Sunday, February 7, 2016

သားသမီးလေးတွေ ကျောင်းစာများများလုပ်ဖို့ ဘယ်လိုကူညီရမလဲ

Lwin Pyin

ကလေးဆိုတာ ကျောင်းစာကို စိတ်ဝင်တစားသိပ်မရှိတတ်ကြတော့ အိမ်စာကို ကိုယ့်ဘာသာစပြီး လုပ်ဖို့ဆိုတာတော့ ဝေလာဝေးပါပဲ။ ကလေးအများစုဟာ အိမ်စာလုပ်ဖို့၊ စာပုံမှန်လေ့လာဖို့၊ ပုံနှိပ်စာအုပ်ကို ကျေကျေလည်လည်ဖတ်ဖို့ဆိုတာ အိမ်ကလူကြီးတွေက တိုက်တွန်းမှသာ လုပ်ကြလေ့ရှိပါတယ်။ ဖုန်း၊ ဂိမ်း၊ အင်တာနက်၊ တီဗွီစတဲ့ စိတ်ဝင်စားစရာတွေက ကလေးတွေရဲ့ စိတ်ကို ကျောင်းစားထဲမရောက်အောင် တားဆီးထားကြပါတယ်။
ခုခေတ်ကလေးအများစုဟာ စာဖတ်တဲ့အလေးအကျင့်တွေမရှိကြတော့ပဲ ဒီလိုပြင်ပအပျော်အပါးတွေနဲ့ အချိန်ပိုမိုကုန်လွန်ကြပါတယ်။ ဒီတော့ ကလေးတွေကို ပုံမှန်စာလေ့လာဖြစ်အောင် အထူးသဖြင့် စာမေးပွဲရက်တွေအတွင်းမှာ စာသေချာ လုပ်ဖြစ်အောင် မိဘတွေက အလေးထားပြီး ကူညီပေးသင့်ပါတယ်။
တိတ်ဆိတ်အေးချမ်းတဲ့နေရာဖန်တီးပေးခြင်း
အိမ်မှာ ကလေးအငယ်လေးတွေ ခုန်ပေါက်အော်ဟစ်ကစားနေတဲ့အခါမျိုးမှာ စာထဲကို အာရုံစိုက်ဖို့ အရမ်းခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် စာများတဲ့အကြီးလေးတွေ စာလုပ်နေချိန်မှာ အငယ်တွေကိုမဆူညံအောင် ထိန်းထားဖို့လိုအပ်ပါတယ်။ ဒါ့အပြင် တီဗွီ၊ရေဒီယိုနဲ့ တခြား သီချင်းသံတွေ၊ ဇာတ်ကားသံတွေက ကလေးကို စာထက်ပိုမိုဆွဲဆောင်နိုင်တဲ့အတွက် အဲဒီအသံတွေကို တတ်နိုင်သမျှ ကလေးနဲ့ဝေးဝေးမှာထားပြီး အသံလည်းနှိမ့်ထားသင့်ပါတယ်။ ဒါမှမဟုတ် သီသန့်အခန်းတစ်ခုသတ်မှတ်ပြီး ထိုအခန်းထဲမှာပဲ တိတ်ဆိတ်အေးချမ်းစွာ စာဖတ်စေသင့် ပါတယ်။
ပုံမှန် စာလုပ်ချိန် သတ်မှတ်ပေးခြင်း
စာကို စိတ်ဝင်တစား ဖတ်မှတ်လေ့လာဖို့အတွက် အချိန်ဟာလည်း အရေးကြီးတဲ့အချက်တစ်ချက် ပါပဲ။ ညနေပိုင်းခပ်စောစောအချိန်တွေဟာ စာဖတ်ဖို့ အိမ်စာလုပ်ဖို့ သင့်တော်တဲ့အချိန်တွေပါပဲ။ ကျောင်းကနေ သင်လာသမျှတွေကို ပြန်လည်ကျက်မှတ်ရင်း အိမ်စာတွေပြီးအောင် လုပ်လိုက်ပြီးနောက်မှာ အိပ်ဖို့စောနေသေးရင် ခဏတဖြုတ် TVကြည့် အခွေကြည့်တာ ခွင့်ပြုသင့်ပါတယ်။ ညနေစာထမင်းကို စောစောစားတဲ့အလေ့အထကို မိခင်က လုပ်ပေးထားသင့် ပြီး ကလေးတွေပင်ပန်းပြီး အိပ်မငိုက်ခင် မြန်မြန်စာလုပ်ဖြစ်အောင် အချိန်ကို တိတိကျကျသတ်မှတ်ပြီး တင်းတင်းကျပ်ကျပ်စည်းကမ်းထားပါ။ ကလေးက တခါတလေ စာလုပ်ဖို့ စိတ်မပါတဲ့အခါမျိုးမှာတော့ အတင်းအကျပ်တိုက်တွန်းတာထက် ခဏတဖြုတ် သူ့သဘောကို လိုက်လျောပေးသင့်ပါတယ်။ ဒါမှမဟုတ် multiple choice questions၊ spelling games စတဲ့ ပျော်စရာသင်ခန်းစာတွေနဲ့ စာလုပ်ဖြစ်အောင် ကူညီပေးသင့်ပါတယ်။
