Monday, February 1, 2016

ရင်ဘတ်ထဲက "မောင့်လပြည့်ဝန်း" - သို့ - ကိုနေဝင်း

Music Crazy Te Te Tar Tar
 
ကျွန်တော့်ကို ၁၉၅၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရှမ်းပြည်နယ်၊ နမ္မတူမြို့ နယ်မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီကနေ မိဘတွေက လားရှိုးကို ပြောင်းသွားခဲ့ပေမယ့် ၅နှစ်အရွယ် ကျောင်းတက်ချိန်မှာ နမ္မတူမြို့ မှာပဲ တက်ဖြစ်ခဲ့တယ်။ နမ္မတူမှာ ၂တန်းအောင်ပြီး လားရှိုးမှာ ကျောင်းဆက်တက်တယ်။ အဲဒီမှာ ရှိတဲ့ အင်္ဂလိပ် မယ်သီလရှင်ကျောင်းကနေ ၄တန်းအောင်ခဲ့တယ်။ ပြီးတော့ မန္တလေးကို ပြောင်းတယ်။ မန္တလေးမှာ ကိုးတန်းအထိ တက်ခဲ့တယ်။
ဆယ်တန်းလည်း ရောက်တော့ မန္တလေး အမှတ် ၁၇ နေပြည်တော်ကျောင်းမှာ တက်ခဲ့တယ်။ ကျောင်းပညာရေးကတော့ မိဘတွေပြောင်းတဲ့မြို့ တိုင်းမှာပဲ အဆင်ပြေသလို တက်ခဲ့ရတယ်။
ကျွန်တော့်မှာ အနုပညာမျိုးရိုးမရှိခဲ့ဘူး။ အဖေက ရိုးရိုးကုန်သည်၊ အလုပ်လုပ်တယ်။ အမေကတော့ မှီခိုပဲ။ အဖေက ကုန်သည်လုပ်ပြီး နောက်ပိုင်းကျတော့ အဘိုးပို်င်တဲ့ သစ်စက်မှာ ပြန်ဦးစီးပြီး လုပ်တယ်။ အဖေက ဗမာလူမျိုး၊ အမေကတော့ ရှမ်းလူမျိုးပါ။ ကျွန်တော်က မန္တလေးမှာ ကိုးတန်းတက်နေချိန်၊ သင်္ကြန်လည်တဲ့အချိန်မှာ သူငယ်ချင်းတွေက သီချင်းလေးတွေ လိုချင်တယ်ဆိုတော့ အဲဒီမှာ သီချင်းစ ရေးဖြစ်တယ်။ စရေးတုန်းကတော့ ကော်ပီကို အရင်ရေးခဲ့တာပါ။ ဂစ်တာကိုတော့ ၈တန်းနှစ်လောက်ကတည်းက ကျွမ်းကျွမ်းကျင်ကျင် တီးတတ်နေပြီ။ အဲဒါကလည်း သူငယ်ချင်းတစ်ယောက်က သင်ပေးခဲ့တာပါ။ ကိုးတန်းနှစ်မှာကျတော့ သူငယ်ချင်းတစ်ယောက်ကလည်း ထပ်သင်ပေးခဲ့တော့ ပိုပြီးတော့ ကျွမ်းကျင်သွားခဲ့ပါတယ်။ Classical ဂစ်တာကိုတော့ ဗစ်တာအုန်းမောင် ဆီမှာ သင်ဖြစ်ခဲ့ပါတယ်။
ကျွန်တော် Copy ရေးရင်း တဖြည်းဖြည်းနဲ့ ကိုယ်ပိုင်သံစဉ်ရေးနိုင်အောင် ကိုယ့်ဘာသာကိုယ် လေ့လာတယ်။ ပထမဦးဆုံး ရေးခဲ့တဲ့ ကိုယ်ပိုင်သံစဉ်သီချင်းကိုတော့ မမှတ်မိတော့ဘူး။ "အားလုံးကို ကျော်ဖြတ်ရမယ်" ကတော့ ပရိသတ်အားပေးမှု အရခဲ့ဆုံးပေါ့။ "အားလုံးကို