Wednesday, February 3, 2016

လှထုံနှင့် သိုက်ကြိုးဖြတ်ဆေး

မင်းလူ၏အနုပညာရပ်ဝန်း

လူဝင်စားကိစ္စပြီးပြီ အောက်မေ့တာ လှထုံက မကျေနပ်သေး။ အသုပ်ဆိုင်စကားဝိုင်းမှာ သူ့ကိုယ်သူ လူဝင်စားဖြစ်တယ် ထင်ကြောင်း ပြောသည်။ ထိုအခါ ဟုတ်နိုင်တယ်၊ မဟုတ်နိုင်ဘူး ၀ိုင်းပြီးဝေဖန်ကြသည်။ နောက်ဆုံးတော့ မပွေးက
"ဒါမျိုးဆိုတာ နားလည်တတ်ကျွမ်းတဲ့လူမှ ခွဲခြားပြောနိုင်မှာ"
ဟု ဆိုကြသည်။ ထို့ကြောင့် ဒေါ်အေးကြွယ်၏လမ်းညွှန်မှုအရ ဂိုဏ်းဆရာကြီးဆိုသူတစ်ဦးထံ ရောက်သွားသည်။

ဒါမျိုး လာလို့ကတော့ အဘတို့အကြိုက်ပေါ့။ စပြောကတည်းက လူဝင်စားဟုတ် မဟုတ်စစ်ပေးပါ ဆိုတော့ ဟဲ ဟဲ တချို့အထူးကု ဆေးခန်းကြီးတွေလိုပေါ့။
ငွေကုန်ကြေးကျခံ စစ်ဆေးပြီးမှ ဘာရောဂါမှမတွေ့ဘူးဆိုရင် အားနာစရာကြီး။ ပြီးတော့ ဘာမှမလုပ်ဘဲ ငွေညာယူတာလား၊ ရောဂါရှာဖွေရေးပညာ ညံ့လို့လား အထင်သေးခံရနိုင်သည်။ ဒီတော့ နှလုံးနည်းနည်းကြီးနေတယ်။ အသည်း နည်းနည်းယောင်နေတယ်။ သွေကြော နည်းနည်းကျဉ်းနေတယ်။ ဆေးခန်းမှာ တစ်ပတ်လောက်နေပြီးမှ အနားယူ ကုသလိုက်ရင် ကောင်းသွားမယ်၊ လေအေးစက်၊ ရေခဲသေတ္တာ၊ ဂြိုဟ်တုစလောင်း တပ်ဆင်ထားတဲ့ အထူးစပယ်ရှယ်အခန်းမှာ တက်မယ်ဆိုရင် အိမ်သာ အခမဲ့အသုံးပြုခွင့်ရမယ်။ နောက်တစ်ကြိမ် ဆေးရုံတက်လာတဲ့အခါ အသုံးပြုနိုင်တဲ့ ဒစ္စကောင့်ကူပွန်လည်း ပေးပါတယ်ပေါ့။
ခုလည်း ဒီလိုပဲလေ ခမျာ လူဝင်စားများလားလို့ အရမ်းသိချင်နေတာ။ ဒီတော့ ဆန္ဒပြည့်ဝအောင် ကူညီရမှာပေါ့။
"ကဲ... ကလေးမ၊ တင်ပျဉ်ခွေထိုင်လိုက်၊ လက်နှစ်ဖက်ကို ဒူးပေါ်တင်၊ လက်ဖ၀ါးတွေကိုဖြန့်ထား၊ လက်ချောင်းတွေ ပူးထား" ထို့နောက် ဆရာကြီးက တစ်ပေလောက်ရှိသော ကြေးဝါချောင်းကြီးဖြင့် ကြမ်းပြင်ကို တဒေါက်ဒေါက်ခေါက်ရင်း..
"လူဝင်စားဆိုရင် လက်ချောင်းတွေကို ခွဲပြစမ်း၊ ခွဲပြစမ်း" ဟု အမိန့်ပေးသောလေသံဖြင့် ပြောသည်။
လှထုံမှာ နဂိုကတည်းက လူဝင်စားလို့ သူ့ကိုယ်သူထင်နေခဲ့ပြီးသားဖြစ်တာကတစ်ကြောင်း၊ ဆရာကြီးက အဟိတ် အဟန့် မှင်မောင်းကောင်းတာကတစ်ကြောင်း၊ တစ်ချက်တစ်ချက်မှာ စိတ်မရှည်နိုင်သလို ကြေးဝါချောင်းကြီးကို ကြမ်းပေါ်ကို ဒုန်းခနဲ ဒိုင်းခနဲ ဆောင့်ချလိုက်တာကလည်း အသည်းထိတ်စရာဖြစ်နေတာကတစ်ကြောင်းတို့ကြောင့်
