Sunday, February 7, 2016

"အမှားဋီကာ"

မှတ်စုကြမ်း 


"...သုတိမ၊ စင်စစ်သော်ကား သင့်မှာမိုက်သည့်အလျောက်၊တွေဝေသည့်မလျောက်၊မလိမ္မာသည့်အလျောက် အပြစ်သည်လွှမ်းမိုးနေ၏ အကြင်ကြောင့်သင်သည်အပြစ်ကိုအပြစ်ဟုမြင်၍ အပြစ်အားလျော်စွာကုစား၏
အကြင်သူသည် အပြစ်ကိုအပြစ်အလျောက်မြင်၍လျော်စွာကုစား၏၊နောင်အခါစောင့်စည်းခြင်းသို့ရောက်၏၊ ဤသည်ဘုရားအစရှိသောသူတော်ကောင်းတို့၏အဆုံးအမ၌ ထိုသူ၏ကြီးပွားကြောင်းပင်တည်း။"
(သံယုတ္တနိကာယ်၊သုတိမသုတ်)


##################
(၁)
ဒီတစ်ပတ်ရဲ့စနေမှာ လူနဲ့ ဘယ်တော့မှမကင်းတဲ့အကြောင်းအရာတစ်ခုကိုသတိရပါတယ်၊တခြားမဟုတ်ပါဘူး၊..အမှား...ဆိုတာပါ၊ တစ်ခါကဂရိဆိုဖီဆရာကြီးတစ်ဦးက သူ့တစ်ပည့်တစ်ယောက်ကို ဒီလိုမိန့်ပါတယ်၊ "No Man is Perfect " "လောကမှာဘယ်သူမှပြည့်စုံတာမရှိ" ဆိုတာပါ၊အင်မတန်တိုပေမယ့် အဓိပ္ပါယ်ရှိလှတဲ့ စာကြောင်းလေး၊စဉ်းစားစရာအပြည့်နဲ့ သြ၀ါဒလေးလို့ကျနော်တော့ထင်ပါရဲ့၊
(၂)
တစ်ခါကသိဒ္ဒထ္ထဂေါတမဟာ ဇနီးယသော်ဓရာနဲ့ လသားအရွယ်သားငယ်ကိုပစ်ပြီး ဥရုဝေလဘက်တရားရှာဖို့ထွက်လာပါတယ်၊သူဟာကိုယ်ပိုင်အခွင့်အရေးရစနစ်ကိုကျင့်သုံးတဲ့ ဒီမိုကရက်အတွေးအခေါ်တွေထွန်းကားတဲ့ အိန္ဒိယနဲ့နိပေါနိုင်ငံအစပ် က ကပိလ၀တ်မြို့ပြနိုင်ငံငယ်လေးရဲ့ ခေါင်းဆောင် သုဒေါဒ္ဒနရဲ့အားထားရတဲ့သားပါ၊ဥာဏ်ပညာနဲ့ထိုခေတ်ထိုအခါအရ ထိုက်သင့်တဲ့အတက်ပညာတွေနဲ့ပါပြည့်စုံသူမို့နောင်အခါ နိုင်ငံရေးမှာထွန်းပေါက်မယ်လို့ ဗြဟ္မဏတွေရဲ့ ထင်ကြေးပေးခံထားရသူဆိုလည်း မမှားပါဘူး၊ ဒါပေမယ့် အနှီမက်လုံးတွေနဲ့ အိမ်ထောင်သားမွေးအမူ့မှာ သူမသာယာခဲ့ဘဲ ထိုအချိန်ကာလကဘာသာရေးနဲ့ အတွေးအခေါ်နယ်မှာ တွန်းလှန်တဲ့သတ္တိကိုမွေးပြီး ခြိုးခြံစွာနေရတဲ့ သမဏ (recluse) တစ်ပါးအဖြစ်နဲ့ လောကအမှန်တရားကို ရှာဖို့ဆုံးဖြတ်ခဲ့တာပါ၊ ဥရုဝေလမှာ ဆရာဂုရုတစ်ချို့နဲ့ဆုံခဲ့ပေမယ့် လိုချင်တဲ့ပန်းတိုင်နဲ့မကိုက်ညီတာကြောင့် တခြားအမြင်တူ သမဏ ၅ ဦးနဲ့ တပခေါ်တဲ့ မိမိကိုယ်ကို အပင်ပန်းခံပြီး ကျင့်ရတဲ့ Self tortured methods တွေကို ၆နှစ်ခန့်ကျင့်ကြံနေထိုင်ခဲ့ပါတယ်၊ နောက်ဆုံးသူ တကယ်စဉ်းစားမိတာက ဒီတပအကျင့်ဟာ သူ့အဖို့ လောကအဆုံးသံသရာက လွတ်မြောက်ရာကို ရောက်မှာမဟုတ်ဘဲ၊ အချည်းနှီးသက်သက်နဲ့ ကိုယ်စိတ်ပင်ပန်းခြင်းကျင့်စဉ်လို့မြင်သွားပါတော့တယ်၊ ဒီမှာပဲ ကာမဆိုတဲ့ မိမိအာရုံတွေကို အတိုင်းအဆမရှိ အလိုလိုက်တဲ့ profligate ideas မျိုးနဲ့ အမှန်တရားတွေ့ရှိဖို့ No pain no gain အနာမခံဘဲ အသာမစံရမူနဲ့ ကိုယ့်ကိုယ်ကို နာကျင်ခံခက်စေတဲ့ self mortification အကျင့်ကနေ ဖယ်ခွာပြီး အခု မဇ္စျိမပဋိပဒါ မဂ္ဂလမ်းစဉ်လို့ နာမည်ကြီးနေတဲ့ Middle Way ဘက်ကနေလှည့်မြင်၊ ကျင့်ကြံမှ လောကနဲ့သံသရာအဆုံး နိဗ္ဗာန်ကိုမြင်တယ်၊ ဗောဓိဥာဏ် Enlightenment ကိုရပြီး ဗုဒ္ဓအဖြစ်သို့ရောက်ခဲ့တယ်လို့ ဆိုပါတယ်၊

