ချစ်သော မိုးနေ့များ
ခင်သည် ပခုံးပေါ်ကျလာသော မိုးရေစက်များကို ကြည်နူးစွာဖြင့် ကြည့်လိုက်သည်။ ပခုံးပေါ်ကျလာသည့် မိုးပေါက်များက မှုန်ခနဲ၊ မွှားခနဲ၊ ပိုးခနဲ၊ ပေါက်ခနဲ။ ခင်တို့ ထီးကလေးက နှစ်ယောက်စာ မလုံလောက်သဖြင့် ခင့်ဝဲဘက် ပခုံးတစ်ခုလုံး ရွှဲရွှဲစိုလျက် ရှိနေပြီ။ ခင့်အင်္ကျီပါးလေးမှာလည်း မိုးစက်များအောက်တွင် ပြားပြားဝပ် လျက် ပခုံးသားများအပေါ် မှီခိုလျက်ရှိသည်။
ခင်သည် ထိုအကြောင်းလေးများကို တွေးရင်း ရင်တွင်း၌ ချမ်းမြေ့ပျော်ရွှင်စွာဖြင့် မောင့်ကို မော်ကြည့်လိုက်သည်။ မောင့်မျက်နှာတွင်လည်း အပြုံးဖြင့်။
ခင်သည် ရှေ့မှ ဗွက်အိုင်ကလေးကိုပင် ခုန်ကျော်ချင်သည်အထိ ပျော်ရွှင်အူမြူးလျက်ရှိသည်။ ရှည်လျား စွာ ကျနေသော ထဘီကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ခုန်ကျော်လိုက်သည်။ ထို့နောက်တွင်ကား မောင်နှင့်ခင်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မိကြသည်။
မောင်က ရယ်လျှင် ခေါင်းများကို မော့ကာ ရယ်တတ်သဖြင့် မောင့်မျက်နှာပေါ် မိုးစက်တို့ ခိုကြသည်။ ကြည့်စမ်း။ ခင်တို့ ဘာလို့များ ထီးကို ဆောင်းထားကြပါလိမ့်။ မောင့်လက်ထဲက ထီးကို ဆွဲပြီး ပိတ်ပစ်ကာ လွယ်အိတ်ထဲ သို့ ထည့်လိုက်သော ခင့်ကို မောင်က မျက်ခုံးများပင့်လျက်ကြည့်လေသည်။
နောက်တော့ ချစ်သူနှစ်ဦး လက်ချင်း တွဲကာ မိုးစက်ထဲ လျှောက်ကြသည်။ လွယ်အိတ်များထဲက ကျောင်းစာအုပ် များ ရေစိုကုန်ကြလိမ့်မည်ကို သိသည်။ ခင့်ကတ္တီပါ ဖိနပ်ပါးပါးလေး ပျက်တော့မည် ကို သိ သည်။ သို့သော်လည်း မိုးရေထဲက မောင့်လက်များက နွေးထွေးလှပါကလား ဆိုသည့် စိတ်ဖြင့် ခင်က အရာ အားလုံးကို မေ့ပစ်သည်။
ရုတ်တရက်မောင်က ဟပ်ချိုးချေသည်။ ကြည့်ပါဦး။ မောင်ဟပ်ချိုးချေတာ ရယ်စရာပါလား။ ခင်က သွားလေးများ ပေါ်အောင်ရယ်ပြန်သည်။ မောင်က မိုးရေစက်များကို ခံယူရင်း ခေါင်းမော့ကာရယ်သည်။ မိုးရေစက်များကြားတွင် အချစ်သည် အေးမြနွေးထွေးလျက် လှပနေသည်။ ချစ်သူနှစ်ဦးသည် မိုးရေစက်တွေထဲ ဆက်လက်ထွက်ခွာသွားတော့သည်။
မိ
1/1/2016
0 comments:
Post a Comment