၃မိနစ်အကြာမှာပဲ လက်ချောင်းများသည် တဖြည်းဖြည်းပြန့်ကားကွဲထွက်လာလေသည်။ ဆရာကြီးလည်း ခေါင်းတညိတ်ညိတ်လုပ်ရင်း
"ဟုတ်တော့ဟုတ်နေပြီ။ ကိုင်း.. ဘယ်ဘ၀ကလာသလဲ သိရအောင် အဘအာရုံယူကြည့်လိုက်ဦးမယ်"
ဆိုပြီး မျက်စိကိုမှိတ်၍ သမာဓိတည်ဆောက်သလို လုပ်နေ၏။ တစ်ချက်တစ်ချက်မှာ
"ဟင်... ဟင်.... ဘာတဲ့ ဟုတ်လား"
ဟု ရေရွတ်လိုက်သေးသည်။ ၅မိနစ်ခန့်အကြာတွင် မျက်စိပွင့်လာပြီး သူ မြင်တွေ့ရသောအချက်ကို ပြောပြလေ၏။
"တကယ်တော့ ကျွန်မဟာ သိုက်ကလာတာတဲ့ ကိုကျော်ကွန့်ရေ"
ဟု လှထုံက ပြောသောအခါ ကျော်ကွန့် ဟိုက်ခနဲဖြစ်သွား၏။ သူသည် ဒီလိုကိစ္စမျိုးတွေကို ယုံတယ်လည်းမဟုတ်။ မယုံဘူးလည်းမဟုတ်။ တစ်စုံတစ်ယောက်က ကိုယ်တွေ့လိုလို ဘာလိုလို အချက်ကျကျပြောလျှင် ဟုတ်နိုးနိုးထင်သည်။ သိပ္ပံ နည်းကျကျ ယုတ္တိနည်းကျကျပြတဲ့လူမျိုးနှင့်တွေ့ပြန်တော့လည်း ဟုတ်သားပဲ..ဒါတွေဟာ အယူသီးမှုတွေပါ ဆိုပြီး ဖြစ်သွားပြန်ရော။
အခုကိစ္စမှာတော့ လှထုံတစ်ယောက် စိတ်အစွဲအလမ်းဖြစ်နေတာပဲဆိုတာ ရိပ်မိသည်။ သို့ရာတွင် လှထုံကတော့
"မ၀ိုင်းစိန်သိုက်ကလာတာလို့ပြောတယာ်။ ညီအစ်မခုနစ်ယောက်ရှိရာမှာ မ၀ိုင်းစိန်က အကြီးဆုံး၊ ကျွန်မက အငယ်ဆုံး အထွေးဆုံး၊ နာမည်က မသက်ပန်တဲ့။ အဲဒါ လူ့ဘ၀ကို ခဏသွားလည်ချင်တယ်လို့ ကျွန်မက ပူဆာတာ။ အစ်မတွေက စိတ်မချလို့ မလွှတ်ချင်ဘူး။ ကျွန်မက မသွားရရင် အစာမစားတော့ဘူးလို့ အကျပ်ကိုင်တော့မှ လွှတ်လိုက်ရတာ။ ဒါပေမဲ့ ကတိဝန်ခံချက် တစ်ခုတော့ ပေးခဲ့ရတယ်။ အသက်၃၀ပြည့်ရင် ပြန်လာပါ့မယ်ဆိုတဲ့ကတိပေါ့။ အင်း... ဒါကြောင့် ခုတစ်လောကျောက်ဂူကြီးတစ်ခုထဲ ရောက်ရောက်သွားတယ်လို့ အိပ်မက်မက်တာ ထင်ပါရဲ့။ အဲဒါ ကျွန်မကို သိုက်ကိုပြန်ခေါ်ဖို့ ကြိုတင်သတိပေးတာလား မသိဘူး"
လှထုံက ခံစားချက်အပြည့်နှင့်ပြောနေသည်။ ကျော်ကွန့်ပင်လျှင် သိသိကြီးနှင့်ရောယောင်ပြီး ငေးကြည့်နေမိ၏။
"အဘဆရာကြီးကတော့ သိပ်စိတ်မပူပါနဲ့လို့ပြောတယ်။ သိုက်ကြိုးကို သူဖြတ်ပေးနိုင်ပါတယ်တဲ့။ အဲဒါ ပွဲထိုးဖို့ရယ်၊ ဆေးဖယောင်းတိုင်ရယ်၊ အင်းချဖို့ရယ်... ကျွန်မ ကိုယ်ပွားရုပ်တုလုပ်ဖို့ရယ် ငွေနှစ်သောင်းလောက် ကုန်မယ်လို့ပြောတယ်"
"နှစ်သောင်း...."
