Friday, February 5, 2016

ဈေးထဲဖြတ်လျှောက်သူ ခင်မောင်ညို (ဘောဂဗေဒ)



(၁)
ကျွန်တော့်အကျင့်တစ်ခုက စာမရေးချင်ရင် တစ်လနှစ်လလောက်ကြာတာတောင် တစ်ပုဒ်မှ မရေး၊ ရေးချင်ရင် တစ်နေ့ထဲ နှစ်ပုဒ်၊ သုံးပုဒ်ရေးတာ။ အခုလည်း လနဲ့ချီပြီး စာမရေးပဲနေရာက ပြန်ရေး။ အယ်ဒီတာများကလည်း ပူပူနွေးနွေးကောက်ထည့်လာကြတော့ ကိုယ်ကလည်း မြန်မြန်ရေးရတယ်။ ဖတ်စရာတွေ၊ ဖတ်ထားတာတွေက ရှိနေလေတော့ ရေးစရာတွေက အမြဲရှိနေတာပါ။
ဒုတိယပြောချင်တာတစ်ခုက ကျွန်တော်ဟာ ကိုယ်လေ့လာထားသမျှ ပြန်လည်ဝေမျှသူ ဖြစ်ပါတယ်။ လက်တွေ့သမား မဟုတ်ပါဘူး။ ဒီတော့ လိုတာယူ၊ မလိုတာပယ်ဖို့ပါ။ တလောက ဟောပြောပွဲတစ်ခုမှာ၊ လက်တွေ့သမားက ငါးသိန်းတန်တဲ့ သင်တန်းပေးမယ်။ စာဖတ်ပြီးမေးတဲ့ သင်တန်းက ငါးသောင်းပဲတန်တယ်ဆိုတဲ့ သဘောမျိုးပြောဖူးတယ်။ ကျွန်တော်က ငါးသောင်းတန်ပါလို့ နောက်ခဲ့ဖူးပါတယ်။ တကယ်တော့ ကျောင်းဆရာဆိုတာက ကိုယ်သိထားတာလေးတွေ၊ စေတနာအလျောက်၊ ဖြန့်ဝေပေးနေတာပါ။ ရလည်း ရပေါ့။ မရလည်း လိုချင်တဲ့သူကိုပေးဖို့ ၀န်မလေးတဲ့သူမို့၊ ငါးသောင်းတန်ဆရာမဟုတ်၊ အလကားဆရာလို့ ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။
 
