Friday, April 29, 2016

" လျှပ်စစ်၏ သိမ်မွေ့မှုအနုပညာ "

U Moe Aung

လျှပ်စစ်သည် အနုပညာရပ်တစ်ခုဖြစ်ရုံသာမက သိမ်မွေ့မှုလည်းရှိသည်။
လျှပ်စစ်သည် တကယ်တော့ အနုပညာတစ်ရပ်ဖြစ်သည်။ အနုပညာရပ်အချို့ကို ဖော်ပြရလျှင် စာပေ၊ ပန်းချီ၊
ဂီတ၊ အဆိုအက စသည်ဖြင့် ဖော်ပြမကုန်နိုင်အောင်ရှိမည်။ လျှပ်စစ်ကို စတင်တွေ့ရှိပြီးသည့် ကာလ၏နောက်၊ လျှပ်စစ်ဟူသည် လျှပ်စီးစီးခြင်း (Electric Current Flow) ဖြစ်သည့်အားလျော်စွာ လျှပ်စီးဟူသည် နန်းကြိုး (Wire) တစ်ချောင်းထဲ၌ လျှပ်စစ်ဓာတ်သယ်ဆောင်ထားသော အီလက်ထရွန် (Electron) အမှုန်ကလေးများ၏ရွေ့ရှားမှုဖြစ်သည်ဟု ပြောရပေမည်။
ယင်းရွေ့ရှားမှုကို မျက်စိဖြင့်မမြင်နိုင်သော်လည်း စမ်းသပ်ထိတွေ့ပြီး အာရုံခံစားကြည့်နိုင်သည်။ အီလက်ထရွန်ဆိုသည်မှာလည်း သာမန်ဒြပ်တစ်ခု၌ ပါဝင်သည့် အသေးဆုံးပစ္စည်း ဖြစ်သော အက်တမ် (Atom) တစ်ခု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ အက်တမ် သို့မဟုတ် အနုမြူတစ်ခုအား
အလယ်ဗဟို နျူကလီးယပ်စ် (Nucleus) အပါအဝင် လျှပ်စစ်အဖိုဓာတ်သယ်ဆောင်ထားသော ပရိုတွန် (Proton) နှင့် အမဓာတ် အီလက်ထရွန် များဖြင့် ဖွဲ့စည်းထားရှိသည်။
လျှပ်စစ်သည် အလွန်သေးငယ်သော အနုစိတ်မြူမှုန်ပစ္စည်းများ၏ ဖွဲ့စည်းလှုပ်ရှားမှုဖြစ်သဖြင့် လျှပ်စစ်ဆိုင်ရာ အနုပညာသည် သိမ်မွေ့လှသည်ဟု ဆိုရခြင်းဖြစ်သည်။ လတ်တလော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ် စစ်ဓာတ်အား ပြတ်တောက်သွားခဲ့သည့်ဖြစ်စဉ်များအား ကြည့်ပါက ခြောက်လတာ ကာလအတွင်း လေးကြိမ်မျှဖြစ်ပွားခဲ့သည့် အဖြစ်အပျက်တို့သည် လက်ခံနိုင်သော အခြင်းအရာများ မဟုတ်ပေ။ ပြီးခဲ့သည့် ၂ဝ၁၅ခုနှစ်
သီတင်းကျွတ်လပြည့်ည အခါကြီးရက်ကြီးတွင် မိတ္ထီလာ သပြေဝ ဓာတ်အားခွဲရုံအဝင် နေရာပေါ်သို့ မီးပုံးပျံ
ပြုတ်ကျ၍ လိုင်းတူလိုင်း အပြစ် (Line-to-Line Fault) ဖြစ်သည်ဟု ထင်ရသည့် ပြင်းထန်သော အပြစ်တစ်ခုဖြစ်ခဲ့သည့်အကျိုးဆက်အဖြစ် နိုင်ငံနှင့် အဝန်း မီးမှောင်ကျခဲ့သည်ကို ယခုတိုင် အမှတ်ရနေသေးသည်။ ဤဆောင်းပါး၌ လျှပ်စစ်အပြစ်ဖြစ်ခြင်းကို အဓိကရေးလိုခြင်းမဟုတ်။ ပြင်းထန်သောအပြစ် (Severe Fault) ဖြစ်
သဖြင့် လျှပ်စစ်ကွန်ကွက်၏ စစ္စတမ်တစ်ခုလုံးထဲသို့ ပမာဏကြီးမားသော ရှော့ထ်ဆားကစ်လျှပ်စီး (Short-