ဒီတော့မှ ကျော်ကွန့်ဆီက အသံခုန်ထွက်လာသည်။ သူ့မှာ ငွေနှစ်သောင်းကို လုံးခနဲ ခဲခနဲထုတ်ဖို့ ဘယ်ရှိပါ့မလဲ။ ကြံဖန်ရှာလို့ရတယ်ထားဦး။ ဒါဟာ သက်သက်လိမ်ညာပြီး အကြံအဖန်လုပ်တာပဲ။ အလကားပါဟာ ယုံမနေပါနဲ့လို့ပြောလို့လည်း လှထုံက လက်ခံမှာမဟုတ်။ ထို့ကြောင့်
"လောလောဆယ် ငွေနှစ်သောင်းရှာဖို့က မလွယ်ဘူးလေ။ နင် အသက်၃၀ပြည့်ဖို့ကလည်း ၆လလောက် လိုသေးတာပဲ ဒီကြားထဲမှာ ကြည့်လုပ်ကြတာပေါ့"
ဟု မရေမရာပြောပြီး အချိန်ဆွဲဖို့ ကြိုးစားကြည့်သည်။ လှထုံ သွေးအေးသွားမှ ဖျောင်းဖျကြည့်မယ် စိတ်ကူးသည်။ သို့ရာတွင် လှထုံက
"ဒီလို ပေါ့ပေါ့ပြောလို့မရဘူးနော်။ သူတို့က မစောင့်နိုင်တော့လို့ အသက်၃၀မပြည့်ခင် စောစောစီးစီးအရင် ဦးအောင် လိပ်ပြာလာနုတ်သွားရင် ဘယ်လိုလုပ်မလဲ"
ဒီနောက်မှာတော့ လှထုံသည် အိပ်မက် မကြာခဏမက်တော့သည်။ ရှေးခေတ်မင်းသမီးတွေလို နန်းဝတ်နန်းစားတွေ ဆင်မြန်းရတာမျိုး၊ မိန်းမတစ်ယောက်က သူ့လက်ကိုဆွဲပြီး အတင်းခေါ်နေသဖြင့် လွတ်အောင်ရုန်းပြီး ထွက်ပြေးရတာမျိုး၊ ကျောက်ဂူကြီးထဲမှာ ရွှေ၊ ငွေ လက်ဝတ်လက်စားတွေ၊ ရတနာသေတ္တာကြီးမြင်ရတယ်ဆိုတာမျိုး။
ကျော်ကွန့်မှာလည်း အတော်ဦးနှောက်စားနေရ၏။ လှထုံကလည်း ပြက္ခဒိန်ကို မကြာခဏလှန်လှန်ကြည့်နေသည်။ တစ်ရက် ကျော်ကွန့်က အလုပ်ကအပြန် လမ်းမှာ ဦးဖိုးဗြော့နှင့်သွားဆုံသည်။
"ဟေ့ကောင် ကျော်ကွန့်... ၀ါကျွတ်တော့မယ်နော်။ ဆွမ်းတင်ဖို့မမေ့ကြနဲ့ဦး"
ဟု ဦးဖိုးဗြော့က သတိပေးသည်။ သူက ဦးရှင်ကြီးတင်တဲ့ကိစ္စလည်း လုပ်တတ်တာကိုး။ ဒီမှာတင် ကျော်ကွန့် စိတ်ကူးတစ်ခုရသည်။ လှထုံကိစ္စအတွက် ဦးဖိုးဗြော့ကို အကူအညီတောင်းဖို့ပင်ဖြစ်၏။ ဒီအဘိုးကြီးနဲ့ဆိုရင်တော့ ငါးရာ တစ်ထောင်လောက်နဲ့ ကိစ္စပြီးနိုင်သည်။ သို့ရာတွင်
"ဒီကိစ္စမျိုးက မလွယ်ဘူးကွ။ သူ့ဘက်ကိုယ့်ဘက် ပညာပြိုင်ရတာ။ နောက်ဆုံးအချိန်မှာ သူနိုင် ကိုယ်နိုင် အကြိတ်အနယ် လုရတဲ့အခါ ကာယကံရှင်အတွက် အန္တရာယ်ကြီးတယ်။ အခန့်မသင့်ရင် ဆောင်ရွက်စီမံပေးတဲ့လူကိုပါ ထိခိုက်တတ်တယ်။ ငါ အာမ မခံရဘူး"
ဟု ဦးဖိုးဗြော့က အင်တင်တင်လုပ်နေသည်။ ပြီးတော့ လှထုံကလည်း သူ့ကို အထင်မကြီးလှ။
"ဦးလေးဗြော့က သိပ်မစွမ်းလှပါဘူး။ သူ ကူညီနိုင်မှာမဟုတ်ဘူး။ ဒေါ်ပွင့်ကြီးကိစ္စတုန်းကတောင် ဘာမှ မတတ်နိုင်ဘဲနဲ့
ဟု ထောက်ပြသည်။ ထိုစကားသည် ကျော်ကွန့်အတွက် အကြံကောင်းတစ်ခုရရှိသွားစေသည်။
တစ်ခါတုန်းက အပျိုကြီးဒေါ်ပွင့်သည် စိတ်ကယောင်ချောက်ချားဖြစ်ရာမှ သရဲပူးသလိုလို ဘာလိုလိုနှင့် "ငါ့ကို ဘာမှတ်လဲ"ဟု အော်ဟစ်ပြီး ဆူပူသောင်းကျန်းနေခဲ့ဖူးသည်။ ဘယ်လိုမှ ထိန်းသိမ်းဖျောင်းဖျလို့မရ။ ဦးဖိုးဗြော့တော့ နားလည်မှာပဲ ဆိုပြီး သွားခေါ်သည်။
ဦးဖိုးဗြော့က ဒေါ်ပွင့်ရှေ့မှာ ဟန်နဲ့ပန်နဲ့ထိုင်ပြီး ဟိန်းလိုက်ဟောက်လိုက်လုပ်သည်။ ဒေါ်ပွင့်က ဖြုံတောင်မဖြုံဘဲ
"သေချင်းဆိုးကြီး...ရှူနာရှိုက်ကုန်းကြီး...ငါ့ကို ဘာမှတ်သလဲ"
ဟု ပြန်အော်သည်။ ဦးဖိုးဗြော့က ရေမန်းတစ်ခွက်တိုက်သည်။ ဒေါ်ပွင့်က ဖန်ခွက်ကိုယူ၍ သောက်မလို့ဟန်ပြပြီးမှ ဦးဖိုးဗြော့မျက်နှာကို ရေမန်းတွေနဲ့ ပက်ထည့်လိုက်လေ၏။
