Tuesday, April 28, 2015

တစ်သက်မှ တစ်ခါလုပ်မည့်အလှူ


M. Zaw Aung

(၁) တစ်သက်မှ တစ်ခါလုပ်မည့်အလှူဖြစ်၍ ကောင်းကောင်းလေး လုပ်လိုခြင်း

ဗုဒ္ဓဘာသာမှန်က မိမိသားသမီးများကို ရှင်ပြုနားသမင်္ဂလာ ဆင်ယင်ကျင်းပ ပေးကြသည်မှာ အစဉ်အလာ ဖြစ်၏။ သားဖြစ်သူ အသက် (၂၀) ပြည့်လျှင် ပဉ္စင်းခံပေးသည်။ မိမိ၌ သားသမီးမရှိသူများက မိမိနှင့် ဆွေမျိုးနီးစပ် တော်သူများကို သော်လည်းကောင်း၊ ဆွေးမျိုးမတော်လျှင်ပင် အခြားသူတစ်ဦးဦးကိုသော်လည်းကောင်း ရှင်ပြု၊ ပဉ္စင်းခံ ပြုလုပ်ပေးကြ၏။ ရှင်ပြုပဉ္စင်းခံပြုလုပ်ရန် ငွေကြေးမတတ်နိုင်သူများအား အခြားသူတစ်ဦးဦးက ပြုပေးသည်လည်း ရှိသည်။
အမှန်ဆိုရလျှင် ရှင်ပြု၊ ပဉ္စင်းခံခြင်းဖြင့် မိမိ၏ သားရတနာများအား သာသနာ့ဘောင်တွင်း သွတ်သွင်းခြင်းမှာ အလွန် ရိုးရှင်းလှသည်။ မိမိ၏ ဥပဇ္ဈာယ် ဆရာဘုန်းကြီးထံ၌ ရဟန်းသာမဏေတို့ သိအပ်၊ တတ်အပ်သည်များကို လေ့လာသင်ကြား ကာ ဆံပယ်ပြီး သင်္ကန်းဆင်၊ ရဟန်းဆိုလျှင် ရဟန်းဂုဏ်မြောက်အောင် သိမ်ဝင်၊ ကမ္မ၀ါဖတ်ပြီး ရဟန်းပြုပေး။ သည်မျှသာ ဖြစ်၏။ ငွေကြေးအားဖြင့်လည်း ရဟန်းသာမဏေတို့၌ ရှိအပ်သော ပရိက္ခရာ (၈) ပါးနှင့် ဆရာဘုန်းကြီးအား လှူဒါန်းရန် ၀တ္ထုငွေ အနည်းငယ်မျှရှိလျှင်ပင် ပြီးတော့၏။ မိမိမတတ်နိုင်၍ ဆရာဘုန်းကြီးအား မကပ်လှူနိုင်လျင်ပင် ဘုန်းတော်ကြီးက မည်သို့မျှ မိန့်တော်မူမည်မဟုတ်ပါ။ အတိုချုပ်ရလျှင် ရဟန်းပြုခြင်းဆိုသည့်အရာ၌ ပရိက္ခရာ (၈) ပါးရှိလျှင် ကိစ္စပြီးပါသည်။
သို့သော် ရှင်ပြု၊ ရဟန်းခံဆိုသည်မှာ တစ်နှစ်တစ်ခါဆိုသလို မကြာခဏ ကျင်းပလေ့ရှိသောအရာမဟုတ်။ တစ်သက်မှ တစ်ခါ၊ အများဆုံးဆိုပါမှ နှစ်ခါ သုံးခါသာ ပြုကြတာ ဖြစ်၏။ ထို့ကြောင့် ရှင်ပြု၊ ရဟန်းခံကိုအကြောင်းပြု၍ ကုသိုလ်ကောင်းမှု များ ပြုကြသည်။ အခမ်းအနားကို ဆိုင်းကလေး၊ ဗုံကလေးများဖြင့် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက် ကျင်းပကြသည်။ ဘိသိက်များထည့်ကြသည်။ ဆိုင်း၊ အငြိမ့်စသည်တို့ ထည့်ကြ၏။ မိမိတတ်နိုင်လျင် တတ်နိုင်သလို အစားအသောက်၊ အကျွေးအမွေးများဖြင့် ဧည့်ခံကြသည်။
ရှင်ပြု၊ ပဉ္စင်းခံအလှူများအား စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်ကို လူတိုင်းကြိုက်သည်တော့ မဟုတ်ပါ။ နှာခေါင်းရှုံ့သူအချို့လည်း ရှိ၏။ ထို့ထက် အသား၊ ငါးများဖြင့် တည်ခင်း၊ ဧည့်ခံကျွေးမွေးသည်ကို မေးငေါ့ကြလေသည်။ ရှင်ပြုတာပဲကွာ၊ ခေါင်းတုံးရိတ်ပြီး သင်္ကန်းဆီးပေးလိုက် ပြီးတာပဲ။ အလကား အပိုတွေဟု အတင်းတုပ်သူများရှိသလို ကြည့်စမ်း၊ ကြက်သတ်၊ ၀က်သတ်ပြီး အလှူလုပ်သတဲ့။ အလကား လူတွေ။ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိသာဆိုတာ အဲဒီ လူတွေကိုပြောတာပေါ့ကွ ဟု တီးတိုးတီးတိုး သဖန်းပိုးလုပ်သူများလည်း ရှိ၏။
ကျွန်တော်ကတော့ ထိုပုဂ္ဂိုလ်များအား မည်သို့မှ မဝေဘန်လိုပါ။ ၎င်းတို့ မည်ကဲ့သို့ စားသောက်နေထိုင်သည်၊ ဘုန်းကြီးဆွမ်းကပ်သည့်အခါ မည်ကဲ့သို့ကပ်သည်၊ ဧည့်သည်များအား မည်ကဲ့သို့ တည်ခင်းဧည့်ခံသည်၊ ထို့ထက် သူရို့ မိဘများကို မည်ကဲ့သို့ ပြုစုလုပ်ကျွေးသည်ကိုသာ အနီးကပ် စောင့်ကြည့်လေ့လာလိုပါသည်။ ထိုသူများသည် တစ်သက်လုံး သက်သတ်လွတ်ချည်း စားသွားသူများ ဖြစ်ပါသလား။ မိဘများအား ကျွေးမွေးသည့်အခါ၊ ဘုန်းကြီးများအား ဆွမ်းကပ်လှူသည့် အခါလည်း သက်သတ်လွတ် ကပ်လှူပါသလား ဆိုတာကိုသာ သိချင်ပါသည်။ ထိုသူ့အနေနှင့် တစ်သက်လုံး သက်သတ်လွတ် စားပါသည် ဆိုစေ။ အခြားသူများလည်း ငါ့လို သက်သတ်လွတ်စားနိုင်သလား ဆိုသည်ကို မဆင်ခြင်သင့်ပါသလော။
ကျွန်တော် တရုတ်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၌ အခါများစွာ သက်သတ်လွတ် စားဖူးပါသည်။ ထို့ပြင် အသားငါး ဟင်းများကိုလည်း မက်မက်မောမော စားလေ့မရှိပါ။ များသောအားဖြင့် အသီးအရွက်ဟင်းများသာ အစားများပါသည်။ သို့တိုင် သီးစုံကုလားဟင်းချက်လျှင် ကြက်သားထည့်မချက်ဘဲ စားမကောင်းပါ။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သက်သတ်လွတ်ဟင်းကို အသားငါးဟင်းထက် ပိုမကြိုက်မိပါ။ အသီးအရွက်ကို ပိုစားဖြစ်သည်ဆိုစေ၊ အိနေအောင်ချက်ထားသည့် ၀က်သားအချိုချက် ကိုမူ ဟင်းသီးကုလားဟင်းထက် ပိုကြိုက်ပါသည်။

