သည် ခေါင်းကိုကုတ်လိုက်မိလေသည်။
    တကယ်တော့ နေဝင်းမြင့်သည် သူ့ကိုယ်ပိုင်အစီအစဉ်မစတင်ခင်မှာ ပျင်းပျင်းရှိတာနဲ့ လမ်းလျှောက်ထွက်လာရင်း သရဲရထားရုံထဲဝင်လေ့လာခြင်းဖြစ်၏။ သူကမှောင်ရိပ်ထဲမှာပင်ရပ်နေမိသည်။ သူရဲရထားကို ငေးကြည့်နေရာမှ လူတစ်ယောက်က သူ့ကိုလက်ညှိုးထိုးပြတော့ ငါ့စာဖတ်ပရိသတ်တွေပဲဆိုပြီး ရယ်ပြမိရာက ခုလို ဝရုန်းသုန်းကား ဖြစ်သွားရတာပါ။
    နေဝင်းမြင့်နှင့်ခင်ခင်ထူးတို့သည် စာပေနယ်မှာ ရှားရှားပါးပါးဇနီးမောင်နှံနှစ်ဦးစလုံး အောင်မြင်ကျော်ကြားသော စာရေးဆရာများဖြစ်ကြ၏။ နေဝင်းမြင့်၏ စာများက လေးလေးနက်နက်ရှိုသလို ခင်ခင်ထူးရဲ့ ဝတ္ထုတွေကလည်း ဝိတ်အပြည့်နဲ့အနှစ်တွေချည်းပါပဲ။
    သူတို့သည် မန္တလေးက ဆင်းလာသူများပီပီ သူများတကာထက်ထူးမှဖြစ်မည်ဟု ဆုံးဖြတ်ထားကြသည်။ အဓိကကတော့ ခင်ခင်ထူးကို ပိုပြီးကျော်ကြားအောင် ပရိုမိုးရှင်းလုပ်ရမည်ဖြစ်၏။ ထို့ကြောင့် ပရိသတ်စိတ်ဝင်စားစေရန် ခင်ခင်ထူး၏ သရုပ်ပြအလေးမပွဲနှင့် တင်ဆက်မည်ဟု ကြေညာထားသည်။
    ခင်ခင်ထူးသည် အလေးမဝတ်စုံပြည့်ကို ဆင်မြန်းပြီး စင်ပေါ်မှာခန့်ညားစွာရပ်နေသည်။ သူ့ကိုယ်လုံး ကိုယ်ပေါက်ကလည်း တကယ့် အမျိုးသမီးပရိုအလေးမသမားတစ်ယောက်နှင့်တူသဖြင့် အတော်ကြည့်လို့ကောင်းသည်။ သူသည် ရှေ့မှာချထားသော ကီလိုတစ်ရာ အမှတ်အသားရှိဝိတ်ပြားများကို အားမာန်အပြည့်ဖြင့် စွေ့ခနဲမပြီး ခေါင်းပေါ်သို့ မြှောက်တင်လိုက်သည်။
    လက်ခုပ်သံတွေ ဆူညံသွားသည်။ ကြိုတင်စီစဉ်ထားတဲ့အတိုင်း အတွင်းလူများဖြစ်ကြသော ညိုထွန်းလူ၊ ကျော်ရင်မြင့်၊ ကိုရိုးကွန့်တို့က ပရိသတ်ယောင်ဆောင်ပြီး ပန်းကုံးတွေပန်းစည်းတွေ၊ ဆုငွေတွေ တက်ပေးကြသည်။ ညီပုလေးက မှတ်တမ်းတင်ဓာတ်ပုံများ တဖြတ်ဖြတ်ရိုက်လိုက်စဉ် သူ့ကင်မရာမှ ' တွိုင် ' ' တွိုင် 'ဟူသော အသံများ ထွက်ပေါ်နေလေသည်။
