ကလေးမယူခင် စိတ်ကိုပြင်ဆင်ဖို့ နဲ့ ပြောင်းလဲနိုင်တဲ့ relationship အခြေအနေ
Jessica MozartFollow
ကလေးယူလိုက်ပြီးရင် လင်မယားကွဲဖို့ကွာဖို့ဆိုတာ မတတ်သာတဲ့အနေအထားကလွဲပြီး ကလေးအတွက် တကယ်မကောင်းတဲ့အရာတစ်ခုပါ။ ကလေးတစ်ယောက်စိတ်ပိုင်းဆိုင်ရာကျန်းကျန်းမာမာပြည့်ပြည့်စုံစုံနဲ့ ပျော်ရွှင်စွာကြီးထွားနိုင်စေဖို့ မိဘနှစ်ပါးလုံးက အရေးပါသလို မိဘနှစ်ပါးတစ်ဦးပေါ်တစ်ဦးချစ်ခြင်း၊ လေးစားစွာဆက်ဆံခြင်းတွေကလဲ ကလေးအတွက် လိုအပ်တယ်။ အိမ်ထောင်ကွဲတာမကောင်းဘူးဆိုတာလဲ လူတိုင်းနီးပါးလက်ခံကြပေမယ့် ကွဲဖြစ်ရတဲ့အကြောင်းတွေဖန်လာတဲ့အခါ ကလေးတွေက ကြားက မြေစာပင်ဖြစ်ရတယ်။
လုံးဝမကောင်းတော့တဲ့ဆက်ဆံရေးကို ကလေးကြောင့်ဆိုပြီး အတင်းမြဲအောင် ကြိုးစားလုပ်ရင်းနဲ့ တစ်မိသားစုလုံး ပိုနာကျင်ရတာတွေကလဲ ရှိသေးတယ်။

အဲဒီတော့ ကျွန်မအခုပြောချင်တာက ကလေးယူခြင်းအကြောင်းပါ။
သမီးရည်းစားဘဝကျတော့ သူလဲလူငယ် ကိုယ်လဲလူငယ်၊ အပူအပင်ရယ်လို့သိပ်မရှိဘူး။
ကိုယ့်ကောင်မလေးကလဲ ချစ်စရာလေး၊ ကိုကိုရေ မောင်ရေနဲ့ခပ်ချွဲချွဲလေး ပြောကြ၊
ရုပ်ရှင်လေးသွားကြည့်၊ မုန့်တွေလျှောက်စား၊
သူငယ်ချင်းတွေနဲ့လျှောက်တွေ့နဲ့ပေါ့။ အဲဒီအဆင့်ကနေ ငါသူ့ကိုချစ်တယ်၊
သူနဲ့အတူရှိရင်ပျော်တယ်၊ သူနဲ့လက်ထပ်မယ်ဆိုပြီး ဖြစ်လာရာကနေ လက်ထပ်ကြရော။
ဟော လက်ထပ်ပြီးတဲ့ ကြင်စဦးမှာ ဟန်နီးမွန်းလေးသွား၊ အရင်က တစ်အိမ်စီသပ်သပ်နေရာကနေ အခုကျ တစ်အိမ်ထဲနေရတော့ ပိုပျော်စရာတွေဖြစ်လာတတ်သလို အချင်းချင်းကြီးပြင်းလာတဲ့ပုံစံမတူတဲ့အတွက် အတူနေရင်အဆင်မပြေတာလေးတွေ ရှိတတ်တယ်။ ဥပမာ ကိုယ့်အစ်ကိုတွေက သူတို့အဝတ်သူတို့လျှော်ဝတ်တတ်တဲ့ယောက်ျားတွေဖြစ်ပေမယ့် ကိုယ့်ယောက်ျားကကျတော့ သူ့အိမ်မှာ ဘာမှမလုပ်ရတဲ့သူမျိုးဖြစ်နေတာမျိုး၊ ကိုယ်က အသန့်ကြိုက် သူကသန့်သန့်မသန့်သန့် စိတ်ချမ်းသာရင်ပြီးရောဆိုတဲ့သူမျိုးဖြစ်နေတာတို့ကအစ ဒီလိုပဲ ညှိယူရ၊ အချင်းချင်းနားလည်ပေးရတာပေါ့။