(၂) အလှူတွင် အသားဟင်းဖြင့် ကျွေးလိုခြင်း

            သားကလေးမွေးလာတော့ အသက် ၈ နှစ်ကျရင် ရှင်ပြုမယ် ဟု ဟို့ အစောကြီးကတည်းက မမနှင့် မောင်နှစ်မ နှစ်ယောက် တိုင်ပင်ခဲ့ကြ၏။ ဘုန်းမြတ်ငြိမ်းတို့အလှူကျရင်တော့ ဘိုဘိုတို့တီးဝိုင်းထည့်ရမဟေ့ ဟု မောင်ဘုန်း လေးဘက် မသွားခင်ကတည်းက သူ့ကြီးကြီးက ကြုံးဝါးထားတာဖြစ်သည်။
            ထို့ပြင် နောက်နှစ်ကျ သူရို့သားအမိကို စင်ကာပူခေါ်မှာဖြစ်သဖြင့် မြန်မာပြည်၌ရှိစဉ်ပင် ကိုရင်ဆီးပေးချင်သည်။ ထို့ကြောင့် ယခုနှစ် (၂၀၁၄၊ ဒီဇင်ဘာ) မြန်မာပြည်အလည်ပြန်တော့ မမနှင့်တိုင်ပင်ကာ အလှူလုပ်ရန် ရက်ရွေးကြသည်။ အမျိုးသမီးဘက်ကတော့ သူတို့ညီအစ်မနှစ်ဦးသာ ရှိသလို နှစ်ဦးစလုံးကလည်း ကိုယ့်အချိန် ကိုယ်ပိုင်ကြသဖြင့် ထည့်တွက် စရာမလို၊ ကြိုက်သည့်အချိန် လုပ်လို့ရသည်။ သို့သော် ကျွန်တော်တို့မောင်နှမများမှာ တစ်ယောက်တစ်နေရာစီ ဖြစ်နေသည့် ပြင် အလုပ်ကိုယ်စီနှင့်။ ဆိုတော့ သင်္ကြန်မတိုင်မီဆိုလျှင် အားလုံးအတွက် အဆင်ပြေလိမ့်မည်။ သင်္ကြန်ကျော်ပါက မိုးလေ စိတ်မချရ။ မတော် ရှင်လောင်းလှည့်နေတုံး မိုးရွာလာက ဒုက္ခ ဟု တွက်ကာ ၂၀၁၅၊ ဧပြီလ ၅ ရက်၊ ၆ ရက် (၁၃၇၆ ခုနှစ် တန်ခူးလပြည့်ကျော် ၂ ရက်၊ ၃ ရက်) ကို ရွေးလိုက်ကြ၏။ ဒါတောင် စင်ကာပူမှာ အလုပ်လုပ်နေသည့် တူမ တစ်ယောက်က ခွင့်ရဘို့ မကျိန်းသေ။ သို့သော် မတတ်နိုင်။ အများအဆင်ပြေဘို့က ပိုအရေးကြီးသည်။
            ကျွန်တော်ငယ်စဉ်က တောရွာအလှူပွဲ အတော်များများသို့ သွားရောက် စားသောက်ခဲ့ဖူးပါ၏။ သို့တိုင် သူတို့ ဘယ်လိုလုပ်ကြကိုင်ကြသည်ကို အသေးစိတ် မလေ့လာ၊ မမေးမြန်းစဖူး။ ထို့ကြောင့် အလှူအတွက် ဘာတွေ ဘယ်လို လုပ်ရမည်ဆိုသည်ကို သေသေချာချာမသိ။ ပိုက်ဆံ ဘယ်လောက် အကုန်ခံနိုင်မည် ဆိုတာသာ ကျွန်တော်ပြောနိုင်သည်။
            အလှူလုပ်မည့်ကိစ္စအ၀၀ကို စီစဉ်ညွှန်ကြားသူမှာ ကျွန်တော့်အစ်မကြီး ဒေါ်ကျင်ကျင် ဖြစ်၏။ သူက ဘာကျွေးမည်၊ ဘာထည့်မည်၊ ဘယ်သူ့ကိုခေါ်မည် စသည်များကို ၂၀၁၅၊ ဇန္န၀ါရီလကတည်းက ဖြည်းဖြည်းချင်း စဉ်းစားကာ အစီအစဉ်များ ဆွဲသည်။ ကျွန်တော်နှင့် အပြန်အလှန်ဖုံးဆက်သည်။ ကျွန်တော်က ကိုယ်လိုချင်တာ ပြောပြသည်။ သူက လုပ်ပေးသည်။
            အလှူတွင် အသား၊ ငါးဟင်းများကျွေးမည်ဆိုတော့ အဖေကြီးက အင်တင်တင်။ မင်းတို့ဟာကွာ၊ အကောင် ပလောင်တွေ သတ်နေရပါဦးမယ် ဆို၏။ သို့သော် ကျွန်တော်နှင့်မမက အသား၊ ငါး ဟင်းမပါလျှင် စားကောင်းမှာ မဟုတ်။ ထို့ကြောင့် အသား၊ ငါးများကို ဟင်္သာတဈေးတွင် ၀ယ်ပါမည်ဟု အဖေကြီးကို ပြောကာ အသားဟင်းကျွေးရန် စိုင်းပြင်း၏။ ဟင်္သာတဈေးမှာကတော့ ကျွန်တော်တို့မ၀ယ်လည်း အသား၊ ငါးများမှာ နေ့တိုင်းရှိနေတာသာ ဖြစ်ပါသည်။ ထို့ကြောင့် ကိုယ့် ပယောဂကြောင့် အကောင်ပလောင်များသေမှာ စိုးရိမ်သည့် အဖေကြီးအဖို့ လက်မခံနိုင်စရာမရှိဟု ကိုယ့်ဘက်ကိုယ်ယက်ကာ တွေးကြ၏။ ကျွန်တော်တို့လုပ်ချင်သည့်ဆန္ဒကို အဖေကြီးကလည်း အကြောက်အကန် မငြင်းရှာပါ။
            သို့သော် ပိသာချိန် ၃၀၀ လောက်ရှိသည့် အသားငါးများကို ဟင်္သာတမှာဝယ်ပြီး သယ်ဘို့ဆိုတာ မလွယ်လှပါ။ ကျွန်တော်တို့ကသာ ကိုယ်ဖြစ်ချင်တာ လျှောက်ပြောနေသည်။ တကယ်လုပ်ရမည့်လူများဘက်ကျတော့ အခက်အခဲရှိသည်။ ၀ါးတောကွင်းရွာနှင့် ဟင်္သာတဆိုတာက နီးနီးလေးမဟုတ်။ ထို့ကြောင့် နောက်တော့ အဆင်ပြေစေရန် ရွာထဲမှ ကြက်၊ ၀က်များ ကိုပင် ၀ယ်ခိုင်းလိုက်ရသည်။ သူတို့ဆီမှာဝယ်တော့ ရွာသားတွေလည်း ပိုက်ဆံရသည်ပေါ့။ သို့သော် ငါးကတော့ ရွာမှာမရ။ ရွာနီးချုပ်စပ်မှ ဈေးများတွင် သွားဝယ်ရမည်။ ဒါလည်း သိပ်မပူရပါ။ ငါတို့ ငါးနှပ် အချိန်ဘယ်လောက် ကျွေးမယ်ဟေ့ ဟု ပြောလိုက်ပါက ရွာမှလူများ အဆင်ပြေအောင် စီစဉ်ပေးပါလိမ့်မည်။
            အလှူတွင် အနီးအနားရွာများမှ ဖိတ်ကြားထားသူများအပါအ၀င် တစ်ရွာလုံးကို ထမင်းကျွေးမည်။ ကျွန်တော်တို့ရွာတွင် အိမ်ခြေ ၄၆၀ ရှိသည်ဟု ရွာလူကြီးဖြစ်သူ အစ်ကိုဝမ်းကွဲ ကိုမြင့်အောင်က ပြော၏။ လူဦးရေမှာ ၁၅၀၀ ဆိုလား သူပြောပါသေး၏၊ မမှတ်မိတော့။ မလာနိုင်သည့် အဖိုးကြီး အဖွားကြီးများအား ထမင်းဘူးများဖြင့် ထည့်ကာ သွားပေးမည်။ ဖြူဖြူက ရွာ့အပြင်မှာနေတဲ့ ဆင်းရဲတဲ့သူတွေက တော်ရုံတန်ရုံပွဲဆို မလာရဲကြဘူးဟု ပြောသဖြင့် မမက သူတို့အတွက် ထမင်းဘူးတွေနဲ့ သွားပို့မယ် ဟုဆိုကာ တစ်ခါသုံး ဖော့ထမင်းဘူးများ ၀ယ်ရန်စာရင်းတို့ထား၏။
            ထမင်းက အနည်းဆုံး ၂ နပ် (ဗျောဝင်ည နှင့် အလှူနေ့ နေ့လည်စာ) ကျွေးမည်။ ထို့ပြင် ကျွန်တော်တို့တည်းသည့် အိမ်နှင့် အနီးပတ်ဝန်းကျင်မှသူများကိုမူ ကျွန်တော်တို့သွားသည့်နေ့မှစကာ ကျွေးမွေးကြမည်။ စားချင်တဲ့သူတွေ လာစားကြ။ ထိုမျှသာမက ကျွန်တော်က ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် အထူးစပယ်ရှယ် ကျွေးချင်သည်။ ကျွန်တော်တို့ ငယ်ငယ်က ကလေးများဆို ဘေးဖယ်ထား၏။ ကလေးတွေမို့ အနားကပ်သွားလျှင် အရေးတယူလုပ်မည့်သူ မည်သူမျှ မရှိ။ ဟဲ့ကလေးတွေ၊ ရှုပ်ကိုရှုပ်တယ်၊ သွားကြဟု အော်ငေါက်လွှတ်တာသာ ကြုံခဲ့ရသည်။ ထို့ကြောင့် ကျွန်တော်က ကလေးတွေကို သေသေချာချာ ကျွေးချင်ခြင်းဖြစ်ပါသည်။
            ထမင်းသာမက။ ကလေးများအတွက် တစ်ရက်တွင် ရေခဲမုန့်နှင့် ကိတ်မုန့်များကျွေးရန်။ နောက်တစ်ရက်တွင် အချိုရည်ဘူးများတိုက်ရန်လည်း တိုင်ပင်ကြ၏။ ကျွန်တော်က ထမင်းစားအပြီး အသီးတစ်မျိုးမျိုး ကျွေးချင်သေးသည်။ ပေါပေါ များများ ဘာအသီးများရမလဲဟု စုံစမ်းကြည့်သည့်အခါ ဖရဲသီးရနိုင်သည် ဆို၏။ (သို့တိုင် ဖရဲသီးမကျွေးဖြစ်ပါ။ နေပြင်းလို့ ဖရဲသီးတွေက စားလို့မကောင်းတော့ဘူး ဟု ဆို၏။ ဟုတ်လည်း ဟုတ်ပါသည်။ ကျွန်တော်တို့ရွာရောက်သွားတော့ သူတို့ ဖရဲသီးတွေ ခွဲကျွေးကြ၏။ ဖရဲသီးတွေမှာ အလုံးကလည်း သေး၊ ဖြူဆုတ်ဆုတ်နှင့် မချိုပါ။ မာလည်းမာသည်။ စင်ကာပူမှ အစေ့မဲ့ဖရဲသီးကို မမှီပါ။)
            နင်ရို့တောင် တစ်နယ်တကျေးက လာကျွေးသေးတာ၊ တို့လည်း တတ်နိုင်သမျှကူရတာပေါ့ ဟု ရွာမှ အဆွေအမျိုးများ က ပြောသည် ဆို၏။ သို့သော် ကျွန်တော်ကတော့ မမကို သူတို့အား ဘာတစ်ခုမှ အလကားမခိုင်းရန်၊ တန်ရာတန်ကြေး လုပ်အားခပေးရန် ပြောထားပါသည်။ ယုတ်စွအဆုံး အလှူတွင် ထမင်းကျွေး၊ ပန်ကန်ဆေး၊ ချက်ကြပြုတ်ကြသူများကိုပင် အ၀တ်အစားများ ၀ယ်ပေးရန် စီစဉ်ထား၏။
            အလှူအတွက် ကျွန်တော်က ၃၅ သိန်း၊ သိန်း ၄၀ ခန့် ခန့်မှန်းထားကြောင်း မမကို ပြောလိုက်သည်။

(၃) မရှိဆင်းရဲသူများ၏ သားသမီးများကိုပါ ရှင်ပြု၊ ပဉ္စင်းခံ လုပ်ပေးလိုခြင်း

            အလှူလုပ်ရာတွင် ကျွန်တော့်သားနှင့် ကျွန်တော့်အောက် ညီမဖြစ်သူ၏သားကို ရှင်ပြုပေးရန် ဖြစ်၏။ ထို့ပြင် ကျွန်တော်က မမကို ဟဲ့၊ ဆင်းရဲတဲ့သူတွေကို သူတို့သားတွေပါ ရှင်ပြု၊ ပဉ္စင်းခံ ပေးမယ်လို့ပြောပြီး စာရင်းလိုက်ကောက်ချေ စမ်း၊ မောင်ရင်လောင်းတွေရော သူ့မိဘတွေကိုပါ အ၀တ်အစားဆင်မယ်လို့ ပြောလိုက်ဟု မှာလိုက်သည်။ မမက ရွာမှ ညီမ၀မ်းကွဲဖြစ်သူ သန်းသန်းလွင်ကို တဆင့် စာရင်းကောက်ခိုင်းလိုက်၏။ သန်းသန်းလွင်က ဘယ်သို့ပြောသည်မသိ။ ပထမတွင် ကျွန်တော်တို့အလှူနှင့်ပေါင်းပြီး ရှင်ပြု၊ ပဉ္စင်းခံလိုသူ တစ်ဦးမှမရှိပါ ဟု အကြောင်းပြန်သည်။ ကျွန်တော် ပထမ စိတ်ထဲတွင် တစ်မျိုးတော့ တစ်မျိုးပဲ ဟု ထင်မိ၏။ နောက်မှ အဲလေ၊ သူတို့လည်း သူတို့ဘာသာ လှူချင်လို့နေမှာဘဲ ဟု ထားလိုက်သည်။
သို့သော် ဖိတ်စာရိုက်တော့မည်ဆိုတော့ မမကို ထပ်ပြီး နင် သေချာအောင် ထပ်မေးခိုင်းလိုက်ဦးနော၊ မောင်ရင် လောင်းတွေရော သူ့မိဘတွေကိုပါ အ၀တ်အစားဆင်မယ် ဆိုတာ ပြောဖြစ်အောင် ထည့်ပြောခိုင်း ဟု ထပ်မေးခိုင်းလိုက်၏။ ထိုအခါမှ သန်းသန်းလွင်က သေသေချာချာ ပြောမပြဘူးထင်တယ်။ သူတို့က သင်္ကန်းပရိက္ခရာတွေ သူတို့ဘာသာ ၀ယ်ရမယ် မှတ်လို့ စာရင်းမပေးတာ။ အခုတော့ ရှင် ၅ ပါး၊ ပဉ္စင်း ၁ ပါး ရတယ် ဟု နောက်တစ်ခါ ဖုံးဆက်တော့ မမက ပြောပြသည်။
သို့တိုင် ဤမျှနှင့် ရပ်မသွား။ ကျွန်တော်တို့က ရှင်လောင်းတွေရော သူ့မိဘတွေကိုပါ အ၀တ်အစားဆင်မယ် ဟု ဆိုသည့်အခါ သူကလည်း ရှင်ပြုချင်၊ ငါကလည်း ပဉ္စင်းခံချင်နှင့် တစ်နေ့သုံးလေးယောက် စာရင်းပေးလေရာ ရှင်လောင်း ၁၂ ပါးနှင့် ပဉ္စင်းလောင်း ၅ ပါးရသောအခါ စာရင်းကို အတင်းပိတ်လိုက်ရလေ၏။ မမက သူတို့က ရှင်ပြုချင်တယ်ရယ် မဟုတ်တော့ ဘူးဟဲ့၊ မိဘတွေပါ အ၀တ်ဆင်မယ်ဆိုတော့ အ၀တ်လိုချင်တာနဲ့ သင်္ကန်းဆီးပေးချင်ကြတာ ဟု ပြော၏။ အ၀တ်လိုချင်လည်း ဆီးကြပါစေဟယ်၊ အခွင့်အရေးရတုံး ယူရတာကိုး လက်သာခံလိုက်ပါ ဟု ကျွန်တော်ပြောသည့်တိုင် ၀ါးတောကွင်းမှ ၀မ်းကွဲအစ်မကြီး မစိန်လှ က ဟဲ့၊ အကုန်လက်ခံလို့ ဘယ်ဖြစ်မတုံး၊ တော်ကြာ တစ်ရွာလုံးဖြစ်တော့မယ် ဆိုကာ နောက်ထပ် လက်မခံတော့ပါ ဟု ကြေငြာလိုက်သည့်အခါမှ ရပ်သွားတော့သည် ဟူ၏။
            ဖိတ်စာရိုက်ရင်းတန်းလန်း နောက်ထပ် ရှင်နှင့်ပဉ္စင်းများ တိုးလာသည်ဖြစ်၍ အချို့ ရှင်လောင်းနှင့် ပဉ္စင်းလောင်း နာမည်များ ဖိတ်စာထဲတွင် မပါတော့ပါ။