    တကယ်တော့ နေဝင်းမြင့်သည် ဆရာကြီးသော်တာဆွေရေးသားခဲ့သော ' ကျွန်တော် ဝိတ်တာဆွေ 'အမည်ရှိဝတ္ထုကို ပြန်ဖတ်မိရာက ဒီအကြံအစည်ကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဝတ္ထုထဲတွင် တောကတက်လာသော ငယ်ရည်းစားအထင်ကြီးစေရန် သံဖြူဖြင့် ပြုလုပ်ထားသော ခေါင်းပွ ဝိတ်ပြားများကို မ,ပြပုံအကြောင်းကို ရေးထားသည်။
    ခုလည်း ခင်ခင်ထူး မ,ပြသော ဝိတ်ပြားများမှာ ဖော့တုံးများဖြင့် ပြုလုပ်ထားခြင်းဖြစ်၏။ ဝင်ရိုးဘားတန်းမှာလည်း ပီဗီပီပိုက်ဖြစ်၏။ စတီးရောင်မှုတ်ဆေးနှင့် မှုတ်ထားသောအခါ အဝေးကကြည့်လျှင် တကယ့်အစစ်ဟုထင်ရ၏။
    ထို့နောက် ဝိတ်ပြားဖော့ပြားတွေကို ထပ်ထပ်တိုးပြီးထည့်သွားရာ ကမ္ဘာ့စံချိန်ကိုတောင် ကျော်သွားသဖြင့် အားကစားဂျာနယ်များမှ သတင်းထောက်တွေအပြေးအလွှား ရောက်ရှိလာကြသည်။ ' မန္တလေးမှ အာရုံဦး 'ဂျာနယ်ကလည်း မျက်နှာဖုံးသတင်းအဖြစ်တင်ရန် အင်တာဗျူးလုပ်ချင်သည်ဟု ကမ်းလှမ်းလာသည်။ ညီပုလေးကတော့ သူရိုက်ထားသော ဓာတ်ပုံတွေကို ခုသုံးမယ်ဆိုရင် မူပိုင်ကြေး တစ်သိန်းခွဲပေးရမည်ဟု ဆိုနေ၏။
    ခုလိုအောင်မြင်မှု အရှိန်တက်နေတဲ့အချိန်မှာပဲ ကံဆိုးချင်တော့ နွေနှောင်း၏ လေရူးခပ်ကြမ်းကြမ်း တစ်ချက်ဝင်မွှေသွားသည်။ ဖော့နှင့် လုပ်ထားသော ဝိတ်ပြားတွေ လေထဲလွင့်ပျံထွက်ကုန်ပြီး ပရိသတ်ကြားထဲကျသည်။ လန့်တဲ့သူလန့်၊ အော်တဲ့သူအော်၊ ပြေးတဲ့သူပြေး ဖြစ်ကုန်ကြ၏။ နဖူးတည့်တည့်ကို ဝိတ်ပြားမှန်သောလူတစ်ယောက်သည် ကွဲသွားပြီမှတ်လို့ စမ်းကြည့်ပြီးမှ ဘာမှမဖြစ်သောကြောင့် မသင်္ကာဖြစ်ပြီး စစ်ဆေးကြည့်ရာ-
    " ဟာ... ဝိတ်ပြားအတုကြီးဟေ့၊ ဖော့နဲ့လုပ်ထားတာ "
    " ဟင်.. ဒါဆိုလိမ်တာပေါ့၊ ဒီလိုမလိမ့်တပတ်လုပ်လို့ရမလား "
    မကျေမနပ်ဆူပွက်သံတွေထွက်ပေါ်လာတော့ နေဝင်းမြင့်သည် ခင်ခင်ထူး၏ လက်ကိုဆွဲပြီး
    " မအိမ်ကံရေ၊ ရေကန်သာကြာတိုင်းပြေးပေတော့လကွယ် "
    ဟု အချက်ပေးရင်း ကိုယ်ယောင်ဖျောက်လိုက်ရသည်။

------------------------------------------------------

ဒုတိယပိုင်းဆက်လက်ဖော်ပြထားပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...