ထိုစဉ်မှာ ဒေါက်တာတုတ်ခိုင်ရောက်လာသည်။ သူလည်း ဘာလုပ်ရမှန်းမသိ။ အပျိုကြီးတွေ ဒီအရွယ်ရောက်လျှင် တစ်ခါတလေ စိတ်ကယောက်ကယက်ဖြစ်တတ်ကြောင်းကိုတော့ သဘောပေါက်သည်။ စိတ်ငြိမ်ဆေးလေး၊ အားဆေးလေး ပေးလိုက်လျှင်ပြီးသည်။ သို့ရာတွင် ခုလောလောဆယ်ကြမ်းနေတာကို ထိန်းချုပ်ဖို့ကျတော့ သိပ်မလွယ်လှ။ လူတွေကလည်း သူ့ကို အားကိုးတကြီးကြည့်နေကြသည်။ အကြံအိုက်နေရာမှ တစ်စုံတစ်ခုကို ဖျတ်ခနဲသတိရလိုက်သည်။
ဒေါ်ပွင့်သည် ဆေးထိုးခံရမှာကို သေမလောက်ကြောက်သည်။ နာမှာစိုးသောကြောင့်တော့မဟုတ်။ ရှက်လို့ဖြစ်၏။ ဆေးခန်းမှာတောင် ရှက်နေတာ။ လူကြားထဲမှာဆိုလျှင် ပိုဆိုးတော့မှာပေါ့ဟု တွေးမိပြီး
"ကိုင်း... ဒါလောက်တောင်ဖြစ်လှတာ သူ့ကို ၀ိုင်းချုပ်ထားလိုက်ကြစမ်း...ဆေးမန်းထိုးရမယ်"
ပြောရင်း နှစ်ဆယ်စီစီဆေးထိုးပိုက်ကို ဆွဲထုတ်လိုက်သည်။ ထိုအခါ ဒေါ်ပွင့်က
"မလိုဘူး၊ ဆေးမန်းမထိုးဘူး"
ဟု အကျောက်အကန်ငြင်းသည်။
"မထိုးချင်ရင် အခု ထွက်သွားစမ်း"
ဒေါက်တာတုတ်ခိုင်က ခပ်ငေါက်ငေါက်အမိန့်ပေးလိုက်တော့မှ ဒေါ်ပွင့်လည်း ၀ါးခနဲ သမ်းလိုက်ပြီး
"စောစောက ဘာဖြစ်သွားတာလဲ။ ဟင်... လူတွေလည်း အများကြီးပဲ"
ဟု ဘာမှမသိခဲ့ဟန်ဖြင့်ပြောပြီး အကောင်းပကတိဖြစ်သွား၏။ ထိုကိစ္စကြောင့် ဒေါက်တာတုတ်ခိုင်မှာ ပယောဂလည်း နိုင်တယ်ဆိုပြီး နာမည်ကြီးခဲ့သေးသည်။
အခုလှထုံကိစ္စမှာလည်း ဒါမျိုးလုပ်လျှင် ဖြစ်နိုင်သည်ဟု ကျော်ကွန့်တွေးမိသည်။ ထို့ကြောင့် ဒေါက်တာတုတ်ခိုင်ဆီမှာ သိုက်ကြိုးဖြတ်ဆေးရှိကြောင်း၊ အဲဒီဆေးထိုးလိုက်လျှင် ကောင်းသွားမှာဖြစ်ကြောင်းပြောတော့ လှထုံက
"ဟုတ်လား... စွမ်းကောစွမ်းပါ့မလား ကိုကျော်ကွန့်ရယ်"
ဟု မယုံမရဲမေးသည်။
"မစွမ်းဘဲနေပါ့မလား၊ နင် မှတ်မိတယ်မဟုတ်လား။ ဟိုတစ်ခါ ဒေါ်ပွင့်ကြီး သရဲဝင်ပူးတုန်းကလေ။ ဆရာက ဆေးမန်းနဲ့ထိုးမယ်ပြောတော့ တစ်ခါတည်း လန့်ပြေးတာလေ။ ဒါတောင် တကယ်မထိုးရသေးဘူး။ ဆရာရဲ့ အဟိတ်အဟန့်နဲ့ သီလသမာဓိကလည်း ရှိသေးတာကိုးဟ။ အမယ် အခု ငါပြောတဲ့ သိုက်ဖြတ်ဆေးကလည်း လွယ်လွယ်ရတယ်မထင်နဲ့။ ထိုးဆေးပုလင်းကို ကန်တော့ပွဲထဲမှာထားပြီး ၇ရက်တိတိသက်သတ်လွတ်စား၊ ဥပုသ်စောင့်ပြီး အဓိဌာန်ဝင်ထားရတာသိလား"
လှထုံစိတ်ထဲ ပိုပြီးအထင်ကြီးသွားအောင် ဆင်လုံးတွေထည့်ပြောရသည်။ ပတေးတို့ ဖိုးနီတို့ကိုလည်း ၀ိုင်းကူပြီး လှော်ခိုင်းရသည်။ မောင်ဝကိုလည်း ကူညီပြီး လှိပ်ပေးဖို့ပြောကြည့်သေးသည်။ မောင်ဝက
"ဒီကိစ္စလောက်ကတော့ ဒေါက်တာတုတ်ခိုင်ကို အပူကပ်မနေစမ်းပါနဲ့ကွာ။ ငါ့တာဝန်ထား၊ အဲဒီ ဥစ္စာစောင့်မတွေ ငါ နားရင်းတစ်ချက်စီလောက် အုပ်ထည့်လိုက်တာနဲ့ တန်းနေအောင်ပြေးမှာပါ"
ဆိုသဖြင့် သူ့ကို တာဝန်မပေးရဲတော့။
ဒေါက်တာတုတ်ခိုင်သည် အစပိုင်းမှာတော့
"ဟာကွာ ဆရာဝန်ဆိုတာ လူနာကိုလိမ်ညာပြီး ဆေးမထိုးကောင်းဘူးကွ"
ဟု ပြောသေးသည်။
"ဆရာကလည်း ဒေါ်ပွင့်ကြီးကိစ္စတုန်းကကျတော့ကော"
"ဒါက အရေးပေါ်မို့မဖြစ်မနေလုပ်လိုက်ရတာကိုး။ ပြီးတော့ တကယ်လည်း ဆေးထိုးဖြစ်တာမှ မဟုတ်ဘဲ"
