Thursday, April 9, 2015

“မင်းရာဇာရဲ့ဓား”


A user's photo.
1.
ဒီတခေါက် ခွင့်တစ်လရလို့အိမ်ပြန်တော့ မိန်းမက ရန်ကုန်မှာလာကြိုတယ်။ ရန်ကုန်မှာတစ်ညအိပ်ပြီး နောက်နေ့ညနေကားနဲ့ မန္တလေးပြန်မယ်လို့ စီစဉ်ထားတာ၊ အဲဒါမိန်းမက သူ့အဖေရှိရာ မိထ္တီလာကို ဝင်ချင်တယ်လို့ အရေးဆိုလာတယ်…
“သိလား…ကိုကို”
“သိဘူးကွ”

“ဘာမသိဘူးလည်း၊ ဒီကဖြင့် ဘာမှမပြောရသေးဘဲနဲ့”
“အေးလေ၊ ဒါ့ကြောင့် မသိဘူးလို့ပြောတာပေါ့”
“ဘာလဲ၊ ကိုကိုက သန်လေးအကျင့်ပါနေတာ သိရဲ့သားနဲ့ လှောင်တာလား၊ တော်ပြီ မပြောတော့ဘူး”
“စ,တာပါ သန်လေးရယ်၊ ကဲ…ပြောပြော”
သူက ဒီလိုပဲ၊ စကားပြောရင် ‘သိလား၊ သိလား’ နဲ့ အရှိန်ယူတတ်တယ်။ အကျင့်ဖြစ်နေပြီ။
“သိလား ကိုကို၊ ဖေဖေတို့နဲ့လည်း မတွေ့ရတာကြာပြီ၊ အဲဒါ မန္တလေးတန်းမပြန်ဘဲ မိထ္တီလာမှာ တစ်ညလောက် ဝင်လည်ရအောင်နော် ကိုကို၊ သိလား”
“သိဘူး၊ အဲ…သိပြီ၊ ဝင်လေ ကောင်းသားပဲ”
2.
ဒီလိုနဲ့ မိထ္တီလာရောက်တော့ ဆင်းလိုက်ကြတယ်၊ သူ့မိဘတွေနေတဲ့ မြို့ပြင်ကဆည်မြောင်းဝင်းကို ဆိုင်ကယ်တက်စီငှားပြီး သွားရတာ။
မထင်မှတ်ဘဲ ရောက်လာတော့ သူ့အဖေ ပျော်နေရှာတယ်၊ သမီးနဲ့ကလည်း မြို့ခြင်းနီးနေပေမယ့် မတွေ့ဖြစ်ကြဘူးလေ။
“ဟာ…သမီး သန္တာ၊ အော်… မောင်ဦးလည်း ပါလာတာကိုး၊ ကောင်းတယ် ကောင်းတယ်”
“ကိုကိုခွင့်တစ်လရလို့ ပြန်လာတာလေ၊ ဖေဖေတို့နဲ့လည်း မတွေ့တာကြာလို့ လမ်းကြုံဝင်လိုက်ကြတာ၊ သိလား ဖေဖေ”
“အော်… အေး..အေး…ကောင်းတယ် ကောင်းတယ်”
အင်း… 'သမီးသိလား' နဲ့ 'ဖေဖေကောင်းတယ်' နဲ့တော့ တွေ့နေပြီ…
သူ့အဖေက ဝန်ထမ်းလုပ်ရင်း အင်္ဂလိပ်စာကျူရှင်ပြတာ၊ အင်္ဂလိပ်စာတော်တယ်လို့ နာမည်ကြီးတယ်၊ ဒါပေမယ့် ကျူရှင်လခယူတာနည်းတော့ သူများကျူရှင်ဆရာတွေ ချမ်းသာပေမယ့် သူ့မှာတော့ ချို့တဲ့ရှာတယ်။ ကျူရှင်ခန်းလေး မိုးမလုံတာတောင် မမိုးနိုင်ဘူး။ ကျူရှင်ဆရာကတော်ကလည်း တောသူ ရိုးရိုးအအ ဆိုတော့ ယောက်ျားရှာပေးသလောက် မညူမဆူသုံးနေတာ။
“သန်လေးဖေဖေက စကားပြောရင် ‘ကောင်းတယ်’ မပါဘဲ မပြောဘူးနော်”
“ဘာဖြစ်လည်း ကိုကိုရဲ့၊ အကျင့်ပါနေလို့ဟာကို”
“သန်လေးကလည်း စကားပြောရင် သိလားသိလား နဲ့ ပြောတတ်တော့၊ အမျိုးဂုဏ်ထိမ်းတဲ့ သဘောပေါ့နော်…ဟိ”
“ဘာဟိလဲ၊ ဘယ်သူ့မှ မထိခိုက်ရင် ပြီးတာပဲ”
3.