(၂)
အခုတလော ကျွန်တော် “ဈေးကွက်ရဲ့မာယာ” တွေကို စိတ်ဝင်စားနေမိတယ်။
ဥပမာ-ဈေးတက်တာကြတော့ မြန်တယ်။ ဈေးအချကျ နှေးတယ်၊ ဘာဖြစ်လို့လဲ?။ ဈေးတက်ရင် ၀ယ်မစားကြနဲ့လို့ အကြံပေးတာတစ်ခု ကြားရတယ်။
ဝယ်မစားပဲနေလို့ဖြစ်သလား?
ကိုယ်ဝယ်မစားရင်လည်း တခြားသူတွေက ၀ယ်စားနေကြတာမဟုတ်လား?
တခြားအစားထိုးစရာ၊ ရောင်းသူ-ထုတ်လုပ်သူရှိသလား?
ရောင်းသူ-ထုတ်လုပ်သူတွေက အပြိုင်အဆိုင် ဈေးတင်တတ်သလား။ အပြိုင်အဆိုင်ဈေးချလာတယ်။ ကျွန်တော်တို့ရဲ့ ဈေးကွက်ဆိုတာ၊ တကယ့်အခြေခံလေးပဲ ရှိသေးတယ်။
ပြီးတော့ အရည်အသွေးတို့၊ စံချိန်စံညွှန်းတို့ထက်၊ ၀င်ငွေနည်းတဲ့သူတွေက ဈေးနှုန်းကို ပိုပြီးအလေးထားတတ်ကြတယ် မဟုတ်လား။ တဘက်မှာ ၀င်ငွေမြင့်လာရင် အရည်အသွေးတို့ ကျန်းမာရေးတို့ကို ပိုပြီး ဂရုစိုက်လာကြတယ်။
ဒါပေမယ့် သဘောကျစရာ ကောင်းတာက ဈေးသက်သက်သာသာနဲ့ အရည်အသွေးကောင်းကောင်း၊ ၀န်ဆောင်မှုကောင်းအောင် လုပ်ပေးနိုင်တဲ့ လုပ်ငန်းတွေ ရှိတယ်။
အခုတလော၊ ကျွန်တော်လမ်းလျှောက်ရင်း၊ နံနက်စာစားစရာ ဆိုင်တွေနဲ့ ရန်ကင်းဈေးထဲကို အရောက်အပေါက်များတယ်။
ကျွန်တော်ကြိုက်တဲ့၊ တော်တော်များများလည်း သဘောကျကြတဲ့ နံနက်စာပဲရောင်းတဲ့၊ မုန့်တီဆိုင်ဆို အမြဲတမ်းလူစည်ကားတယ်။ သူများနဲ့ မတူတာတွေ ရှိပေမယ့် သိပ်ခက်ခဲတဲ့ ကိစ္စတွေမဟုတ်ဘူး။
ရန်ကင်းဈေးထဲက မြန်မာမုန့်ဆိုင်ဆို ငချိတ်ပေါင်း၊ ဆီထမင်းစတဲ့ စားစရာတွေကို ၂၀၀ိ/-ဖိုးလောက်ကစပြီး ရောင်းပေးတာ အတော်တန်းစီ စောင့်ရတယ်။
တက္ကသိုလ်ရိပ်မွန်ထိပ်က ဂျာနယ်နဲ့ အသုပ်ရောင်းတဲ့ဆိုင် ကျဉ်းကျဉ်းလေးဆို အတော်စောင့်ပြီး စားရတဲ့ ဆိုင်ထဲမှာပါတယ်။
ပြောင်းပြန်ပြောရရင် တစ်နေ့က- ကျွန်တော်တို့ နံနက်စာသွားစားကြည့်တဲ့ဆိုင်ဆို စားပွဲတွေ၊ စားပွဲထိုးတွေ အများကြီး၊ လက်ဖက်ရည်ကောင်းတယ်၊ တခြားစားစရာတွေမှာတာ အဆင်မပြေဘူး။ အသားကနူးမနေဘူး၊ အရသာနည်းနည်းငံတယ်၊ ပြီးတော့ အိမ်သာအဆင်မပြေဘူး။ ဆိုင်ကထတဲ့အခါ ကျွန်တော်တို့ အားလုံးရဲ့ ဆုံးဖြတ်ချက်က နောက်ထပ်လာမစားတော့ဘူးဆိုတာပါပဲ။
ကော်ဖီကြိုက်တဲ့သူတွေအတွက် ရန်ကုန်မှာ လူကြိုက်များတဲ့ ကော်ဖီမှုန့်ဘယ်နှစ်မျိုးရှိသလဲ။
အခုတလော၊ ကျွန်တော် ထမနဲစားချင်လို့ လိုက်ရှာတာ တစ်ဆိုင်ပဲ တွေ့တယ်။ သိပ်သဘောမကျဘူး။ မန္တလေးက တပည့်တွေက ပို့ပေးမယ်ပြောတယ်။ အစားတစ်လုပ်အတွက် ဒီလောက်ဒုက္ခမခံချင်ဘူး။
(၃)
နောက်ဆိုရင် မုန့်ဟင်းခါးတို့၊ မုန့်တီတို့၊ ထမနဲတို့ကို နိုင်ငံခြားက ၀ယ်စားရတော့မှာလား။
တရုတ်ဈေးကွက်၊ အိန္ဒိယဈေးကွက်၊ အာဆီယံဈေးကွက်တွေအကြောင်း ပြောနေချိန်မှာ မြန်မာဈေးကွက် (၅၁)သန်းဆိုတာ မေ့ထားလို့မရဘူး။
ရပ်ကွက်ဈေးကွက်၊ မြို့နယ်ဈေးကွက်လောက်တောင် မလွှမ်းမိုးနိုင်ကြတာ သူများကြောင့်မဟုတ်ဘူး။ မုန့်တီဆိုင်၊ လက်ဖက်ရည်ဆိုင်၊ နံနက်စာရောင်းတဲ့ဆိုင်၊ မြန်မာမုန့်ရောင်းတဲ့ဆိုင်တွေတောင်မှ၊ လုပ်စရာတွေ၊ လုပ်နိုင်စရာတွေ အများကြီးရှိသေးတယ်။ အရင်းအနှီးရှိပါလျက်နဲ့ မလုပ်တာ၊ မလုပ်သေးတာတွေ အများကြီး ကျန်နေသေးတယ်။
စားသုံးသူ အနေနဲ့ ပြောရရင်၊ လူမျိုးမရွေး၊ ဘာသာမရွေး ကုန်ပစ္စည်းကောင်းရင်၊ ၀န်ဆောင်မှုကောင်းရင်၊ ပိုက်ဆံပေးရကျိုးနပ်ရင် အားပေးမယ့် စားသုံးသူတွေ မှားသလား?

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...