Tuesday, April 14, 2015

ကိုယ့်ခေါင်းကို ကိုယ်တိုင် ရိုက်ခွဲလိုက်တဲ့နေ့

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတာ အတော်ကြာပြီ။ အဲဒါကိုဘယ်လိုနည်းနဲ့ ဖြေရှင်းရမလဲဆိုပြီး စဉ်းစားတွေးတော အဖြေရှာနေတာလည်း အတော်လေးကိုကြာခဲ့ပါပြီ။ ဟိုလိုလှည့်တွေး ဒီလိုလှည့်တွေး တွေးရင်းနဲ့ တနေ့ကတော့ အကြံတခုရတယ်။ အဲဒီလို  အကြံရလိုက်တဲ့အချိန်မှာကိုယ့်အကြံကို ကိုယ်တိုင် အလွန်အမင်း နှစ်ခြိုက်သွားတယ်။ ဒါ သိပ်ကောင်းတဲ့အကြံပဲလို့ အထပ်ထပ် ရေရွတ်ရင်း ရွှီကနဲတောင် လေချွန်လိုက်သေးတယ်။
ပြီးတော့အဲဒီအကြံကို အချိန်မဆိုင်းပဲ သွက်သွက်လက်လက် အကောင်အထည်ဖေါ်ဖို့ အဲဒီညနေက အိမ်ကိုမြန်မြန်ပြန်သွားခဲ့တယ်။

ပြောရရင် ကိုယ့်မှာ မကျေမနပ်ဖြစ်နေရတဲ့ ပြဿနာက“ဦးခေါင်း” ပြဿနာပါ။ လူတိုင်း လူတိုင်းမှာ ကိုယ်စီကိုယ်ငှ ပိုင်ဆိုင်နေကြတဲ့အဲဒီဦးခေါင်းက ကိုယ့်ကျမှ အဆင်မပြေ ဖြစ်နေရတယ်။ သူက ကိုယ့်ကို ဘယ်လိုပြဿနာမျိုးတွေပေးနေသလဲဆိုတော့ တနေ့တနေ့ စာတွေ ဖတ် မှတ်နေပါရက်နဲ့ အဲဒီ ဖတ်ထားတဲ့စာတွေကိုပြန်တွေးကြည့်ရင် ဘာမှ ရေရေရာရာ ဂဃနဏ မမှတ်မိတော့တာမျိုး၊ ပြီးတော့စာရေးမယ်ကြံလိုက်ရင် ခေါင်းထဲမှာ ဘာမှမရှိ၊ စာတလုံးမှ ရေးလို့ မထွက်တာမျိုး၊ပြီးတော့ နေ့တိုင်းလိုလို ဘယ်ဖက်က ကိုက်လိုက် ညာဖက်က ကိုက်လိုက်နဲ့ အစဉ်အမြဲခေါင်းကိုက်နေတာမျိုး… စတဲ့ ပြဿနာတွေပဲ။ အဲဒီပြဿနာတွေကို ရှင်းဖို့၊ ပြဿနာတွေရဲ့အရင်းအမြစ်ကို သိရဖို့ ဘယ်လိုအကြံရတာလဲ ဆိုတော့ ကိုယ့်ဦးခေါင်းကို ကိုယ့်ဟာကိုယ်ရိုက်ခွဲပြီး အထဲက အခြေအနေကို စေ့ငုလေ့လာဖို့ ဆိုတဲ့ အကြံပါ။ ဒါဟာ အင်မတန် လျှော်ကန်သင့်မြတ်တဲ့အကြံ မဟုတ်ပါလား။ ဟုတ်ပြီ… အဲဒီတော့ အဲဒီအကြံကို ဘယ်လိုနည်းနဲ့ အကောင်အထည်ဖေါ်သလဲဆိုတာ ပြောပြမယ်။