သူကသာ မထိခိုက်ဘူးပြောတာ၊ ခဏနေတော့ ထိခိုက်တာနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံတော့တာပါပဲ…
သူ့အဖေရဲ့တပည့်လင်မယားနှစ်ယောက် အိမ်ပေါ်တက်လာတယ်၊ ဒီလင်မယားက ညားလည်းညားတတ်တယ်၊ ကိုသိန်းဝင်းနဲ့ မဝင်းသိန်းတဲ့။
“အော်…မောင်သိန်းဝင်းနဲ့ မဝင်းသိန်းတို့ပါလား၊ လာကြလာကြ”
“ကျနော့်တို့သားကို ဆရာကြီးဆီမှာ ကျူရှင်အပ်ချင်လို့ပါ”
“ဘယ်အတန်းလည်းကွယ့်”
“ရှစ်တန်းပါ ဆရာကြီး”
“အင်း ကောင်းတယ် ကောင်းတယ်”
ကျူရှင်ချိန်တွေ ကျူရှင်လခတွေပြောပြီးလို့ ကိုသိန်းဝင်းတို့လင်မယား ပြန်မယ်လုပ်တော့ ဆရာကြီးက မေးတယ်… …
“မင်း မိဘများရော နေကောင်းကြတယ် မဟုတ်လား”
“အမေကတော့ သိပ်နေမကောင်းဘူး ဆရာကြီး၊ အိပ်ရာထဲ လဲနေတာများတယ်”
“အို…ဘာဖြစ်တာလည်း ကွယ့်”
“အစုံပါပဲ ဆရာကြီးရယ်၊ လူကြီးဆိုတော့ သွေးတိုး၊ ဆီးချို၊ နှလုံး ပေါ့”
“အော်…ကောင်းတယ် ကောင်းတယ်”
…လုပ်ပြီ ဆရာကြီးတို့ကတော့၊ သူများရောဂါဖြစ်တာကို ကောင်းတယ် ကောင်းတယ်နဲ့၊ ဟိုက နည်းနည်းမျက်နှာပျက်သွားတယ်။ ဒါကို မရပ်သေးဘူး ဆက်မေးတယ်… …
“မင်းအဖေ AE ကတော့ ကျန်းမာတယ်မဟုတ်လား”
“ဖေဖေဆုံးတာ တစ်နှစ်လောက်တောင်ရှိသွားပြီ ဆရာကြီး”
“ဟင်…ဆုံးသွားပြီလား”
“ဟုတ်ကဲ့ ဆရာကြီး၊ ကိုယ့်အပူနဲ့ကိုယ် ဆိုတော့ ဆရာကြီးတို့ဆီ အကြောင်းမကြားမိလိုက်ဘူး”
“အော်...AE တောင် ဆုံးသွားရှာပြီကိုး၊ ကောင်းတယ် ကောင်းတယ်”
“ဗျာ…”
ကဲ… ဘယ်သူ့မှ မထိခိုက်ဘူးပြောတဲ့ မရွှေသန္တာ၊ မြင်တဲ့အတိုင်းပဲ၊ ဟိုလင်မယားလည်း မျက်စိပျက် မျက်နှာပျက်နဲ့ ထ ပြန်သွားပါလေရော…
4.
ဧည့်သည်တွေပြန်တော့ ဆရာကတော်က ငေါက်တော့တာပေါ့… …
“တော့်…ဦးမောင်ကိုမြင့်သိန်း၊ ရှင်က သူများအဖေဆုံးတာကို ကောင်းတယ်ကောင်းတယ်လို့ ပြောလွတ်လိုက်သလို ဖြစ်နေပြီ၊ ဘယ်လောက်အားနာဖို့ ကောင်းလဲ”
“အေးပါကွာ၊ ငါကလည်း အကျင့်ပါနေလို့ပါ”
“အကျင့်ပါနေလည်း ဆင်ခြင်မှပေါ့ရှင့်”
“အင်းပါ၊ နောက်ဆို ဆင်ခြင်ပ့ါမယ်”
“ဆင်ခြင်ပ့ါမယ်၊ ဆင်ခြင်ပ့ါမယ်နဲ့၊ အနှစ်၂၀ ကျော်လာပြီ”
ဆက်ပြီး ပွစိပွစိနဲ့ ငေါက်နေလို့ မျက်နှာပူတာနဲ့ အိမ်အောက်ဆင်းထိုင်နေရတယ်
“သန်လေးဖေဖေက မိန်းမကြောက်ပုံရတယ်နော်၊ ဟိုက ငေါက်နေလိုက်တာ ဘာမှပြန်မပြောရဲဘူး..ဟီ ဟိ”
“ဖေဖေလည်း ကိုကို့လိုပဲလေ၊ သူ့ထက် ဆယ်နှစ်ကျော်ငယ်တဲ့ မိန်းမချောချောလေးယူထားတော့၊ ကြောက်ရတာပေါ့ ကိုကိုရဲ့၊ သိလား”
“သိဘူး…”
…တေနာမ၊ သူ့အဖေကို ဝေဖန်မိတာနဲ့ ငါပါ မိန်းမကြောက်တဲ့ သူ့အဖေဂိုဏ်းထဲ ဆွဲထည့်ခံလိုက်ရပြီ။
“သန်လေးမေမေက ဖေဖေ့ကို ဘယ်လိုခေါ်တာ…ဦးမောင်ကိုမြင့်သိန်းလို့ ကြားလိုက်ပါတယ်၊ ဟုတ်လား…”
“ဟုတ်တယ်၊ ဖေဖေက မေမေ့အကိုတွေနဲ့ အရင်ခင်တာလေ၊ အကိုတွေက ဖေဖေ့ကို ကိုမြင့်သိန်း လို့ခေါ်ကြတာ၊ နောက် မေမေ့မိဘများဆီဝင်ထွက်နေတော့ မိဘတွေက မောင်ကိုမြင့်သိန်း လို့ အလွယ်ပဲခေါ်လိုက်ကြတယ်၊ မောင်မြင့်သိန်းလို့ မခေါ်ဘဲ သားတွေခေါ်တဲ့နာမည်ရှေ့ မောင်တပ်ခေါ်လိုက်တာလေ၊ တောသူတောင်သားတွေဆိုတော့ ရိုးရိုးအအ တွေမလား”
“ဒါနဲ့ မေမေကကြတော့ ဘယ်လိုဖြစ်လို့ ဦးမောင်ကိုမြင့်သိန်း ဖြစ်ရတာလည်း”
“ဖေဖေနဲ့ မေမေနဲ့က အသက်၁၅နှစ်လောက်ကွာတယ်၊ မိဘတွေ သဘောတူလို့ပေးစားထားတာ၊ သမီးရီးစားဘဝက လာတာမဟုတ်တော့ ဘယ်လိုခေါ်ရမှန်းမသိတာနဲ့ မိဘတွေခေါ်တဲ့နာမည်ရှေ့ ဦးတပ်ခေါ်လိုက်တာ၊ သိပြီလား”
“သိပြီ…”
ထူးဆန်းပါပေ့ ကိုတွတ်ပီရယ်၊ အဲလေ…ဆရာကတော်ရယ်
6.
