Sunday, February 7, 2016

" ကိုငှက် ရဲ့ ဆန္ဒ"

Music Crazy Te Te Tar Tar

"ဝေးသွားတဲ့အခါ……….
. နှလုံးသားမှာ ………
••••••
သွားလေသူ ကိုကျော်မြင့်လွင်ကို သတိရစွာဖြင့် ကာရာအိုကေရောက်တဲ့အခါ ဆိုဖြစ်တဲ့ သီချင်းတပုဒ်
ထူးအိမ်သင်ခေါ် ကိုကျော်မြင့်လွင်နဲ့ ဒုက္ခပြွမ်းတဲ့ လမ်းခရီးမှာ သိကျွမ်းဖူးတဲ့အကြောင်း တခါမှ မရေးခဲ့ဖူးပါ။
သူ့ကို ကိုကျော်မြင့်လွင်လို့ ခေါ်ရတာက သူက ကျွန်တော်ထက် တနှစ်နီးပါး အသက်ကြီးတဲ့အကြောင်း သူ့နဲ့ ဒုက္ခပြွမ်းတဲ့လမ်းကို သွားခဲ့ကြစဉ်က ပြောဖူးလို့ သိရတာပါ။


၁၉၈၈ အရေးအခင်းကာလ တပ်က အာဏာသိမ်းပြီးနောက် မော်လမြိုင်က ကျောင်းသားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ နယ်စပ်ကို တောခိုကြတုန်းက လမ်းခုလတ်ဖြစ်တဲ့ ပင ကျေးရွာမှာ စတင်ဆုံမိကြတယ်။
ဘာကြောင့် တောခိုလာကြတာလဲလို့ ပင ဆားစက်က ချက်ကြွေးတဲ့ ဘဲသားဟင်းနဲ့ထမင်းစား ကြရင်း ပြောကြတဲ့အခါ ဒီအရေးအခင်းအပြီး လူအများရဲ့ဆန္ဒနဲ့ ဆန့်ကျင်ပြီးတပ်က အာဏာသိမ်းတာကို အဲဒီအတိုင်း ရပ်ကြည့်မနေနိုင်လို့၊ တနေ့ကျရင် ကိုယ့်သားသမီးတွေက မေးလာမယ် ၊
“အဲဒီ အာဏာသိမ်းလိုက်တော့ … အဖေ ဘာလုပ်နေသလဲ” ဆိုရင် “ဘာမှ မလုပ်ခဲ့ဘူး” ဆိုတာကို မဖြေချင်ဘူး၊ တနည်းနည်းနဲ့ ဆန့်ကျင်ခဲ့တယ်၊ တခုခု လုပ်ခဲ့တယ် လို့ပြောနိုင်ဖို့ ဒီလမ်းကို ထွက်လာတာ၊
လက်နက်ကိုင် ဆန့်ကျင်ဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုတဲ့အချက်မှာ နှစ်ယောက် အမြင်တူခဲ့ကြတယ်။
အာဏာသိမ်းပြီးစ ကျွန်တော်တို့က အိပ်မနိုင် စားမနိုင် ခံစားနေတဲ့အချိန်မှာ ကျွန်တော့်ယောက်ဖ ဖြစ်သူရဲ့ ညီက ဂီတာသမား၊ ညဘက် ဂီတာတီးနေတာကို ကြားမိတဲ့အခါ တော်တော် အံ့သြမိခဲ့တယ်။ လောက တခုလုံး ကိုယ့်လိုပဲ ခံစားနေကြတယ်လို့ ထင်မိတာကိုး၊