ပထမအဆင့်အနေနဲ့ ဦးခေါင်းကို လည်ပင်းကနေ သက်တောင့်သက်သာလှည့်ပြီး ဖြုတ်လိုက်တယ်။ ဘယ်လိုဖြုတ်သလဲ သိချင်မယ် ထင်တယ်။ ဒါလေးများ လွယ်ပါတယ်။ မြင်ဖူးကြမှာပေါ့အိမ်တွေမှာ မီးလုံးကို အောက်က အထိုင်မှာ အရစ်နဲ့ လှည့်ပြီး တပ်ထားတာမျိုး၊ အဲဒီလိုပဲ ကိုယ့်ခေါင်းကလည်း လည်ပင်းတလျှောက်မှာ အရစ် အရစ်တွေနဲ့ လှည့်ပြီးတပ်ထားရတာပဲလေ။ အဲဒီအရစ်ကို လှည့်ဖြုတ်လိုက်တယ်ဆိုရင်ပဲ ခေါင်းဟာ လည်ပင်းတခြား ခေါင်းတခြား လွတ်လွတ်ကျွတ်ကျွတ် ပြုတ်ထွက်သွားတော့တာ။ အဲဒီလိုပြုတ်သွားပြီးတဲ့အခါမှာ ဘာမှရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ပဲ အနားမှာ အသင့်ရှိနေတဲ့ လက်နက်နဲ့ ခပ်ဆဆလေး ပြီးတော့ ခပ်ဆတ်ဆတ်လေး ရိုက်ခွဲချပလိုက်တယ်။ အိမ်မှာ အုန်းသီးခွဲနေကျ လက်မို့လားမသိဘူး လက်က အမှန်းအဆ သိပ်တော်တယ်၊ ဦးခေါင်းဟာ တချက်ထဲနဲ့ ညီညီညာညာ တိတိပပ ထက်ခြမ်းကွဲထွက်သွားတော့တာပဲ။ အဲဒီအခါ အထဲမှာ ပြည့်ကြပ်ပြီး မလှုပ်သာ မလှည့်သာ ဖြစ်နေရတဲ့အရာတွေဟာ မီးသတ်ပိုက်လုံး အကြီးစားကြီးထဲက ရေတွေ အလုံးအရင်းနဲ့ တဟုန်ထိုး ထွက်လာသလို၊ အတားအဆီးမရှိ အထိန်းအချုပ်မရှိ ဝေါကနဲ တိုးထွက်လာတော့တာပါပဲ။ အိပ်ခန်းကြမ်းပြင်တခုလုံး ပြန့်ကျဲနေတဲ့ ပစ္စည်းတွေဟာ ဘာတွေများ ဖြစ်မလဲလို့သိချင်ဇောနဲ့ အတင်းပြူးပြဲ ကြည့်လိုက်မိတယ်။

ဟော… တွေ့ပါပြီဗျာ… ကိုယ် ရှာနေတဲ့အရာတွေ၊ ကိုယ် မြင်ချင်တွေ့ချင်နေတဲ့ အရာတွေ။ ကြည့်ပါအုံး… အများကြီးမှ အများကြီးပဲ။ များတာမှ မရေမတွက်နိုင်လောက်အောင်ကို များပြားတာ။ ကကြီး ခခွေး ဗျည်း သုံးဆယ့် သုံးလုံးနဲ့ သဝေထိုးတွေ ရေးချတွေ တချောင်းငင်တွေ၊ ၀ဆွဲတွေ နဲ့ ယပင့် ယရစ်တွေ၊ အပေါင်း အနှုတ် အမြှောက်အစား လက္ခဏာတွေ၊ ပြီးတော့ အေ ဘီ စီ ဒီ စာလုံး နှစ်ဆယ့်ခြောက်လုံး၊ အမေးလက္ခဏာတွေ၊ စာကြောင်းအဆုံးမှာ ချတဲ့ အစက် အစက်တွေ၊ ကွင်းစ ကွင်းပိတ်တွေ… အများကြီးပဲ အိပ်ခန်းကြမ်းပြင်ပေါ်မှာ မြင်မကောင်း ရှုမကောင်းပါပဲ။ ဒါတွေတင်ပဲလား ဆိုတော့ ဘယ်ဟုတ်ရမတုန်း။ စာလုံးတွေ စာကြောင်းတွေ စကားပြောတွေ အမေးစကားတွေ၊ စကားပြေ အက်ဆေး ဆောင်းပါး၊ ၀တ္ထုတို၊ ၀တ္ထုလတ်၊ ၀တ္ထုရှည်တွေ၊ ဘာသာပြန်တွေ၊ အရောင်အသွေးစုံလင်လှတဲ့ စာအုပ်တွေနဲ့ သူ့အထဲမှာ ပါဝင်တဲ့ စာလုံးတွေဟာ ဒေါကြီး မောကြီးနဲ့ သူ့ထက်ငါ အလုအယက် ထွက်ကျလာလိုက်ကြတာ နည်းနည်းနောနောလား…။