အမယ်… ဆရာကတော်ကလည်း ခေသူတော့မဟုတ်ဘူး၊ အင်္ဂလိပ်စာပြ ကျူရှင်ဆရာကတော်ဆိုတော့ အင်္ဂလိပ်လို အတော်နားရည်ဝနေပုံ ရတယ်၊ စကားပြောရင် အင်္ဂလိပ်လို ညှပ်ညှပ်ပြောတာ။
သန္တာ့လည်ပင်းဆွဲထားတဲ့ ဖန်စီ (Fancy) ဆွဲကြိုးလေးကို ကိုင်ကြည့်ပြီး… …
“သမီးကြီးဆွဲထားတဲ့ ဖန်တက်ဆီ လေးက လှသားနော်”…တဲ့
အင်း… ဖန်တက်စီဆိုတော့ ဘေးကကြားရင် အအေးပုလင်ကြီး လည်ပင်းဆွဲထားတယ် ထင်တော့မယ်။
ဆက်ပြောသေးတယ်… …
“သမီးညီမလည်း ဖန်တက်စီ ဝါသနာပါတယ်၊ သူ့ဆီမှာ ဖန်တက်စီ တက်ကလုတ်တွေ အများကြီးပဲ”
…ဟိုက် ဘာလည်းဟ တက်ကလုတ်ကြီးက၊ မြင်းပြေးတာကို ပြောတာထင်တယ်၊ ကောင်မလေးက မြင်းစီးတာ ဝါသနာပါလား မသိဘူး၊ မေးကြည့်အုံးမှ… …
“သန်လေးမေမေပြောတဲ့ တက်ကလုတ်က ဘာကြီးလဲဟင်…”
“အာ.. ကိုကိုက တော်တော်ပိန်းတာဘဲ၊ ကက်တလောက် (Catalog) ကိုပြောတာ၊ သိလား”
အင်း…သူတို့ အမျိုးခြင်းကြတော့ ဘာသာပြန်တတ်သားဟ၊
မဖြစ်ဘူး မြန်မြန်ပြန်မှ၊ ဒီအမျိုးတွေကြားထဲ ငါလိုက်မမှီဘူး၊ ကြာရင် သွက်သွက်ခါအောင် ရူးသွားနိုင်တယ်။
7.
သူတို့အိမ်ကလည်း ဝန်ထမ်းအိမ်ရာဆိုတော့ ၁ဝ ပေပတ်လည် ၂ခန်းထဲပါတာ၊ တစ်ခန်းက အိပ်ခန်း၊ တစ်ခန်းက ဧည့်ခန်း။
၂ခန်းလုံး သူ့လူနဲ့သူအပြည့်၊ ကျုပ်တို့လင်မယားအိပ်စရာဆိုလို့ ခွေးကတက်ပဲ လွတ်တော့တာ။
ပြီးတော့ ဆောင်းတွင်းကြီး၊ စောင် ခေါင်းအုံး အခက်အခဲရှိတယ်၊ သူတို့ခမျာလည်း ပြည့်စုံရှာတာမဟုတ်ဘူး။
ဒါနဲ့ မြို့ထဲသွားပြီး ဟိုတယ်တစ်ခုခုမှာပဲ ညအိပ်ဖို့ တိုင်ပင်ရတယ်၊ တိုင်ပင်ပြီးတော့မှ သူ့အဖေကို ဖွင့်ပြောခိုင်းလိုက်တယ်… …
“ဖေဖေ၊ သမီးတို့ မြို့ထဲက ဟိုတယ်တစ်ခုခုမှာပဲ သွားအိပ်လိုက်တော့မယ်၊ အဲဒီကနေမှ မနက်ကားနဲ့ မန္တလေးပြန်လိုက်တော့မယ် ဖေဖေ၊ သိလား”
သူ့မိဘတွေလည်း စိတ်မကောင်းကြဘူး၊ သူတို့အိမ်အခြေအနေ သူတို့သိနေတော့ တားဖို့လည်း မစွမ်းသာဘူးလေ။
“ကဲ…သန်လေးရေ၊ မိုးသိပ်မချုပ်ခင် သွားလိုက်ကြရအောင်”
“ဟုတ်ကဲ့ ကိုကို၊ ဖေဖေတို့ကို နုတ်ဆက်လိုက်အုံးလေ”
“ဦး… သွားလိုက်ပါအုံးမယ် ခင်ဗျာ”
“အော်…သွားကြတော့မလား၊ သွားကြ သွားကြ၊ ကောင်းတယ် ကောင်းတယ်”
အမ်…လုပ်ပြန်ပြီ၊ ကောင်းတယ် ကောင်းတယ်…တဲ့။ ဝမ်းသာအားရ ရှိပုံရတယ်၊
8.