"ဆရာပဲ တစ်ခါက ပြောဖူးတယ်လေ၊ ဆရာဝန်တစ်ယောက်အတွက် လူနာရောဂါပျောက်အောင် ကုဖို့က အဓိကတာဝန်ပဲဆို"
ဟု အကြောင်းပြတော့မှ (အန္တရာယ်ရှိသောကိစ္စလည်း မဟုတ်သဖြင့်) သဘောတူလိုက်ရသည်။
လှထုံကို ဘားပလက်နှင့်ဘီတွဲနှစ်မျိုးစပ်ပြီး ၃ရက်ဆက်တိုက်ထိုးပေးလိုက်သည်။ အမယ် လှထုံက ပြောသေးသည်။
"သိုက်ကြိုးက တော်တော်ခိုင်တယ် ထင်တယ်နော်။ သိုက်ဖြတ်ဆေး ထိုးတော့ တအားနာတာပဲ"
********************************
လှထုံနှင့် တို့ဆေး
-------------------
လှထုံသည် ဈေးသွားဖြစ်စေ၊ ဈေးပြန်ဖြစ်စေ မပွေးဆိုင်ကို ၀င်တတ်သည်။ ဒီနေ့တော့ ဗိုက်ဆာနေသဖြင့် ဈေးအသွားမှာဝင်မည်ဟု စိတ်ကူးထားသည်။ ကျောင်းပိတ်ရင်ဖြစ်သောကြောင့် မောင်ကျော်လှက သူလည်း လိုက်ချင်တယ် ပြောသည်။
"လိုက်ချင်ရင် မြန်မြန်လုပ်၊ အီလေးဆွဲမနေနဲ့"
လှထုံက စိတ်မြန်လက်မြန်ရှိသော်လည်း ကျော်ကွန့်က လှုပ်ရှားသွားလာရာမှာ နှေးကွေးလေးလံသည်။ အပြင်တစ်ခါထွက်ဖို့ကို အထဲဝင် အပြင်ထွက် တော်တော်နှင့်မပြီးနိုင်။ မောင်ကျော်လှလည်း သူ့အဖေအတိုင်းပဲ မနက် အိပ်ရာက မြန်မြန်မထချင်။ မျက်နှာသစ် သွားတိုက်တာကိုက အတော်ကြာသည်။ ဆောင်းတွင်းဆို ပိုဆိုးသည်။ အေးစက်နေသော ညသိပ်ရေကို ထိရကိုင်ရမှာ ရွံပြီး နှောင့်နှေးနေတတ်သည်။ ဒီလိုနဲ့ကျောင်းနောက်ကျခဲ့ပေါင်းလည်း မနည်းတော့။
ခုလည်း သွားပွတ်တံကြီး ပါးစပ်ထဲထိုးထည့်ထားရင်းက စာကလေးတွေ အစာကောက်တာကို ငေးကြည့်နေသည်။
"ဟဲ့...မြန်မြန်...မြန်မြန်"
ဟု လှထုံက သတိပေးမှ သွားဆက်တိုက်သည်။ မျက်နှာသစ်ပြီးတော့ လဲစရာ ဘောင်းဘီ ရှာနေတာကလည်း စိတ်မရှည်ချင်စရာ။ သွားကြတော့မယ်လို့ထွက်လာပြီးမှ အိမ်ပေါက်ဝရောက်တော့
"ဟာ.. ဗိုက်နာလာပြီ အမေရာ၊ အိမ်သာတက်လိုက်ဦးမယ်၊ ခဏလေးစောင့်နော်"
ဆိုပြီး နောက်ဖေးဘက် ပြန်ဝင်ပြေးသည်။
"နင်တို့သားအဖနှစ်ယောက်ဟာ အဲဒီအတိုင်းပဲ အရေးထဲဆို ဗိုက်နာပြီး ချေးပါတာကို တော်တော်ဝါသနာပါတယ်"
မောင်ကျော်လှသည်
"အမေ မသွားနဲ့ဦးနော်"
ဟု အိမ်သာထဲက လှမ်းအော်သည်။ လှထုံ စိတ်တိုလာပြီး
"ငါ သွားနှင့်တော့မယ်။ နင့်ဘာသာ ၀အောင်ပါပြီးမှလိုက်ခဲ့တော့။ တကယ်လို့ ဆိုင်မှာ ငါမရှိတော့ရင်လည်း အသုပ်တစ်ပွဲ မှာစားလိုက်။ ငါ နင့်အတွက်ပါ ပိုက်ဆံပေးခဲ့မယ်"
"ပဲကြော်ဖိုးပါ ပေးခဲ့နော် အမေ"
"မရဘူး...ပိုက်ဆံနည်းနေတယ်။ အကြော်မပါဘဲစား"
ဟုပြောပြီး တစ်ယောက်တည်း ထွက်လာခဲ့သည်။ နှုတ်ကလည်း
"တကတဲတော်.. ခပ်ကွင်းပြင်နေတာနဲ့ ရွာသာကြီးရောက်တော့မယ်"
လှထုံကတော့ ဒီအတိုင်းပဲ။ စကားပုံတွေ၊ ဆိုရိုးစကားတွေဟာ သူ့ပါးစပ်ထဲရောက်ရင် တလွဲတွေ ဖြစ်ကုန်တတ်သည်။ သူပြောလေ့ရှိတာတွေကတော့
"လှထုံတို့ကို အထင်မသေးပါနဲ့၊ မြွေမသေ ငွေမရှားပါဘူး"
"သတိထားပါ ကိုကျော်ကွန့်ရယ်၊ လူမသေ တုတ်မကျိုးဆိုတဲ့စကားလည်း ရှိသားပဲ"
"ရှင်နည်းရာ အနဂ္ဂလူထွက်ဆိုတာမျိုး ဖြစ်နေပြီ"
"ဆန်စင်ရာ ကျည်ပွေ့အတက်ပေါက်လို့ ဘယ်ဖြစ်မလဲ"
တစ်ခါကလည်း ကျော်ကွန့်ကို သူ အနိုင်ယူခဲ့ပုံအကြောင်း လူတွေကြားမှာ အားရပါးရ ပြောခဲ့တာကတော့..
