Sunday, January 3, 2016

“ဇာတ်ထဲမှာတော့ အို မင်းသားလေးငို”

“သြော် တစ်နေ့ တစ်နေ့နဲ့ တရွေ့ရွေ့ အချိန်တွေကုန်ပြီ။ နှစ် လ နာရီ၊ အို ဘယ်အချိန်ကျမှ မြနှယ်လေ၊ ချစ်သူမောင်နဲ့ ပေါင်းရမယ်လို့ မျှော်မှန်းဆကာပ တမ်းတကာရည်။ ဆယ့်နှစ်လရာသီ။”
နားထဲမှာ ဗိုလ်အောင်ဒင်ဇာတ်ကားထဲက မေမေဝင်းအသံကလေးတောင် ကြားယောင်လာပါသေး။ ရက်တွေကလည်း တရွေ့တရွေ့နဲ့ အကုန်မြန်လိုက်တာ။ “သည်မှာဖြင့် ဘာမှတောင် မဘာရသေးဘူး” လို့ နောက်လူကို မျက်စောင်းတခဲခဲ ကြည့်နေတဲ့သူကလည်း ကြည့်တယ်။ ရေဗူးနဲ့ ဖိနပ်မပါ နွေခါမှသိသတဲ့။ အထုပ်ကလေး တောင့်တောင့်တင်းတင်း မကျန်ရင် အနားယူလိုက်တာနဲ့ ဆေးဖော်ကြောဘက် လုပ်မယ့်သူ ရှိမှာမဟုတ်တော့ဘူးဆိုပြီး ချိုနဲ့သားရေပါမကျန်အောင် ခွာယူနေတဲ့သူတွေလည်း ရှိပ။ ရိက္ခာသယ်နေတဲ့အချိန်မှာ သိက္ခာဆယ်နေဖို့ အချိန်မရဘူး မဟုတ်လား။ ကိုယ့်နောက်ပါမှာ ပိုက်ဆံပဲရှိတယ်။ ပိုက်ဆံရှိ နံမယ်အချိန်မရွေး ပြန်ဆေးနိုင်တယ်။ မုခ်ဦးလှူလိုက် ဘုရားတကာတပ်လို့ ရတာပေါ့။ ကလောင်တစ်ချောင်းလောက် ပစ်ဝယ်လိုက်ရင် ဧယျာဉ်တောင် ကျူးပေးဦးမှာ။ အပြင်မီဒီယာတွေ နံမယ်ဖျက်လို့ ကောလာဟလတွေ ပွထနေသူ၊ စိတ်ကောင်းနှလုံးကောင်း၊ သဘောကောင်းမနောကောင်း၊ အကုန်ကောင်းအစုံကောင်း၊ မရှိတော့ရင် ပိုလို့ကောင်း လို့ ရေးပေးမှာပေါ့နော့။
ရေးပေးမယ့်လူမရှိလည်း ပူပါနဲ့အေ။ ကိုယ့်ချင်းကိုယ့်ချင်းထဲက အပုပ်အစပ် အညှီအဟောက်တွေ လက်ထောက်ချ ဖော်ကောင်လုပ်ပြီး စာအုပ်ထုတ်ရောင်းစားလို့ရပါတယ်။ ဘက်ဆယ်လာတောင် ဖြစ်သေး။ ဒါမျိုးဆို လူတွေက လွှတ်အားပေးကြမ်းချက်။
ပြောရင်းဆိုရင်းနဲ့ပဲ ရက်တွေက နီးနီးလာပြန်ပါရောလား။ အခုလာမယ့် ဇန္နဝါရီ ၃၀ ရက်နေ့ဆို လက်ရှိလွှတ်တော်ကြီးက သက်တမ်းကုန်ပတဲ့။ မတ်လ ၃၁ ရက်နေ့ဆို အစိုးရအသစ်ကို အာဏာအပြီး လွှဲပြောင်းပေးအပ်ရတော့မှာတဲ့။ ဟုတ်ပါ့မလား မောင်ကာဠုရယ်။ အနိုင်ရတဲ့ပါတီဘက်က မဲဆွယ်ပေးတယ်ဆိုပြီး တရားစွဲခံထားရတဲ့သူတွေ ရီမာန်တောင် မယူရသေးဘူး။ အာဏာလွှဲယူမယ့်သူတွေ သင်တန်းပေးဖို့ ခန်းမငှားမိတာ ဟိုတယ်နဲ့ခရီးက ခုလေးတင် ခေါ်ယူသတိပေး ကြိမ်းမောင်းနေသေးတာလေ။ ဖေ့စ်ဘုတ်ပေါ်တောင် ခုထက်ထိ မွတ်စု မွတ်စု အော်နေတဲ့ အကောင့်တွေ ပလူပျံနေတုန်း။ လွှဲပေးချင်တဲ့စိတ်ကိုတောင် အရိပ်အယောင်မျှ မမြင်ရသေးတာ လွှဲတောင်လွှဲပေးပါ့မလား ဆိုတဲ့ သံသယစိတ်ကြီးကို ဖျောက်လို့ကို မရသေး။ ဒါပေသိ လွှဲတာတော့ လွှဲကို လွှဲရမှာပါလေ။ “ကတိတွေပေးထားတာလည်း လွန်နေပြီရှင့် အကို” မဟုတ်လား။ တိုင်းပြည်အုပ်ချုပ်ရေး ယန္တယားဆိုတာ ဟင်းရွက်ကန်စွန်း မှတ်နေ။ Hand Over – Take Over မှာစရာ ရှိတာ မှာ။ ပြင်ဆင်စရာရှိတာ ပြင်ရဦးမှာပ။
အဲ့ဒါနဲ့ပဲ ဆေးခန်းထိုင်တုန်းက ညကြီးမင်းကြီး ဒရာမာလာချိုးတဲ့ ဟိုရောဂါနဲ့မာမီတစ်ယောက်ကို မျက်စိထဲ ပြေးမြင်မိပါတယ်။ ရောဂါသည်းနေတဲ့ကြားက သူ့သူငယ်ကလေးကို ကတိတွေ တောင်းတောင်းနေတာလေ။ “ငါတော့ မနေရတော့ဘူး။ နင် ငါမရှိရင် ဟိုဟာမပုရဘူးနော်။ ဒီဟာမပုရဘူးနော်။ ပြန်ပြောစမ်း။ ငါမှာတာတွေ မှတ်မိလား။ ကတိပေး။ သစ္စာဆို။ အို ငါ့မျက်လုံးတွေ ပြာလာပြီ။” ပြီးတော့ဘူးဗျာ။ အကျိုးနည်း။ အဲဒီအတိုင်းပါပဲ။ သူ့လက်ထဲကအာဏာကြီး သူများကိုလွှဲပေးလိုက်ရင် အဲသည်အာဏာကြီးနဲ့ သူ့ပြန်ရန်ရှာမှာစိုးလို့ ချုပ်နေချည်နေလိုက်တာ မပြီးတော့ဘူး။ စိတ်မရှည်ပေမယ့်လည်း ဘယ်ပြောသာမလဲ။ မတော် “ဖြစ်သေးပါဘူး။ ပေးတော့ဘူး ပေးတော့ဘူး။” ဆို တစ်ကပြန်စမှာ ကြောက်နေရတာ။ ခုမှဖြင့် မထူးတော့ပါဘူး။ ၂၆ နှစ် နှစ်လီတောင် စောင့်လာခဲ့တာ။ သည် နှစ်လ သုံးလကလေး ဆက်အောင့်လို့ မရစရာလား။
သူတို့ကိုလည်း အပြစ်တော့ မတင်သာပါဘူး။ အခုလိုမျိုး ခရုဆံကျွတ်ဖြစ်ရလိမ့်မယ်လို့ ထင်ကိုထင်မထားကြတာ။ ၆၂ ကတည်းက တစ်ခါဖူးမျှ အာဏာပြန်မပေးခဲ့ဖူးသူတွေမို့ စစ်သားအစိုးရ၊ စစ်သားလူထွက်အစိုးရက အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးရင် ဘယ်နည်းဘယ်ပုံ လွှဲပေးရတယ်ဆိုတာ သူတို့ သိမှသိပဲနဲ့။ အာဏာဆိုတာ သိမ်းရတာလွယ်သလောက် ပြန်ပေးဖို့ကျ ဘယ်လောက်ခက်သလဲဆိုတာ သည်ကနေ့ သည်အချိန်ရောက်တော့မှ သူတို့ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ ခံစားကြရတာ။ ထွက်တော်မူ နန်းကခွာရမယ့်သူတွေက ဘာအရေးလဲ။ သူတို့မှာ စားမကုန် သောက်မကုန်။ သားတွေသမီးတွေအကုန် နိုင်ငံခြားမှာ ရင်းနှီးမြှုတ်နှံထားနှင့်ပြီးသား။ မခံစားနိုင်လှ တစ်လနှစ်လပေါ့။ နောက်တော့လည်း မေ့ပြီးပျော်သွားမှာ။ နောက်အစိုးရနဲ့ ငုတ်တုတ်ကျန်နေခဲ့တဲ့သူတွေကမှ အခက်။ ကိုယ်လုပ်ခဲ့တဲ့အကွက်တွေနဲ့ ကိုယ့်ပြန်နင်းမှာ သေမလောက် ကြောက်နေရပြီလေ။ ကိုယ်ကသူ့အပေါ် အမုန်းတွေပွားခဲ့သလို သူကလည်း ကိုယ့်အပေါ် အမုန်းတွေပွားနေရင် ဘယ်လိုလုပ်မတုန်း။ အခု တုတ်ကသူ့ဆီရောက်သွားမင့်ဟာ ဝဋ်လည်မှာတော့ ကြောက်တာပေါ့။ ဒါကြောင့် အထုပ်ပြင်နေတဲ့သူတွေကို အတင်းနင်းပြီး ကာလုံဥပဒေမူကြမ်းကို ဖုတ်ပူမီးတိုက် အတည်ပြုဖို့ ကြိုးစားရတာပေါ့။ ကောင်းပါလေ့ဗျာ။ “မင်းတို့ကိုလည်း အပြစ်မတင်။ ကျွန်တော်မောင်တင် ကိုယ့်ကိုယ်ကိုယ်ပင် သနားလှချည်ရဲ့ အဲ့ အဲ့” လို့ ငိုချင်းလေးချနေရုံအပြင် ဘာမှ မတတ်နိုင်ပါဘူး။
ဆင်းမယ့်သူတွေချည့် စိတ်ပူရတာ မဟုတ်ပါဘူးလေ။ တက်မယ့်သူတွေမှာရော နည်းနည်းနောနော ဒုက္ခမှတ်လို့။ နယူးယားမနက် အင်းကန်ဘောင်က အမှိုက်ထုပ်တွေတောင် သူတို့လောက် မရှုပ်မပွေဘူး။ အစိုးရအဖွဲ့ထဲမှာ အမြဲတမ်းအတွင်းဝန် ရာထူးအထိ ရှေ့လူတွေက စိတ်တိုင်းကျ ရွေးထည့်သွားနှင့်တာ။ အရင်လူတွေကို အကုန်ထုတ်ပစ်ပြီးမှ ဘုမသိဘမသိ တစ်ကစရမှာလား။ အရင်လူတွေခင်းသွားတဲ့လမ်းကိုပဲ အရှိန်မပျက် ဆက်လျှောက်ရမှာလား။ ဒါလည်း သူတို့ဆုံးဖြတ်လို့ မပြီးပါဘူးလေ။ “အမိန့်တော်မြတ်အတိုင်းပါ ဖယား။” က စရမှာ မဟုတ်လား။ မိုင်းမရှင်းရသေးတဲ့ လူသတ်ကွင်းအလယ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ ခြေလှမ်းမမှားအောင် လျှောက်ဖို့ဆိုတာ ကျားရဲရာ ကြမ္မာမယိုးသာသလိုပဲ။ ကိုယ့်လက်အောက်မှာ မရှိတဲ့ ပြည်ထဲရေး၊ ရဲနဲ့ ထွေ/အုပ်ကိုရော ဘယ်လိုအုပ်ချုပ်ကြမှာတုန်း။ မုန့်ဆီကြော်ကတော့ ဘယ်နေမှန်း မသိဘူးပေါ့။ နှုတ်ခမ်းနာကို အရင်ကုထားနှင့်ရမှာ။