ဒီလိုနဲ့ မိထ္တီလာမြို့ပေါ် တည်းစရာခိုစရာလိုက်ရှာတာ ချာလပတ်ကိုလည်ရော၊
တော်တော်များများက အဆင်မပြေဘူး။ နောက်ဆုံးတော့ မိထ္တီလာကန်ဘေးက “မင်းရာဇာ ဟိုတယ်” မှာပဲ တည်းလိုက်တယ်။ ရှုပ်ရှုပ်ရှက်ရှက်မရှိတာရယ်၊ နည်းနည်းသန့်ရှင်းတာရယ်ကြောင့် တည်းလိုက်တာ။
အခန်းခတွေ ကြိုရှင်းပြီးတော့ အလုပ်သမားလေးက တည်းရမယ့် အခန်းလိုက်ပို့တယ်။
အခန်းထဲရောက်တော့ ကောင်လေးက မီးခလုပ်တွေ တခုပြီးတခုလိုက်ဖွင့်ပေးတယ်။
အဲဒီမှာ တစ်ခုသောခလုပ်ကိုလည်း ဖွင့်လိုက်ရော…
“ဒီ…ဟီ…ဟီ”…ဆိုပြီး အသံဆိုးကြီး ထွက်လာပါလေရောဗျာ…
ရုတ်တရက်ဆိုတော့ လန့်ဖြန့်သွားတာပေါ့
“အမလေး… ကုလားကြီးက ငုတ်တုတ်ကြီး၊ အဲလေ…ဟဲ့ကောင်… ဘာလဲဟ အသံကြီးက”
“အဲယားကွန်း ဖွင့်လိုက်တာပါအကို၊ မကြောက်ပါနဲ့”
“ဟမ်မလေးဗျာ၊ ငါက ထော်လာဂျီများ လမ်းမှားပြီး အခန်းထဲဝင်လာတာလားလို့ လန့်သွားတာ၊ နေပါစေ မောင်ရင်ရာ၊ ဆောင်းတွင်းကြီးပါ၊ မင့်အဲယားကွန်းကြီး မဖွင့်ပါနဲ့၊ တောင်းပန်ပါတယ်”
“ဟုတ်ကဲ့အကို၊ လိုအပ်တာရှိရင် ကောင်တာကို ဖုန်းဆက်ခေါ်လိုက်ပါ”…ဆိုပြီး ပြန်ထွက်သွားတယ်။
ညည်းစီစီကြီး ဖြစ်နေလို့ ရေအရင်ချိုးမယ်ဆိုပြီး ရေချိုခန်းထဲလည်း ဝင်လိုက်ရော… …
ရေပန်းက ရေတွေ တဖွားဖွားကျရင်း ကြိုနေတယ်...