(၄) သယ်ယူပို့ဆောင်ရေးကိစ္စ စီစဉ်ခြင်း

            အလှူသို့ ကျွန်တော်တို့မိသားစုအပါအ၀င် အခြား မိတ်ဆွေအပေါင်းအသင်းများလည်း လိုက်ကြမည်ဖြစ်၍ ရန်ကုန်မှ ရွာ (ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ၀ါးတောကွင်းကျေးရွာ) သို့ သွားမည့်သူများမှာ စုစုပေါင်း ၂၅ ဦးခန့်ရှိလေသည်။ ပထမတော့ ကျွန်တော့် အမျိုးသမီး (မဉ္ဇူ) က ကျွန်တော်တို့မိသားစုသုံးယောက်သီးသန့် ကားလေးနှင့် သွားကြရန် စီစဉ်ထား ၏။ ကားလေးကို ခရီးစဉ်အစမှ အဆုံးတိုင် ခေါ်ထားရန် ဖြစ်သည်။ အရေးကိစ္စရှိလို့ ဟိုနားသည်နား သွားချင်လည်း အလွယ်တကူ သွားနိုင်ရန်လည်း ဖြစ်သည်။ သို့သော် ကားက ရွာထိသွားရန် မလွယ်။ လမ်းမှာ အလွန်ကြမ်းလှသည်ဖြစ်၍ ကားဝမ်းပိုက်ပိုင်းနှင့် လွတ်မှာမဟုတ်။ ထို့ပြင် ရွာမှာကားထားရတာ စိတ်မချရ။ ကိုယ့်ကိုလိုသူရှိသလို မလိုသူလည်း ရှိမည်။ သူများကား ငှားလာတာ။ မတော် ဒါးနဲ့ခြစ်သွား မခက်ပါလား ဟု မမက စိတ်ပူ၏။ ထို့ကြောင့် ကားလေးငှားသွားမည့် အစီအစဉ်ကို ဖျက်လိုက်ကာ ကားကြီးနှင့်ပင် အားလုံး တစုတစည်းတည်းသွားရန် စီစဉ်၏။ နောက်ပြီး ကားလေးနှင့်ဆိုတော့ ကလေးဘို့ အဖော်မရှိ၊ ကားအကြာကြီးစီးရမှာ ပျင်းစရာကြီး။ ဘတ်စ်ကားပေါ်မှာတော့ လူအများကြီးနှင့်၊ စကားပြောလိုက်၊ စလိုက်၊ နောက်လိုက်ကြ ဆိုတော့ ပျင်းစရာမရှိ။
            ကျွန်တော်တို့က အစောကြီး (၂ ရက်နေ့ကတည်းက) သွားမှာဖြစ်၍ အချို့မှာ လိုက်နိုင်မည်မဟုတ်။ ထို့ကြောင့် အလှူရက်ကျမှ လာမည့်သူများအတွက် နောက်တစ်ခေါက် ခေါ်ရဦးမည်။ ပထမအခေါက်တွင် လူများကို လိုက်ပို့ပြီး ကားအခွံ ချည်းပြန်၊ ဒုတိယအခေါက်ကျတော့ အလှူဗျောဝင် ၅ ရက်နေ့လာ၊ ၆ ရက်နေ့ တစ်ရက်စောင့်၊ ၇ ရက်နေ့ကျမှ အားလုံး စုပြန်ကြမည် ဟု အစီအစဉ်ဆွဲ၏။ ကားကြီးကို ၂ ခေါက်ဆွဲရမည်ဆိုတော့လည်း ဈေးက မသေးလှ။ ကားခချည်း ၁၂ သိန်း တောင်းသည်။ သို့သော်လည်း မဉ္ဇူ၏အဒေါ် အန်တီပြုံးတို့က ကားခကို သူတို့လှူပါမည်ဆို၍သာ ကျွန်တော့်မှာ သက်မကြီး ချနိုင်တော့၏။
            ထို့ပြင်တီးဝိုင်းလည်းပါဦးမည်ဖြစ်ရာ တီးဝိုင်းကို အလှူပြီးပြီးချင်း ပြန်လွှတ်ရန်အတွက် ဟိုင်းလတ်ကား သီးသန့်ငှားရ သည်။ ထိုကားငှားခက တစ်သိန်းခွဲ။ ကျွန်တော်တို့ ၀ါးတောကွင်း ရပ်ဆွေရပ်မျိုး မချိုတို့မိသားစုလည်းလာမည်ဖြစ်၏။ သူတို့က သူတို့အစီအစဉ်နှင့် သူတို့လာမည်ဟု ဆိုပါသည်။ ကားမှာ ပုသိမ်-မုံရွာ ကားလမ်းမကြီးထိသာ လိုက်နိုင်မည်။ ကားလမ်းမှ ရွာသို့သွားရန်မူ မမက ရွာမှဆိုင်ကယ်များ လာကြိုခိုင်းရန် မှာထားသည်။ ရွာမှာက ဆိုင်ကယ် အစီး ၆၀ ခန့်ရှိသည်။ ပစ္စည်း တွေရော လူတွေပါ အားလုံးသယ်ရန်ဆိုလျှင် ဆိုင်ကယ် အစီး ၃၀ လောက်မှ ရမည်။ ဆိုင်ကယ်ကိစ္စကိုမူ ဆရာလေး ကိုတင်သိန်းက တာဝန်ယူ၏။

(၅) အလှူအတွက် ပစ္စည်းများ ကြိုတင်ဝယ်ယူ စုဆောင်းခြင်း

            သူတို့က 13 month bonus ဟု ခေါ်သည့်တိုင် ဘောနပ်စ်ဟု မခေါ်နိုင်ပါ။ ထို 13 month bonus အတွက် နှစ်ကုန် တိုင်း တစ်လစာ အပိုရသည်။ ယခုနှစ်ရသည့် bonus ကိုတော့ တခြားဘာမှ မသုံးမိအောင် အလှူအတွက် သီးသန့် ဖယ်ထားရ၏။ အလှူလုပ်ရန်အတွက် ကျွန်တော့်မှာ သည်ပိုက်ဆံအပြင် တခြား အပိုပိုက်ဆံမရှိ။ Safety သင်တန်းသင်သည့် အတွက် သင်တန်းကြေး အနည်းအပါးတော့ ရသည်ပေါ့။ ထို ဘောနပ်နှင့်သင်တန်းကြေးပေါင်းလျှင် အလှူအတွက် ကောင်း ကောင်းလောက်လိမ့်မည်ဟု ခန့်မှန်းထား၏။ အပို ၁၀၀၀ မျိုး၊ ၂၀၀၀ မျိုးလောက်တော့ ရံထားရသပေါ့။
            လေးမျက်နှာ အလယ်တန်းကျောင်းမှ သူငယ်ချင်းကျောင်းအုပ်ဆရာမကြီးကလည်း သူတို့ကျောင်းအတွက် ကွန်ပြူတာနှင့် ပရင်တာ အလှူခံထားရာ ကံအားလျော်စွာ မတ်လထဲ၌ BCSS သင်တန်းတစ်ခု သင်ရဘို့ရှိရာ ထိုသင်တန်း အတွက်ရသော သင်တန်းကြေးအားလုံးကို လှူလိုက်သည်။ တခြား gestetner, 3 in 1 printer စသည်တို့အတွက် ပိုက်ဆံ မလောက်သဖြင့် ဖေ့စ်ဘုတ်မှ သူငယ်ချင်းများထံ အလှူခံလိုက်ရသေးသည်။ ပိုက်ဆံအပို သိပ်မရှိသည့်တိုင် သားရှင်ပြုအလှူနှင့် တပါတည်း ပေါင်းလှူလိုက်ချင်သည့်အတွက် အတင်းတွန်းထိုး လှူလိုက်ခြင်းဖြစ်၏။ ချမ်းသာလို့ မဟုတ်ပါ။
            မတ်လ ၇ ရက်နေ့တွင် အခြောက်အခြမ်း ကုန်ပစ္စည်းများဝယ်ရန် ပထမအရစ်အနေနှင့် ကျွန်တော် ပိုက်ဆံ ၃၂ သိန်း မမဆီ ပို့လိုက်၏။ ပထမ မမတို့က ရွာသို့ မတ်လလယ်လောက် သွားမည်ဖြစ်သော်လည်း လေးမျက်နှာမှ ဆရာမကြီးများက ၁၀ တန်းစာမေးပွဲပြီးမှ ရန်ကုန်သို့လာကာ လှူထားသောစက်များ ယူမည်ဖြစ်၍ သူတို့ကိုစောင့်နေရသည်။ သူတို့က မတ်လ ၂၁ ရက်နေ့ လာမည်။ သူတို့ကိစ္စပြီးမှ လိုသော ဟင်းချက်ပစ္စည်း စသည်တို့ ၀ယ်ရန် မမက ရွာသို့သွားမည်။
            ရန်ကုန်တွင် လိုသောပစ္စည်းများ ၀ယ်ခြမ်းပြီး သယ်သင့်သည်တို့သယ်ကာ မမ ရွာသို့ မတ်လ ၂၂ ရက်နေ့တွင် သွားသည်။ ပစ္စည်းများဝယ်ရာတွင် ပိုက်ဆံလိုမည်စိုးသောကြောင့် ရွာမသွားမီ နောက်ထပ် ၁၀ သိန်း ထပ်ပို့လိုက်သေး၏။ ဆိုတော့ ပထမအရစ်ပို့တာ ၄၂ သိန်း။ ချက်ပြုတ်မည့်သူများ၊ ဆိုင်ကယ်နှင့်ကြိုပို့မည့်သူများအတွက် ပုဆိုး၊ ထဘီများ လက်ဆောင်ပေးရန် ရန်ကုန်မှ ၀ယ်သွားသည်။ စုစုပေါင်း ပုဆိုး အထည် ၆၀၊ လုံချည် ၆၅ ထည်၊ ပန်းကန်ဆေးသူများအတွက် မျက်နှာသုတ်ပုဝါ ၁၅၀။ သိမ်ဆင်းလောင်းရန် သဘက်။ မောင်ရင်၊ ပဉ္စင်းလောင်းများအတွက် ပရိက္ခယာ ၈ ပါး။ အလှူလာသူများကို ဝေရန် တရားစာအုပ်ငယ်များ။ မောင်းထောင်ချိုင့် စသည်တို့ ဖြစ်၏။
            မမက ရွာမှလူများခေါ်ကာ ဟင်္သာတတွင် ချက်ပြုတ်ရန် လိုအပ်သော ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်၊ ဂျင်း၊ နနွင်း၊ လက်ဖက်ခြောက် စသည်တို့ ၀ယ်သည်။ ဆီချည်း ၇ ပုံး ၀ယ်ရသည်ဆို၏။ နောက်ပြီး ကလေးများနှင့် အသက်ကြီးသူများအား ကျွေးရန် ကွင်းကောက်တွင် ရေခဲမုန့် ခွက် ၁၀၀၀ မှာသည်။ ရေခဲမုန့်နှင့်အတူကျွေးရန် ကိတ်မုန့် (တစ်ယောက်စာ အချပ်ကလေးများ) လည်း မှာခဲ့၏။ ရေခဲမုန့်က တစ်ခွက်ကို ၃၀၀ ဟု ဆိုသည်။ ကျွန်တော်က ပစ္စည်းကောင်းကောင်းလေးများ ထည့်ကာ ကောင်းကောင်းလေးလုပ်ပေးရန် ဈေးပိုမည်ဆိုက ပိုပေးပါမည်ဟု မှာလိုက်သေး၏။ မမကတော့ သူစားကြည့်တာ မဆိုးလှပါ ဟု ဆိုသည်။ သို့သော် ၃၀၀ တန်ဆိုတော့ ၃၀၀ ဘိုးလောက်ပဲ ကောင်းပေမပေါ့။
ဝယ်ခြမ်းပြီးတော့ ချက်ပြုတ်ပြင်ဆင်ရန်၊ မဏ္ဍပ်ထိုးရန်၊ မီးစက်၊ ဒိုးပတ်ဝိုင်း၊ မြင်း စသည်တို့ငှားရန်၊ ထမင်းချက်ရန် ဆန်အတွက် စပါးကြိတ်ရန်၊ ရန်ကုန်မှ ဧည့်သည်များအတွက် တည်းခိုရန်၊ စားသောက်ရန် စသဖြင့် မှာစရာရှိ သည်တို့မှာ ခဲ့ကာ ၂၅ ရက်နေ့တွင် ပြန်ခဲ့၏။
ကျွန်တော်တို့ရွာမှလူများမှာ အသက်ရှည်ကြသည်။ အသက် ၉၈ နှစ် တစ်ယောက်၊ အသက် ၉၁ နှစ် နှစ်ယောက်၊ အသက် ၈၀ မှ ၉၀ - ၁၈ ယောက်။ အသက် ၇၀ မှ ၈၀ - ၃၈ ယောက်။ စုစုပေါင်း အသက် ၇၀ နှင့်အထက် အဖိုးကြီး၊ အဖွားကြီး ၅၉ ယောက် ရှိ၏။ ထို့ပြင် ကျွန်တော်တို့နှင့် ဆွေမျိုးနီးစပ်တော်သူ အခြားရွာများမှ သက်ကြီးရွယ်အိုများလည်း ရှိပေသေးရာ ထိုအဖိုးကြီး အဖွားကြီးများအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ စီ ကန်တော့ကြမည်။ ရဟန်းသံဃာများအား ကပ်လှူမည့် ၀တ္ထုငွေများနှင့် အဖိုးအဖွားများအား ကန်တော့မည့်ငွေသားများကို ဘဏ်၌သွားပြီး ပိုက်ဆံအသစ်များဖြင့် လဲလှယ် ထားကြ၏။
မြင့် ကလည်း သိမ်ဆင်းတွင် ပိုက်ဆံကြဲရန် ကျပ်ငွေ ၂ သောင်း ကို အနုတ်အသစ်များနှင့် လဲကာ ကြာပန်းပုံစံ လေးများ ချိုးထားသည်။