Circuit Current) တစ်ရပ် စီးဝင်သောအခါ ပုံမှန် ပြိုင်ကျလည်နှုန်း (Synchronous Speed) ဖြင့် လည်နေ သော လျှပ်ထုတ်စက်တို့အား ပရမ်းပတာဖြစ်သွားစေခြင်းကို ရေးသားလိုခြင်းဖြစ်၏။
ဓာတ်အားခွဲရုံအားလုံးရှိ လည်နေသော ပြိုင်ကျလျှပ်ထုတ်စက်တို့သည် ပုံမှန် မလည်ပတ်နိုင်တော့သည့်အ တွက် ယင်းတို့ကို ရပ်တန့်ပစ်ရမည်ဖြစ်သည်။ အပြစ်ကို ရှင်းလင်းဖယ်ရှားပြီးသည့်နောက်တွင်မှ ရပ်တန့်နေ
သော လျှပ်ထုတ်စက်များအား အချင်းချင်းတွဲစပ်၍ ပြန်လည်မောင်းနှင်ရန်ဖြစ်သည်။ ထို့ပြင်၊ မဟာဓာတ်အား လိုင်းသို့ ချိတ်ဆက်သွယ်တန်းပေးနိုင်ရန်အတွက် ကြိမ်နှုန်း (Frequency) နှင့် ဖေ့စ်အစဉ် (Phase Sequence)
တူရန် လိုအပ်သောကြောင့် အချိန်အတိုင်းအတာတစ်ခုယူကာ တွဲညှိမောင်းနှင်ပေးရ၏။ အဆိုပါလုပ်ရပ်မှာ အနုပညာ ယိမ်းအက ကခြင်းနှင့် အလားသဏ္ဌာန်တူနေသည်ဖြစ်ရာ စည်းဝါးဆိုင်းချက်နှင့် အချက်ကျကျ အံ
ဝင်နေရန်လိုသည်။ ယိမ်းကသူအားလုံး၏ ခေါင်းခါး ခြေလက်များသည် တစ်နေရာ တစ်ကွက်တွင် စည်းချက်
နှင့် မမိဘဲလွတ်သွားလျှင် အက၏ အလှရှာမရဘဲ ပွဲပျက်သွားနိုင်သကဲ့သို့ ပြိုင်ကျလျှပ်ထုတ်စက်အများအပြား ကို ချိတ်ဆက်မောင်းနှင်ရာတွင်လည်း ကြိမ်နှုန်း၊ ဖေ့စ်အစဉ်၊ လည်နှုန်းစသော စည်းချက် ကိုက်ညီအံဝင်ပါမှ
အနုပညာမြောက် လှပသော ယိမ်းအကဖြစ်လာမည်ဖြစ်သည်။
လျှပ်စစ်၏သိမ်မွေ့မှုအနုပညာသည် ကျယ်ပြန့်၍ နက်ရှိုင်းသည်။ မျက်စိဖြင့် တိုက်ရိုက်မြင်ရခြင်းငှာမစွမ်းသော်
လည်း သူ၏အကျိုးသက်ရောက်ဖြစ်ထွန်းမှုကို ထိတွေ့ခံစားနိုင်သည်။ အကျိုးဖြစ်စေမှုကို ခံစားနိုင်သလို အနှုတ် လက္ခဏာဖြစ်သော အကျိုးမဲ့စေမှု ကိုလည်းခံစားစေသည်။ လွန်ခဲ့သော အနှစ် ၃ဝကျော်က လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးစနစ်တစ်ခုအတွက် တပ်ဆင်အသုံးပြုရန် လျာထားတွက်ချက်ထားသည့် ပစ္စည်းကိရိယာ
ကို ချေးငွေမလုံလောက်ဟူသော အကြောင်းပြချက်ဖြင့် အရေအတွက်လျှော့ချသုံးစွဲခဲ့ရသော သာဓကတစ်ခု ရှိခဲ့ဖူးသည်။ အဆိုပါ သာဓကမှာ သာဓကများစွာထဲမှ တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် ၃၃ ကီလိုဗို့လိုင်း အတွက် ပုံမှန်အနေအထား၌ တာဝါတိုင် ၅ တိုင် သုံးရမည့်နေရာတွင် တိုင် ၃ တိုင်သာ ဆောက်လုပ်သုံးစွဲရန်
