Thursday, April 23, 2015

ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။

ကိုယ်တိုင်အဲ့အဖြစ်ပျက်လိုခံစားရလို့အရမ်းသဘောကြတယ်။ ငါ့အဖြစ်ကငါပဲမိးလောင်ခံလိုက်မယ်။
ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။
“ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး”
ကိုယ်က အဲလိုပြောလိုက်တဲ့အခါ ကိုယ့်ကို ဆရာချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူစာအုပ် လွမ်းမိုးမှုကို ခံနေရတယ်လို့ ပြောရင်လည်း ကိုယ်မငြင်းပါဘူး။

ဒဿဂီရိရဲ့ ဘက်တော်သားလို့ ပြောရင်လည်း ကိုယ်ဝန်ခံပါတယ်။ ဒါပေမဲ့ ကိုယ်အဓိက ပြောချင်တာက ရာမမင်းသားနဲ့ ပတ်သက်ပြီးပါ။ ကိုယ့်မြင်ထားတဲ့ အမြင်လေးတစ်ခုပေါ့။ မှန်မယ်လို့တော့ မဆိုလိုပါဘူး။ ကိုယ်က အဲအတိုင်းပဲ လက်ခံထားတာပါ။ ရာမမင်းသားက မယ်သီတာကို ချစ်မချစ်ဆိုတာကိုပေါ့။
စပြီးပြောရရင်တော့ မယ်သီတာ ကြင်ယာရှာတဲ့ လေးတင်ပွဲပေါ့။ လက္ခဏာက ၀င်ပြိုင်ချင်တဲ့ အချိန်မှာတောင် ကိုရွှေရာမက ဒါငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ရှောင်နေတယ်လေ။ အဲအချိန်မှာ တစ်ပြည်သားလို့ပဲ ပြောမလား ဇာတ်တော်ထဲကလို ဘီလူးလို့ပဲ ပြောမလား ဒဿဂီရိက နိုင်တော့မလိုဖြစ်နေတယ်။ ဒဿဂီရိဆီ မယ်သီတာ ပါသွာမှာကို ဘုရင်ရော၊ ကျန်တဲ့သူတွေပါ မလိုလားဘူး။ ဒါနဲ့ မင်းဆရာ ဘရသေ့က ညီအစ်ကိုနှစ်ယောက်ကို ၀င်ပြိုင်ဖို့ တောင်းဆိုတယ်။ အဲအချိန်မှာ ရာမက လက္ခဏာကို လွဲတယ်။ လက္ခဏာဟာ မယ်သီတာကို သဘောကျနေ (ချစ်နေ) နိုင်ပေမဲ့ အစ်ကိုကို မကျော်ချင်ဘူးလေ။ ဟိုက အိမ်ရှေ့ဥပရာဇာ ဖြစ်နေတာလည်း ပါမှာပေါ့။ ပြီးတော့ အစ်ကိုနဲ့ ထိုက်တန်ပါတယ်ဆိုပြီး ရာမဆီပြန်လွဲလိုက်တယ်။ ရာမ၀င်ပြိုင်တယ်။ နိုင်တယ်။ နိုင်တော့ မယ်သီတာကို ရတယ်။ ဒီလောက်လေးပဲ ကြည့်သလောက် ရာမဟာ မယ်သီတာကို စချစ်ခဲ့ရင် ဟိုးအစောကြီးကတည်းက ပြိုင်မှာပေါ့။ အစကတည်းမ မချစ်ခဲ့ဘူးဆိုတာ သေချာပြီလေ။ ကဲ ရပြီးတော့လည်း ချစ်မိသွားလားဆိုတော့ လည်း မချစ်ပြန်ဘူး။