“အမယ်…ရေပန်းက အော်တိုမက်တစ်ထင်တယ်၊ လူဝင်လာတာနဲ့ ပွင့်သွားတာလား မသိဘူး၊ မဆိုးဘူး”…လို့ တွေးနေတာ၊ ခဏနေမှ မှားမှန်းသိတယ်။
သူ့ဟာက ပိတ်မရ ဖွင့်မရနဲ့ ရေဘားက ပျက်နေတာကိုး။
ဒါနဲ့ ဧည့်ကြိုကောင်တာကို ဖုန်းလှမ်းဆက်ပြောရတယ်၊ ကိုယ့်ကြောင့်ထင်နေမှာစိုးလို့လေ
“ဟလို…အခန်း ၂၀၄ ကပါ၊ ရေပန်းက ရေတွေကျနေတာ၊ ပိတ်လို့မရဘူး”
“ဟုတ်တယ်အကို၊ ရေချိုးလို့တော့ ရတယ်မလား၊ ချိုးစရာရှိတာသာ ချိုးလိုက်၊ ရေပိုက်ပြင်ဆရာခေါ်ထားတာ၊ မလာသေးလို့ ရှင့်”
ဖြစ်မှဖြစ်ရလေဗျာ။
9.
ရေမိုးချိုးပြီးလို့ တီဗွီလေးဖွင့်ကြည့်လိုက်တော့ အရုပ်တော့ပေါ်တယ်၊ အသံမကြားရဘူး။ ဒါနဲ့ Remote control လိုက်ရှာတာ ရှာမတွေ့တာနဲ့ တီဗွီကခလုပ်နဲ့ပဲ အသံချဲ့မယ်ဆိုပြီး နှိပ်လိုက်တော့ အသံတော့ကျယ်မလာဘဲ လိုင်းပဲ ပြောင်းသွားတယ်။ လိုင်းပြောင်းတဲ့ခလုပ်နှိပ်မယ်လုပ်တော့ ခလုပ်နေရာမှာ ဘာဖုမှမရှိဘူး၊ အပေါက်ဟောင်းလောင်းလေး ၂ခုပဲ တွေ့ရတယ်။ မဖြစ်ချေဘူး၊ ကောင်တာကို ဖုန်းဆက်အုံးမှ…
“ဟလို…အခန်း၂၀၄ ကပါ၊ တီဗွီက Remote လည်း မရှိဘူး၊ အသံလည်း ချဲ့မရဘူး၊ လိုင်းပြောင်းတဲ့ ခလုပ်လည်း မပါဘူးဖြစ်နေတယ်၊ ကြည့်လုပ်ပါအုံး”
“ဟုတ်တယ်အကို၊ Remote က ပျောက်နေတာကြာပြီ၊ အသံချဲ့တဲ့ခလုပ်က လိုင်းပြောင်းတဲ့ဟာနဲ့ ညှိနေတာ၊ အသံတော့ ချဲ့မရဘူး၊ လိုင်းပြောင်းကြည့်ချင်ရင်တော့ နည်းရှိတယ် အကို”
“ပြောပါအုံး…”
“တီဗွီဘေးမှာ သွားကြားထိုးတံလေးချထားတာ တွေ့လား အကို”
“အဲ…အင်း…တွေ့ပြီ”
“အဲဒီသွားကြားထိုးတံလေးနဲ့ လိုင်းပြောင်းတဲ့ အပေါက်ကို ထိုးလိုက်အကို ပြောင်းသွားလိမ့်မယ်၊ ခလုပ်က အထဲကျွံနေလို့”
အားပါး…တခါမှ မတွေ့ဖူးဘူး၊ ထူးဆန်းပ့ါဗျာ။ သူပြောသလို ထိုးကြည့်တာ ဟုတ်ပ့ါ လိုင်းတွေ ပြောင်းသွားတယ်၊ အံ့ရော…
“တီဗွီအစုပ်ကြီး မကြည့်တော့ဘူး သန်လေးရာ၊ အိပ်တော့မယ်”
“ကိုကို အိပ်ချင်အိပ်နှင့်၊ သန်လေးတော့ မြဝတီကလာမယ့် ကိုရီးယားကားကြည့်အုံးမယ်၊ သိလား ကိုကို”
“အသံမှ မကြားရတာ၊ ဘာလို့ကြည့်နေမှာလဲ သန်လေးရဲ့”
“အသံကြားတော့ရော ကိုယ်မှနားမလည်တာ၊ အရုပ်မြင်ရတယ် စာတန်းထိုးပါတယ်၊ ရပြီပေါ့”
“ကြည့်ပါဗျာ၊ ကြည့် ကြည့်၊ ကောင်းတယ် ကောင်းတယ်”
“ဘာကောင်းတယ်လဲ၊ သန်လေးဖေဖေကို ပြောင်တာပေါ့လေ”
“မဟုတ်ပါဘူးကွာ၊ အကျင့်ကူးသွားတာပါ... ဟီးဟီး”
“ဟွန်း…မပြောလိုက်ချင်ဘူး”
10.