(၆) ရွာသို့သွားကြခြင်း နှင့် ကျွန်ုပ်၏ လွဲချော်ခြင်း

            ကျွန်ုပ်တို့ကုမ္ပဏီက လစာမဲ့ခွင့်ယူလျှင် မတန်တဆဖြတ်တတ်လေရာ ကျွန်တော့်မှာ တစ်နှစ်ရသည့် ခွင့် ၁၄ ရက်ကို ချွေချွေတာတာသုံးစွဲရလေသည်။ သို့အတွက် အလှူပြန်မည့်ရက်ကို ဘုံးဘောလအော သုံး၍မရ။ လှူမည့်ရက်နှင့်ကွက်တိကိုက် ပြန်ရသည်။ ၂ ရက်နေ့သွား၊ ၈ ရက်နေ့ပြန်လာ။
            ၂၀၁၅ ဧပြီလ ၂ ရက် မနက် ၈း၅၅ ထွက်သော ဂျက်စတားနှင့် လိုက်ခဲ့ရာ မနက် ၁၀ နာရီခွဲခန့် ရန်ကုန်ရောက်၏။ ၂၅ ကီလိုဝယ်ကာ စင်ကာပူမှရန်ကုန်သို့ အ၀တ်ဟောင်းများ သယ်သွားသည်။ ကျွန်ုပ်အတွက် ဘာမှ မလိုပါ။ အ၀တ်အစားများက ရန်ကုန်မှာပင် ရှိသည်။ ထို့ကြောင့် ထိုအ၀တ်များကို ကျွန်ုပ်တို့အခန်းရှိရာ ၆ ထပ်သို့မသယ်တော့ဘဲ ပီနန်အိတ်ထဲ ပြောင်း ထည့်။ ရေမိုးချိုး၊ ထမင်းစားပြီး လာကြိုသော ဘတ်စ်ကားကြီးပေါ် တက်ခဲ့၏။ ရွာသို့ယူစရာရှိသည်များအားလုံး ကားပေါ် စုဆောင်းတင်ကြသည်။ ၀န်ထုပ်ဝန်ထည်အများဆုံးကား သောက်ရေသန့်ဘူးများ ဖြစ်၏။
            သောက်ရေသန့်ဘူးများမှာ လီတာ ၂၀ ဆန့် ရေဘူးကြီးက ဆယ်လုံး။ လီတာဝက် ရေသန့်ပုလင်းကလေးများကား ကဒ်လိုက်။ တော်တော်များ၏။ လီတာ ၂၀ သောက်ရေသန့်ဘူးကြီးများမှာ စင်ကာပူက ကျွန်တော်တို့ အိမ်သာရေခွက် လောက်တောင် မသန့်။ ဘူးပေါ်တွင်လည်း ဘာတံဆိပ်မှ မပါ။ ထို့ထက် ရေသန့်ဘူးအပိတ်တွင်လည်း မည်သည့် ပလတ်စတစ် စနှင့်မှ ပတ်မထား။ seal လုပ်မထား။ ဤရေကို သန့်ပါသည်ဟု မည်ကဲ့သို့ ယုံရပါမည်နည်း။ မည်သည့် စက်ရုံက ထုတ်မှန်းလည်း မသိ။ ကျွန်တော်က ပွစိပွစိလုပ်သောအခါ မမက ညောင်တုံးရောက်လျှင် နောက်ထပ် ၁၀ ဘူး ထပ်ဝယ်မည် ဟု ဆိုလေသည်။ ဒုက္ခ။ ထိုရေသန့်ဘူးများမှာ ရွှေရင်အေးဖျော်ဘို့နှင့် ရန်ကုန်မှ ပါလာမည့်ဧည့်သည်များကို တိုက်ရန် ဖြစ်လေသည်။ ကျွန်တော်တို့လို တောထဲမှာကြီးလာသူများအဖို့ ဘယ်ရေသောက်သောက် ဘာကိစ္စမှ မရှိ။

            မြန်မာပြည်မှ အစိုးရအရာရှိမင်းများ၏ အသိဉာဏ်နုံ့နဲ့မှု၊ အမြော်အမြင်နည်းပါးမှု၊ သူများပြောတာလည်း လက်မခံလိုပဲ ငါသိငါတတ်လုပ်လိုမှုတို့ကြောင့် ကျွန်ုပ်တို့ ရန်ကုန်နေ ပြည်သူအပေါင်းမှာ ကားကြပ်တည်းမှု ပြဿနာ၊ လူများ လမ်းလျှောက် စရာနေရာမရှိမှု ပြဿနာ၊ အမှိုက်ပစ်စရာနေရာမရှိခြင်း ပြဿနာ စသည့် ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် နေ့စဉ် ရင်ဆိုင်ရလျက်ရှိ၏။ ထိုပြဿနာများထဲမှ တစ်ခုမှာ ကားရပ်ရန်နေရာ မရှိမှုဖြစ်လေသည်။
            ကားပိုင်ရှင်အပေါင်းမှာ မိမိတို့ကားများ ရပ်မည့်နေရာကို ကိုယ့်ဘာသာ ကျုပ်ကျက်လိကြရလေရာ လွတ်သည့်နေရာ တွင် သူဦးသူထိုး၊ ငါဦးငါထိုးစနစ်ဖြင့် စခန်းသွားကြရ၏။ ထိုအခါ မလိုလားအပ်သော ပြဿနာအပေါင်းနှင့် နေ့စဉ် ရင်ဆိုင်နေ ကြရလေသည်။ ထိုစနစ်ဆိုးကြောင့် ကျွန်ုပ်မှာလည်း နေရင်းထိုင်ရင်း သားကောင်ဖြစ်ရပြန်လေရာ ထိုချိတ်ထဘီဝတ် သကောင့်သားအပေါင်းကို ငြုပ်ဆုံထဲထည့်ထောင်းချင်စိတ် ပေါက်မိ၏။
            ကားထွက်မည်လည်းဆိုရော လားလား ကျွန်ုပ်တို့ဘတ်စ်ကားကြီးရှေ့၌ ကားတစ်စီးပိတ်ရပ်ထားသည်ကို တွေ့ရ၏။ ကားနောက်တွင်လည်း နောက်တစ်စီးက ပိတ်ရပ်ထားသေးရာ ကျွန်ုပ်တို့ ဘတ်စ်ကားကြီးမှာ ရှေ့လည်းတိုးမရ၊ နောက်လည်း ဆုတ်မရနှင့် အတော် ခွကျလျက်ရှိလေသည်။ ကားစပယ်ယာလေးက အင်္ကျီအနီနဲ့လူ လာထိုးသွားတာ တွေ့လိုက်တယ်။ ကျွန်တော်က ကား အခုထွက်မှာလို့ ပြောလိုက် သေးတယ်။ ဒါပေမဲ့ ဘာမှပြန်ပြောမသွားဘူး။ ဟိုဘက်ထွက်သွားတာ တွေ့လိုက်တယ် ဟု ဆိုလေသည်။ သြော် - အတော်လည်း ယဉ်ကျေးပါပေ့။
ဟဲ့၊ လုပ်ကြပါဦးဟဲ့။ ဒါ တခြားလူ ကားတော့မဖြစ်နိုင်ဘူး။ ဟောသည်တိုက်ကပဲ ဖြစ်မယ် စသဖြင့် ဆူညံပွက်လော ရိုက်ကာ ဟိုမေး၊ သည်စမ်းလုပ်တော့မှ ဒုတိယထပ်ကကားဟု သိရသည်။ သို့နှင့် ဒုတိယထပ်တက်ကာ အဝေးကြီးသွားရမှာမို့ မှောင်နေမှာစိုးလို့ ကျေးဇူးပြုပြီး ကားဖယ်ပေးစမ်းပါ စသဖြင့် အနူးအညွတ် မေတ္တာရပ်ခံရသည်။ အလိုဗျာ၊ ကားသော့ ထားမသွားဘူး ဆိုပါလား။ ခဏစောင့်ပါ၊ ခေါ်ပေးပါ့မယ် ဆိုသောကြောင့်သာ တော်တော့သည်။ အတော်ကြီးကြာမှ လာဖယ်ပေးသည်။ ဆိုတော့ ၁၂ နာရီ ထွက်မည်ဟု စီစဉ်ထားသည်ကို ၁၂း၄၅ မှ ထွက်ရသည်။ စကတည်းက ယဉ်သကို။ 
            ကျွန်ုပ်တို့ ဘတ်စ်ကားကြီးမှာ အတော်ကြီးလေရကား အိမ်ရှေ့၌ ရပ်လိုက်သောအခါ အခြားကားများ ရပ်ရန်နေရာ မရှိတော့။ သည်တော့ အပြင်မှပြန်လာသည့်ကားက ရှေ့မှပိတ်ရပ်သွားခြင်း ဖြစ်၏။ ကျွန်ုပ်တို့ ဘတ်စ်ကားကြီးက တိုက်ရှေ့မှာ ရပ်ထားသည့်အတွက် အမြင်ကပ်ကပ်နှင့် လုပ်သွားတာလည်း ဖြစ်နိုင်ပါသည်။ သို့တိုင် ကျွန်ုပ်တို့လူသိုက်မှာ ရုတ်ရုတ် ရုတ်ရုတ်နှင့် သွားဘို့လာဘို့ ပြင်ဆင်နေတာ သူအမြင်မဟုတ်ပါလော။ နောက်ပြီး ဒီဘတ်စ်ကား ဒီမှာ ဘယ်လောက် ကြာကြာရပ်မလဲ၊ ဘာလဲ တစ်ခွန်းမှ မမေး။ ကားအခုထွက်မှာပါဟု ပြောသည်ကိုပင် ပြန်မဖြေ။
            ကျွန်တော့်မှာ ခရီးမထွက်ခင်ကတည်းက စိတ်အနှောက်အယှက် ဖြစ်ရသည်။

            သို့နှင့် ၀ါးတောကွင်း ခရီး စသည်။ စကတည်းက ၄၅ မိနစ်နောက်ကျနေသည်မို့ ၀ါးတောကွင်းမှ လာကြိုမည့်သူတွေ ကို ကားအရောက်နောက်ကျမည်ဖြစ်သည့်အတွက် စောစောထွက်မလာဘို့ လှမ်းဖုံးဆက်ရသည်။ ဖုံးက မမိတစ်ချက်၊ မိတစ်ချက်။ နောက်ပြီး ကျွန်တော်တို့အလျင်တုံးက ရွာသွားတာ လိုင်းကားနှင့်သွားတာဆိုတော့ လမ်းသိပ်သိတာမဟုတ်။ အထူးသဖြင့် လမ်းခွဲများတွင် ဘယ်ဘက်လိုက်ရမည်မှန်း သေသေချာချာ သိဘို့လိုသည်။ ထို့ကြောင့် မမက လိုင်းဆွဲနေသည့် လှော်ကထားမှ ကိုဘယ်သူဆိုလားကို လှမ်းဖုံးဆက်မေးသည်။ ဖုံးက ကြားလိုက်၊ မကြားလိုက်။ ဟဲလို၊ ကြားလား၊ အော်နေတာပဲ၊ ဘာတယ် နှင့် ညာဘက်ချိုး၊ ညာဘက်ချိုး၊ ပုသိမ်-မုံရွာလမ်းဆုံရောက်ရင် မုံရွာဆိုတဲ့ဘက်ကိုလိုက် ဆိုတာလောက်သာ သေသေချာချာ ကြားရ၏။ ကျန်တာတွေ ဘာပြောမှန်းမသိ။ ကျွန်တော်လည်း ကြားရသည့်အတိုင်း ကားဆရာကို ပြန်ပြောပြရသည်။