(၃)
တကယ်တော့ သိဒ္ဒထ္ထဂါတမဟာ မှားယွင်းမြင်မိတဲ့အမြင်တစ်ခုကြောင့် သစ္စာတရားနဲ့ နှစ်အတန်ကြာဝေးနေခဲ့ရတာပါပဲ၊ ဒီလိုမှားယွင်းမိဖို့ကလည်း လုံလောက်တဲ့အကြောင်းတရားက သူ့အနားမှာရှိနေတာပါ၊ ရှိခဲ့တာပါ၊ ဒါ cultural trap သဘောပါပဲ၊ ထိုအချိန်ကာလက အိန္ဒိယရဲ့သမဏလောကမှာ အာဇိဝက(Ãjivaka) နဲ့ ဇိန(Jainas) တို့ရဲ့"တပအကျင့်သည်သာလျင် သံသရာကလွတ်မြောက်ကြောင်းတရာဖြစ်သည်" ၊ ထို့ကြောင့်မည်သူမဆို တပကျင့်လျင် သံသရာမှ လွတ်မြောက် နိုင်ပြီးထိုအကျင့်ကနေသွေဖယ်ပါက လွတ်မြောက်မူ့မရနိုင်"ဆိုတဲ့ logical determinism ဆန်တဲ့ အတွေးအခေါ်က တောထွက်လာတဲ့ဘယ်ရသေ့ရဟန်းတွေကိုမဆို ထိရောက်စေခဲ့တယ် ဆိုလည်း မှန်ပါတယ်၊


(၄)
ဆိုလိုတာက လူကိုမှားယွင်းချွတ်ချော်၊ လမ်းလွဲစေတဲ့အကြောင်းတရားတွေထဲမှာ ပတ်ဝန်းကျင်ရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ဓလေ့အစဉ်အလာတွေက အရေးပါတဲ့နေရာမှာရှိနေတာကိုပါ၊ ဒါပေမယ့် သေချာတာတစ်ခုက မိမိရဲ့အန္တိမဘ၀ပန်းတိုင် final destination of life ကိုဘယ်အခါမှ မျက်ခြေပြတ်မခံတဲ့၊ အသိတရားနဲ့ သတိတရား အမြဲနိုးကြားနေတဲ့.သူတစ်ထူး( super man) တွေကတော့ ဒီအနှောင်အဖွဲ့တွေကို အချိန်အကြာကြီးလက်ခံထားတက်တာမျိုး မရှိပါဘူး၊ မရှိတက်ပါဘူး၊