အဲဒီကနေ အိမ်ထောင်သက်လေးနည်းနည်းရလာတော့ နောက်တဆင့်ကလေးယူကြရအောင်ကွာဆိုတာ လာပြီ။ အဲဒီမှာ စတာပဲ။ စိတ်ကူးယဉ်လေတိုင်း အတွေးထဲရွှေနန်းတော်ပေါ့။ စိတ်ကူးယဉ်တဲ့အခါ "ကျွန်မက ဗိုက်ဖုံးအင်္ကျီလေးဝတ်၊ မောင်က ဆေးခန်းပို့ပေး၊ ကျွန်မဗိုက်ထဲက ကလေးလေးကို နမ်း၊ ကလေးလေးမွေးလာရင် မောင့်အသိဟိုလင်မယားလို ကလေးနဲ့ဓါတ်ပုံလေးတွေရိုက်မယ်" ပေါ့။ တကယ်က အဲဒီလိုပျော်စရာတွေအပြင် ဘာရှိသလဲဆိုတော့ ဗိုက်ကြီးပြီဟေ့ဆိုတာနဲ့ မိန်းမက အော့အံတာ၊ မူးတာ၊ တချို့သွေးဆင်းလို့ ဆေးရုံပြေးရတာ၊ တချို့ကိုယ်ဝန်ပျက်တာစသဖြင့် ဖြစ်ကြသေးတယ်။ နောက်ပိုင်းကိုယ်ဝန်ရင့်လာရင် ကိုယ့်ဘာသာကိုယ်တောင် ဗိုက်ကတစ်နေလို့ အသက်ရှုမဝ၊ ဘယ်ဖက်စောင်းအိပ်ရမလို ညာဖက်စောင်းအိပ်ရမလိုနဲ့ ရှင်းရှင်းပြောရရင် ယောက်ျားနဲ့ Sex ကိစ္စလဲ သိပ်မပတ်သတ်နိုင်တော့ပါဘူး။ ကလေးမွေးပြီးရင် ကလေးငယ်သေးတဲ့အချိန် ကလေးက ၂ နာရီခြားတစ်ခါလောက် နိုးနေတတ်တယ်။ နို့တောင်းတယ်၊ Diaper လဲရတယ် စသဖြင့်လုပ်ရတော့ ကောင်းကောင်းလဲ မအိပ်ရဘူး။ အရမ်းလဲ ပင်ပန်းတယ်။ တချို့ (တချို့) ယောက်ျားတွေ အဲဒီလိုအချိန်တွေ ဖောက်ပြန်တယ်ဆိုတာ ကြားဖူးတယ်နော်။ ယောက်ျားတိုင်းမဟုတ်ပါ။
အဲဒီတော့ ကလေးမမွေးခင်လပိုင်းလောက်အထိ သမီးရည်းစားတုန်းကလို သွားလာစားသောက်ပြီး ရုပ်ရှင်ကြည့်၊ ကမ်းခြေသွား စသဖြင့် နှစ်ယောက်ထဲ quality time ယူပြီး ပျော်ပျော်လေးနေထားပါ။ ဘာကြောင့်လဲဆို ကလေးမွေးပြီးတာနဲ့ လတော်တော်ကြာတဲ့အထိ အဲဒါတွေ ပြန်မလုပ်နိုင်တော့ပါဘူး။ နှစ်ယောက်စလုံးက (အထူးသဖြင့် မိခင်ဖြစ်သူက) ကလေးကို အာရုံစိုက်ရတာ အချိန်ပေးရတာ ကိုယ့်ထမင်းကိုယ်တောင် ကမန်းကတမ်းစားရတဲ့ဘဝဖြစ်သွားပါတယ်။ အဲဒီမှာ ယောက်ျားနဲ့ဆက်ဆံရေးတွေက ကလေးမယူခင်ကလို မဟုတ်တော့ပဲ သိပ်ရင်ခုန်စရာမကောင်းတော့သလို ဖြစ်သွားတယ်။ တကယ်က ဒီလိုပင်ပန်းရတဲ့အချိန်၊ သူနဲ့ကိုယ်ကြားမှာ ဆက်ဆံရေးပုံစံပြောင်းသလိုဖြစ်သွားတာက အခိုက်အတန့်ပါပဲ။ အရင်လိုအချိန်တွေ ပြန်ဖန်တီးယူဖို့ ခဏလောက်စောင့်ရင် ရပါတယ်။ နောက်တခုက ကလေးယူဖို့ ကိုယ်ဝန်ဆောင်ပြီဆိုကတည်းက မိန်းမတွေရဲ့ခန္ဒာကိုယ်ပုံစံပြောင်းလာပါတယ်။ ကလေးမွေးပြီးရင် အပျိုတုန်းကလို ပုံစံအပြည့်ကျန်နေဖို့ ခဲယဉ်းပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့လဲ အချိန်နည်းနည်းလိုပါသေးတယ်။ ဒါကိုလဲ မိန်းကလေးများ ကလေးမယူခင် ထည့်စဉ်းစားကြပါ။