            လမ်းကတော့ မဆိုးပါ။ ယခင်ကာလ ကျွန်တော်ရွာအလည်ပြန်စဉ်ကထက် အများကြီးကောင်းနေပါပြီ။ အစိုးရမင်း များ၏ နိုင်ငံတော့်အပေါ်ထားသော စေတနာများကြောင့်ပင် မဟုတ်ပါလော။ (အကောင်းပြောတာမှတ်မနေနဲ့၊ ငေါ့တာ။)
            သင်္ကန်းများကို ညောင်တုံးမှ ဒေါ်သီသီဝင်းထံတွင် ယူရမည်။ သူက ဟိုမှာ စောင့်နေမည် ဟု ဆို၏။ ၂၆ မိုင်ခွဲမှာ ဒေါ်သီ သဲဒိုင်ဆိုပြီး ရေးထားတယ် ဟု လည်း မမကို မှာထားသည် ဆို၏။ ကျွန်တော်လည်း ညောင်တုံးဆိုတော့ ညောင်တုံး ရောက်မှ ဖုံးဆက်မည်ပေါ့။ ဒါပေသိ၊ ဆားမလောက်ကျော်သည်နှင့် မိုင်တိုင်များကိုတော့ မှတ်လာခဲ့သည်။
            အလို မိုင် ၃၀၊ ၃၁ မိုင် တဖြည်းဖြည်း များလာပါလား။ ဟဲ့ နေစမ်းပါဦး။ ၂၆ မိုင်ခွဲက ကျော်လာခဲ့ပြီထင်တယ်။ ကားဆရာကြီး ခဏရပ်ပါဦး။ ဆိုတော့ ကားကြီးကို ဘေးနားချ ရပ်လိုက်၏။ ရပ်လိုက်တော့ ညောင်တုံးလမ်းခွဲတောင် ရောက်နေပြီ။ ထိုအခါမှ ကားသမားက ၂၆ မိုင်ခွဲက ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပြီ ဟု ဆိုလေသည်။ ကျွန်တော်က ဒရိုင်ဘာ နောက်ဘက်ကပ်လျက်ခုံတွင် ထိုင်လိုက်လာတာ ဖြစ်၏။ ကျွန်တော်တို့ ပြောဆိုနေသည်ကို အနှီပုဂ္ဂိုလ် မကြားလေရော့ သလား။ ထိုအခါမှ ဒေါ်သီသီဝင်းထံဖုံးဆက်။ တော်ပါသေး၏။ ဖုံးအဆက်အသွယ်ရလို့။ သူက အဲဒီနေရာမှာတင် စောင့်နေပါ။ သူလာခဲ့ပါမည် ဟုဆိုလေသည်။
            ဤနေရာတွင် အတော်ကြာပြန်၏။ ကားဆရာမှာ ပွစိပွစိ ဖြစ်နေလေပြီ။ ကျွန်တော်လည်း ကိုယ်မှားတာဆိုတော့ ဘာမှ မပြောသာ။ အတန်ကြာမှ ဒေါ်သီသီဝင်း ကားလေးနှင့် ရောက်ချလာ၏။ ပလတ်စတစ်ပုံးကြီး နှစ်ပုံးဆွဲလျှက်။ ဆရာတို့ စားဘို့ ပုဇွန်ထုပ်ကြီးတွေ မီးဖုတ်လာတာ ဟု ဆိုလေသည်။ ကားနောက်တံခါးကိုဖွင့်လိုက်တော့ အချဉ်ပုလင်းက ကားပေါ်တွင် နေရတာ ပူအိုက်လှသည်ထင့်၊ ကားလမ်းပေါ်သို့လှိမ့်ချလိုက်ရာ ဖန်ပုလင်းဖြစ်သဖြင့် ခွမ်းကနဲ ကျကွဲလေ၏။ ကျွန်တော်တို့ လည်း အချဉ်ပုလင်းကို မနှမြောအား။ ဟဲ့၊ ပုလင်းကွဲတွေ စူးကုန်မယ်၊ ဒီနားမလာနဲ့၊ ဟဲ့၊ ဟိုဟာပေးစမ်း စသဖြင့် အလုပ်ရှုပ် လေ၏။ ကျွန်ုပ်မှာကား ပုဇွန်ထုပ်ကြီးများနှင့် ရေစက်မဆုံလိုက်ရသည့် အချဉ်ရည်များကိုကြည့်ကာ နှမြောတသ ဖြစ်လျက် ရှိသတည်း။
ကားပေါ်သို့သင်္ကန်းထုပ်များတင်ပြီး ရေကိစ္စ စကားပြောရပြန်၏။ ကျွန်တော်တို့က အကျိုးအကြောင်းပြောပြသော် ဒေါ်သီသီဝင်းက မပူပါနဲ့၊ ဟောဒီမှာ ရေသန့်စက်ရှိပါတယ်။ ညောင်တုံးမှာ ရေသန့်စက် ၄ လုံးရှိတာ ၃ လုံး အပိတ်ခံရတယ်။ ကျန်တဲ့ဒီတစ်လုံးကတော့ စိတ်ချရပါတယ် ဟု ရှင်းပြလိုက်သေးသည်။ အင်း၊ ကျားသနားလို့ နွားချမ်းသာတာများလား ဟု ကျွန်ုပ်မှာ စိတ်မသက်မသာဖြစ်မိသေး၏။
            ဒေါ်သီသီဝင်းက ခဏစောင့်ပါဟုဆိုလျှက် ရေသန့်ဘူးများဝယ်ရန် ထွက်သွား၏။ တော်တော်နှင့်မပေါ်လာ။ ကားဆရာကြီးမှာ ရွှေဒေါတော်ဖောင်းလှပြီ ဖြစ်သောကြောင့် စပယ်ယာအဖြစ်လိုက်လာသူ သူ့သားကို စောင်းမြောင်း မာန်မဲနေလေ၏။
            ကျွန်တော်တို့လည်း ဒေါ်သီသီဝင်းယူလာသည့် ပုဇွန်ထုပ်ကြီးများကို အားပေးလိုက်ကြရာ သူ့သခင်ပြန်မလာမီပင် အားလုံး ကိစ္စချောလေ၏။ ထို့နောက် ရန်ကုန်မှပါလာသည့် ရေမသန့်ဘူးကြီးများကိုဖွင့်၊ လက်များ၊ ဘူးများ ဆေးကြော။ သို့နှင့် ညောင်တုံးမှ ထွက်လာသော် ညနေ ၃ နာရီပင် ခွဲနေလေပြီ။ ကျွန်တော်က ညနေ ၆ နာရီကျော်မှ လယ်တံငယ် ရောက်မှာပဲဟု တွက်လိုက်၏။
            ကျွန်တော်ကား လုပ်လိုက်လျှင် အရာရာနှင့် အကြောင်းကြောင်းချည်း ဖြစ်လေ၏။ ကျွန်ုပ်နှင့် အတူခရီးသွားမည့် သူများ အထူးသတိထားကြပါကုန်။

(၇) ရွာသို့ရောက်ခြင်း

            ငါးသိုင်းချောင်းရောက်တော့ ကြည်ပြာ့ကို လှမ်းဖုံးဆက်၏။ သူ့ဖုံးကလည်း သူကဆက်မှ ရသည်။ ဒီဘက်က လှမ်းဆက်လျှင် မရတတ်။ (ကြည်ပြာမှာ ကျွန်တော့်တူမ တစ်ဝမ်းကွဲဖြစ်၏။ သူ့အဖိုးအေမှာ ကျွန်တော့်အဖေနှင့် ညီအစ်ကို အရင်းခေါက်ခေါက် ဖြစ်သည်။) ဟဲ့၊ ရောက်နေကြပြီလား ဆိုတော့ ရောက်နေကုန်ပြီ။ ကားလမ်းပေါ်မှာ စောင့်နေတယ် ဟု အကြောင်းပြန်သည်။
            ညနေ ၆း၀၅ နာရီတွင် ရွှေနံ့သာ (ဂွ - လမ်းခွဲ) သို့ရောက်၏။ ရွှေနံ့သာရောက်ရင်တော့ သိပ်မလိုတော့ဘူးဟေ့ ဟု မမက ပြော၏။ ရောက်ခါနီးပြီဆိုမှ ခရီးက ပိုဝေးနေပြန်သည်။ တော်တော်နှင့်မရောက်နိုင်။ သားက ကျွန်တော့်ထက် ပို အလျင်လိုသေးသည်။ ဖေဖေပြောတော့ ဟိုကုန်းကျော်ရင် ရောက်ပြီ ဆို၊ မရောက်သေးဘူးလားနှင့် တမေးထဲ မေးလိုက်လာ၏။ မသိပါဘူးကွာ၊ ငါထင်တာ ပြောရတာ၊ ရောက်ပြီဆိုမှ ရောက်တယ်လို့မှတ် ဟု ဖြေသိမ့်ရ၏။ နေလုံးကြီးသည်ကား အနောက် ဂေါယာကျွန်းသို့ ယွန်းသွားခဲ့ချေပြီ။ လောကတစ်ခွင်လုံး အမှောင်ထုက တဖြည်းဖြည်း ကြီးစိုးလာ၏။ ကြွက်စီကြွက်စီ ဖြစ်နေသော ကားပေါ်မှလူများလည်း အကုန် ပါးစိပ်ပိတ်သွားပြီ။ အတွေးကိုယ်စီနှင့်၊ ရောက်မည့်အချိန်ကိုသာ မျှော်လင့်နေကြသည် ထင်ပါ၏။
             လမ်းတွင် ဘုရားမုခ်ဦးတစ်ခု၌ အဝေးပြေးဘတ်စ်ကားကြီး သုံးလေးစီး၊ ကားလေး လေးငါးခြောက်စီး စသည်တို့နှင့် အတော်စည်ကားနေသည်ကို တွေ့ရှိ၊ စုံစမ်းကြည့်လေသော် ဘာဘုန်းကြီးဆိုလား၊ ရေမန်းကောင်းသဖြင့် အနယ်နယ် အရပ်ရပ်မှ လာကြခြင်းဖြစ်သည် ဟု သိရလေသည်။
ကျွန်ုပ်တို့ တိုင်းသူပြည်သားများကား ရေမန်းတောင်းခြင်း၊ ဘိုးတော်ဘွားတော်ကိုးကွယ်ခြင်း၊ နှစ်လုံး သုံးလုံး ထိုးခြင်း စသည့် ဘာတစ်ခုမှ အရာမနံသည့် ဝေလေလေကိစ္စများ၌ အလွန် ၀ါသနာထုံလေရာ ကျွန်ုပ်သည်ပင်လျင် စင်ကာပူမှ ပြန်လာပြီး မုတ်ဆိတ်မွေးထူလပြစ်ထား၊ မဖြစ်ညစ်ကျယ် ဂူကလေးတစ်ခုအတွင်းဝင်၊ တရားကျင့်နေသဖြင့် မည်သူ့ကိုမှ အတွေ့မခံပါဟု သတင်းလွှင့်ကာ အ၀တ်ဖြူပတ်၍ ရေမန်းပေးစားခြင်း အလုပ်ကို လုပ်ရကောင်းမလားဟု အကြံပေါ်မိပေလေ သေး၏။
            ဟော - ပြောရင်းဆိုရင်း ရောက်ပါပြီဗျား။ လယ်တံငယ်တာဆုံတွင် မော်တော်ဆိုင်ကယ်များ အစီအရီနှင့် စောင့်ကြို နေသည့် အစ်ကိုကာလသားများကိုတွေ့ရလေသည်။ ကားပေါ်မှနာရီကိုကြည့်လိုက်သော် ၆း၃၇ နာရီ။ ကားပေါ်မှ ပစ္စည်းများချ။ အသင့်စောင့်နေသည့် ဒေါ်လှကြည်ပေါ်တင်သူကတင်။ ဆိုင်ကယ်များနှင့် သယ်သူကသယ် နှင့် ပျားပန်းခပ်မျှ အလုပ်ရှုပ်ကုန် ကြ၏။ ကျွန်ုပ်သည်လည်း ဟိုကောင်တွေ၊ တောင်ပေါ်ကဆင်းရင် ဖြည်းဖြည်းဆင်းနော်၊ သတိထားမောင်း၊ ညကြီးသန်းခေါင်၊ မမြင်မကမ်းနဲ့၊ ဟဲ့ ဘယ်သူက ဘယ်သူ့ဆိုင်ကယ်နဲ့လိုက် ဟု ဆရာမလုပ်ရမနေနိုင်သည့် ၀ါသနာအရ မလိုအပ်သည်များကို တွင်တွင်မှာကြားလေ၏။ ကျွန်တော်မပြောလည်း သူ့ဘာသာသူ အားလုံးပြီးသွားမည်သာ ဖြစ်လေသည်။



