Wednesday, April 20, 2016

ခေါင်းဆောင်ကောင်း ဖြစ်မယ့်သူတွေ စာဖတ်တယ် ခင်မောင်ညို (ဘောဂဗေဒ)

Hsu Oo to KNOWLEDGE AND WISDOM TALKS(သုတပညာလေထန်ကုန်း)


ပြောမယ့်သာပြောရတယ်၊ ''စာဖတ်ကြပါ''ဆိုတဲ့ စကားကိုပြောရင်၊ ပြောတဲ့သူကပဲ၊ ခေတ်မမီတော့ သလိုလို၊ တစ်ခုရှိတာက၊ ''စာဖတ်ပါ''လို့ ပြောတဲ့သူတွေက၊ စာဖတ်တဲ့သူ မဟုတ်လို့လား၊ မပြောတတ်ဘူး။
တကယ်တော့ တစ်ကမ္ဘာလုံးမှာ စာဖတ်ကြတာလျော့လာနေတယ်။ ဒါပေမယ့်ဆက်ပြောလို့ မကောင်းတာက၊ စာဖတ်တဲ့ သူနည်းလာတာဟာ ခေါင်းဆောင်ကောင်းတွေ နည်းလာမယ့် အဓိပ္ပာယ် ထွက်နေလေတော့၊ ကြောက်စရာကောင်းတယ်။ စာဖတ်တဲ့ သူဟာ၊ ခေါင်းဆောင်ကောင်း ဖြစ်လာနိုင်တယ်။
မှန်ပါတယ်။ ဘယ်လိုစာအုပ်မျိုးတွေကို ဖတ်သလဲဆိုတာလဲ၊ အရေးကြီးတာပေါ့။ စာဖတ်ပြီး၊ အသိပညာတွေ စုစည်းကြတဲ့၊ ထင်ရှားတဲ့ ခေါင်းဆောင်တွေ အများကြီးပါ။ စာဖတ်တာ နဲ့ ခေါင်းဆောင်တာ ဘယ်လိုပတ်သက်သလဲ၊
၁။ လူမှုဆက်ဆံရေး ပိုကောင်းတယ်
သုတေသနအရ စာဖတ်နေတဲ့အချိန်မှာ ဦးနှောက်က ဇာတ်ကောင်တွေနဲ့ စကားပြောကြကြောင်းတွေ့ရတယ်။ စာအုပ်ကိုရက် အတော်ကြာကြာ၊ ပြန် မကြည့်မိတာတောင်မှ၊ ဦးနှောက်ကဇာတ်ကောင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေ၊ အတွေ့အကြုံတွေ ကို ပြန်ပြောင်းသတိရနေတတ်တယ်။ စာအုပ်တွေ (ဝတ္ထု တွေ)ထဲက ဇာတ်ကောင်တွေအများကြီးနဲ့ ဆက်ဆံနေရတော့ ခံစားမှု အရည်အသွေး (emotional intelligence) ထက်မြက်လာပြီး လူတွေနဲ့ ဆက်ဆံနိုင်စွမ်း ပိုရှိလာတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါမှာ၊ ဒီလို လူမှုဆက်ဆံရေး အရည်အသွေးကောင်းမွန်တာဟာ ခေါင်းဆောင် တစ်ယောက်အတွက်၊ အရေးကြီး တယ်။
၂။ ဝေါဟာရ ပိုကြွယ်ဝတယ်
စာဖတ်တဲ့သူဟာ ခံစားချက်တွေကိုလည်း ပီပီပြင်ပြင်ရရှိပြီး သုံးနှုန်း တတ်လာတယ်။ စာဖတ်လေ-ဝေါဟာရတွေကြွယ်လေ။ သူရဲ့ဆန္ဒတွေ၊ အတွေးတွေကို ပိုပြီးဖော်ပြနိုင်စွမ်းရှိတယ်။ ကိုယ်ဖြစ်ချင်တာတွေ ပီပီပြင်ပြင် ပြောနိုင်တယ်။ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကိုဆွဲခေါ်သွားနိုင်တယ်။
၃။ အမြင်မကျဉ်းဘူး၊ ဘက်စုံကြည့်တတ်တယ်
လောကကြီးကို၊ ကိုယ်ကြည့်ချင်တဲ့ တစ်ထောင့်တစ်နေရာကနေ မကြည့် ဘဲ၊ ဘက်ပေါင်းစုံက ကြည့်တတ်တယ်။ စာဖတ်တော့၊ စာအုပ်တွေထဲက၊ နေရာမျိုးစုံကို ရောက်ရတယ်။ လူပေါင်းစုံနဲ့ စကားပြောရတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အမျိုးမျိုးထဲမှာ ဝင်ပါရ တယ်။ ဘက်စုံထောင့်စုံက မြင်တွေ့နေရတော့၊ အမြင်မကျဉ်းဘူး။ လောကကြီးဟာ ဖြစ်နိုင်တာတွေ၊ စိန်ခေါ်မှုတွေ အများကြီး ပဲဆိုတာ သဘောပေါက်လာတယ်။
၎။ အပေါင်းအသင်းဆံ့တယ်
ဝေါဟာရတွေအမျိုးမျိုး ရွေးချယ်ပြီး သုံးနှုန်းနိုင်စွမ်းရှိတဲ့သူတွေနဲ့ ဆက်သွယ်ရ၊ ဆက်ဆံရတာကို လူတွေက သဘောကျကြတယ်။ စကားပြော ကြည့်တဲ့အခါ၊ လူတွေကိုပိုပြီး ဂရုစိုက်တတ်ကြောင်း၊ ဗဟုသုတ ကြွယ်ဝ ကြောင်း တွေ့လာရတယ်။ လူတွေက သူတို့နဲ့ သဘောချင်းတိုက်ဆိုင်တဲ့ သူတွေနဲ့၊ ပြောဆိုရဆက်ဆံရတာကို သဘောကျကြတော့ ဒီကနေတစ်ဆင့် ကိုယ်ဖြစ်ချင် တာ၊ ပြောချင်တာတွေကို ဆွဲခေါ်သွားနိုင်တယ်။