နောက်နေ့ မနက် ၈ နာရီလောက် အထုပ်အပိုးတွေဆွဲပြီး ဧည့်ခန်းဆင်းလာတော့ ဧည့်ကြိုစာရေးမလေးက မေးတယ်… …
“အကိုတို့ ပြန်ကြတော့မလို့လား”
“ဟုတ်တယ်”
“နံက်စာလေး သုံးဆောင်သွားပါအုံး၊ ကျမတို့ဟော်တယ်က တည်းခိုသူတွေကို နံက်စာနဲ့ အခမဲ့ဧည့်ဝတ်ပြုပါတယ်”
“အော်… ကောင်းတာပေါ့၊ စားလိုက်မယ်လေ”
ဒါနဲ့ စားသောက်ခန်းမသွားပြီး စားပွဲတစ်လုံးမှာ ထိုင်လိုက်တယ် ဆိုရင်ပဲ ကောင်လေးတစ်ယောက်က လာမေးတယ်… …
“အကိုတို့၊ နံက်စာက ပဲပြုတ်ထမင်းကြော်နဲ့ ယမ်ယမ်ခေါက်ဆွဲပြုတ်၊ ကြိုက်တာတစ်ခုခု သုံးဆောင်လို့ရပါတယ် ခင်ဗျာ”
အင်း…တော်တော် ခက်ရာခက်ဆစ် နံက်စာပါလား။
“ကိုယ်က ခေါက်ဆွဲပြုတ်စားမယ်ကွာ၊ သန်လေးကရော…”
“ထမင်းကြော်စားမယ်”
ခဏနေတော့ ရေနွေးပူပူတစ်ခွက်စီနဲ့ ကော်ဖီမစ်တစ်ထုပ်စီ လာချပေးတယ်။
မရွှေသန္တာက ကော်ဖီမစ်ကို ဖျော်သောက်ကြည့်ပြီး မှတ်ချက်ပြုတယ်… …
“သိလားကိုကို၊ ကော်ဖီမစ်လက်ရာကတော့ မဆိုးဘူး၊ မန္တလေးမင်းသီဟ လက်ရာအတိုင်းပဲ”
“ဟုတ်လား၊ မှန်းစမ်း မြည်းကြည့်ရအောင်၊ အာ… ကော်ဖီမစ်ပါဆိုမှ ဘယ်မှာသောက်သောက် အတူတူပဲပေါ့ဟ”
“သိသားပဲ၊ တမင်ရွဲ့ပြောနေတာ”
ဂုစ္ဆာမ၊ ငါက အဟုတ်မှတ်လို့ မြည်းတောင်ကြည့်လိုက်သေးတယ်။
ခဏနေတော့ ခေါက်ဆွဲပြုတ်သောက်မယ့် ကျနော့်ဘက်ကို ဇွန်းတစ်ချောင်းနဲ့တူတစ်စုံ၊ ထမင်းကြော်စားမယ့် မရွှေသန္တာဘက်ကို ဇွန်းခက်ရင်းတစ်စုံနဲ့ စတီးဓားလေးတစ်ချောင်း လာချပေးတယ်။
“ဓားက ဘာလုပ်ဖို့ပါလိမ့်” တဲ့ သန္တာက မေးတယ်
“ထမင်းကြော်နဲ့စားဖို့ ကြက်သားကြော်လို၊ ဆိတ်သားကြော်လိုဟာမျိုး ပါလို့နေမှာပေါ့ သန်လေးရဲ့၊ ဒါမှ လိုအပ်ရင် ဓားနဲ့လှီးစားရမယ်လေ”
“အော်… ဟုတ်လောက်တယ်”
