Wednesday, April 22, 2015

မူလတန်း ပညာရေးအတွေးအခေါ် နှင့် အယူအဆ ၁၅


ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်း ( self-esteem )
Self-esteem ဆိုတာ ကိုယ့် ကိုယ်ကိုယ်လေးစားခြင်း ၊ တန်ဖိုးထားခြင်း ၊ ယုံကြည်ခြင်း တစ်မျိုးပါပဲ။ အဲဒီလို သဘောမျိုးရှိတဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားခြင်းဟာ ကျွန်တော်တို့ဆီက ကလေးတွေမှာ ပျောက်ဆုံးနေ တာကို တွေ့ ရမယ်။ ဒီလို ပျောက်ဆုံးနေခြင်းဟာ ကျွန်တော်တို့ရဲ့ ပညာရေးစနစ်အတွင်းက သင်ကြားပုံ ၊ ကလေးတွေအပေါ်ကို တန်ဖိုးထားအကဲဖြတ်ပုံတွေကြောင့်ဆိုရင်မှားမယ်မထင်ဘူး။ နောက်ပြီး ထုံးစံအတိုင်း ကျွန်တော်တို့ ရဲ့ သင်ကြားပုံ ဖြစ်တဲ့ ကလေးတွေကို ကျက်မှတ်ရမယ့် မေးခွန်းအရှည် ၊ အတိုတွေအတွက် စာခေါ်ပေးတာ ၊ ကလေးတွေက လိုက်ပါ ရေးမှတ်ရတာ ( အထူးသဖြင့် အလယ်တန်းနဲ့ အထက်တန်းတွေမှာ ပိုလုပ်ကိုင်ရပါတယ် ) တွေကလည်း ကလေးတွေရဲ့ အမိန်းနာခံမှုကို တိုးတက်စေတယ်။ ကိုယ်စွမ်းကိုယ်စနဲ့ လုပ်ကိုင်မှုကို လျော့ကျစေတာပါပဲ။ ဒီလို သင်ကြားမှုပုံစံ နဲ့ သင်ရိုးညွှန်းတမ်းတွေက ကလေးငယ်တွေ ကိုယ့်ကိုယ်ကိုယ်တန်းဖိုးထားခြင်းကို ပျောက်ဆုံးစေတယ်။
ကျွန်တော်တို့ဆီက ပညာရေးနဲ့စာသင်ကြားမှုပုံစံတွေကို တည်ဆောက်ပုံတွေဟာ ပညာရေးမှာ အရေးကြီးတဲ့ အယူအဆတွေအားလုံးကို ကျဆုံး သွားအောင်လုပ်ပစ်လိုက်တယ်ဆိုရင် မမှားဘူး။ ကလေးငယ်တွေရဲ့ အရည်အသွေး ဖွံ့ဖြိုးမှုမှန်သမျှကို ကျွန်တော်တို့ရဲ့ သင်ကြားမှုပုံစံ ၊အရည်အသွေးချဉ်းကပ်မှုပုံစံနဲ့ စာသင်ခန်းအတွင်းကနေ့စဉ် လူနေမှု ဘ၀အ လေ့အကျင့်မှန်သမျှက တိုက်စားပစ်လိုက်တာပါ ။ မူလတန်းပညာရေးမှာ တီထွင်ဖန်တီးမှု ရှိဖို့ ၊ လောကီဆန်ဆန် တွေးတောတတ်ဖို့ ၊ ဝေဖန်ပိုင်းခြားတွေတောတတ်ဖို့ အရေးကြီးတယ်ဆိုရင်လည်း အဲဒီအရာကို ကျွန်တော်တို့ရဲ့ စာသင် ခန်း အတွင်း အလေ့အကျင့်တွေကနေ တိုက်စားပစ်လိုက်တာပါပဲ ။ အခု မူလတန်းပညာရေးအတွေးအခေါ် နဲ့အယူအဆတွေဟာ ကလေးငယ်တွေမှာ ရှိသင့်တဲ့ ၊ ပညာရေးကနေ ကလေးတွေကို ပြုစုပျိုးထောင့် သင့်တဲ့ အရည်အသွေးတွေကို ဘယ်လို မျိုး တိုက်စား ဖျက်ဆီးပစ်လိုက်သလဲဆိုတာကို လေ့လာကြည့်ရှုရင်းဖော် ထုတ်နေတာလို့ တောင်မှ ဆိုနိုင်တယ်။

