မာရသွန် ပြေးလမ်းအကြောင်း
by Lwin Aung Soe on Sunday, November 18, 2012 at 2:51am
လက်ရှိအားဖြင့် မြန်မာ့နိုင်ငံရေးမှာ အများပြည်သူဆန္ဒအတိုင်း ဖြစ်အောင် (သို့) အများဆန္ဒ မပါဘဲ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းပေးနေသူတွေ ရှိကြပါတယ်။ နည်းလမ်းတွေမှာ တူချင်မှ တူကြမယ်။ ဗျူဟာတွေ မဟာဗျူဟာတွေ ကွဲသလို ရည်မှန်းချက်နဲ့ စွမ်းအားချင်းလည်း တူကြမှာ မဟုတ်ပါဘူး။
ဘာနဲ့အလားသဏ္ဍာန် တူသလဲ ဆိုတော့ မာရသွန် ပြေးပွဲကို တာစလွှတ်လိုက်သလိုပါပဲ။ အချိန်ကြာလေလေ ခရီးဝေးဝေး ပြေးလေလေ မာရသွန် အပြေးသမားချင်း ပြေးနှုန်း မတူဘဲ ဖြစ်လာတတ်ကြပါတယ်။
တကယ်တော့ ဒီပုံစံမျိုးဟာ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ် အသားကျသွားလောက်တဲ့ အချိန်မှာ လုပ်ရတာတွေသာ ဖြစ်တယ်လို့ မြင်မိပါတယ်။
ခုလောလောဆယ်မှာတော့ မာရသွန် အပြေးပြိုင်ဖို့ မလိုသေးဘဲ ပြေးလမ်းကြောင်းကို အရင်တည်ဆောက်ဖို့၊ ပြိုင်ပွဲစည်းကမ်းတွေ သတ်မှတ်နိုင်ကြဖို့သာ အရေးကြီးဆုံး လိုအပ်နေတယ်လို့ ပြောချင်ပါတယ်။
အပြေးပြိုင်ကွင်း(လမ်း) မရှိဘဲ ဘယ်လို သွားပြိုင်မလဲ... ရှိရင်တောင် ပြေးသင့်တဲ့လမ်း ဖြစ်ရဲ့လား... ပြိုင်ပွဲစည်းကမ်း မကောင်းဘဲ ဘယ်လို ဝင်ပြိုင်မလဲ.. ဒါတွေက အခြေခံအကျဆုံး တွေးရမယ့် ကိစ္စပါပဲ။
ဒါကြောင့် ဒီအချိန်မှာ တဦးနဲ့တဦး..တဖွဲ့နဲ့တဖွဲ့ မပြိုင်ကြဘဲ အပြန်အလှန် ပူးပေါင်းလက်တွဲပြီး တည်ဆောက်ယူဖို့သာ ဖြစ်နေသင့်ပါတယ်။
တူရင် တွဲလုပ်... မတူရင် ခွဲလုပ်ဖို့၊ မတူတာတွေ ဘေးဖယ်ထား.. တူတာတွေ အတူတွဲလုပ်ကြဖို့ ဆိုတဲ့ ခံယူချက်တွေကို သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်တခု ပြီးမြောက်စေဖို့ တိုက်တွန်းအားပေးနေတာတွေကြောင့် ဖြစ်ပါတယ်။ အပြစ်တင် ဝေဖန် လေကန်နေကြမယ့်အစား အလုပ် လုပ်နေကြလို့ ဖြစ်ပါတယ်။
တွန်းတိုင်းလည်း ရွေ့တာ မဟုတ်လို့ ပြိုင်တူ (အင်အား) တွန်းကြဖို့၊ အသိဥာဏ် (ပညာ)နဲ့ ဆင်ခြင်တုံတရား (သတိ) စိုက်ကြရဖို့ ရှိပါမယ်။
ကျနော်တို့မှာ ဘာတွေ လုပ်ဖို့ ကျန်နေသေးလဲ ဆိုတာ နိုင်ငံရေးအမြင်ရှိသူတိုင်း သိကြပြီးသားပါ။
လွင်အောင်စိုး
၁၈-၁၁-၂ဝ၁၂
....................
0 comments:
Post a Comment