နောက် ၃မိနစ်လောက်နေတော့ ခေါက်ဆွဲပြုတ်နဲ့ တမင်းကြော်ရောက်လာတယ်၊ ဘာထပ်လာအုံးမလဲလို့ ခဏစောင့်ကြည့်လိုက်သေးတယ်၊ ဘာမှ မလာတော့တာနဲ့ ရောက်လာတာပဲ စားလိုက်ကြတာပေါ့။
ဓားက ဘာအတွက်လဲဆိုတာတော့ ခုထိ စဉ်းစားလို့မရဘူး။
ခေါက်ဆွဲပြုတ်ဆိုတာကတော့ ရေနွေးဆူဆူထဲ ထည့်ပြုတ်လိုက်ရင်ပြီးပြီ၊ အရသာက ဒါ ဒါဘဲ။
အဲ… ထမင်းကြော်စားတဲ့လူကို ကြည့်ရတာ အခြေအနေကောင်းပုံမရဘူး၊ တချက်တချက် မဲ့သွားလိုက်၊ တချက်တချက် မျက်လုံးပြူးသွားလိုက်၊ တချက်တချက် အာရွဲ့သွားလိုက်နဲ့…. ထူးတော့ထူးပြီ
“သန်လေး… အခြေအနေကောင်းရဲ့လား”
“ကောင်းဘူး၊ စားကြည့်ကြည့်”
ထမင်းကြော်တစ်ဇွန်း ယူစားကြည့်လိုက်တယ်… …
“အာဝူး… ဖူး”…ဆိုးလိုက်တဲ့ အရသာ၊
ထမင်းစေ့က မနပ်ဘူးဗျာ၊ ဆားကငန်တယ်ဗျာ၊ ပဲပြုတ်ကလည်း ရက်ကျန်တွေလား မသိဘူးဗျာ။
အင်း…ဒီတော့မှ ခေါင်းထဲ အသိတစ်ချက် လက်ကနဲ ပေါ်လာတယ်… …
“ဝိုးး…ဓားထည့်ပေးရတဲ့ အကြောင်းကို သိပြီကွ”
“ဘာလဲဟင်… သန်လေးကိုလည်း ပြောပြ”
“ဒီလိုကွ၊ ဒီလောက်ဆိုးတဲ့ ထမင်းကြော်ကို စားမိတဲ့သူဟာ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ပေါက်သွားမယ် ဆိုတာကို ဒီဟော်တယ်က သိနေတဲ့အတွက်၊ စားသုံးသူ အဆင်ပြေအောင် တလက်စထဲ ဓားတစ်ချောင်း အဆင်သင့်ထည့်ပေးလိုက်တာကွ…”
“အော်… အော… ဒါဆို သန်လေးက ဒီဓားနဲ့ ကိုယ့်ကိုကိုယ် သတ်သေရတော့မှာပေါ့လေ ဟုတ်လား”
“ဟား…ကောင်းတယ်…ကောင်းတယ်”
“ဘာာာာာ……..”
11.
မန္တလေးကိုပြန်တော့ နဖူးပေါ်က ဘုသီးကို လူမမြင်အောင် တဘက်နဲ့ ပတ်ပြန်ခဲ့ရတယ်
အားလုံးနည်းနည်းလေးဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…

သန်၎ကို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...