ဘာအရေးကြီးသလဲ
Tin Nyunt
မြန်မာစာမှာ ၈ လုံးဖြုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ပျက်လောက်အောင် ဖြစ်နေ ချိန်မှာ အိမ်နီးချင်း ထိုင်း နိုင်ငံက လူငယ် ၃၀၀ လောက်ဟာ မူလတန်းကလေးတွေကို လိုက်ပြီးတော့ ကွန်ပျူတာ ပရိုဂရမ်ကုတ်ရေးပြီး ဂိမ်းတွေကို ဘယ်လို ဖန်တီးနိုင်တယ် ဆိုတာ စေတနာ့ဝန်ထမ်းလိုက်သင်ပေးနေကြတယ်ဗျ။

မူလတန်းကျောင်းတွေမှာ “Hour of Code” ဆိုတဲ့ အချိန်တစ်ချိန်
ထည့်သွင်းပေးပြီးတော့ ဂိမ်းတွေကို ကွန်ပျူတာနဲ့ ကုတ်တွေရေးပြီး ဘယ်လို
ပြင်လို့ရတယ်၊ ဘယ်လို ကစားလို့ရတယ်၊ ကိုယ်တိုင် ဂိမ်းတွေကို ဘယ်လို
ဖန်တီးလို့ရတယ်ဆိုတာကို လူငယ်တွေက လိုက်ပြီးတော့ စေတနာ့ဝန်ထမ်းနဲ့
လိုက်ပြပေးနေတာ။ သူတို့ကို ကူညီနေတာက နာမည်ကျော် ဆော့ဖ်ဝဲကုမ္ပဏီကြီးဖြစ်တဲ့
Microsoft ကုမ္ပဏီကြီး။ အဲဒီ ကုတ်ရေး နည်းတွေကိုလည်း မိုက်ခရိုဆော့ဖ်ကပဲ
အကူအညီပေးလိုက်တာ။
ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း သမ္မတအိုဘားမားက တစ်တိုင်းပြည်လုံးမှာရှိတဲ့ ကျောင်းတိုင်းမှာ ကွန်ပျူတာ ကုတ်ရေးနည်းတွေ သင်ပေးဖို့တောင်းဆိုနေပြီ။ သမ္မတ ချမှတ်လိုက်တဲ့ ဆောင်ပုဒ်ကလည်း “Computer Science for All” တဲ့ဗျ။ လူတိုင်းအတွက် ကွန်ပျူတာတောင်မဟုတ်တော့ဘူး။
လူတိုင်းကို ကွန်ပျူတာသိပ္ပံဖြစ် အောင်လုပ်မယ်။ ကလေးတိုင်း ကွန်ပျူတာ တတ်ဖို့လောက် မဟုတ်တော့ဘူး။ ကလေးတိုင်း ကွန်ပျူတာ ပရိုဂရမ်ကုတ်ရေးတတ်ရမယ်ဆိုပြီး မူဝါဒတစ်ခု ချလိုက်ပါတယ်။ သမ္မတက ရိုးရိုးအော်ရုံအော်တာမဟုတ်ဘူး။ ကျောင်းတွေမှာ ကွန်ပျူတာ ကုတ်ရေးနည်းတွေသင်ပေးဖို့ ဒေါ်လာ ၄ ဘီလီယံ (သန်း ၄၀၀၀) ထောက်ပံ့ဦးမှာ။ ကျောင်းတွေ ကို အဲဒီငွေတွေအပြင် ဆရာတွေကို ကုတ်ရေးနည်း သင်တန်းတွေတက်ဖို့၊ ကုတ်ရေးနည်း သင်ရိုးသစ်တွေဆွဲဖို့ သန်း ၁၀၀ ထပ်ပြီး ပေးဦးမှာတဲ့ ။
သမ္မတက ပိုက်ဆံတွေ ဒီလောက်ပေးတာ သူ့အိတ်က စိုက်တာလားဆိုတော့ မဟုတ်ဘူးဗျ။ Microsoft, Google, Apple ကုမ္ပဏီကြီးတွေက ငွေလိုက်ထုတ်မှာ။ ဘာကြောင့်လဲဆိုတော့ ရှင်းနေတာပဲဗျာ သူတို့ ကုမ္ပဏီ တွေအတွက် အနာဂတ်မှာ ကွန်ပျူတာ ပရိုဂရမ်သမားတွေ အများကြီး ထွက်လာမှာ သူတို့လည်း ရင်းနှီးမြှုပ်နှံတာပဲပေါ့။
အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တွေက လက်ငင်းပြန်မရနိုင်ပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လိုက်လုပ်တတ်တယ်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဆွေးနွေးခန်းတစ်ခုမှာ ကျွန်မကို အကူအညီပေးမယ့်သူတွေ အများကြီး ရှိပါတယ်လို့ ထုတ်ပြောဖူးတယ်။ ပြည်သူ့အစိုးရစစ်စစ်ဆိုရင် ကူညီမယ့်သူတွေ အများကြီးရောက်လာမှာပဲ။ ဒါကို နယ်လှည့်ပါးရိုက်တဲ့ဝန်ကြီးက အကူအညီဆိုတာ ဘယ်သူကမှ အလကားမပေးဘူးဆိုပြီး တုံ့ပြန်တယ်။
သူတို့စစ်အစိုးရတွေကို နိုင်ငံခြားအစိုးရတွေက ဘယ်အလကား အကူအညီပေးချင်မှာလဲဗျာ။ မပေးချင်တဲ့ အကြောင်းတွေလည်း အများကြီးရှိနေတာပဲ။ ဘယ်သူကမှ ကူညီထားတဲ့ပိုက်ဆံတွေကို အိတ်ထဲထည့်တာမျိုး တွေ အဖြစ်ခံချင်မှာမှမဟုတ်တာ။
ခုလည်း အစိုးရသစ်လက်ထက်မှာ မြန်မာစာ ၈ လုံးပျောက်တာကို ပြဿနာရှာပြီး ဆက်မငြင်းကြဖို့ မျှော်လင့် ရတာပဲ။ တကယ်လိုအပ်တာက ကျွန်တော်တို့ကလေးတွေကို နည်းပညာတွေနဲ့ မိတ်ဆက်ပေးဖို့၊ နည်းပညာ တွေ သုံးနိုင်အောင် ကြံဆောင်ပေးဖို့ပါ။
အိုဘားမားက နည်းပညာကို ခုကတည်းက အကွက်ချနေတာ အလကားမဟုတ်ဘူး ကျုပ်တို့နိုင်ငံ အနာဂတ် စီးပွားရေးအတွက် ကြိုတင်ပြီး ကောင်းအောင် ပြင်ဆင်နေ တာလို့ ပြောသဗျ။
ဒီမှာကတော့ အနာဂတ်ဆိုတာ အဝေးကြီး။ ပင်စင်ယူရင် ဘယ်လောက်ခံစားဖို့၊ လယ်တောထဲမှာ အိမ်ကို လေးဂွနဲ့ လာမပစ်အောင် ဥပဒေထုတ်ဖို့လောက်နဲ့ ဦးနှောက်ခြောက်နေကြတာဆိုတော့ ပြောရတာ ဒေါသ ဖြစ်ပါတယ်ဗျာ။
၃၁.၁.၂၀၁၆

0 comments:
Post a Comment