            ဆိုင်ကယ်အားလုံးလိုလိုထွက်ခွာ၊ ပစ္စည်းပစ္စယများအားလုံးတင်ပြီးသည့်အခါမှ သားကိုအလယ်ကထိုင်စေလျက် ကျွန်တော်တို့ဆိုင်ကယ် ထွက်ခဲ့သည်။ ဘယ်ဘက်တောင်ပေါ်တွင် တောမီးများလောင်နေသည်ကို တွေ့ရသည်။ တောမီး ဆိုတာဘာလဲ၊ ဘာဖြစ်လို့လောင်တာလဲ စသဖြင့် သားက မေးသဖြင့် ရှင်းပြရသေး၏။ သူက အဲဒီမီးတွေကို ဘယ်သူ သတ်မလဲဟု မေးမှ မတော် ရွာတွေထိ ဆင်းလောင်ရင် ဒုက္ခဟု စိတ်ပူမိသေး၏။ နောက်မှ အေးလေ၊ သဗ္ဗေသတ္တာ၊ ကမ္မသကာပေါ့၊ ငါဘာလုပ်ပေးနိုင်တာမှတ်လို့ ဟု စိတ်ကို ဖြေရသည်။
            လယ်တံငယ်နှင့် ၀ါးတောကွင်းမှာ မဝေးပါ။ ၆ ကီလိုမီတာမျှသာ ရှိ၏။ ကျွန်တော်တို့ကျောင်းသားဘ၀က သည်လမ်း သည်ခရီးကို ခြေလျင်ခရီးနှင်ရသည်မှာ အခါခါ။ စီးစရာ ဘာ ယာဉ်ရထားမှ မရှိ။ ၉၆၉၃ ကိုသာ အားကိုးရသည်။ မိုးတွင်းဘက် အင်းအိုင်ချောင်းမြောင်းများတွင် ရေလျှံချိန်၌ လယ်တံငယ်မှ လေးမျက်နှာထိ ဦးအောင်ငြိမ်းတို့၊ ကိုတင်ဝင်းကြီးတို့လှော်သော လှေနှင့် သွားရသည်။ နွေဘက်ဆိုလျှင်တော့ ရွာမှ လေးမျက်နှာထိ ၁၈ ကီလိုမီတာ (၁၁ မိုင်ခန့်) ခရီးကို ခြေလျင်လျှောက်ရ သည်။
            ရွာရောက်တော့ ဦးလေးဝင်းမြင့်တို့အိမ်မှာ စတည်းချ၏။ ကျွန်တော်တို့ သားအမိသားအဖသုံးယောက်၊ ကိုစိုးသိန်းတို့ သားအဖ၊ ရေဆင်းကလိုက်လာသည့် မြင့်သူငယ်ချင်း ဆရာမညီအစ်မတို့က တစ်အိမ်၊ ကျန်အဖွဲ့များမှာ ကျွန်တော့်ညီမ တစ်ဝမ်းကွဲ မတင်ထွေးတို့အိမ်နှင့် မမစိန်လှတို့အိမ်မှာ ခွဲပြီး တည်းကြသည်။
            တစ်နေ့လုံးခရီးပမ်းလာသဖြင့် ရေမိုးချိုးမည်ဟု ကိုယ်ပေါ် ရေလောင်းချလိုက်တော့ အောင်မယ်လေးဗျ။ ရေမှာ အေးစိမ့်နေသည်။ ကျွန်တော်မှာ ချမ်းလာသဖြင့် ဖျားမှာစိုးသောကြောင့် အမြန်ပြီးလိုက်ရ၏။ နေ့ခင်း သည်လောက် ပူအိုက် နေတာတောင် ညဘက် အလွန်ချမ်းသည်ကို ကျွန်တော့်မှာ အလွန်အံ့သြမိရပြန်သည်။ နေ့ပူလို့ ညချမ်း၊ တပေါင်းလ သရမ်း ဆိုသည့် စာဆိုကို ကျွန်တော် မေ့နေလေပြီ။ သားနှင့် မဉ္ဇူကိုတော့ ရေမချိုးစေပဲ ကိုယ်ရေလက်ရေ ဆေးကြောစေလိုက်ရ၏။ မတော် ဖျားနေမှ အခက်။
ညစာကို မမ မစိန်လှတို့အိမ်တွင် ပြင်ထားသည်။ ဧည့်သည်က ၂၀ လောက်ရှိသည်ဖြစ်ရာ ဧည့်ခံမည့်သူများမှာလည်း မနည်းလှပါပေ။ မတွေ့ရတာကြာပြီဖြစ်သည့် အဆွေအမျိုးများကို ပြန်တွေ့ရသည်ဖြစ်၍ အော်ဟစ်နှုတ်ဆက်၊ ၀မ်းသာအားရ ပြောကြဆိုကြဖြင့် တစ်ရပ်ကွက်လုံး ဆူညံပွက်လောရိုက်လျက် ရှိ၏။ ချက်ပြုတ်ထားသော ထမင်းဟင်းများမှာလည်း အလွန်စားကောင်းလှပေသည်။ ကျွန်ုပ်တို့လူသိုက်လည်း ဆာဆာနှင့် တ၀လွေးလေရာ ဗိုက်ကို ခွေးနမ်းမတတ် ရှိလေတော့သတည်း။

(၈) အလှူအကြို ပထမနေ့ (၃/၄/၂၀၁၅)

            ကိုစိုးသိန်းတို့သားအဖက အစောကြီးထကာ ရွာတစ်ဝိုက်ရှုခင်းများကို ဓာတ်ပုံလိုက်ရိုက်ကြသည်။ ကျွန်တော်လည်း အရုဏ်တက်ကပင်ထလျက် သားကိုလက်ဆွဲပြီး ဟောဒါ ဖေဖေငယ်ငယ်ကနေခဲ့တဲ့ရွာပဲကွ ဟု အသားကုန် ကြွားလေ၏။ တစ်ခါမှ တောရွာများသို့ မရောက်ဖူးသည့်သားမှာ အရာရာအသစ်အဆန်းဖြစ်ပြီးသကာလ သူ့ အိုင်ပက်ကြီးနှင့် သစ်ပင်များ၊ ကြက်၊ ဘဲ၊ ၀က်၊ နွားစသည့်  အိမ်မွေးတိရစ္ဆာန်များ၊ နွားလှည်း၊ နွားတင်းကုပ်၊  ရွာရှုခင်းစသည်တို့ကို တဖျတ်ဖျတ် ဓာတ်ပုံ ရိုက်လေသည်။ (ဒါတောင် သား အိုင်ပက်ကို ကျောက်သင်ပုန်းလားလို့ သူတို့မမေးပါဘူးနော် ဟု စိုးရိမ်နေပါသေး။)










             ထို့နောက် ဖြူဖြူတို့အိမ် သွားကြသည်။ ဖြူဖြူမှာ မမတို့ကို ကူညီလုပ်ကိုင်ပေးရန် ကျွန်တော်တို့အိမ်တွင် ခေါ်ထား သော ကလေးမလေးဖြစ်၏။ သူနှင့်အတူတူ ကစား၊ သူ့အနွံတာကိုလည်း အလွန်ခံလေရာ သားက ဖြူဖြူ့ကို အလွန်ခင်သည်။ ထို့ကြောင့် ကျွန်တော်က သူတို့အိမ်လိုက်ပို့ခြင်း ဖြစ်၏။ ဖြူဖြူ့အဖေနှင့်အမေမှာ အိပ်ယာက ထခါစ။ ဖြူဖြူ့အဖွားအေ ဘွားစိန်ထွားမှာ ကျွန်တော်တို့နှင့် အလွန်ခင်သည်။ သူ့အမေ မဆင့်မှာလည်း ကျွန်တော်တို့မောင်နှမများနှင့် ခင်ခင်မင်မင် ရင်းရင်းနှီးနှီးပင် ဖြစ်၏။


            ထို့နောက် ရွာဟောင်းဘက်သွားကြသည်။ ရွာ့အပြင် ချောင်းအတွင်း ဆင်းလျှောက်ကြ၏။ ကျွန်တော်တို့ငယ်ငယ်က ရေတသွင်သွင်းစီးခဲ့သည့်ချောင်းမှာ ယခုအခါ ချောင်းအတွင်း၌ ရေဟူ၍ လုံးဝမရှိတော့ဘဲ ကျောက်ခဲများဖြင့် ပြည့်လျက် ရှိလေသည်။ ချောင်းကမ်းနဖူးနား၌ လက်ယက်ရေတွင်းကလေးတွေ့ရ၏။




