Thursday, April 28, 2016

ဒေါ်အောင်ဆန်းစုကြည် နဲ့ လစ်ဘရယ်ဝါဒ

Maung Tun Wai

ဒေါ်အောင်ဆန်းစုကြည် သည် လစ်ဘရယ် ၀ါဒ ကို လိုက်နာ ကျင့်သုံးသူ အဖြစ် ပြည်ပမှာ ထင်ရှားကျော်ကြားနေသူ ဖြစ်ပါတယ်။ ဒီနေရာမှာ လစ်ဘရယ် ၀ါဒ ဆိုတာ ဘာလဲ ဆိုတာ တိတိကျကျ သိထားမှသာ သူမရဲ့ မူဝါဒ တွေ ချမှတ် ကျင့်သုံးတဲ့နေရာမှာ ဘာ ဖြစ်လို့ လဲ ဆိုတာ တိတိကျကျ နားလည် နိုင်မှာ ဖြစ်ပါတယ်။
လစ်ဘရယ်ဝါဒကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ ၂၀ ရာစု နှစ် အတွင်းမှာ ထင်ရှားလာတဲ့ ၀ါဒ တခု ဖြစ်ပြီး လွတ်လပ်မှု နဲ့ ညီမျှခြင်းကို အခြေခံပြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေး အရ လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် ဘာသာရေးမှာ ကွဲပြားခြင်းကို စာနာ နားလည်ခြင်း သဘော ကို ယုံကြည်ပြီး အရင်းရှင်ဝါဒ ကို ကျင့်သုံး ရာမှာ အလွန်အကျွံ ဖြစ်မည့်အရေးကို စည်းမျဉ်း စည်းကမ်းများနဲ့ ထိမ်းချုပ်နိုင်သော ခိုင်မာ တောင့်တင်းသော အစိုးရ အဖွဲ့ပေါ်ပေါက်ရေး နဲ့ တပြိုင်နက် နိုင်ငံသားများရဲ့ လူမှု ဖူလုံရေးကို နိုင်ငံတော်က တာဝန်ယူ စောင့်လျောက်ပေးရမယ်လို့ ယုံကြည်ထားပါတယ်။ ဒီမိုကရေစီ အရေးကို တိတိကျကျ ခံယူ ကျင့်သုံးတတ်တဲ့ အတွက် ဒီမိုကရေစီ နည်းအရ တင်မြှောက်ထားတဲ့ အစိုးရကို ဒီမိုကရေစီ နည်းလမ်း နဲ့ ပဲ ဖြုတ်ချတာကို လိုလားတတ်ပြီး လမ်းပေါ် ဆန္ဒပြပွဲ တွေ လူထု စစ်တမ်း ကောက်ယူပြီး ဖိအားပေးတဲ့ နည်းတွေ သုံးရန် မလိုလားပါဘူး၊ နိုင်ငံရေး စနစ်ကိုလည်း အကျင့်ပျက် ခြစားမှု ကင်းပြီး တည်ရှိဆဲ နိုင်ငံရေး ပါတီ များကို အားနည်းအောင် ပြုလုပ်မယ့် စနစ်မျိုးကို ရနိုင်သမျှ ဥပဒေ ဘောင်အတွင်းက အပြင်းအထန် ဆန့်ကျင့်လေ့ ရှိပါတယ်။ နိုင်ငံသားများရဲ့ အခြေခံ ရပိုင်ခွင့်များကို ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေများ ရှိပါက ဖျက်သိမ်းရေး ကို ဦးစားပေး ဆောင်ရွက်တတ်ပါတယ်။
ဒီနေရာမှာ ထပ်ပြီး ရှင်းအောင် နမူနာ များနဲ့ ရှင်းပြလိုပါတယ်။ ဒီမို သမားတိုင်း လစ်ဘရယ် သမား မဟုတ်ပါဘူး၊ ဒေါ်နယ်ထရန့်လည်း ဒီမိုကရေစီ သမားပါပဲ၊ အလားတူ ပြင်သစ်က မေရီး လီပင်းလည်း ဒီမိုကရေစီကို ယုံကြည်သူ ဖြစ်ပါတယ်။ ယခု ကမ္ဘာတ၀ှမ်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ဝါဒ ကို အပူတပြင်း ဖြေရှင်းဘို့ ကြိုးစားကြရမှာ ဒေါ်နယ်ထရမ့်က မူဆလင် ဘာသာဝင်တွေကို ပြည်တွင်း ၀င်ခွင့် ပိတ်ပင်မယ် ကြွေးကြော်ပြီး အရှေ့ဥရောပ က ဒီမိုကရေစီ နိုင်ငံများ ကျတော့ ဆီးရီးယား ဒုက္ခသည်များကို လက်ခံရာမှာတောင်မှ ခရစ်ယာန် ဘာသာဝင်တွေကို ပဲ ရွေးလက်ခံမယ်လို့ ဆိုပါတယ်။ လီပင်း ကတော့ လမ်းတွေပေါ်မှာ ဘုရားဝတ်ပြုနေကြတဲ့ မူဆလင်တွေ ကြည့်ရတာ နာဇီ သိမ်းပိုက်ခံထားရတဲ့ ပြင်သစ်ကို အမှတ်ရစေတယ် လို့ ဆိုပါတယ်။ ဒီ ပုဂ္ဂိုလ်တွေက ဒီမိုကရေစီ ကို လက်ခံထားကြပေမယ့် လက်ယာ အစွန်းရောက်တွေ ဖြစ်ကုန်ကြပါတယ်။