အိမ်စာလုပ်တာထက် ပိုပြီးလေ့လာကျက်မှတ်ဖို့ အားပေးခြင်း
ကလေးအများစုက အိမ်စာလုပ်ရုံနဲ့တင် တာဝန်ကျေပြီလို့ ထင်တတ်ကြပါတယ်။ အခုခေတ်မှာ စာကလည်းများ၊ အိမ်စာပေးတာတွေကလည်းများတော့ အိမ်စာလုပ်ချိန် တစ်နေ့ကို တစ်နာရီ နီးပါးခန့်ကြာတတ်လေ့ရှိကြပါတယ်။ ကျောင်းသားတစ်ယောက်အနေနဲ့ အိမ်စာလုပ်တာအပြင် Text Book ကို အကြမ်းဖျင်းဖတ်ကြည့်ခြင်း၊ ဘာသာရပ်နဲ့ဆက်စပ်တဲ့ တခြားစာအုပ်တွေကို ဖတ်ခြင်း၊ မှတ်စုထုတ်ခြင်း၊ သင်္ချာနဲ့ ဇီဝဗေဒမှ ပုံများကို ပုံဆွဲလေ့ကျင့်ခြင်း၊ စာတစ်ပုဒ်ကို အကြမ်းဖျင်းအမြန်ဖတ်ပြီး အကျဉ်းချုပ်ရေးဖို့လေ့ကျင့်ခြင်း၊ အက်ဆေးရေးကျင့်ခြင်း စတာတွေ ဟာလည်း ကျောင်းသားတစ်ယောက်လုပ်ရမယ့်တာဝန်တွေမို့ မိဘတွေအနေနဲ့ စနစ်တကျ တိုက်တွန်းအားပေးသင့်ပါတယ်။
ကျောင်းစာအပြင် တခြားစာတွေပါ ဖတ်ဖို့အားပေးခြင်း
Dictionary နဲ့ တခြားသိပ္ပံဗဟုသုတစာအုပ်များ - လေယာဉ်၊ မော်တော်ကား၊ လူ့ခန္ဓာကိုယ်၊ ကမ္ဘာမြေကြီး၊ ပင်လယ်သမုဒ္ဒရာစတဲ့အကြောင်းအရာတွေကို စုံစုံလင်လင်ဖတ်နိုင်တဲ့ စာအုပ်တွေ ကို ၀ယ်ပေးခြင်းဖြင့် ကလေးတွေကို ပြင်ပဗဟုသုတရရှိစေတဲ့အပြင် ကျောင်းစာနဲ့ပြင်ပလောက ဆက်စပ်မှုအပေါ် စိတ်ဝင်စားလာပြီး စာကိုကျက်မှတ်ရုံမဟုတ်ပဲ အကျိုးရှိရှိအသုံးချတတ်လာမှာ ဖြစ်ပါတယ်။ အဲဒီစာအုပ်တွေကို ကလေးက အမြဲယူဖတ်ဖို့ လိုတိုင်းယူသုံးဖို့ လွယ်ကူအောင် ကလေးရဲ့စာကြည့်စားပွဲဘေးမှာ ထားပေးရမှာဖြစ်ပါတယ်။
အရေးအကြီးဆုံးအချက်ကတော့ ကလေးစာကြည့်ချိန်မှာ မိဘက ဘေးကနေ ကူညီပေးဖို့ပါပဲ။ တစ်ခုခုကို နားမလည်တဲ့အခါ ရှင်းပြပေးခြင်း၊ မိမိငယ်ငယ်က စာကျက်မှတ်လေ့လာ ခဲ့ပုံနဲ့ယှဉ်တွဲပြီး စာပေဖတ်ရှုလေ့လာနည်းများ သင်ပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ ဒါပေမဲ့ အိမ်စာများကို ၀င်လုပ်ပေးခြင်း၊ ကလေးနားမလည်တာကိုရှင်းပြတဲ့အခါ စိတ်တိုတိုနဲ့ဖိအားပေးအော်ဟစ်ခြင်းတို့ကိုတော့ ရှောင်ရှားသင့်ကြောင်း တင်ပြလိုက်ရပါတယ်။
မိဘများအားလုံး သားသမီးပညာရေးကို မျက်ခြေမပြတ်စေပဲ နည်းမှန်လမ်းမှန ပြုစုပျိုးထောင်နိုင်ကြပါစေ။
Credit - Original Uploader

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...