ဒဿဂီရိက မယ်သီတာကို ပန်းချီကားလေး စမ်းချောင်းမှာတွေ့ကတည်းက စွဲလန်းခဲ့တာလေ။ သူက တရားနည်းလမ်းကျကျ လေးတင်ပွဲကို ၀င်ခဲ့တာ။ ဒါပေမဲ့ သူမတရားတဲ့နည်းနဲ့ အနိုင်ယူခံလိုက်ရတယ်လေ ။ (ပန်းချီကားရှိသူသာ လေးတင်ပွဲ ၀င်ခွင့်ရပြီး ဟိုညီအစ်ကိုမှာက ပန်းချီကားမှမရှိတာ၊ ကြုံလို့ဝင်ပြိင်တဲ့သဘော၊ မင်းဆရာ ဘရသေ့တောင်းဆိုလို့ ၀င်ခဲ့တာ) သူချစ်တဲ့သူကို ကိုဒဿမဆုံးရှုံးချင်ဘူး။ အဲတော့ ခိုးပြေးတာပေါ့။ ဒဿက ခိုးပြေးပြီး အိပ်ယာတည်းခေါ်တာလည်း မဟုတ်ခဲ့ပါဘူး။ ထွက်မပြေးနိုင်အောင် သံကွန်ချာနဲ့အုပ်ပြီး သူ့အချစ်ကို လက်ခံဖို့ တောင်းတောင်းပန်ပန်နဲ့ ထားခဲ့တာပါ။ အဲ အဲအချိန်ရာမက စွေ့စွေ့ခုန်တာပေါ့။ ကိုယ်ကတော့ သိပ်ချစ်လို့မထင်ဘူး။ သူလို အိမ်ရှေ့စံတစ်ယောက်ရဲ့ ကြင်ယာလောင်းကို အခိုးခံရတဲ့အတွက် ဒေါသထွက်တာ။ တစ်နည်း သူတို့ မင်းမျိုးမင်းနွယ်ရဲ့ အတ္တလို့ပဲ မြင်တယ်။ ဒီလိုနဲ့ လိုက်ကယ်တယ်။ ဒဿသေတယ်။ မယ်သီတာ နန်းတော်ကို ပြန်ပါလာတယ်။ အဲဒီအချိန်မှာ ကိုယ်က မချစ်ဘူးဆိုတာ ကိုစပြီး သဘောပေါက်မိတာပဲ။ ဖြစ်သင့်တာက မချစ်မနှစ်သက်သူရဲ့ လက်ထဲမှာ အကျဉ်းကျနေတဲ့ မိန်းမတစ်ယောက်ကို အားပေးရမယ်… နှစ်သိမ့်ရမယ်… နွေးနွေးထွေးထွေးဆက်ဆံရမယ်ပေါ့… ဒါပေမဲ့…။
ကိုယ်နားလည်ထားတဲ့ အချစ်ဟာ အချစ်တစ်ခုတည်းအတွက် ဖြစ်တည်တယ်။ ချစ်မိပြီဆိုရင် ကိုယ့်ချစ်သူရဲ့ အတိတ် အကုန်လုံးကို ခွင့်လွှတ်ပေးနိုင်ရမယ်လေ။ (ကိုယ်ဆိုရင်တော့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးခွင့်လွှတ်ပေးမှာ)
မယ်သီတာဟာ ဒဿနောက်ကို လိုက်ချင်လို့ လိုက်သွားတာ မဟုတ်ပါဘူး။ ဒဿအတင်း ခိုးပြေးသွားတာပါ။ ရာမက လိုက်ကယ်တယ်။ ပြီးတော့ မယ်သီတာဟာ ဒဿနဲ့ ဘာမှ မဖြစ်ခဲ့ပါဘူးဆိုတာ သစ္စာဆိုခိုင်းတယ်။ တစ်ကယ်လို့ ဖြစ်ခဲ့လည်း ဘာအရေးလည်း။ မယ်သီတာက အလိုမတူဘဲ ဖြစ်ခဲ့တာလေ။ ချစ်ခြင်းမှာ အပျိုစင်ဖြစ်ဖို့ဆိုတာ လိုလို့လား။ မယ်သီတာဟာ သူမှဲ့တစ်ပေါက် မစွန်းခဲ့တာကို သက်သေပြဖို့ အတွက် မီးပုံထဲကို သစ္စာဆိုပြီးခုံဆင်းခဲ့ရတယ်။ မီးက ငြိမ်းသွားတယ်။ အဲတော့မှ ဟိုအကောင် ရာမက လက်ခံတာလေ။ ကိုယ်ဘယ်လိုမှ လက်ခံကြည့်လို့မရဘူး။ ချစ်ခြင်းမချစ်ခြင်းဆိုတာထက် ပိုပြီးတော့ လိင်ခွဲခြားဆက်ဆံတယ်လို့ပါ ခံစားခဲ့ရတယ်။ ( ကိုယ်ကလည်း ဘုန်းဆိုတဲ့ စကားကို အယုံအကြည်မရှိဘူးလေ။ ယောက်ျားမှ ဘုန်းရှိတယ် မိန်းမဘုန်းနိမ့်တယ် ဆိုတဲ့ အယူဝါဒအောက်မှာ အဲလိုဘုန်းရှိတဲ့ ယောက်ျားတွေက ထဘီအောက်က ထွက်လာပြီး ထဘီအောက်ပဲ ပြန်ပြန်ဝင်သွားကြတယ်လေ။ )