သက်ဆိုင်သည့် အုပ်ချုပ်သူအာဏာပိုင်က ညွှန်ကြားခြင်း၊ ဗို့အားမြင့် ကေဘယ်လ်အောက်တွင်ခံရသော လျှပ်တားကြွေသီး (Disc Insulator) အရေအတွက် လျှော့သုံးရန်ပြောခြင်း၊ တပ်ဆင်သော ထရန်စဖော်မာ၏
အဝင်အထွက်တို့၌ စွမ်းအင်တိုင်းတာသည့် မီတာအရေအတွက် လျှော့ချခြင်း၊ ဓာတ်အားခွဲရုံများတွင် လျှပ်စီး
လွန် တိုင်းတာသည့် မီတာနှင့် မြေကြီးအပြစ် (Earth Fault) သတိပေးမီတာသာ တပ်ဆင်ပြီး စစ္စတမ်၏
မည်သည့်နေရာ၌ အပြစ်ဖြစ်သည်ကို သိရှိရန် အကွာအဝေးတိုင်းတာသည့် ကိရိယာတပ်ဆင်ထားခြင်းလည်း
မရှိဟု ဆိုသည်။
အကြောင်းအမျိုးမျိုးကြောင့် အသုံးပြုသင့်သည့် လျှပ်စစ်ပစ္စည်း ကိရိယာများ လျှော့ချသုံးစွဲမှုသည် လူဆယ်
ယောက်ဖြင့် ကပြရမည့် ယိမ်းအကတွင် လူအရေအတွက်လျှော့ပြီး ခုနစ်ယောက်နှင့် က ခိုင်းသကဲ့သို့ ကိုးရိုးကားရားဖြစ်ကာ အနုပညာ၏ သိမ်မွေ့မှုရသ ပျက်စီးသွားမည်။ ယိမ်းအက ကို ရှုစားသောပရိသတ်အများ နှာခေါင်းရှုံ့ကဲ့ရဲ့ အပြစ်တင်ရုံသာ အပြစ်တင်မည်ဖြစ်သော်လည်း လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကိစ္စသည် တစ်နိုင်
ငံလုံးအတိုင်းအတာနှင့် ပတ်သက်နေသောကြောင့် ယင်းအားခွင့်လွှတ်ရန်ခက်ခဲနေပေမည်။
လျှပ်စစ်အင်ဂျင်နီယာပညာရပ်အား စက်မှုတက္ကသိုလ်တွင် အခြားဘာသာရပ်တို့ဖြင့် ရံကာ ၆ နှစ်သင်တန်း အဖြစ် အချိန်ပြည့်သင်ယူခဲ့ကြရကြောင်း ယခင် ဆောင်းပါးများတွင် ရေးခဲ့ပြီးဖြစ်သည်။ လျှပ်စစ်မဟုတ်သော စက်မှု၊ မြို့ပြ၊ ဓာတု၊ ချည်မျှင်အထည်၊ သတ္တုဗေဒ၊ သတ္တုတူးဖော်ရေး၊ ရေနံ စသော အထူးပြု အင်ဂျင်နီယာ ဘာသာရပ်သမားများသည်လည်း မိမိတို့ လုပ်ငန်းခွင်၌ လျှပ်စစ်နှင့် မည်သို့မျှ ရှောင်လွှဲကင်းကွာမရနိုင်သဖြင့်အနည်းဆုံး နှစ်နှစ်ကြာ လျှပ်စစ်ဘာသာရပ်ကို သင်ယူတတ်မြောက်စေခဲ့သည်။
သို့ဖြစ်၍ ခြေလက်ကိုလည်း မကွေးတတ်၊ စည်းနှင့်ဝါးလည်း နားမလည်၊ ခေါင်းကိုလည်း မဆတ်တတ်သူတစ် ယောက် ယိမ်းအဖွဲ့ထဲသို့ ဝင်ရောက်ကပြ ဖျော်ဖြေမှုသည် အနုပညာနည်းပညာဆိုင်ရာ ကမောက်ကမ ဖြစ်ရပ် တစ်ခုအား ဖန်တီးနေခြင်းနှင့် တူနေတော့သည်။ လူနှင့် နေရာမမှန်ခြင်း ဆိုသည်မှာ ယင်းသို့သော ဖြစ်စဉ်မျိုး