ကျော်ဖြတ်ရမယ်" တေးစီးရီးခွေကို ၁၉၇၆ ခုနှစ်မှာ ထုတ်ခဲ့ပြီး ကျွန်တော့်ရဲ့  ပထမဆုံး တေးစီးရီးခွေပါ။ သီချင်း ၁၁ ပုဒ်ပါဝင်ပြီး ကိုရဲလွင်က ဟာမိုနီဆိုပေးခဲ့ပါတယ်။ ကျွန်တော် အဲဒီအခွေထုတ်လိုက်တာကို မန္တလေးမြို့ က လူတွေလောက်ပဲ သိခဲ့တယ်။ နောက်ပိုင်း အဲဒီအခွေထွက်ပြီး ကိုရဲလွင် နဲ့ ရန်ကုန်မှာ လိုက်နေတော့မှ ခိုင်ထူးက ဆိုလိုက်တော့ ပရိသတ်က ပိုလက်ခံသွားတယ်။ အဲဒီမှာ ကျွန်တော့်လည်း တေးရေးဆရာတစ်ယောက်ရဲ့  ဘဝနဲ့ ရပ်တည်ခွင့်ရခဲ့တယ်။
ကျွန်တော့် အသက် ၂၆ နှစ်၊ ၁၉၇၆ ခုနှစ်မှာ ရေးခဲ့တဲ့ သီချင်းတွေက ကျွန်တော့်ကို အောင်မြင်မှုရဖို့အတွက် အများကြီး အထောက်အကူပြုခဲ့တယ်။ စိုးပိုင် ရဲ့  "မောင်ငိုမယ်" ၊ စိုင်းထီးဆိုင် ရဲ့  "မောင့်လပြည့်ဝန်း" ၊ ခိုင်ထူး ရဲ့  "အားလုံးကို ကျော်ဖြတ်ရမယ်" တို့ပေါ့။ အဓိက ရေးပေးဖြစ်တာကတော့ စိုင်းထီးဆိုင်၊ ခိုင်ထူး၊ စိုးပိုင်၊ နောက်ပိုင်းကျတော့ ခင်မောင်တိုးပေါ့။ ပြီးတော့ ဇော်မျိုးထွဋ် တို့ရဲ့  "မဇ္ဈိမလှိုင်း" အဖွဲ့နဲ့လည်း လက်တွဲဖြစ်ခဲ့တယ်။
သီချင်းတစ်ခွေလုံးအတွက် တစ်ယောက်တည်း ရေးပေးခဲ့တာတွေလည်း ရှိတယ်။ ကိုခင်ဝမ်း အတွက် "အမှောင်ကို ထွန်းညှိမယ့် မီးအိမ်"၊ စိုင်းထီးဆိုင် အတွက် "ချစ်ခြင်းရဲ့  အဖော်မွန်"၊ ခိုင်ထူးအတွက် "အစောဆုံး ပြန်ခဲ့ နှင်းသက်သက်ဝေ"၊ ပြီးတော့ ခင်မောင်တိုး၊ စိုင်းထီးဆိုင်၊ ခိုင်ထူးတို့ သုံးဦးပေါင်း "သမုဒယကြိုးသုံးပင်" တေးစီးရီးတွေကို တစ်ယောက်တည်း ရေးပေးခဲ့တယ်။ ကိုယ်တိုင်တေးဆိုတစ်ဦးအနေနဲ့ သီချင်းဆိုခဲ့ပေမယ့် ကျန်းမာရေး အခြေအနေကြောင့် နောက်ပိုင်း မဆိုဖြစ်တော့ဘူး။ ခေါင်းတစ်ခြမ်း ကိုက်တဲ့ရောဂါဖြစ်နေတော့ သီချင်းမဆိုဖြစ်တာ ဆယ်နှစ်ကျော် ရှိနေပြီ။ တောင်းဆိုတဲ့ ပရိသတ်ရှိရင်တော့ အားနာပြီး ဆိုပေးဖြစ်တယ်။