ကျော်ကွန်သည် စက်ရုံမှပေးသော ဘောနပ်စ်ငွေကို အကုန်မအပ်ဘဲ လျှိုထားခဲ့သည်။ ပတေးတို့၊ မောင်ဝတို့၊ ဖိုးနီတို့နှင့်အတူ စားကြ သောက်ကြဖို့ ဖယ်ထားခြင်းဖြစ်၏။ ဒါကို လှထုံက ရိပ်မိပြီး ပြဿနာရှာသည်။
"အစပိုင်းမှာတော့ သူက ဘူးခံပြီး ငြင်းသေးတယ်လေ။ ဟင် ဘယ်ရမလဲ၊ ကျွန်မက သူ့ရဲ့ငယ်ပါကို ဖမ်းကိုင်လိုက်တော့ ၀န်ခံရတော့တာပေါ့"
နားထောင်နေကြသူတွေ ဟယ်ခနဲဖြစ်ကုန်ကြသည်။
"လှထုံရယ်...ဘယ်လိုပြောလိုက်တာလဲ"
မလုံးက သတိပေးတော့
"ဟုတ်တယ်လေ၊ ငယ်ပါကိုကိုင်လိုက်တော့ ဘာတတ်နိုင်သေးလဲ"
"ငယ်နိုင်ကို ကိုင်တယ်လို့ပြောရတယ်ဟဲ့၊ နင်နဲ့တော့ ခက်နေပြီ"
ဟု ၀မ်းဆွဲသည်ဒေါ်အေးကြွယ်က ၀င်ပြင်ပေးတော့မှ
"ဟုတ်လား..သိပါဘူး" ဟု စပ်ဖြဲဖြဲ ပြန်ပြောသည်။
ဒီနေ့ အသုပ်ဆိုင်မှာတင်ထားတဲ့တော့ပစ်ကတော့ မှုခင်းဂျာနယ်ထဲမှာပါသောသတင်းနှင့် ပတ်သက်သည်
ခရီးသွားရင်း ခင်မင်သွားသော လူတစ်ယောက် တိုက်တဲ့အအေးပုလင်းကိုသောက်ပြီး အိပ်ပျော်သွား၊ အိပ်ရာကနိုးတော့ အိတ်ထဲက ပိုက်ဆံ၊ နာရီ၊ ဆွဲကြိုး စသည်တို့ မရှိတော့တဲ့အကြောင်း၊
တက္ကစီသမားတစ်ယောက် ခရီးသည်ကျွေးတဲ့ကွမ်းယာကို စားမိရာက မူးနောက်နောက်ဖြစ်လာပြီး ကားကို လမ်းဘေး ထိုးရပ်၊ တစ်ချက်မေ့ခနဲဖြစ်သွားပြီး သတိပြန်ရတော့မှ ကားဆွဲလို့ရတဲ့ငွေတွေပါသွားတာ သိလိုက်ရကြောင်း၊
"အင်း... လူတွေကလည်း စားဝတ်နေရေး ကျပ်တည်းတော့ ကြံမိကြံရာတွေ လုပ်ကြတော့တာပဲနော်"
ဟု မပွေးက မှတ်ချက်ပြုတော့ အပျိုကြီးဒေါ်ပွင့်က
"ဒါကြောင့် ငါတို့တော့ သူများကျွေးတာဆို ဘယ်တော့မှမစားဘူး။ ဟိုတစ်ပတ်က ဂျာနယ်ထဲပါတဲ့သတင်းကို ကြည့်ပါလား၊ တူအရင်းဆိုပြီး စိတ်ချက်လက်ချ ယုံမိတာ၊ အဆိပ်ခတ်သတ်ပြီး ပစ္စည်းတွေ ယူသွားပါရောလား"
"ဒေါ်ပွင့်ကြီးလည်း သတိထားဦးနော်။ အတွင်းပစ္စည်းတွေ ပါသွားဦးမယ်"
မလုံးက ချွန်ပေးလိုက်သည်။
"အမယ်လေး..အတွင်းပစ္စည်းတွေ ဘာတွေလည်းမရှိပါဘူးအေ။ ဟောဒါလေးတောင် အိုစာမင်းစာအတွက် ကုတ်ကတ် ချန်ထားရတာပါ။ အရောင်လက်ရင် အန္တရာယ်ရှိမှာစိုးလို့ သနပ်ခါးနဲ့ပွတ်ပြီး ဖုံးထားရတယ်" ဆိုပြီး ပန်ထားသောစိန်ခြယ်နားကပ်ကလေးကို ကိုင်ပြသည်။
"ကိုယ့်ဟာကိုယ် အိမ်ထဲမှာနေတာပဲဆိုပြီးတော့လည်း စိတ်ချလို့မရဘူး။ ညဘက်ကျတော့ အိပ်မွေ့ချပြီး ၀င်ခိုးချင် ခိုးတတ်တာ"