၅။ သောကနည်းတယ်
စာဖတ်တာဟာ၊ သောကတွေ၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။ လမ်းလျှောက်တာ၊ သီချင်းနားထောင်တာ၊ လက်ဖက်ရည် တစ်ခွက် သောက်တာ မျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် မိနစ်အနည်းငယ် အတွင်းမှာ နှလုံးခုန်နှုန်း နှေးသွား ပြီး စိတ်ဖိစီးမှုတွေ လျော့ သွားစေနိုင်တယ်။ သောကနည်းပြီး၊ အေးအေးဆေးဆေး ရှိတော့ အကောင်းမြင်တတ်တယ်။ အာရုံစိုက်နိုင်တယ်။
၆။ အတွေးအခေါ်ကောင်းတယ်
စာဖတ်တဲ့သူတွေဟာ၊ ပိုပြီးအတွေးအခေါ် ကောင်းတဲ့သူတွေ ဖြစ်တယ်။ စာဖတ်တော့ ဆင်ခြင်တုံတရား ပိုမြင့်လာ တယ်။ ပြဿနာတွေကို ပိုပြီးဖြေရှင်း နိုင်တယ်။ ကိုယ်နဲ့သဘောချင်း မတိုက်ဆိုင်တဲ့ စာတစ်ခုခုကို ဖတ်မိတဲ့အခါ၊ ကိုယ့်ရဲ့စဉ်း စားတွေးခေါ်မှုနဲ့ ဖန်တီးနိုင်စွမ်းကို ကောင်းကောင်းကြီးအထောက် အကူပြုတယ်။
၇။ အတိတ်ကိုပြန်ပြောင်း သတိရစေတယ်
တစ်ခါတစ်ရံ စာဖတ်တာဟာ မှန်ကြည့်ရတာနဲ့တူတယ်။ ကိုယ်ဘယ်လို လူလဲဆိုတာ၊ ပေါ်လွင်စေတယ်။ တချို့စာအုပ်တွေကို ဖတ်လိုက်တော့၊ ဟိုတုန်းက၊ ကိုယ်သိထားတာတွေကို ပြန်ပြောင်းသတိရစေတယ်။ ကိုယ့် အတွေးတွေကို ပြန်ပြီးစစ်ထုတ် လိုက်သလို ဖြစ်သွားတယ်။ အာရုံတွေ ပိုကောင်းလာတယ်။ အရေးကြီးတဲ့ သဘောတရားတွေကို ပြန်နွှေးပေးသလို ဖြစ်စေတယ်။
၈။ ခွန်အားဖြစ်၊ ရည်ရွယ်ချက် ရှိစေတယ်
စာဖတ်တော့ ပိုပြီးခွန်အားတွေ ပြည့်လာစေတယ်။ အကောင်းမြင်တတ်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိ တယ်။ အောင်မြင်မှုရစေနိုင်တဲ့ နည်းလမ်းအသွယ်သွယ် ရှာဖွေတတ်တယ်။ ထက်မြက်တက်ကြွတဲ့ စိတ်ဓာတ် ကို ဖြစ်စေတယ်။
၉။ အာရုံကောင်းကောင်း စိုက်နိုင်တယ်
အမြဲတမ်း စာဖတ်နေတဲ့၊ စာဖတ်တဲ့သူဟာ အာရုံကောင်းကောင်း စိုက်နိုင်တယ်။ ရေရှည်လုပ်ရမယ့် လုပ်ငန်းတွေကို အာရုံ စိုက်နိုင်တယ်။ စာဖတ်နေတဲ့ သူတွေဟာ၊ ဘေးက အနှောင့်အယှက်တွေကို မကြိုက်ဘူး။ ဖတ်နေတဲ့ စာအုပ်ကို လက်ကမချချင် ဘူး။ ခေါင်းဆောင်တစ်ယောက်အတွက် လည်း၊ ရေရှည်လုပ်ငန်းစဉ်ကို၊ အာရုံစိုက်နိုင်ဖို့ အရေးကြီးပါတယ်။
၁ဝ။ အချိန်ကို စီမံခန့်ခွဲတတ်တယ်
စာဖတ်ဝါသနာပါတဲ့ သူတစ်ယောက်အတွက်၊ ဘယ်အချိန်၊ ဘယ်နေရာမဆို၊ စာဖတ်လို့ရတယ်။ ပျင်းရိနေဖို့ စောင့်ဆိုင်းနေဖို့ မလိုဘဲ၊ စာဖတ်နိုင်တယ်။ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချပြီး အလုပ်တွင်အောင်လုပ်နိုင်တယ်။ တစ်မိနစ်မျှအချိန်မဖြုန်းဘဲ စာဖတ်ရင်း တန်ဖိုးရှိရှိအချိန်ကို အသုံးချနိုင်တယ်။ ခေါင်းဆောင်တစ်ယောက်အတွက်၊ တစ်မိနစ်တိုင်းဟာ အရေးကြီးတယ်။ သူတို့ရဲ့ရည်မှန်း ချက်ကို ဖြည့်ဆည်းဖို့ တစ်မိနစ်တိုင်း အရေးကြီးတယ်ဆိုတာ၊ ခေါင်းဆောင်တွေက သဘောပေါက်တယ်။ ။
Source: moigovnews.blogspot.com
Image Credit: dailymotion.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...