အမယ်ဘုတ်ကဲ့ သူ့ချည်ခင်ကတော့ တထွေးကြီးပဲ။ အဲသည်အထဲက အစကလေး တစ်စလောက် ဥပမာ ဆွဲထုတ်ပြမယ်လေ။ ဆိုကြပါစို့။ ဘဘကြီးဦးအောင်မင်းတို့ ဘဘကြီးဦးစိုးသိန်းတို့လုပ်နေတဲ့ မြန်မာပိစ်စင်တာကြီးကို နောက်အစိုးရလက်ထက်မှာ ဘယ်လိုဆက်လုပ်ကြမလဲ ဆိုတာကြီးကို အစ်သျှူးတစ်ခုအနေနဲ့ စဉ်းစားကြည့်ရအောင်။ ကောင်းသည်လည်း မပြောလို ဆိုးသည်လည်း မပြောလို။ အဲသည်အဖွဲ့အစည်းကြီးက ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ ငါးနှစ်လုံးလုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ကြိမ်ဖန်များစွာ ဆွေးနွေးညှိနှိုင်းပြီး ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်အောင် တစိုက်မတ်မတ် အားထုတ်ခဲ့တယ်။ ဒါပေမယ့် လဂွန်းအိမ် နဲ့ မိုးညှင်းသတိုးတွေ ရှိနေလို့ အခုထက်ထိတော့ မအောင်မြင်သေးဘူး။ သူတို့လည်း နံမည်လိုချင်လို့ အစိုးရမပြောင်းခင် ပွဲသိမ်းနိုင်အောင် တွန်းလုပ်တာပဲ။ ရကိုမရတာ။
ကဲ အခုတော့ အစိုးရပြောင်းသွားပြီ။ သူတို့က အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်သော်ငြားလည်း ဆွေးနွေးညှိနှိုင်းရမယ့် အစိုးရ၊ လွှတ်တော် နဲ့ နိုင်ငံရေးပါတီများဆိုတဲ့ အဓိကအဖွဲ့အစည်း သုံးခုက အကုန်အသစ်ဖြစ်ကုန်ပြီ။ အဲ့လိုသာဆို အိမ်ငှားစာချုပ်များလို ငါးနှစ်တစ်ခါ အသစ်ပြန်ပြန်ချုပ်နေရတော့ မခက်ပါလား။ “လောကကြီးမှာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူ ရှိသလား” လို့ မေးရင် ဘယ်တော့မှ မရှိဘူး။ ကိုယ်တိုင်စစ်တိုက်နေရတဲ့သူတွေက ပိုတောင်လိုချင်သေး။ အဲသလို လူတိုင်းလိုချင်နေတဲ့ဟာကြီးကို နောက်အစိုးရကလည်း မလိုချင်စရာ အကြောင်းမရှိဘူး။ လိုချင်တယ်ဆို ဘယ်လိုဆက်လုပ်ကြမှာလဲ။ “သားရီး ဘေးဖယ်။ ငါ့ငါဆက်လုပ်လိုက်မယ်။” ဆိုပြီး လက်သျှိုဝင်မှာလား။ “မင်းတို့လုပ်တာ အဆင်မပြေပါဘူးကွာ။ ဒမှာကြည့်။ ငါလုပ်ပြမယ်။” ဆိုပြီး ဘားမားပိစ်စင်တာ အသစ်တစ်ခု ထပ်ထောင်မှာလား။ အစိုးရဌာနမဟုတ်ပဲ သူတို့ဘတ်ဂျက်နဲ့သူတို့ လည်ပတ်နေတဲ့ အဖွဲ့အစည်းမို့လို့ ဟိုကရော ဘာကိစ္စ ဖယ်ပေးရမှာတုန်း။ ဒီလူတွေကို ဖယ်ထုတ်ဖို့ဆိုတာတော့ လတ်တလော ဘယ်လိုမှ မဖြစ်နိုင်သေးဘူး။ ဒီလူတွေနဲ့ အတူလက်တွဲဆောင်ရွက်ဖို့ ဆိုတာကလည်း ဘယ်လိုမှ မဖြစ်နိုင်ပြန်ဘူး။ ယုံမှ မယုံတာလေ။ သုမနကျောမှာ ဒဏ်ရာတွေနဲ့ဗျ။ ဒီလူတွေနဲ့ စိတ်တူသဘောတူ တစိတ်တဝမ်း ယုံမှတ်ပုံအပ်ဖို့ဆိုတာ ခင်ဗျားတို့ပဲ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားကြည့်ပါလေ။ ကိုယ့်အမေအကြောင်းလည်း ကိုယ်သိသားနဲ့။
ရှေ့ဆက်အတူခရီးဆက်ရမယ့်သူဆိုတာ ယုံကြည်မှုအပြန်အလှန် တည်ဆောက်တဲ့ဆီက အရင်စရမှာ မဟုတ်လား။ အဲသလို တည်ဆောက်နိုင်ဖို့ ဆင်းလေသူကြီးများ မျက်စိထဲမှာ တစ်သက်လုံးအရိုးစွဲလာတဲ့ အတိုက်အခံ ရန်သူတော်ကြီးအဖြစ် မမြင်ပဲ နိုင်ငံ့တာဝန်တွေကို ပုခုံးပြောင်းယူမယ့် ဆက်ခံသူ နှမကလေးအဖြစ် မြင်ပြီး လက်တွဲခေါ်နိုင်မှ ရလိမ့်မယ်။ (ဆုတောင်းပါတယ် ဆုတောင်းပါတယ်။) ခုချိန်ထိအောင် အကောက်ကြံ ခလောက်ဆန်နေတဲ့သူတွေကို နောက်လူက မယုံနိုင်တာ အပြစ်လား။ ဘယ်သူမှ မရှိတဲ့အချိန်ကျမှ ကိုယ့်စိတ်နဲ့ကိုယ် ပြန်မေးကြည့်ကြစမ်းပါလေ။ သည်မိန်းမရှိလို့ ငါတို့စည်းစိမ်ဥစ္စာ အာဏာတွေ ပြိုကွဲရလေခြင်း လို့ အခဲမကျေ ဖြစ်နေသေးသလား လို့။ အဲသည်စိတ်နဲ့ဆို ရှေ့ဆက် ဘယ်လို အတူလက်တွဲ အလုပ်လုပ်လို့ရမလဲနော်။ (ငါတော့ ရှင်ဒေဝဒတ် ကို ရဟန္တာစိတ်ထားခိုင်းသလို ဖြစ်နေပြီလားမသိ။)
အခုလောလောဆယ် အဖွဲ့ချုပ်ရဲ့သဘောထားကတော့ ဘွားတော်နဲ့ ဦးအောင်မင်းတို့အဖွဲ့ ခရစ်စမတ်မတိုင်ခင်ကလေးမှာ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးပြီး “ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ရှေ့ခရီးဆက်သွားတဲ့နေရာမှာ အထောက်အကူ ဖြစ်နိုင်စေရန်” ဆိုပြီး ကိုယ်စားလှယ်တစ်ယောက် လွှတ်ထားသတဲ့။ အမှန်တော့ အဲ့လိုပဲ ဖြစ်ရမှာပေါ့နော်။ ဖေဖော်ဝါရီလထဲမှာ ရွေးကောက်ခံကိုယ်စားလှယ်များနဲ့ အစိုးရသစ်ဖွဲ့တဲ့အခါမှာရော ရှေ့လူအထွက် နောက်လူအဝင် အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်ဖို့ လိုတယ်ထင်တာပဲ။ ဆင်းရမယ့်သူကလည်း လက်ကုန်နှိုက်ပြီး နောက်ဆုံးမိနစ်အထိ ကုပ်ကပ်ဖက်တွယ်ထား။ တက်ရမယ့်လူက စိတ်မရှည်တော့လို့ စကျူရတီခေါ် ဂုတ်ကဆွဲထုတ်ရတာမျိုးဆို ဘယ်လောက် သိက္ခာကျသလဲ။ ကိုယ်လည်း သည်ဇာတ်ခုံပေါ်မှာ ကချင်တိုင်းကခဲ့ပြီးပြီ။ အခု နောက်လူလာလို့ ဆိုင်းက ကလနားသတ်ပေးရင် လှလှပပ ကျကျနန ကကွက်ကလေးမပျက် ပရိသတ်လက်ခုတ်သံကလေး ကြားရအောင် ဗေထိ ဆို ဂျိကနဲချနိုင်ဖို့ ကကြိုးကလေးများ ပြင်ထားသင့်ပြီ မဟုတ်ပါလား။ သည်အချိန်ကျမှ မှောက်လျက်ကြီးလဲရင် ရှေ့က ကထားသမျှ အလကားဖြစ်တော့မှာ။ သည်ငါးနှစ်နဲ့ ကိုယ့်အသက်ကြီးလည်း သေမသွားသေးပါဘူး။ (ဆုတောင်းလေ ဆုတောင်း။ အဲလေ ဟုတ်ပေါင်) နောက်တစ်ခါ ငါးနှစ်မှာ ကိုယ့်ကို လူတွေက တအောင့်မေ့မေ့နဲ့ တမ်းတလာရင် စင်ပေါ်ပြန်တက်လို့ရသားပဲဟာ။
စကားရည်လုပွဲတို့ ကျပန်းစကားပြောပွဲတို့ကျရင် ခေးမလေးတွေ ဆိုင်းဘုတ်ကိုင်ပြီး စင်ရှေ့က လှုပ်လီလှုပ်လဲ့ ဖြတ်လျှောက်ပြရင် မျက်လုံးကြီး ကျွတ်ကျအောင် လိုက်မကြည့်နဲ့။ အဲ့ဒါ ခများ လက်စသတ်တော့ လို့ သတိလာပေးတာ။ သုံးမိနစ်သာ ကျန်တော့သည်။ နှစ်မိနစ်သာ ကျန်တော့သည်။ ဝမ်နင်လာလာပေးတာလေ။ သည်အချိန်ကျမှ ကိုယ့်ဆရာက “မကျေနပ်ဘူး ချစ်ရယ် တစ်ကပြန်စမယ်။” ဆိုလို့ကတော့ တန်းလန်းကြီးကျန်တော့မယ်။ ခုချိန်က ဥပဒေပြုရမယ့်အချိန် မဟုတ်တော့ပါဘူး။ နံမယ်ယူရမယ့် အချိန်ပါ။ ပြောင်းဖူးရိုး၊ ရေသန့်ဗူးခွံ နဲ့ မဆင်းချင်ပါနဲ့။ လက်ခုပ်သံနဲ့ ဆင်းကြပါ။ ကိုယ်က စီနီယာပဲ။ နေရာပေးလိုက်ရင် အလိုလိုနေရင်း အထက်ရောက်သွားတာဗျ။ ကလေးများသာဆို ထိပ်ကလေးခေါက်ခေါက်ပြီးတော့သာ သင်ပေးလိုက်ချင်တော့တယ်။ ဂယ်ဘဲ ဂယ်ဘဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...