ကျွန်တော် သီချင်းတွေ စရေးချိန်၊ မအောင်မြင်ခင်မှာ ရပ်တည်မှုအတွက် ရုန်းကန်ရင်းနဲ့ သူငယ်ချင်းတွေကို အားကိုးခဲ့ရတယ်။ တက္ကသိုလ်တက်တဲ့ သူငယ်ချင်းတွေရဲ့  အဆောင်မှာ လိုက်နေတယ်။ ရန်ကုန်မှာ ကိုယ့်မိသားစု၊ ကိုယ့်အိမ်မှ မရှိခဲ့တာ။ သူငယ်ချင်းတွေကို အားကိုးရင်းနဲ့ပဲ သီချင်းတွေကို ဖန်တီးဖြစ်တယ်။ သူငယ်ချင်းတွေကလည်း သူတို့ကိုယ်တိုင် အနုပညာမလုပ်ပေမယ့် ကျွန်တော့်ကိုတော့ အားပေးခဲ့ကြတယ်။ ကျွန်တော့်ရဲ့  မိဘတွေကလည်း အစက အားမပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အားပေးခဲ့ပါတယ်။ ကျွန်တော်က ငယ်ငယ်ကတည်းက သီချင်းတွေ နားထောင်၊ သီချင်းတွေရေး၊ ကိုယ့်ဘာသာကိုယ် ဂီတာတီးရင်း နေချင်ခဲ့တာဆိုတော့ ဟိုးအရင်ကတည်းက ကျွန်တော့်ကို ကျွန်တော် ကျေနပ်ခဲ့တယ်။ တေးရေးဆရာတစ်ယောက်ရဲ့  ဘဝကတော့ အဆင်ပြေတဲ့အခါလည်း ရှိတယ်။ အဆင်မပြေတဲ့အခါလည်း ရှိတယ်။ ဒီလိုပဲ ဘဝကိုမျှပြီး ရုန်းကန်ရတာပေါ့။ ကျွန်တော်က ဘဝမှာ သီချင်းရေး၊ သီချင်းဆိုတဲ့ အနုပညာတစ်ခုကိုပဲ လုပ်တတ်ပါတယ်။ တခြား ဘာမှမလုပ်တတ်ဘူး။
ကျွန်တော် အသက် ၃၅နှစ်မှာ အိမ်ထောင်ကျခဲ့တယ်။ ၁၉၈၅ မှာပေါ့။ ကျွန်တော့်ရဲ့  အမျိုးသမီးကလည်း ကျွန်တော့် အနုပညာကို အများကြီး ပံ့ပိုးပေးတယ်။ ကျွန်တော် သီချင်းရေးရင်ပဲဖြစ်ဖြစ်၊ သီချင်းဆိုရင်ပဲဖြစ်ဖြစ်၊ သူက လိုအပ်တာတွေကို ဝိုင်းကူညီပေးတယ်။ သူကိုယ်တိုင် အနုပညာကို မဖန်တီးနိုင်ပေမယ့် အနုပညာကို မျှဝေခံစားနိုင်တယ်။ သီချင်းကောင်းတွေကို ကျွန်တော် ဖန်တီးနိုင်ဖို့ သူကလည်း တစ်ထောင့် တစ်နေရာကနေ ပါရမီဖြည့်ပေးခဲ့ပါတယ်။ ကျွန်တော့်မှာ မျိုးဆက်အနေနဲ့ကတော့ သားနှစ်ယောက်ရှိတယ်။ သားအငယ်ဆုံးကတော့ အနုပညာကို ဝါသနာပါတယ်။ သူ့ဘာသာလည်း သီချင်းတွေ ရေးနေပါတယ်။
အခုနောက်ပိုင်းဆိုရင် တေးရေး၊ တေးဆို တွဲလုပ်လာတဲ့သူတွေ များလာတော့ တေးရေးသက်သက်နဲ့ ရပ်တည်ဖို့က အဆင်မပြေတော့ဘူး။ အဲဒီတော့ နောက်ပိုင်းလူငယ်တွေက တေးရေးတစ်ခုတည်းနဲ့ ရပ်တည်ဖို့ မလွယ်တော့ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော်တို့ခေတ်မှာကတည်းက တေးရေး၊ တေးဆို တွဲလုပ်ခဲ့ရတာ။ ကျွန်တော် စလုပ်ခါစတုန်းကလည်း စားဝတ်နေရေး အခက်အခဲတွေ ကြုံခဲ့ရတာပါပဲ။ ဘယ်အလုပ်ကမှ လွယ်ကူတယ်ဆိုတာမျိုးတော့ မရှိပါဘူး။ ကျွန်တော် ဒုက္ခရောက်ချိန်မှာ ကျွန်တော့်သူငယ်ချင်းတွေက အများကြီး