            မနက်စာကို မုန့်ဟင်းခါးဖြင့် ဧည့်ခံသည်။ မဆိုးပါ။ တောမုန့်ဟင်းခါးပေမင့် စားလို့ကောင်းပါ၏။ နောက်တော့ အလှူဖိတ်စာကမ်းရင်း တစ်အိမ်တက်ဆင်း လျှောက်နုတ်ဆက်ကြသည်။ ကျွန်တော်တို့က အထက်ပိုင်း (၁) ကွက်နှင့် (၂) ကွက်ကို လျှောက်ကာ ညီမနှင့်အဖွဲ့က အောက်ပိုင်း (၃) ကွက်နှင့် (၄) ကွက်ဘက် လျှောက်ကြ၏။ မရောက်တာကြာပြီ ဆိုတော့ အချို့သူများကို သိပ်မမှတ်မိ။ နာမည်ပြောပြမှ မှတ်မိသည်။ သို့နှင့် တစ်မနက်လုံး အချိန်ကုန်သည်။
နေ့ခင်းဘက်တွင် ကျွန်တော်က ရွာရှိလူငယ်များအား ရွာဖွံ့ဖြိုးရေးအတွက် လုပ်ကြကိုင်ကြရန်၊ စာဖတ်ကြရန်၊ သဘာဝတောတောင်ရေမြေများကို ထိန်းသိမ်းရန် စသဖြင့် စကားပြောမည်ဖြစ်၍ နေ့လည် ၁ နာရီတွင် ဘုန်းတော်ကြီး ကျောင်းသို့ လာကြရန် ရွာလူကြီးကို ဆော်သြခိုင်း၏။ ဟောပြောပွဲအပြီး ကလေးများကို ရေခဲမုန့်၊ ကိတ်မုန့်များလည်း ဝေမည်ဖြစ်ကြောင်း တပါတည်း ကြေငြာလိုက်သည်။
ထမင်းစားပြီး ကျောင်းကိုသွားတော့ အတော် စိတ်ပိန်သွား၏။ လာကြသူအပေါင်းမှာ မိန်းမများချည်း ဖြစ်လေသည်။ လူငယ်လူရွယ်ဆို၍ ကိုယ်နှင့်နီးစပ်သူ သုံးလေးဦးမျှသာ ရှိ၏။
သည်မိန်းမများကို ကျွန်တော် ဘာပြောရမည်နည်းဟု အပြေးအလွှား စဉ်းစားရသည်။
ကျွန်တော်ပြောချင်တာက ဟောသည်ရွာက အသက် ၂၀၊ ၃၀၊ ၄၀ အရွယ် လူငယ်၊ လူရွယ်၊ လူလတ်ပိုင်းတွေကိုဗျ။ ခု ခင်ဗျားတို့လာတော့ ကျွန်တော ဘာပြောရမတုံး ဟု ပြောတော့ သူတို့က ဟဲ့၊ ငါတို့ဘဲ ရပ်ရေးရွာရေးကိစ္စတွေ လုပ်ကြရတာဘဲ၊ ငါတို့ပဲပြောပေါ့ ဟု ဆို၏။ သည်လိုဟောပြောပွဲဆိုတာ ၀ါးတောကွင်းလိုရွာမှာ ရှိတာမဟုတ်။ အနို့ သည်မျှ ဝေးလံခေါင်ဖျား လှသည့် ဒေသကို ဖိတ်ခေါ်သူမရှိဘဲ မည်သူလာပြောပါမည်နည်း။ စာရေးဆရာ စသူများကို ဖိတ်ရအောင် မည်သူများရော စာရေးဆရာ၊ သတင်းစာဆရာများနှင့် သိပါသနည်း။
တစ်နှစ်နေလို့ တစ်ခါမဖြစ်သည့် ဟောပြောပွဲမျိုးကို ကိုယ့်ရွာအရောက် လာပြောတာတောင် ဟဲ့၊ ဘာတွေများ ပြောမှာပါလိမ့် ဟု စိတ်ဝင်စားဖော်မရသည့် ထိုလူငယ်လူရွယ်များကို ကျွန်တော် အံ့သြမိပါသည်။ အခြားရွာများတွင်လည်း ထူးမည်မဟုတ်ပါ။
အစပိုင်းတွင် စိတ်သိပ်မပါသဖြင့် ပြောရတာ အဆင်မပြေ။ သို့သော် နောက်ပိုင်း အရှိန်ရသွားတော့လည်း ပြောလို့ ကောင်းပါသည်။ သူတို့လည်း စိတ်ဝင်တစား နားထောင်ကြတာ တွေ့ရ၏။ ကျွန်တော်က ရပ်ရွာဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်း လုပ်ကိုင်ကြရန်၊ လယ်ထဲသွားလိုက်၊ ပြန်လာလိုက်၊ ထမင်းချက်လိုက်ဖြင့် နေကာမတ္တမျှမနေကြဘဲ မျက်စိဖွင့်နားစွင့်ကာ မြန်မာ နိုင်ငံအရေး၊ ကမ္ဘာတွင်ဘာတွေဖြစ်နေသည်ကိုပါ လေ့လာကြရန်၊ အသိပညာအရေးကြီးပုံ၊ အသိပညာမရှိလျှင် သူများညာတိုင်း ခံရမည်ဖြစ်ကြောင်းနှင့် မဖြစ်သင့်သည့် ရောဂါများ ဖြစ်နေကြကြောင်း၊ မသေသင့်ဘဲ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးနေကြရ ကြောင်း၊ ဤကဲ့သို့သိရန် နည်းလမ်းမှာ တစ်ခုတည်းသာရှိကြောင်း၊ ၎င်းမှာ စာဖတ်ခြင်း ဖြစ်ကြောင်း၊ ယခု ၀ါးတောကွင်းရွာ တွင် ကျွန်တော် စာကြည့်တိုက်ထောင်ပေးထားတာ စာဖတ်မည့်သူ တစ်ဦးတစ်ယောက်မှမရှိဟု သိရကြောင်း၊ ကလေးများ သာ ကျောင်းဆင်းသည့်အခါ ကာတွန်းစာအုပ် စသည်တို့ လာဖတ်ကြကြောင်း၊ ဤသည်မှာ ကောင်းသည့်လက္ခဏာမဟုတ်၊ ယုတ်စွအဆုံး မိမိကိုးကွယ်သည့်ဘာသာအကြောင်းကိုပင် ကျကျနန မသိကြကြောင်း၊ ကိုယ်ကမသိလျှင် ကိုယ့်သားသမီးများ ကိုလည်း ပြောဆိုဆုံးမ ပြသပေးနိုင်မှာ မဟုတ်ကြောင်း -
ကျွန်တော်ပြောတာ တစ်နာရီခန့်ကြာပါသည်။ ကိုစိုးသိန်းက ဗီဒီယိုရိုက်ထား၏။ သူ့ဆီမှ ဗီဒီယိုရလျှင် ယူကျူ့တွင် တင်ပေးပါမည်။
ကျွန်တော်လည်းပြောပြီးရော ရေခဲမုန့်ပုံးများ ရောက်လာ၏။ တစ်ပုံးချင်းရောက်လာတာဖြစ်သည့်အတွက် ရေခဲမုန့်များ ဝေမည်ပြင်တော့ ဇွန်းများရှာမတွေ့။ ဟဲ့၊ ဘာနဲ့စားမလဲ။ ဇွန်း ဇွန်း။ ဇွန်းတွေ ဘယ်မလဲ။ ဟဲ့ - ကိတ်မုန့်တွေ ရောက်မလာ သေးဘူးလား။ ရွာဆိုတော့ ကလေးတွေ တရုံးရုံး စုပြုံဝိုင်းအုံလာသည်။
ကိုင်း ကိုင်း၊ သားတို့သမီးတို့ ဟောသည်ကိုလာ။ မင်းတို့အားလုံး စားရစေ့မယ်။ တန်းစီကြ။ တန်းစီ တန်းစီ။ ဟဲ့ - မတိုးကြနဲ့လေ။ ဒီမှာ ကလေးတွေ ညပ်နေပြီ။ ဟိုကောင် တန်းမစီဘူးလား။ တန်းမစီတဲ့လူကို မပေးဘူးနော်။ အောင်မယ် အောင်မယ်၊ ဟိုကောင် ကြားဖြတ်မတိုးနဲ့လေကွာ။ ဟိုးနောက်က တန်းစီ။ ဟိုမိသားစုတွေ ဘာလုပ်နေတာလဲ။ တန်းဝင်စီ။ တန်းထဲက သူတွေကိုပဲ ဝေပေးမယ်။ အပြင်ကလူတွေ မပေးဘူး။ ဟဲ့ - မတိုးကြနဲ့ ပြောနေတာ မကြားဘူးလား။ ဒီမှာ ကလေးပေါက်စနတွေ ပါတယ်။ မတိုးကြနဲ့။
သူတို့က တန်းစီကျင့်မရှိတော့ ဆွဲလားလွဲလားနှင့် အတင်း တန်းစီခိုင်းရ၏။ ဘေးမှဝိုင်းတိုးနေသူများကို မိတ်ဆွေများ အကူအညီနှင့် နောက်ပိုင်းတွန်းပို့ကာ စီနေသောတန်းထဲ အတင်းအဓမ္မ ၀င်စီခိုင်းရသည်။ သည်လိုမလုပ်လို့ မဖြစ်။ ကျွန်တော်က စည်းမဲ့ကမ်းမဲ့ ပရမ်းပတာလုပ်တာ နည်းနည်းမှ မကြိုက်။ ကျွန်တော့်မှာ အသံများပြာနေအောင် အော်ရ၏။ အေးအေးဆေးဆေးလုပ်၊ တစ်ယောက်ချင်းစီဝေ၊ ဘာမှ ပြာယာခတ်နေစရာမလိုဘူး။ အားလုံးကို ရပေစေ။ ဟဲ့၊ ဟိုမှာ ကလေးချီထားတဲ့ သားသည်အမေကို နှစ်ခုပေးလိုက်။ ဟိုကလေး၊ လာလေဒီကို၊ ဟဲ့ ယူဟဲ့။ နင့်ကို ပေးနေတာ။ သြော် - ငါ့နှယ်။
ရေခဲမုန့်၊ စားမည့်တုတ်တံ၊ ကိတ်မုန့် စုစုပေါင်း သုံးခုဆိုတော့ ကလေးငယ်များမှာ လက်ဖြင့်မဆန့်။ ထိုအခါ ရေခဲမုန့်စားမည့် တုတ်ချောင်းများ အောက်သို့ ပြုတ်ကျသည်။ ကိတ်မုန့်များ ပြုတ်ကျသည်။ ထို့ကြောင့် ဦးထုပ်ပါသူများကို ဦးထုပ်ဆွဲချွတ်ကာ ဦးထုပ်ထဲ ထည့်ပေးရ၏။ ဦးထုပ်မပါသူများကိုတော့ အင်္ကျီဆွဲဆန့်ကာ အင်္ကျီထဲ ထည့်ပေးသည်။ အနည်းငယ်ကြီးသည့် ကလေးများကတော့ ကိစ္စမရှိ။ သူတို့ကိုယ် သူတို့ ထိန်းနိုင်သည်။
သားကလည်း အားကြိုးမာန်တက် မုံ့များကို အတင်းဝေ၏။ မုံ့များကို ယူလိုက်၊ ပေးလိုက်ဖြင့် ပျာယာခတ်နေသည်။ ထိုအခါ မုန့်များ၊ တုတ်များ၊ ကိတ်များ အောက်ပြုတ်ကျကုန်သည်။ ပျာယာခတ်စရာမလိုဘူး။ ဖြည်းဖြည်းလုပ်ပါကွ ဆိုတာ တောင်မရ။
            ကလေးများအတော်ရှင်းသွားပြီး မုန့်လက်ကျန်ကြည့်တော့ အတော်များများကျန်သေးသည်။ အနားတွင် လူလတ်ပိုင်း နှင့် လူကြီးများစောင့်နေသည်ကို တွေ့ရ၏။ မမက ဘယ်လိုလုပ်မလဲဟူသည့် အကြည့်နှင့်ကြည့်လေရာ လူကြီးတွေပါ ဝေလိုက်ပါဟာ၊ သူတို့လည်း စားချင်မှာပေါ့။ တစ်ခါမှ စားဖူးမှာမဟုတ်ဘူး ဆိုကာ အနီးအနားရှိ ကျန်သည့်သူအားလုံးကို ဝေပေးလိုက်သည်။
            အားလုံးပြီးသွားမှ ကျွန်တော်တို့ မြည်းစမ်းကြည့်ကြ၏။ မဆိုးပါ။ စားလို့ကောင်းပါသည်။ ကလေးများ အလုအယက် ရေခဲမုန့်များ စားသောက်နေကြတာကြည့်ပြီး ကျွန်တော် အလွန်ဝမ်းသာပီတိဖြစ်မိပါသည်။ သူတို့အဖို့ သည်လိုမုန့်ဆိုတာ စားတောင့်စားရခဲ မဟုတ်ပါလား။ တချို့ကလေးများမှာ နှစ်ခါပြန်တန်းစီသည်။ မုံ့များရှိသေးသည်ဖြစ်၍ အော်မလွှတ်ပါနဲ့၊ ပေးသာပေးလိုက်ပါဟု မှာရ၏။ သက်ကြီးရွယ်အိုများအတွက်မူ ဆိုင်ကယ်များနှင့် အိမ်ထိတိုင် လိုက်ဝေခိုင်းလိုက်၏။
            အားလုံးပြီးတော့ သုံးနာရီကျော်နေပြီ။ ညတွင်ရုပ်ရှင်ပြမည်ဖြစ်သဖြင့် ကျွန်တော်က မီးကြိုးများ သွယ်တန်းရန် လုပ်သည်။ မီးစက်ကိုင်တာ ဘယ်သူလဲဟေ့ဟု မေးသော် မီးကြိုးသွယ်ပေးသည့် ကောင်လေးကို ခေါ်ပေးသည်။ မီးစက်ကို စစ်ကြည့်သော် 7.5 kVA ဖြစ်၍ မနိုင်စရာမရှိ။ နောက်အသေးတစ်လုံးလည်း ရှိသေးသည်။ 1.5kVA။ ထိုစက်ကိုတော့ ကျောင်းတွင်း မီးထွန်းရာတွင် သုံးနိုင်သည်။
            ငါ့တူ၊ ငါရောက်တုံးရောက်ခိုက် မီးကြိုးဘယ်လိုသွယ်ရတယ်ဆိုတာ ငါပြပေးမယ်။ မင်း၊ ဟောဒါဟောဒါတွေ ယူခဲ့ဟု ပလိုင်ယာ၊ ဒါးအသေး၊ ၀က်အူလှည့် အပေါင်း၊ အနုတ်၊ မီးတိပ် စသည်တို့ကို ယူလာခိုင်းလိုက်၏။ မရှိရင် ၀ယ်ခဲ့ကွာ၊ ငါပိုက်ဆံပေးမယ် ဟုလည်း မှာလိုက်သည်။ ခဏနေသော် သူပြန်ရောက်လာသဖြင့် မီးကြိုးစနစ်တကျဆင်နည်း ပြပေး လိုက်၏။ သူတို့မီးကြိုးများ ဆက်ထားသည်မှာ အလွန် အန္တရာယ်များလှသည်။ သို့သော် အချိန်သိပ်မရှိသည်နှင့် အကုန်တော့ ပြမပေးနိုင်။ အရေးကြီးသည့် သိသင့်သိထိုက်သည်များကိုသာ ရှင်းပြလိုက်သည်။   
            အားလုံးပြီးသွားတော့ အိမ်ပြန်၊ ပရိုဂျက်တာ၊ ပိတ်ကားများ၊ စစ်ဆေးကြည့်ရသည်။ ညနေတော့ ရုပ်ရှင်ပြရန် ခပ်စော စော ထွက်ခဲ့၏။ ကျွန်တော့်အစ်ကို ရွာလူကြီးကိုမြင့်အောင်မှာလည်း အလှူ့ဒါယကာကြီးဦးအေးငြိမ်းက ဒီညရုပ်ရှင်ပြမှာမို့ ခပ်စောစော ကြွခဲ့ကြပါဟု မပြတ်အော်ခြင်းဖြင့် အလွန်အလုပ်များလျက်ရှိ၏။
            ပရိုဂျက်တာ၊ လက်ပ်တော့၊ ပိတ်ကား၊ အားလုံးဆင်ပြီးစမ်းသော် HDMI cable နှင့် ဆက်ထားသောကြောင့် အသံက ပရိုဂျက်တာမှ ထွက်နေသည်။ ဆောင်းဘောက်စ်ကို ထုတ်လို့မရ။ ပရိုဂျက်တာအသံနှင့် ပရိသတ်ကို ထိန်းနိုင်မှာ မဟုတ်။ သို့အတွက် နေ့ခင်းက အလည်ရောက်စဉ် မျက်စိကစားထားသောကြောင့် အစ်ကိုဝမ်းကွဲ မောင်တင်ထူးတို့အိမ်တွင် ကွန်ပြူတာရှိတာ သတိရကာ သူ့ထံသွား၊ VGA cable နှင့် extension plug များပါ ငှားခဲ့၏။ သူကတော့ ပလပ်က သိပ်မကောင်းဘူးကွဟု သတိပေးလိုက်ပါသေးသည်။
            ဒုလ္လဘဦးပဉ္စင်းဝတ်နေသော တူတော်မောင် ဖိုးကုလားက ဆောင်းဘောက်စ်ကြီး သယ်လာပေးသည်။ သို့တိုင် ကျွန်တော့် လက်ပ်တော့နှင့်ဆက်ရန် ပလပ်မတူ၊ ကြံရဖန်ရပြန်၏။ အတော်မှောင်တော့မှ ကိစ္စအားလုံးပြီးသည်။ လုပ်နေကိုင်နေတုံး ကျွန်တော်က ကလေးများကို ၂၀၁၄ ထွက် Tom and Jerry ပြထားလိုက်၏။ ကလေးများမှာ တသောသောနှင့် သဘောကျမဆုံး။ အဲဒါက ဘာပြောတာနှင့် သားက အနီးအနားမှကလေးများကို ဘာသာပြန်ပေးနေ၏။  
            အားလုံးပြီးသွားတော့ ဦးဇင်းကုလားကိုစောင့်ခိုင်းထားကာ အိမ်ပြန် ရေမိုးချိုး၊ ထမင်းစား။ နောက် ကျောင်းသို့ ပြန်လာ။ ရုပ်ရှင် စ ပြသည်။ Clash of Titans ။ သူတို့ကြိုက်ကြပါသည်။ ရုံပြည့်ရုံသျှံ အားပေးကြ၏။
            မဏ္ဍပ်နှင့် မလှမ်းမကမ်းတွင် ဆိုင်ကလေးများလည်း ဖွင့်လို့။ ပွဲဈေးတန်းလေး ဖြစ်နေ၏။ မိန်းကလေး ခပ်ချောချော လေးများရောင်းသည့်ဆိုင်နားတွင် အစ်ကိုကာလသားများ တရုံးရုံး။ သို့သော် သူ့လူနှင့်သူ ထိန်းထားသည်ဖြစ်၍ ဘာပြဿနာ မှ မရှိပါ။ အားလုံး အေးအေးဆေးဆေးပင် ဖြစ်ပါသည်။
            သို့တိုင် ရွာလူကြီးကိုမြင့်အောင်မှာ အလှူ့ရှင်ကြီး ဦးအေးငြိမ်းက ကျော်တို့ရွာသူရွာသားတွေကို ကြည့်စေချင်တဲ့ စေတနာနဲ့ ရုပ်ရှင်ပြတာ ရန်မဖြစ်ကြပါနဲ့။ အေးအေးဆေးဆေးကြည့်ကြပါ စသဖြင့် ၁၅ မိနစ် တစ်ခါလောက် ပွဲခင်းဘက်သို့ လော်ကြီးနှင့်အော်နေလေရာ ကျွန်တော် စိတ်ရှုပ်လာသည်။ ၃-၄ ခါအော်ပြီးသည့်အခါ အနားတွင် ရုပ်ရှင်ကြည့်နေသူ ကိုဦးမောင်ကို ကိုင်း၊ ကိုဦးမောင် - သူတို့အေးအေးဆေးဆေး ရုပ်ရှင်ကြည့်နေတာ ကြည့်ပါစေ၊ မအော်ပါနဲ့တော့လို့ ခင်ဗျားလူကို သွားပြောပေးစမ်းပါဗျာ ဟု ပြောခိုင်းလိုက်တော့မှ နားသက်သာရာ ရတော့၏။
            ကားပြီးခါနီးတော့ သမီးကလာတဲ့ပြီး ဦးကြီးအင်္ဂလိပ်ကားတွေက မြန်မာစာတမ်းထိုးမဟုတ်တော့ သူတို့နားလည်မှာ မဟုတ်ဘူး။ Mr. Bean’s Holiday ပြပါလား။ အဲဒါက နားလည်စရာမလိုဘူး။ ရီရတယ် ဆိုသဖြင့် ကျွန်တော်လည်း သဘောတူ လိုက်၏။ ကိုစိုးသိန်းက အနားကပ်လာကာ ကျွန်တော့်သားဆီမှာ မြန်မာစာတမ်းထိုးကားတွေ အများကြီးရှိတယ်။ အဲလိုမှန်းသိ ယူလာပါရဲ့ ဟု ဆို၏။ ခုမှတော့ ဘာတတ်နိုင်ပါဦးမည်နည်း။