"အင်း...ဟုတ်မယ်။ တရုတ်သိုင်းကားတွေထဲမှာကြည့်ပါလား၊ ထရံပေါက်ကနေ ၀ါးပိုက်ကလေးထိုးထည့်ပြီး အိပ်ငွေ့တွေ မှုတ်ထည့်လိုက်တာလေ။ တစ်ခါတည်းမူးမေ့ပြီး အိပ်မောကျသွားတော့မှ လိုချင်တာတွေ စိတ်ကြိုက်ရွေးခိုးလို့ရသွားတာပေါ့"
"ဒါကိုကာကွယ်ဖို့က လွယ်ပါတယ်အေ..သံပုရာသီးတစ်လုံးကို ခေါင်းရင်းမှာထားပြီး အိပ်လိုက်၊ အိပ်မွေ့ချလို့ မရတော့ဘူး။ အိပ်ခါနီးရင် ဘုရားရှိခိုးဖို့လည်း မမေ့နဲ့" ဟု ဒေါ်အေးကြွယ်က ၀င်၍ပညာပေးသည်။
"ကျွန်မကတော့ တို့ဆေးပဲကြောက်တယ်"
ရွှေကြည်က ခေါင်းစဉ်တစ်ခုထပ်တင်လိုက်၏။
"ဟုတ်တယ်၊ အဲဒါက ကြောက်စရာအကောင်းဆုံးပဲ၊ တို့ဆေးမိပြီဆိုရင် ဘာမှ မတတ်နိုင်တော့ဘူး"
"တချို့တွေက ဆေးမှုန့်ကို ဆေးပေါ့လိပ်ထဲထည့်ပြီး ဖွာတာ၊ ဆေးလိပ်သောက်သလိုလို ဘာလိုလိုနဲ့ မီးခိုးငွေ့တွေနဲ့ မှုတ်တတ်တယ်။ တချို့ကျတော့ ဆေးကို လက်မှာသုတ်ထားတယ်။ လူကိုတို့လိုက်တာနဲ့ ကြောင်ပြီး သတိလက်လွတ်ဖြစ်သွားတာပဲ။ အဲဒီအခါကျမှ လူပြတ်တဲ့နေရာကိုခေါ်သွားပြီး ပစ္စည်းတွေ ချွတ်ယူတာ၊ တကယ်စွမ်းတဲ့တို့ဆေးမျိုးကျတော့ တကူးတက ချွတ်ယူနေစရာတောင် မလိုဘူး။ အမိန့်ပေးလိုက်တာနဲ့ ကိုယ်ကိုယ်တိုင်က လက်ကောက်တွေ၊ ဆွဲကြိုးတွေ ဖြုတ်ပေးမိတော့တာပဲတဲ့"
ဒေါ်အေးကြွယ်က
"ဒါမျိုးမဖြစ်အောင် ကိုယ်က အမြဲသတိထားနေရတယ်။ သွားတဲ့ လာတဲ့အခါ ဘုရားတရားကို အာရုံပြု၊ တကယ်လို့ တစ်ယောက်ယောက်က ကိုယ့်နားမှာကပ်လာမယ်၊ ဆေးနဲ့လုပ်မယ်လို့ မသင်္ကာရင် ဖုဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယသံ နကမ္မတိ၊ အသောကံ ၀ိရဇံ ခေမံ ဆိုတဲ့ ဂါထာကို ရွတ်လိုက်"
လှထုံက ငေးပြီး နားထောင်နေစဉ် သူ့ကို နောက်ကျောကလာတို့သဖြင့်
"အမယ်လေး ဗုဒ္ဓေါ"
ဟု လန့်ပြီးလှည့်ကြည့်တော့ မောင်ကျော်လှဖြစ်နေသည်။
"ကဲ..နင် စားပြီးအိမ်ပြန်တော့။ လျှောက်လည်း ဆော့မနေနဲ့ဦးနော်"
ဟု မှာထားခဲ့ပြီး ဈေးသို့ ဆက်ထွက်လာခဲ့သည်။ လမ်းရောက်တော့မှ မောင်ကျော်လှကိုပါ စောင့်ခေါ်ခဲ့ရကောင်းသားဟု တွေးမိ၏။ ခုချိန်မှာ အဖော်လေးပါမှ သွားလို့လာလို့ သင့်တော်မယ်။ မသမာသူတွေက ယုံရတာမဟုတ်ဘူး။ ဈေးကိုသွားတဲ့လမ်းမှာ ညောင်ပင်ကြီးနားက လူပြတ်တယ် စသဖြင့် လျှောက်စဉ်းစားနေတုန်း မျက်နှာချင်းဆိုင်ဘက်မှ လူကြီးတစ်ယောက် လာနေတာ တွေ့လိုက်ရသည်။
အသားမည်းမည်း တုတ်တုတ်ခိုင်ခိုင် မျက်နှာက အဆီတွေပြန်လို့။ ပြီးတော့ ဆေးပေါ့လိပ်ကို မီးခိုးထောင်းထောင်း ထအောင် ဖွာလာသည်။ လှထုံ လန့်သွား၏။ အနားရောက်လာသောအခါ မီးခိုးငွေ့တွေကို မရှူမိအောင် အသက်အောင့်ထားလိုက် ရသည်။