ဒီလိုနဲ့ ရာမကဘုရင်ဖြစ်၊ မယ်သီတာကို လက်ထပ်၊ အမွှာယောက်ျားလေး နှစ်ယောက်မွေး။ နန်းတွင်းဆိုတာကလည်း လိုတစ်မျိုး မလိုတစ်မျိုး၊ ခပ်ရှုပ်ရှုပ်ပဲလေ။ မယ်သီတာ မီးပုံထဲခုံးဆင်းတော့ မီးငြိမ်းတာ ဟိုဆီလူးလို့ ဒီဆီလူးထားလို့၊ အဲ့ကလေး ၂ကောင်ဟာ ရာမရင်သွေး မဟုတ်ဘူး ဘာညာပေါ့။ ဟိုကောင်ကလည်း ဘုရင်ဖြစ်ပြီး ယုံတာပဲ။ ဒီလိုအချိန်မှာ ကိုယ်နဲ့က လင်မယားဖြစ်နေပြီလေ။ နဲနဲလေးပဲ ချစ်ကြည့်စမ်းပါ။ ကိုယ့်မိန်းမကို နန်းတော်ထဲက နှင်မထုတ်ရက်ပါဘူး။
နှင်ထုတ်တော့လည်း သွားရတာပေါ့။ ဘရသေ့ကျောင်းမှာ ကလေးနှစ်ယောက်နဲ့တူတူနေလို့ပေါ့။ ကလေးတွေကလည်း ဇနဲ့။ ဘုရင့်ရွှေသမင်ကို ဖမ်းသတဲ့။ အဲဒါကို ရာမက သိတော့ ဒီကလေးတွေက မင်းမျိုးမင်းနွယ်မို့လို့ ဒီလိုလုပ်တာပေါ့ ဘာပေါ့။ အဲဒါနဲ့ ပြန်ခေါ်မယ်ပေါ့။ အဲဒီမှာ ကိုယ်ရာမကို အမုန်းဆုံး ဖြစ်သွားတာပဲ။ ဒီလောက်ဖြူစင်တဲ့ သီတာဒေ၀ီကို သစ္စာဆိုပြီး မီးပုံထဲ ထပ်ခုန်ချခိုင်းတယ်လေ။ မယ်သီတာဟာ တစ်သက်စာ ဒဏ်ရာတစ်ခုရသွားပြီ။ သူတစ်ခါမှ မမှားဘူးတဲ့ ကိစ္စတစ်ခုအတွက် အကြိမ်ကြိမ် တစ်ခါမက စော်ကားခံလိုက်ရပြီလေ။ သူဖြူစင်ပါက တစ်မဟုတ်ချင်း ပြာကျလောင်ကျွမ်းရပါစေသားတဲ့။ ရာမ ဘယ်လိုကျန်ခဲ့လည်း ဆိုတာ ကိုယ် စိတ်မ၀င်စားတော့ဘူး။ ကိုယ်လက်ခံမိလိုက်တာက ရာမဟာ မယ်သီတာကို မချစ်ခဲ့ရုံမက သူ့အတ္တ၊ သူ့မာန အတွက် အကြိမ်ကြိမ်စော်ကားခဲ့တယ်ဆိုတာကိုပဲ။
ခင်ဗျားရော အချစ်ဆိုတာ ဘယ်လိုထင်လည်း။ ခင်ဗျား ထင်ထား သိထား ခံစားမိတဲ့ အချစ်နဲ့ ချိန်ထိုးကြည့်ရင်ရော ရာမက မယ်သီတာ ကို ချစ်ပါတယ်လို့ သတ်မှတ်မလား။
ကိုယ်ကတော့ ရဲရဲ ကြီးပြောရဲတယ်။
ရာမမင်းသားဟာ မယ်သီတာကို ဘယ်တုန်းကမှ မချစ်ခဲ့ပါဘူး။
ကိုဇေ
October 1, 2014 (Wednesday)
1:14PM

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...