ကို ဆိုခြင်းဖြစ်သည်။ တိုင်းနိုင်ငံတစ်ခု၏ အနာဂတ်ကောင်းမွန်တိုးတက်ရန် ဆိုသည်မှာ နေရာဌာနတိုင်း၌ လုပ်ငန်းဆောင်ရွက်ရာတွင် ပြည်သူအများ၏ ယုံကြည်ကိုးစားမှုကို ရရှိရန် အထူးအရေးကြီးသဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကိစ္စတွင်သာမက တရားရေးနယ်ပယ်၌လည်း လူမှန်နေရာမှန်ဖြစ်ရေးသည် ယခုအစိုးရ အဖွဲ့ သစ်၏ ဦးတည် ဖြေရှင်းရမည့် လက်ငင်းပြဿနာများဖြစ်သည်။ မှတ်မိသလောက် ဖော်ပြရပါက စစ်အာဏာရှင် အစိုးရလက်ထက် ၁၉၇ဝခုနှစ်လွန်မှစ၍ လူမှန်နေရာမှန် မဖြစ်သည့်ကိစ္စရပ် အများအပြားပေါ်ပေါက်လာခဲ့သဖြင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံတို့ကြား၌ မဖြစ်ပေါ်သင့်သောပြဿနာများ ဖြစ်ပေါ်လာခဲ့ဖူးသည်။
အင်ဂျင်နီယာနည်းပညာ လောကတွင်သာမက ဆရာဝန်၊ ရှေ့နေ၊ စာရင်းအင်း လောကတွင်လည်း သက်ဆိုင် ရာ ပညာရပ် အသီးသီးနှင့် မအပ်စပ်သူများ စီမံခန့်ခွဲမှုနယ်ပယ်သို့ ဝင်ရောက်လာရာမှ တစ်စတစ်စနှင့် ယိမ်းက ခြင်း အနုပညာ၏ရသ ပျက်ပြားရလေသည်။ ပုဂ္ဂိုလ်အများစုသည် နက်ရှိုင်းသော ယိမ်းကခြင်းအနုပညာရပ်၌ မကျွမ်းကျင် မနှံ့စပ်လျှင်သာနေမည်၊ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်သည့် အနုကြမ်းပညာကိုတော့ဖြင့်အလွန်ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ဖော်ဆောင်တတ်သည်ကို တွေ့ရ၏။
သို့ဖြစ်သောကြောင့်၊ အင်ဂျင်နီယာနယ်ပယ်တွင် လျှပ်စစ်၏ သိမ်မွေ့မှုအနုပညာကို လျှပ်စစ်အင်ဂျင်နီယာ ကိုယ်တိုင်သာလျှင် သိရှိနားလည် ခံစားတတ်သည်။ ယေဘုယျသဘောဆိုရလျှင် နိုင်ငံတိုးတက်ဖွံ့ဖြိုးမှု အတွက် အင်ဂျင်နီယာတို့၏ နည်းပညာနှင့်ယှဉ်သည့် မိမိတို့ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲမှုသည် မည်မျှအရေး တကြီးလိုအပ်နေကြောင်း ဆိုရမည်ဖြစ်သည်။
ဝါယာရှော့ထ် (Wire Short) သို့မဟုတ် ရှော့ထ် ဆားကစ် (Short Circuit) မည်သည့်အတွက်ကြောင့် ဖြစ်
ရသနည်း။ ရှော့ထ်ဖြစ်တိုင်း မီးထလောင်နိုင်သလား။ လျှပ်စစ်ဓာတ်လိုက်ခြင်းသည် ဗို့အားကြောင့်လား၊ လျှပ်စီးကြောင့်လား ဆိုသည်ကို ကွဲကွဲပြားပြား နားလည်ခံစားတတ်သူကိုသာလျှင် ထိုက်ထိုက်တန်တန် လမ်း
ဖွင့်ကာ နေရာပေးသင့်သည်ဟု ပြောချင်ပါသည်။
ရေးသူ -- တက္ကသိုလ် မိုးဝါ

သည်နေ့ ၂၆-၄-၂ဝ၁၆ ထုတ် Daily Eleven တွင်ပုံနှိပ်ပါရှိသော ဆောင်းပါး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...