ကိုကျော်မြင့်လွင်နဲ့ရင်းနှီးတဲ့ မော်လမြိုင်က သူငယ်ချင်းတွေနဲ့ အတူတောခိုလာတဲ့ အဖွဲ့နဲ့ ပငမှာဆုံပြီး ဘုရားသုံးဆူထိ ရက်အတော်ကြာကြာ သူ၊ ကျွန်တော်အပါအ၀င် စုစုပေါင်း ၁၃ ယောက် ပငကနေ တနင်္သာရီကမ်းရိုးတန်း က ကမ်းခြေကျေးရွာ ကျောက်ထရံထိ စက်လှေနဲ့ သွားခဲ့ကြ၊ ပင်လယ်ကမ်းခြေမှာ ရေချိုးရင်း လက်နက်ကိုင် တော်လှန်ရေးဆိုတာ ဒါလားလို့ အချင်းချင်း နောက်ပြောင်ပြောဆိုခဲ့ကြ၊ ခေါဇာချောင်းထဲ ညနေဘက် ရေသွားချိုးခဲ့ကြ၊ ဟံဂံဆိုတဲ့ ရွာကြီးကို ညသန်းခေါင် တောခိုသူ ၂၀၀ ကျော် ၃၀၀ နီးပါးနဲ့ ခြေကျင် ဖြတ်ခဲ့ကြ နောက်၆ ရက်အကြာမှာ ဟလော့ဟနီလို့ခေါ်တဲ့ ဘုရားသုံးဆူမရောက်ခင် ရွာတွေကို ဖြတ်ခဲ့ကြတာပါ။
အဲဒီလမ်းခရီးမှာ ကုလားဂုတ်ကျွန်းကို လှမ်းမြင်နေရတဲ့ ပင်လယ်ပြင်ထဲ ညဘက်ကျောက်ချရပ်နားစဉ် လှိုင်းပုတ်နေတဲ့ လှေပေါ် လရောင်အောက်မှာ မာမာအေး၊ မောင်မောင်ကြီး တို့ရဲ့သီချင်းတွေဆိုရင်း ပိတောက်လမ်း၊ တရေးချစ်ခွင့် ကြင်ရနိုး သီချင်းတွေရဲ့ အဖွဲ့အနွဲ့စာသား၊ သီဆိုဟန်ကို ဘယ်လောက် သဘောကျကြောင်း ညသန်းခေါင်ထိ ထိုင်ပြောခဲ့ကြတာ နှစ်ပေါင်း ၂၀ ကျော်ပေမယ့် မမေ့နိုင်သေးပါ။
အဲဒီလမ်းခရီးမှာ တနင်္သာရီရိုးမတောင်တန်းတွေကို ၆ ရက်တိုင်တိုင် ခြေလျင် ကျော်ဖြတ်ခဲ့စဉ် မိုးတွေကသဲသဲမဲမဲရွာတဲ့ည ၀ါးစိမ်းတွေ အလုံးလိုက်ခင်းထားတဲ့ ကျောတချစာ ယာယီဖက်တဲ အောက်အိပ်ပျော်နေစဉ် ကျောအောက်မှာ မိုးရေတွေစီးဆင်းသွားတာ မျက်နှာပေါ် ငှက်ပျောရွက် တွေကြားက စီးကျလာတဲ့ မိုးရေတွေကြောင့် အိပ်ပျော်နေရာက လန့်နိုးလာတဲ့ ခံစားမှု ခါးအောက်ပိုင်း တပိုင်းလုံး မိုးရေထဲ စိုနေပေမယ့် တနေကုန်လမ်းလျောက်တောင်တက် ထားတာလို့ ပင်ပန်းမှုက အိပ်ပျော်စေခဲ့တာတွေ ပြန်တွေးရင် အမှတ်ရနေဆဲပါ။
ပြန်ရေးပြရရင်တော့ အဲဒီတုန်းက ဖြစ်ရပ်တွေရဲ့အမည်နာမနဲ့ နေ့စွဲတွေ သေသေချာချာ မမှတ်မိတော့တောင်မှ အဖြစ်အပျက်တွေရဲ့ခံစားမှုတွေကိုတော့ မှတ်ဥာဏ်ထဲ သံပူနဲ့ ကပ်ထားသလို ပျောက်ပျက်မသွားပဲ ထင်ထင်ရှားရှားရှိနေဆဲပါ။
အဲဒီအချိန်မှာ သူပြောတဲ့ စကားတခွန်းလည်း အမှတ်ရနေဆဲပါ။
တနေ့ကျရင် သီချင်းဆိုတာထက် သတင်းစာဆရာပဲ လုပ်ချင်တယ်ဆိုတာပါ။
Credit -Myint Kyaw(Moemakha )

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...