Wednesday, April 29, 2015

နာကျင်စွာ စိန်စိန်ငိုပြီလေ


(၁)
တပ်ထုံးစံအရ
တပ်ရေးဗိုလ်ကြီးနဲ့တပ်ရင်းမှူးကတော်တို့
လိုင်းခန်းတွေဘက်လျှောက်လာပြီဆို
သတင်းဆိုးလာပြီပေါ့
အားလုံးကြောက်ရွံ့တိတ်ဆိတ်လို့ပါ။

သတင်းဆိုးက
"စိန်စိန်ရေ. .နင်ဂုဏ်ယူလို့ရပြီ"တဲ့
ကျွန်မယောင်္ကျားကျဆုံးတဲ့သတင်းကို
တပ်ရင်းမှူးကတော်လာပြောသွားတာပါ
အော်. .ဂုဏ်ယူလို့ရပြီတဲ့လား။
(၂)
ပိန်ချိုင့်နေတဲ့ ဟန်ကောဂျိုင့်လေး
စစ်ဖိနပ်အစုတ်ကလေးတစ်ရံ
ဆေးကွက်နေတဲ့ သံသေတ္တာတစ်လုံး
ဖျာဟောင်းလေးနှစ်ချပ်
နရံပေါ်ပြုံးနေတဲ့ သူ့ဓါတ်ပုံပဲရှိတဲ့လိုင်းခန်းထဲမှာ
ကျွန်မငိုကြွေးရပြီ
စစ်သားသေတော့
စစ်သားမိန်းမ ဘာတွေရခဲ့ပြီလဲ
နာကျင်စွာ စိန်စိန်ငိုပြီလေ။
(၃)
ဘေးခန်းတွေက
ဂရုဏာနဲ့အားပေးနှစ်သိမ့်ပါတယ်
တပ်ရင်းမှူးကတော်က ငွေကူပါတယ်
ဒါနဲ့ပဲ
ဗိုက်ထဲက ကလေးရဲ့ဖခင်မဲ့မှုက
ထာဝရဖြစ်ပြီပေါ့လေ
တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရင်း ကျဆုံးလို့
ဂုဏ်ယူပါတယ်ဆိုတဲ့ ကတ်ထူစာရွက်တစ်ရွက်က
မုဆိုးမဖြစ်ဖို့သေချာစေခဲ့တယ်
စစ်သားသေတော့
စစ်သားမိန်းမဘာတွေရခဲ့ပြီလဲ။
(၄)
စစ်သည်တို့ရှေ့တန်းကပြန်လာကြပြီ
အောင်ပွဲရလို့ သပြေပန်းနဲ့ကြိုပြီပေါ့
အိုးစည်ဗုံဗောင်းတွေ ဘယ်လိုတီးတီး
ကျွန်မယောင်္ကျားပါမလာတာက
ပါမလာတာပါပဲ
မျက်ရည်ဆိုတာလေ ကျတာကျတာ
တဆုံးနာကျင်မှုနဲ့
အရူးတစ်ပိုင်း စစ်သားမိန်းမစိန်စိန်ပေါ့
လိုင်းခန်းလေးထဲ ငိုရပြီ
ဖြေပေးကြပါဦး
စစ်သားသေတော့
စစ်သားမိန်းမ ဘာတွေရခဲ့လို့လဲ။
(၅)
ပြည်တွင်းစစ်ဆိုတာ
ဘယ်လက်ကဓားနဲ့ညာလက်ကဓား တိုက်ခိုက်တာပဲတဲ့
ဒါဆို ဂုဏ်ယူစရာလား
စစ်သားသေတော့
စစ်သားမိန်းမ ဘာတွေရလဲ
တိုက်ရလို့လား ကားရလို့လား
ဘဏ်မှာငွေတွေ အပ်နိုင်လို့လား
အဖိုးတန်မြေကွက်ရလို့လား
ဦးပိုင်မှာ ရှယ်ယာတွေရလို့လား
မရပါဘူး
ဝါဒဖြန့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်တော့
ရကောင်း ရနိုင်တယ်။

တိုင်းပြည်အတွက် အသက်ပေးတာမို့
ဂုဏ်ရှိတယ်ဆိုရင်
ရှင်တို့ ရှင်တို့အဘတို့
အဲဒိဂုဏ်ကိုယူလိုက်ကြပါလား
ကျွန်မကတော့ ကျွန်မယောင်္ကျားကို
ပြန်လိုချင်တယ်။
(၆)
အဲဒိ စိန်စိန်က
ဗိုက်ထဲက ကလေးဖခင်ကိုပဲပြန်လိုချင်တယ်။
သူ့ယောင်္ကျားအုတ်ဂူရှေ့သူတွေးနေတာက
စစ်ကိုမုန်းတယ်
စစ်ကိုမုန်းတယ်
စစ်ကိုမုန်းတယ်ပေါ့။
ဒီလိုနဲ့ လအနည်းငယ်အကြာမှာ
ငိုနေတဲ့ စိန်စိန်ဆီ
လိုင်းခန်းကလေးက ဖယ်ရှားပေးဖို့
အမိန့်စာတစ်စောင် ရောက်လာပါတော့တယ်
ဖြစ်ရလေ. .
စစ်သားမိန်းမ ဘာတွေရခဲ့လို့လဲ။
(၇)
အခုတော့ စိန်စိန်တစ်ယောက်
ကျွန်တော်(စုမောင်မောင်)နေထိုင်ရာ
အုန်းကုန်းရပ်ကွက် ဟင်္သာတမြို့လေးမှာ
ကလေးတစ်ယောက် လက်ဆွဲလို့
ပြောင်းဖူးပြုတ်လေးရောင်း
ဖရဲသီးစိတ်လေးရောင်းပေါ့။
တီဗီမှာ စစ်ကားလာရင်
နာကျင်စွာ စိန်စိန်ငိုပြီလေ။
စုမောင်မောင်
၂၅ ၂ ၁၅
(ကျဆုံးစစ်သည်နဲ့မိသားစုများကိုစာနာစွာရေးဖွဲ့ပါတယ်။စစ်သားမိန်းမဘာတွေရလဲစာသားကို
ကမ္ဘာကျော်ကဗျာတစ်ပုဒ်မှရပါသည်။)်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...