အပေါ်မှာ ပြောခဲ့သလိုပဲ ဒါတွေ ဒီလောက်တောင် ဖတ်ရှူ မှတ်သားသိုမှီးထားပါရက်နဲ့ အရေးဆို အမေ့မေ့ အရော့ရော့၊ ပြန်စဉ်းစားရင် ဘာမှ ရေရေရာရာ မမှတ်မိတော့တာက တမှု၊ ဒီလိုတွေ ဖတ်ထားပါရက်နဲ့ စာလေး ရေးမယ်ကြံလိုက်ရင် အတွေးစိတ်ကူးလေး တစွန်းတစမှ ပေါ်မလာ၊ စာလုံးတလုံး တပါဒမှ ရေးလို့ မထွက်တာက တမှု၊ အဲဒီခေါင်းက မကြာခဏဆိုသလို ဘယ်တလှည့် ညာတလှည့် တဒိန်းဒိန်း မြည်အောင် ထိုးကိုက်နေတဲ့ အမှုကတမှု… အဲဒီလို အမှုတွဲတွေနဲ့ ကိုယ့်ခေါင်းနဲ့ကိုယ် ပြဿနာတွေတက်ပြီး မကျေမနပ်ဖြစ်နေတာ၊ ဒီခေါင်းဟာ တခုခုများ မှားနေရော့သလားလို့ သံသယ ဖြစ်နေတာလည်းကြာလှပေါ့။ အခုတော့ သိရပြီ။ သိတာမှ
ရှင်းရှင်းလင်းလင်းကို သိရပြီ။ ခေါင်းထဲမှာ လိုတာတွေရော၊ မလိုတာတွေပါ မတန်တဆ အပြည့်အသိပ် ထိုးသိပ်ထည့်ထားမိတဲ့ အပြစ်တွေပေါ့။ လိုတာထက် ပိုများနေတော့ မလူးသာ မလွန့်သာဖြစ်ပြီး အရေးဟဲ့ အကြောင်းဟဲ့ဆို ဘာမှ ထွက်မလာတာ ဖြစ်နိုင်တယ်လို့ တွေးပါတယ်။ ပြီးတော့ စာလုံးတွေ တလုံးနဲ့ တလုံး၊ ဘာသာစကား တခုနဲ့ တခု၊ စာတပုဒ်နဲ့တပုဒ် သူ့ထက်ငါ အသက်၀၀ရှူရဖို့ နေရာလုရင်း ခိုက်ရန်ဒေါသဖြစ်၊ တွန်းထိုးတိုက်ခိုက်နေပြီး ဒါဏ်ရာအနာတရတွေ ဖြစ်နေကြလို့ မကြာခဏ ခေါင်းကိုက်နေတာပဲဖြစ်ရမယ်လို့လည်း တွေးမိတယ်။

လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားနဲ့ ဖြစ်နိုင်ခြေရှိတာတွေကို သိလိုက်ရတော့ လူက အတော်လေး အသက်ရှူ ချောင်သွားတယ်။ ဒီတော့ကာ ခေါင်းထဲမှာ ပေါ့ပေါ့ပါးပါး ချောင်ချောင်ချိချိနဲ့ လိုသလောက်ပဲ ထားဖို့ စိတ်ကူးရတယ်။ ကိုယ်အသုံးမလိုတာတွေနဲ့ ပြည့်ကြပ်နေမဲ့အစား မရှိမဖြစ်လေးတွေကို လိုသလောက်ပဲ ပြန်ထည့်ထားမယ်ဆိုတဲ့ အတွေးနဲ့ ထက်ခြမ်းကွဲနေတဲ့ ခေါင်းခွံကို ပြန်ကောက်တယ်။ တစစီပြန့်ကျဲနေတဲ့ စာလုံးတွေ စာကြောင်းတွေ စာပုဒ်တွေအထဲက ကိုယ်လိုချင်တာလေးတွေကို ဟိုဟိုဒီဒီရွေးချယ် ကောက်ယူပြီး ခေါင်းခွံထဲ သေသေသပ်သပ် ပြန်ထည့်တယ်။ အမယ်… ပုထုစဉ်ပီပီ ကောက်နေရင်းနဲ့ကို လောဘစိတ်က အတောမသတ် တက်လာသေးတယ်။ ဟိုဟာလေးလည်း ပြန်ယူချင်၊ ဒီဟာလေးလည်းပြန်ထည့်ချင်နဲ့… အဲဒီ လောဘစိတ်ကို မနည်း ဖြတ်ရတယ်။ ပစ္စည်းတွေအပေါ် ငြိတွယ်နေတဲ့သံယောဇဉ်ကို ဖြတ်ရတယ်။ ချန်ထားရစ်ခဲ့ဖို့ နှမြောတသဖြစ်နေတာကို ဖြတ်ရတယ်။ အဲဒီလိုချီတုံချတုံ… လူနဲ့ စိတ်တွေနဲ့ အကြိမ်ကြိမ် ရန်ဖြစ်ပြီးသကာလမှာ ချောင်ချောင်ချိချိ ခေါင်းတလုံး ပြန်ရလာတယ်။