ကူညီခဲ့တယ်။ ကိုတိုးကြီး (ခင်မောင်တိုး)၊ ကိုရဲလွင်တို့က အဓိကပေါ့။ ကျွန်တော်တို့တွေဟာ "ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ" ပါပဲ။ အဲဒါကြောင့်မို့လို့ အခက်အခဲ ကြီးကြီးမားမားတော့ ကျွန်တော့်မှာ မရှိခဲ့ဘူး။ ဒါပေမယ့် အခက်အခဲတွေ ကြုံလာရင်တောင် အနုပညာကို စွန့်လွှတ်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ သီချင်းတွေ ရေးနေ၊ နားထောင်နေရတဲ့ ဘဝကိုပဲ ကျွန်တော်က နေချင်တာကိုး။
သီချင်းရေးတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်မှာ သင်ဆရာမရှိခဲ့ပေမယ့် မြင်ဆရာ၊ ကြားဆရာတွေကတော့ အများကြီးပါပဲ။ သူတို့ကို အတုယူရင်းနဲ့ ကိုယ့်ဘာသာကိုယ် ကြိုးစားခဲ့ရတယ်။ သီချင်းရေးနိုင်ဖို့ သီချင်းတော်တော်များများ နားထောင်တယ်။ စာတွေ အများကြီး ဖတ်တယ်။ အင်္ဂလိပ်ကဗျာတွေ ဖတ်တယ်။ ပြီးတော့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ စာတွေ၊ စကားအသုံးအနှုန်းတွေကလည်း အထောက်အကူပြုခဲ့ပါတယ်။
အနုပညာသက်တမ်း နှစ်လေးဆယ်ကျော်အတွင်းမှာ ကိုယ်ပိုင်သံစဉ် အပုဒ်သုံးရာကျော်၊ Copy အပုဒ် နှစ်ရာကျော်၊ စုစုပေါင်း သီချင်းအပုဒ်ရေ ငါးရာကျော် ရေးဖွဲ့ခဲ့တယ်။ Copy ရေးတဲ့ခေတ်တုန်းက စိုးပိုင်အတွက် အများဆုံး ရေးပေးဖြစ်ခဲ့တယ်။ နောက်ပိုင်းကျတော့ ခင်မောင်တိုး၊ စိုင်းထီးဆိုင်၊ ခိုင်ထူးပေါ့။ သူတို့သုံးယောက်ကို အဓိက ရေးပေးခဲ့တယ်။ တခြားသူတွေလည်း ရှိပေမယ့် ရံဖန်ရံခါ လောက်ပဲရေးဖြစ်တယ်။ သူတို့သုံးယောက်ကိုတော့ ပိုရေးပေးတာပေါ့။ သူငယ်ချင်းတွေလည်းဖြစ်တယ်။ အတူစား၊ အတူသွား၊ အတူလာဆိုတော့ သီချင်းတစ်ပုဒ်ရေးပြီးရင် သူတို့တွေနဲ့ အရင်စမ်းဆိုကြည့်တယ်။ ပြီးတော့ သူတို့အတွက်ကိုလည်း စဉ်းစားပြီးတော့ ရေးပေးဖြစ်တယ်။
ပရိသတ်ကို ပြောချင်တာက ကျွန်တော့်ရဲ့  "ဆောင်းသို့ တမ်းချင်း" အခွေကို သွင်းထားတာ ဆယ်နှစ်ကျော်လောက်တော့ ရှိပြီ။ အဲဒါလေး ထွက်ဖို့ရှိတယ်။ အကုန်လုံး ပြီးသွားပြီ။ အဲဒီမှာ "မောင့်လပြည့်ဝန်း" သီချင်းကို Version အသစ်နဲ့ ၉မိနစ်ကျော်စာ ပြန်ဆိုပေးထားတယ်။ ဒီနှစ်ထဲမှာ မဟုတ်ရင်တောင် နောက်နှစ်ထဲလောက်မှာ ပရိသတ်လက်ထဲ အရောက်ထည့်ပေးမှာပါ။ ဒီအချိန်ထိ ကျွန်တော့်ကို အားပေးနေကြတဲ့ ပရိသတ်ကြီးကိုတော့ ကျေးဇူးအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