(၅)
လောကဆိုတဲ့သဘောကိုက အဆိုးနဲ့အကောင်း၊ အမှန်နဲ့အမှား အမြဲလိုလိုဒွန်တွဲနေတဲ့ဖြစ်စဉ်ပါ၊ တစ်ခါတစ်ရံ လူညီရင်ဤကို ကျွဲဖက်၊ ဂျပိုးကိုလိပ်လို့ သရုပ်ဖော်ရတယ်ဆိုတဲ့ logic မျိုး ရှိသူတွေနဲ့လည်းကြုံနိုင်ပါတယ်၊ ဒီလိုလူတွေက ဂရိဒဿနဆရာ ပရိုတာဂိုးရပ် (Protagoras) ရဲ့ "လူသည်အရာရာတိုင်းအတွက် အတိုင်းအတာဖြစ်သည်"(man is measure of all things) ဆိုတဲ့ နူတ်ထွက်ကထာကို အရည်ကြိုသောက်ထားသလား ထင်ရလောက်အောင်ကို ကိုယ့်အထင် ကိုယ့်အမြင်သာ အမှန်လို့စွဲနေတက်ကြတာပါ၊ သူတို့ဟာမိမိအမှားကို အမှားလို့မမြင်နိုင်ကြ၊မြင်လည်း အမှားကိုမပြင်နိုင်ကြပါဘူး၊ အိပ်ချင်ဟန်ဆောင်သူကို နိုးရခက် ဆိုသလို ဒီလိုလူမျိုးတွေကို အသိတရားပေးဖို့ကလည်း မလွယ်ပါဘူး၊ အနှီသဘောမျိုးရှိသူတွေနဲ့ ကျနော်တို့မတွေ့နိုင်ဘူးလို့လည်း မပြောနိုင်တာမို့ ကိုယ့်ဘက်ကသာ ခိုင်မာတဲ့ဘ၀အမြင် philosophy of life တစ်ခုသာမရှိခဲ့ရင် သူတို့လိုအများယောင်တိုင်းလိုက်ယောင်ရတဲ့ Willy Nilly ဘ၀ရောက်သွားနိုင်ပါတယ်၊


(၆)
ကျနော်တို့အချိန်မရွေးမှားနိုင်ပါတယ်၊ ဘ၀အမြင်တွေလွဲနိုင်ပါတယ်၊ အမှန်တရားနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းလည်း ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်၊ ကိုယ်ကျင့်တရားဆိုင်ရာ အယူအဆတွေလည်း အောက်ကျနောက်ကျဖြစ်ချင်လည်းဖြစ်နေနိုင်ပါတယ်၊ ဒါကို မှားမှန်းသိဖို့နဲ့ပြင်ဖို့ပဲ အဓိကလိုပါတယ်၊
ဂျာမန်ဒဿနပညာရှင်ကြီး ဟေဂယ် (Hegel) ကပြောဖူးတာ တစ်ခုရှိပါတယ်၊
မှားယွင်းမူ့ကို ကြောက်ရွံခြင်းဟာ အမှန်တရားကို ဆိတ်သုန်းစေတယ်"
(Panic of error is the death of progress) လို့ပါ၊ ဒါ့ကြောင့် ကျနော်ထင်တယ် အမှားမကင်းတဲ့ လူ့ဘ၀ဖြစ်စဉ်မှာ မှားယွင်းမှာကို စိုးရွံနေလို့ဘယ်လိုမှ အလုပ်ဖြစ်မှာမဟုတ်ပါဘူး၊ အမှားကိုအမှန်လို့မမြင်ဘဲ၊ အမှားအတိုင်းမြင်ဖို့နဲ့ ပြင်ဖို့သတ္တိရှိဖို့ပဲလိုပါမယ်၊ လိုပါလိမ့်မယ်။
With Respect
‪#‎Nyi‬ Kyaw(6.2.2016)
Field :General Topic.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...