ဒီလို အပြောအဆိုတွေက အကြမ်းဖက်ဝါဒ ကို ဖြေရှင်းရာ မရောက်ပဲ နဂိုတည်းက ဘာသာရေး ကွဲပြားမှုကြောင့် မကျေမနပ် ဖြစ်နေတဲ့ လူတွေကို အကြမ်းဖက် သမားတွေကို စာနာ နားလည် ထောက်ခံသူ များ ဖြစ်အောင် တွန်းပို့ပေးပြီး အစွန်းရောက်နေသူ များကိုတော့ အသေခံ ဗုံးခွဲသမားတွေ ဖြစ်အောင် အင်အား စုဆောင်းပေးသလို ဖြစ်လာပါတယ်။ နောက်တချက် က ဗုံးဒဏ်ကြောင့် သေဆုံးရတာချင်းအတူတူ ဘေရွတ်တို့ တူရကီ တို့မှာ ရာနဲ့ချီပြီး သေဆုံးခဲ့ကြရပေမယ့် တုတ်တုတ်မှ မလှုပ်ပဲ ဥရောပ တိုက်ကြီးတွင် သေဆုံးခဲ့ရတဲ့ ဆယ်ဂဏန်းသာသာ ရှိတဲ့ အဖြစ်ကို သည်းသည်း လှုပ်နေကြတာလည်း အကြောင်းတခု ဖြစ်ပါတယ်။
ဒီနေရာမှာ လစ်ဘရယ် ၀ါဒီတွေက အစွန်းရောက်သူများကို တတ်နိုင်သမျှ ဇကာစစ်ထုတ်တဲ့ မူဝါဒကို ရွေးချယ်ပြီး အပြစ်မဲ့တဲ့သူတွေ မထိခိုက်ရအောင် နဲ့ ဖိနှိပ်တဲ့ ပုံစံမျိုး မဖြစ်ရအောင် ဆောင်ရွက်ရေးကို အလေးထားလိုပါတယ်။ ဖြစ်လာခဲ့ရင် အလွန်အကျွံ တုန့်ပြန်တာထက် နိုင်ငံသူ နိုင်ငံသားများ ဘေးအန္တာရယ် ထပ်မံ မကျရောက်ရေး လုပ်နေပါတယ်ဆိုတာကို အားလုံး စိတ်အေးရစေအောင် အရင် ကြိုးစား ပြုလုပ်လေ့ရှိပါတယ်။ လူထုကြီးက အစိုးရမှ ၎င်းတို့အား ထိုအန္တာရယ်မှ ထပ်မဖြစ်အောင် ပြုလုပ်နိုင်စွမ်း မရှိဘူးဆိုရင် နီးစပ်ရာကို အပြင်းအထန် တုန့်ပြန်လာလေ့ရှိတတ်တယ်လို့ စွဲမြဲ ခံယူထားပါတယ်။
ဒီနေရာမှာ နိုင်ငံအတော်များများ မအောင်မြင်ခဲ့ကြပါဘူး၊ ပြင်သစ်ဆိုရင် ယခုအချိန်အထိ အရေးပေါ် အခြေအနေ ကြေငြာထားဆဲ ဖြစ်ပြီး သံသယရှိတဲ့ အိမ်များကို ၀ရမ်း မရှိပဲ တက်ရောက်ရှာဖွေခြင်း၊ သံသယရှိသူများကို ၀ရမ်း မလိုပဲ ဖမ်းဆီးနိုင်ခွင့် ရှိနေဆဲ ဖြစ်ပြီး ယခုအချိန်အထိ ပြင်သစ်ခေါင်းဆောင်တွေက အကြမ်းဖက် သမားများနဲ့ စစ်ပွဲ ဆင်နွှဲနေရတုန်းပဲ လို့ မကြာခဏ ထုတ်ပြောတတ်ပါတယ်။ မကြာသေးမီက အိုဘားမားက Atlantic Journal နဲ့ အင်တာဗျူးမှာ အမေရိကန်မှာ အကြမ်းဖက်မှု ကြောင့် သေဆုံးရတဲ့ နှုန်းက ရေချိုးခန်းထဲ ချော်လဲလို့ သေတာထက် အပုံကြီး နဲပါတယ်လို့ မဆင်မခြင် ပြောခဲ့တာမျိုးကလည်း လူထုရဲ့ စိုးရိမ်စိတ်ကို မပြေပျောက် စေပါဘူး၊