လူကြီး ဖြတ်ကျော်သွားပြီး ခပ်လှမ်းလှမ်းရောက်သွားတော့မှ အသက်ကို ၀အောင်ပြန်ရှူရဲသည်။ တော်ပါသေးရဲ့...။ ဒါတောင် ဘေးကဖြတ်အလျှောက်မှာ လူကြီးကတစ်ချက်စိုက်ကြည့်တာ ကြောက်စရာကြီး။ မဖြစ်သေးဘူး၊ မဖြစ်သေးဘူး။ နေ့လယ်ကျရင် ဒေါ်အေးကြွယ်ဆီသွားပြီး ဟိုဂါထာကို သင်ခိုင်းရမယ်။ ဈေးရောက်ရင် သံပရာသီးဝယ်ဖို့မမေ့နဲ့။ ပြီးတော့ အိပ်ငွေ့တွေ မှုတ်ထည့်လို့မရအောင် အိပ်ခန်းဘေးက ထရံအပေါက်တွေကို ဖာခိုင်းရဦးမယ်။
ထိုအခိုက်မှာပင် သူ့ဘေးကို လူတစ်ယောက်ကပ်လာပြီး လက်မောင်းကိုတို့လိုက်သည်။ သူ အငိုက်မိသွား၏။ ကြက်သီးတွေ ဖျန်းခနဲထသွားသည်။ ထို့နောက် တစ်ကိုယ်လုံးထူပူပြီး မျက်လုံးတွေ ပြာသွားသည်။ ပိုက်ဆံအိတ်ထည့်ထားသော ဈေးခြင်းတောင်းကို အလိုအလျောက် ကမ်းပေးလိုက်မိ၏။ ထိုသူသည် ခြင်းတောင်းကို ဆွဲယူပြီးသည့်တိုင် ထွက်မသွားသေးဘဲ ဘေးမှ ကပ်လိုက်လာနေဆဲ။ နားကပ်ကျန်သေးတယ်.. ဖြုတ်ပေးလိုက် ဖြုတ်ပေးလိုက်။
လှထုံသည် နားကပ်ဆီသို့ လက်လှမ်းလိုက်စဉ် ရှေ့မှမိန်းမတစ်ယောက်လျှောက်လာတာကို တွေ့ရသည်။ ထိုမိန်းမကို မြင်ဖူးသည်။ သို့ရာတွင် ဘယ်သူရယ် စဉ်းစားလို့မရ။ ထိုမိန်းမက လှမ်းနှုတ်ဆက်သည်။
"လှထုံ...ဈေးသွားမလို့လား"
လှထုံသည် အာစေးထည့်ထားသလို ဘာမှပြန်ပြောလို့မရ။ ကြောင်ငေးငေးကြီးသာ စိုက်ကြည့်နေမိ၏။
"ဟိုမှာ မေးနေတယ်လေ"
ဘေးမှလူက ပြောသည်။ ကိုကျော်ကွန့်ရဲ့အသံနဲ့တူလိုက်တာ။ ဧကန္တ ကိုကျော်ကွန့်ရဲ့အသံကိုတုပပြီး ဖြားယောင်းသွေးဆောင်....
"ဟဲ့..."
ဘေးမှလူက လှထုံ၏ပခုံးကို ကိုင်လှုပ်လိုက်သည်။ ဒီတော့မှ ရုတ်တရက်သတိပြန်ဝင်လာပြီး လှည့်ကြည့်လိုက်တော့
"ဟင် ကိုကျော်ကွန့်"
ကျော်ကွန့်က လှထုံကို အကဲခတ်ကြည့်လိုက်ပြီး
"နင် ဘာဖြစ်နေတာလဲ... ကြောင်တောင်တောင်နဲ့"
လှထုံက ရင်ဘတ်ကိုဖိလိုက်ပြီး
"အမယ်လေး တော်သေးတာပေါ့။ ဒါနဲ့ စောစောက ကျွန်မလက်မောင်းကို လာတို့တာ ဘယ်သူလဲ"
"ဟ...ဘယ်သူရှိရမှာလဲ၊ ငါပဲပေါ့။ နင့်ကို လှမ်းမြင်လို့ လိုက်လာတာ"
လှထုံ တုံ့ခနဲရပ်လိုက်သည်။ ကျော်ကွန့်လည်း ယောင်တောင်တောင်လိုက်ရပ်သည်။ လှထုံက ခါးထောက်ပြီး
"ဒီမှာ ကိုကျော်ကွန့်၊ ရှင် အဲဒီအောက်လမ်းပညာတွေ ဘယ်တုန်းက တတ်ထားသလဲ ဟင်" ဟု မေးလိုက်လေ၏။
***************

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...