-------The End-------
Credit- Welcome to Rock 'n' Roll
•••မောင့်လပြည့်ဝန်း •••
ရေး - ကိုနေဝင်း
ဆို - စိုင်းထီးဆိုင်
ဒီတစ်ညမှာ မြင်ရခဲ့တဲ့ မောင့်လပြည့်ဝန်း
သာလွန်းတဲ့ အရင်တစ်ညက မောင့်လပြည့်ဝန်း
အမှောင်ညကို စွန့်သွားခဲ့ မောင့်လပြည့်ဝန်း
ကွယ်လွန်ခြင်း ကမ္ဘာတစ်ဖက်မှာ ကျန်ရစ်သူ မျက်ဝန်းမှ မျက်ရည်လည် အမှောင်ဆုံးညတွေ ဘယ်မှာဆုံးမလဲ မတွေးဝံ့တော့ဘူး မတွေးတတ်တော့ဘူး
ချစ်၍စွန့်သွားတဲ့ မင်းကို ဩော် စွန့်၍ချစ်သွားမယ်လေ ဒီလူသားသစ္စာ ကမ္ဘာတည်သရွေ့လေ ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသည်ကြောင့်လည်း ဒီဝဋ်ကြွေးမကုန်ခန်းသရွှေ့လေ လည်စင်းခံဆပ်မယ်မေ သို့လေသော်လည်း ဒီလူနဲ့တူသောအကျိုးမျိုး မင်းတစ်ယောက်ကင်းလွတ်ဝေးပါစေ
ဒီတစ်ညမှာ မြင်ရခဲ့တဲ့ မောင့်လပြည့်ဝန်း
သာလွန်းတဲ့ အရင်တစ်ညက မောင့်လပြည့်ဝန်း
အမှောင်ညကို စွန့်သွားခဲ့ မောင့်လပြည့်ဝန်း
အလည်လွန်ခြင်း ကမ္ဘာတစ်ဖက်ကို ထွက်သွားသူ
တဖက်စွန်းမှ တစ်သက်နေလည်း အချိုဆုံးစကားတွေ ဘယ်မှာဆုံးမလဲ မမေးဝံ့တော့ဘူး ဩော်မမေးတတ်တော့ဘူး
ချစ်၍စွန့်သွားတဲ့ မင်းကို ဩော် စွန့်၍ချစ်သွားမယ်လေ ဒီလူသားသစ္စာ ကမ္ဘာတည်သရွေ့လေ ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသည်ကြောင့်လည်း ဒီဝဋ်ကြွေးမကုန်ခန်းသရွှေ့လေ လည်စင်းခံဆပ်မယ်မေ သို့လေသော်လည်း ဒီလူနဲ့တူသော အကျိုးမျိုး မင်းတစ်ယောက်ကင်းလွတ်ဝေးပါစေ ဩော်
နယ်ကျွံခြင်း ကမ္ဘာအပျက်မှာ တဖက်သားလူ ခက်လွန်းမက အခက်ပွေလည်း အငိုဆုံးမှလေ ပြန်လာဦးမလား မပြောတတ်တော့ဘူး ဩော် မပြောအပ်တော့ဘူး
ချစ်၍စွန့်သွားတဲ့ မင်းကို ဩော် စွန့်၍ချစ်သွားမယ်လေ ဒီလူသားသစ္စာ ကမ္ဘာတည်သရွေ့လေ
ဒီလူသားသစ္စာ ကမ္ဘာတည်သရွေ့ပါပဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...