စီးပွားရေး ကဏ္ကမှာလည်း လစ်ဘရယ် သမားများက အခွန်အနှုန်း တိုးမြှင့်မှာကို မလိုလားကြပါဘူး၊ အခွန်နှုန်း မြင့်လာရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ဟန့်တားသလို ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အခြေခံ လစာနှုန်းထားများ လိုအပ်သည်ထက် မြင့်တင်မှာကို အားမပေးပါဘူး၊ အဲ့သည်လို ဖြစ်သွားခဲ့ရင် ကုမဏ္ကီ တွေက လူ ထပ်ငှားရမယ့် အရေး တုန့်ဆိုင်းသွားစေမယ် ဖြစ်ပြီး လူ အများအပြား အလုပ်လက်မဲ့ ဖြစ်ရမယ့် အရေးကို ပိုပြီး စိုးရိမ် မကင်း ရှိနေတတ်ပါတယ်။
ကုန်သွယ်ရေးမှာ လွတ်လပ်စွာ ဈေးကွက် ယှဉ်ပြိုင်ရေးကို အားပေးတတ်ပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ခြင်းဖြင့် ပြည်တွင်းမှာ ရှိတဲ့ ကုမဏ္ကီ အကြီးစားတွေကို သွယ်ဝိုက်ပြီး အားပေး နေသလို ဖြစ်တတ်ပါတယ်။
လုပ်ငန်း အသစ် စတင်လိုသူတွေ နဲ့ ကုမဏ္ကီ အသေးစားများကို မြေတောင်မြှောက်ပေးနိုင်မယ့် မူဝါဒ ကို ကျင့်သုံးတတ်ပါတယ်။ ဒီနေရာမှာ အတားအဆီး ဖြစ်တတ်တဲ့ ကြိုးနီစနစ် တွေ ဖယ်ရှားပေးပြီး မလိုတဲ့ စည်းမျဉ်းတွေကို လျော့ပေးပြီး လုပ်ငန်းတွေ ပွားသထက် ပွားလာအောင် အတတ်နိုင်ဆုံး ဖန်တီးပေးလေ့ရှိပါတယ်။
ကုမဏ္ကီ ကြီး တွေကို လည်း အမြတ်ငွေများကို ပြန်လည် ရင်းနှီးမြုပ်နှံတာနဲ့ တီထွင် ဖန်တီးဘို့ သုတေသန လုပ်ငန်းတွေမှာ ငွေ ထုတ် သုံးစေလိုပါတယ်။ ဘဏ်တွေကို လည်း လုပ်ငန်းရှင် အသေးစားတွေကို ငွေပင်ငွေရင်း ထုတ်ချေး နိုင်အောင် အားပေးအားမြှောက်ပြုတဲ့ စည်းမျဉ်းတွေ အကောင်အထည် ဖေါ်ပေးတတ်ပါတယ်။
အလုပ်သမား ဥပဒေ များကို အလုပ်ရှင်များအတွက် အလုပ်သမားငှားတာတို့၊ ရှိပြီးသား အလုပ်သမားတွေ မကြိုက်ရင် အလွယ်တကူ ဖြုတ်ပြစ်လို့ ရမယ့် ဥပဒေ တွေ ပြဌာန်းလာလေ့ရှိပါတယ်။ အလုပ်သမား သမဂ္ဂတွေမှ အလုပ်ရှင်များအား အနိုင်ကျင့် တာမျိုး လက်မခံတတ်ပါဘူး၊ သို့မှသာ စီးပွားရေး လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခွင့်ရှိပြီး တိုးတက်မှု လျင်မြန်မယ်လို့ ယုံကြည်ပါတယ်။
တိုင်းပြည်မှာ ဘတ်ဂျက်လိုငွေ ပြမှုတွေ ထိမ်းချုပ်ဘို့ စီးပွားရေး လုပ်ငန်းရှင်များနဲ့ လူထု ထံမှ အခွန်တိုးမြှင့်ကောက်တာကို အားမပေးတတ်ပဲ လူထု အကျိုး မရှိတဲ့ စီမံကိန်း လုပ်ငန်းများကို ရပ်ဆိုင်းပြစ်လေ့ရှိပါတယ်။
ဒါတွေက လစ်ဘရယ် ၀ါဒကို ယုံကြည်တဲ့ သူတွေ ကျင့်သုံးတတ်တဲ့ အုပ်ချုပ်မှု ပုံစံတွေ ဖြစ်လို့ လစ်ဘရယ် သမားဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အလားတူ ပုံစံမျိုး ကျင့်သုံးလာဘို့ ရှိနေတာကို လေ့လာနိုင်အောင် တင်ပြလိုက်ရပါတယ်။
ကိုးကား ။ ။ The Economist, March 26th 2016
ံHSW

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...