ရုပ်ရှင်ပြပြီး သိပ်မကြာမီ လူတစ်ယောက် ယိုင်တီးယိုင်တိုင်နှင့်စင်ပေါ်တက်လာကာ ကျွန်ုပ်တို့ ဘာမှမလုပ်လိုက်နိုင်မီ ပရိုဂျက်တာပေါ် အသားလွတ်လဲကျ၏။ ဟိုက် ရှာလပတ်ရည်။ ကျွန်တော့်မှာ မျက်လုံးမျက်ဆန်များ ပြူးရ၏။ ပရိုဂျက်တာက ကျွန်တော့်ပစ္စည်းမဟုတ်။ ကိုဝေလင်းထံမှ ငှားလာခြင်းဖြစ်၏။ သူ့ပစ္စည်းပျက်လျှင် အသစ်ပြန်ဝယ်ပေးရလိမ့်မည်။ ပရိုဂျက်တာ တစ်လုံးကို ၈ သိန်းလောက် တန်သည်။
ကျွန်တော်လည်း ဒေါသထွက်လှသည်ဖြစ်၍ အဲဒီကောင်ကို ပွဲခင်းထဲက ဆွဲထုတ်ကြစမ်းကွာဟု လှမ်းအော်လိုက် သည်။ မီးသတ်ဝတ်စုံနှင့်ကောင်လေးများ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်းမှ မ,ကာ ထုတ်သွားသည်ကို တွေ့ရ၏။ ဒုတိယကား ပြနေစဉ် ကျွန်တော် သမီးတို့နှင့် အတူထိုင်ကာ ပရိသတ်များကို လေ့လာနေသည်။ ထိုစဉ် ခုနင်က အမူးသမားရောက်လာ ပြန်၏။ ဟေ့ကောင်၊ မင်းမူးနေရင် အေးအေးဆေးဆေး အိမ်ပြန်အိပ်နေတာကောင်းမယ် ဟု ကျွန်တော်ပြောသည့်တိုင် သမီးတို့ ရှေ့သွားကာ ဟိုပြောသည်ပြော ပြောနေလေ၏။
ကျွန်တော်လည်း ခုနင်ကအရှိန်နှင့် ဒေါသထွက်လာရကား မင်း၊ ကိုယ့်ဘာသာပြန်မလား၊ ငါဆွဲထုတ်ပေးရမလား ဟု လူမိုက်လုပ်၏။ ဒါတောင် ကျွန်တော်က ဘာလုပ်နေလို့လဲ အစ်ကိုရ ဟု ကွန်ပလိန်းတက်သေးသည်။ ကိုင်း - မင်းကိုယ့်ဘာသာ ကိုယ် မသွားဘူးဆိုရင် ငါဆွဲထုတ်ရတာပေါ့ကွာဟု ၎င်း၏ ဂုတ်ကိုကိုင်ကာ ဒရွတ်တိုက်ဆွဲခဲ့သည်။ ကျောင်းလယ်လောက် ရောက်သော် ၎င်းမှာ မဟန်နိုင်သဖြင့် ကြမ်းပြင်ပေါ် လဲကျ၏။ ကျွန်တော်လည်း ဒေါသထွက်နေသဖြင့် ခြေထောက်နှစ်ချောင်းမှ ကိုင်ကာ ဆက်ဆွဲမည်ပြင်၏။ ဤသည်ကို မလှမ်းမကမ်းမှ မမတို့မြင်လေသော် ဟဲ့၊ အရမ်းမလုပ်နဲ့။ ခြေလွန်လက်လွန်တွေ ဖြစ်ကုန်မယ် ဆိုမှ ဒေါသကို သိမ်းဆည်းကာ မင်းတို့ ဒီကောင်ကို ဒီအထဲ နောက်ထပ်မလာစေနဲ့ကွာဆိုပြီး ရုပ်ရှင်ပြရာနေရာသို့ ပြန်ခဲ့သည်။
ထိုအမူးသမားမှာ နေ့လည်က ရေခဲမုန့်ဝေကတည်းက အနားလာ ရစ်နေတာဖြစ်သည်။ အစ်ကို ကျွန်တော့်ကို ၅၀၀ လောက်ပေးစမ်းပါဟု အနားတွင် ရစ်သီရစ်သီနှင့်တောင်းနေသောကြောင့် မင်းအရက်သောက်ဖို့ ငါပိုက်ဆံမပေးနိုင်ဘူးကွ ဟု ပြောလွှတ်လိုက်ပြီး ဖြစ်၏။ သို့တိုင် ကျွန်တော့်နှမများထံသွား ရစ်နေသဖြင့် ပိုက်ဆံထုတ်ပေးလိုက်ရသေးသည် ဟု သိရသည်။
            ဒုတိယကားကို သမီးအကြံပေးသည့်အတိုင်း Mr. Bean ပြသည်။ ပရိသတ်များ ပထမကားလောက် မကြိုက်ကြောင်း တွေ့ရ၏။ အမှန်က ကျွန်တော် Rise of the Planet of the Apes ပြဘို့ ပြင်ထားတာ ဖြစ်၏။ ကားပြပြီး သုံးပုံနှစ်ပုံလောက်တွင် အနားရှိကောင်လေးများက ဒါတွေနားမလည်ဘူး။ ကျွန်တော့်မှာ ငှားထားတဲ့ မြန်မာကားတွေ ရှိတယ်။ အဲဒါပြပါဆိုသဖြင့် ဒါဆို သွားယူချေကွာ ဟု ခိုင်းလိုက်သည်။
            သူ လေးငါးခွေ ယူလာသည်။ ထိုအထဲမှ ဘောလုံးမင်းသားဆိုလား ပြ၏။ သူ့ဘောလုံးမင်းသားလည်း ပြလိုက်ရော ပရိသတ်များ တဖွဲဖွဲ ထပြန်ကုန်တော့သည်။ သိတော်မူကြသည့်အတိုင်း မြန်မာကားဆိုသည်မှာ ခပ်ပေါပေါ ရိုက်ထားတာဖြစ်၍ ဘာကိုဘယ်လိုကြည့်လိုက်ရမှန်းတောင် မသိ။ ရုပ်ရှင်ပြီးလို့ ရုံထဲကြည့်လိုက်တော့ ဒုလ္လဘ ၀တ်ထားသည့် ဦးပဉ္စင်းလေးငါးပါး၊ အိပ်ပျော်နေပြီဖြစ်သည့် ကိုရင်လေးငါးပါးနှင့် ကလေးအနည်းငယ်မျှသာ ကျန်တော့သည်။ သူများပြောတိုင်း နားယောင်မိသည့် ကျွန်ုပ်အပြစ်ပင် ဖြစ်ပါ၏။
            ရုပ်ရှင်ပြီးတော့ တစ်ယောက်မှ မရှိတော့။ အားလုံး အသီးသီးအသကအသက ပြန်ကုန်ကြပြီ။ ကျွန်တော့်မှာ တစ်ယောက်တည်း ငေါင်စင်းစင်းနှင့် ပစ္စည်းများအားလုံး သိမ်းဆည်းရ၏။ ဒါတွေက ဒီအတိုင်းထားခဲ့လို့ မဖြစ်။ မတော် ပျောက်ရှသွားရင် မခက်ပါလား။ တစ်ခုမှ တန်ဘိုးနည်းတာ မပါ။
            သို့နှင့် ပစ္စည်းများကို သိမ်းဆည်း၊ ထမ်းပိုးကာ လရောင်အောက်တွင် လမ်းလျှောက်ပြန်ခဲ့ရ၏။ စိတ်ထဲမှာတော့ ခပ်အောင့်အောင့်။ ပစ္စည်းကများတော့ တစ်ခေါက်နှင့်မရ။ နောက်တစ်ခေါက်သယ်ဘို့ ပြန်လာတော့ လမ်းတွင် ကောင်လေး နှစ်ယောက်နှင့်တွေ့သည်။ ဦးကြီး၊ သားတို့ အားသွင်းထားတဲ့ဖုံး သိမ်းထားသလား မေးသော် အေး၊ ရှိတယ်ဆိုပြီး ထုတ်ပေး လိုက်သည်။ ထိုကောင်လေးများကပင် ကျန် ပစ္စည်းအားလုံးကို ကူသယ်ပေးသည်။
            ပစ္စည်းပစ္စယျားသိမ်းဆည်းပြီး အိမ်ပြန်ရောက်သော် အားလုံးအိပ်မောကျနေကြပြီ။ ကျွန်တော့်မှာသာ ချွေးသံ တလုံးလုံးနှင့်။ သို့နှင့် မကျေမချမ်းပင် အိပ်ယာဝင်ခဲ့ရ၏။ စိတ်ပျက်လှသဖြင့် နောက်ညကျရင်တော့ အခြေအနေအရ ပြချင်မှ ပြတော့မည်ဟုလည်း တွေးမိသည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၁၆ ဧပြီလ၊ ၂၀၁၅။ ညနေ ၄း၃၅ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...