ချောင်မချောင် သိရအောင် ခေါင်းခွံကို ဆက်ပြီးတဲ့အချိန်မှာ နည်းနည်း လှုပ်ကြည့်လိုက်သေးတယ်။ အထဲက ပစ္စည်းပစ္စယတွေဆီက ကလောက် ကလောက်နဲ့ အသံဆန်းတမျိုးကိုကြားရတော့ သူတို့တွေ ချောင်ချောင်ချိချိ  နေသာထိုင်သာ ဖြစ်သွားကြပြီပဲလို့ တွေးရင်း ကျေနပ်သွားတယ်။ ဒီလိုသာဆို အရေးအကြောင်းရှိရင်၊ အလိုရှိတဲ့ အချိန်တွေမှာ သူတို့တွေ ရှောရှောရှူရှူ  ထွက်ကျလာနိုင်လိမ့်မယ်လို့ မျှော်လင့်ရင်း ပျော်ရွှင်မိတယ်။ နောက်ဆုံးမှာ
လိုအပ်သလောက် ပြန်ကောက်ထည့်အပြီး စိတ်ကိုဖြတ်... ခေါင်းခွံကို အပြီးပိတ်လိုက်တယ်။ ပြီးတော့ ဖြုတ်တုန်းကလိုပဲ လည်ပင်းမှာ အရစ်နဲ့ လှည့်ပြီး ပြန်တပ်လိုက်တယ်။ ပြီးတော့ ခေါင်းကို ဘယ် ညာ အသာ ခါကြည့်တယ်။ မဆိုးဘူး… နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးတော့ ရှိသွားသား။ နောက်ထပ် ရှေ့တိုး နောက်ငင် နှစ်ချက် သုံးချက်လောက် လှုပ်ခါကြည့်တယ်။ ဟုတ်တယ်… အတော်လေး သက်တောင့် သက်သာ ရှိသွားတယ်။ လေးလံခြင်း ထုံထိုင်းခြင်း အလျဉ်းမရှိ အင်မတန် နေလို့ ကောင်းသွားတယ်။

အချုပ်ဆိုရရင်တော့ လောလောဆယ်မှာ ခေါင်းထဲမှာ အတော် ချောင်သွားပြီ။ အဲဒီလို ခေါင်း ချောင်သွားပြီးတဲ့နောက်မှာ ကိုယ် မျှော်လင့်ထားသလို ဖြစ်လာရဲ့လား၊ ဖတ်မိသမျှ စာတွေကို သေသေချာချာ မှတ်မိရဲ့လား၊ စာတွေဖတ်ရင်း တွေးရင်း စဉ်းစားရင်းနဲ့ စာရေးစရာ အကြံကောင်း ဥာဏ်ကောင်းတွေ ပေါ်လာရဲ့လား၊ နေ့နေ့ညည ဘယ်ပြန်ညာပြန် ကိုက်နေတဲ့ ခေါင်းကိုက်ဝေဒနာကနေ လွတ်ကင်း သက်သာရဲ့လား… ဒါမှ မဟုတ် ဘာတွေ ဘယ်လိုဘယ်ပုံ ဆက်ဖြစ်လာမလဲ ဆိုတာကတော့ ငွေရောင် ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြရမှာပါပဲ။ တွေ့ကြုံဖြစ်ပျက်လာသမျှ ကိစ္စအ၀၀ကို အချိန်နဲ့ တပြေးညီ အသိပေးပါ့မယ်။ ချောင်ချောင်ချိချိဖြစ်နေပြီ ဆိုတော့အစစ အဆင်ပြေလာဖို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။

သက်ဝေ
(၁၀ ဧပြီ ၂၀၁၅)


မှတ်ချက် - ဤစာစုကို ချောင်၍ ရေးခြင်း လုံးဝ(လုံးဝ) မဟုတ်ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...