မိန်းမတွေအနေနဲ့ ကိုယ့်ယောက်ျားက ခြေမငြိမ်တတ်ဘူးဆိုရင် ကိုယ်ဝန်ယူဖို့ သေချာစဉ်းစားပါ။ ကလေးရမှကွဲရကွာရတာတွေဆို ပိုဆိုးပါတယ်။ ကလေးတာဝန်တွေကို ကိုယ်တစ်ယောက်ထဲယူနိုင်သည်ထားဦး ကလေးက မိဘစုံလင်မရှိပဲ ကြီးပြင်းရတော့မှာပါ။
ယောက်ျားတွေအနေနဲ့လဲ မိန်းမကိုယ်ဝန်ရပြီဆိုတာနဲ့ ပိုပြီး ချစ်ခင်ယုယပေး၊ သံယောဇဉ်နဲ့သစ္စာတရားကို ခိုင်မာအောင် ပိုလုပ်ပေးသင့်ပါတယ်။ ကိုယ်လက်ထပ်ယူခဲ့တဲ့ မိန်းမလှလှလေးဟာ ကိုယ့်ရင်သွေးလေးလိုချင်လို့ ဒီပုံစံဖြစ်နေရတယ်ဆိုတာ သတိရပေးပါ။
အိမ်ထောင်တစ်ခုမှာ အမြဲရင်ခုန်ဆန်းသစ်နေဖို့ဆိုတာ မလွယ်ပါဘူး။ ချစ်ခြင်းမေတ္တာ၊ နားလည်မှု၊ သစ္စာတရား၊တာဝန်သိတတ်ခြင်းနဲ့ လူသားဆန်ခြင်းတို့ကြောင့်သာ တည်မြဲမှာပါ။ ကိုယ့်အိမ်ထောင်ဖက်နဲ့ အခက်အခဲတွေ အတူဖြတ်သန်း၊ ဘဝကို အတူရုန်းကန်၊ ပြဿနာတွေ အတူကြုံတွေ့လာတဲ့အခါ ဘဝဆိုတာ ပျားရည်ဆမ်းခရီးချည်းပဲမဟုတ်တော့ ခါးသီးတဲ့အတွေ့အကြုံလေးတွေလဲ ရှိမှာပေါ့။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် အကယ်၍ ကိုယ်က ပျော်စရာ fancy အချိန်လေးတွေပဲ သဘောကျတယ်ဆိုရင်လဲ ကလေးယူဖို့ သေချာစဉ်းစားပါဦး။ ကိုယ့်စိတ်ကိုယ်မသေချာရင်လဲ ကလေးယူဖို့ အချိန်ယူစဉ်းစားပါဦး။ ဒါပေမယ့် ကလေးလေးမျက်နှာမြင်ရတာ ဘာနဲ့မှ မတူအောင် စိတ်ချမ်းသာစရာကောင်းပါတယ်။ ပင်ပန်းရသမျှ တန်ပါတယ်။
ဒီပိုစ့်ရဲ့ရည်ရွယ်ချက်ကတော့ ကလေးယူမယ်ဆိုရင် အထက်မှာ ကျွန်မပြောခဲ့တာလေးတွေ ထည့်စဉ်းစားပြီး နှစ်ဦးနှစ်ဖက် နားလည်မှု၊ ချစ်ခြင်းမေတ္တာနဲ့ စိတ်ကို ပြင်ဆင်ကြပြီးမှ ကလေးယူဖို့ပါ။ ကလေးမွေးပြီး ရုတ်တရက်ပြောင်းလဲသွားကြတယ်ဆိုတာမျိုး၊ ကလေးမွေးပြီးမှ အဆင်မပြေတော့ဘူးဆိုတာမျိုး ဖြစ်ပြီး အိမ်ထောင်ကွဲတာမျိုး မဖြစ်စေအောင်လို့ ရည်ရွယ်ချက်ပါ။ တချို့က နဂိုအဆင်မပြေတဲ့ အိမ်ထောင်မြဲအောင် ကလေးယူကြတယ်။ အဲဒီနည်းအောင်မြင်တာ ရှားပါတယ်လို့လဲ ပြောချင်ပါတယ်။ ကလေးကို အသုံးချတဲ့နည်းက အောင်မြင်တာ ရှားပါတယ်။
Jessica Mozart

0 comments:
Post a Comment