အများပြည်သူဆိုင်ရာ ကျောင်းတွေမှာ
အများပြည်သူဆိုင်ရာ ကျောင်း ( ယခင်အခေါ် အစိုးရကျောင်း) တွေမှာ ကလေးတွေဟာ အရာရာအပြုခံ ဖြစ်နေရတယ်။ ဆရာတွေကို အလွန်တရာ ကြောက်ရွံ့ရိုသေနေရတယ်။ ဆရာနဲ့ ကျောင်းသားဟာ အလွန်တရာ ဝေးကွာ နေခဲ့တယ်။ဒီလို ဖြစ်ရတဲ့ အကြောင်းက စာသင်ကြားတဲ့ နေရာမှာ ဆရာတွေက အထက်စီ ဆန်ပြီး ကလေးတွေကို ဖိအားပေးသင်ကြားပေးတယ်။ သူတို့ ပြောသမျှ ခိုင်းသမျှအတိုင်း တစ်သွေမသိမ်းလုပ်ရမယ်ဆိုတဲ့ သဘောအပြင် အဲဒီ အရာအတွက် အတင်းဖိအားပေးခိုင်စေမှုတွေရှိတယ်။ ဥပမာ မေးခွန်းတစ်ခုရဲ့ အဖြေမှန်သမျှကို ဆရာက သူ့အမြင်အတွင်း ကနေသာလျင် ချမှတ်ပေးပြီး ၏ ၊ သည် ၊ ၍ မလွဲ ကျတ်မှတ်ခိုင်းတာမျိုး ကိုလုပ်တယ်။ သင်ကြားမှု မဟာဗျူဟာ အနေနဲ့ ပြောရရင်တော့ ကလေးဗဟိုပြုထက် ဆရာတွေရဲ့ အဏာရှင်ဆန်မှုကို ဗဟိုပြုထားခြင်းကသာလျင် စာသင်ခန်း ပတ်ဝန် ကျင်ရဲ့ နေရာအနှံ့အပြားမှာ စိမ့်ဝင်နေတယ် ဆိုရမယ်။ အစိုးရကျောင်းမဟုတ်တဲ့ ပုဂလိကကျောင်းတွေ ၊ ဘာသာစကားသင်တဲ့ ပုဂလိက ကျောင်းတွေမှာတော့ ဆရာ နဲ့ တပည့်ဝေးကွားမှုဟာ ကျဉ်းမြောင်းတယ်။ ဆရာတွေကို တပည့်တွေက အထူးတလည် ကြောက်ရွံ့နေစရာ မလိုတော့ဘူး။ ကလေးဗဟိုပြုကိုသင်ကြားပေးတယ်။ စာတစ်ခုကို အလွတ်ကျက်မှတ်ခြင်းထက် သင်ယူမှုဖြစ်စဉ်အတွင်း ၊ လှုပ်ရှားဆောင် ရွက်မှုပုံစံအတွင်း သင်ကြားပေးတယ်။ ဥပမာ အင်္ဂလိပ်စာ စကားလုံးအဓိပ္ပာယ်တွေကို ကျက်မှတ်သင်ယူခိုင်းတဲ့ နေရာမှာ ဆရာကသာလျင် ချမှတ်ပေးတဲ့စကားလုံးကို အလွတ်သင်ယူခိုင်းတာမျိုးမလုပ်တော့ဘူး။ ကလေးငယ်တွေကို တရိစ္ဆာန်နာမည် တစ်မျိုးစီ ရွတ်ခိုင်းတာ ။ ဒုတိယကလေးငယ်ကို ပထမကလေးငယ်ရွတ်ဆိုခိုင်းတဲ့ နာမည်နဲ့ သူသိတဲ့ နာမည် နောက်တစ်ခု စုစုပေါင်းနှစ်ခု ၊ တတိယကလေးငယ်ကို သုံးခု စသဖြင့် ရွတ်ဆိုခိုင်းတာတွေကို တွေ့ရမယ်။ ဒီလို သင်ယူမှုတွေကို ကလေးဗဟိုပြုလိုက်ခြင်းကြောင်းကလေးငယ်တွေဟာ ကိုယ့်ကိုယ်ကိုယ်လေးစားမှု ၊ တန်ဖိုးထားမှု မြင့်မား လာစေတယ်။ အစိုးရကျောင်း ၀ါ အများပြည်သူဆိုင်ရာ ကျောင်းတွေမှာ သင်သလို စာအံချခြင်းမဟုတ်တော့ဘူး။ ၊ ကိုယ့်ရဲ့ လှုပ်၇ှားဆောင်၇ွက်မှု အတွင်း က ထွက်လာတာမျိုးဖြစ်တော့ကာ ကိုယ့်ကိုယ်ကိုယ်လေးစားမှု နဲ့ တန်ဖိုးထားမှုကို မြင့်တက် လာစေတာတော့ အမှန်ပဲ ။


ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု ဆိုတာ
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု ဆိုတဲ့သဘောမှာ ကိုယ့်ကိုယ်ကိုယ်လေးစားတာ ၊ ကိုယ့်ရဲ့ကိုယ်ပိုင်အသိအမြင် အယူအဆတစ်ရပ်ရှိနေတာ ၊ ကိုယ့်ရဲ့စွမ်းဆောင်နိုင်မှု ၊ ထိရောက်စွာ လုပ်ဆောင်နိုင်မှု အပေါ် တန်ဖိုးထားတာတွေ ပါဝင် နေတယ်။ ထင်မြင်ချက်သက်သက်ထက် အောင်မြင်မှု ( achievement ) တစ်ရပ်ကို ရရှိခြင်း လည်း ရှိတယ်။ မြင့်မား တဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု ( high self-esteem ) မှာဆိုရင် ကလေးငယ်အနေနဲ့ စိတ်သက်သာရာရခြင်း နဲ့ နိုးကြွား တတ်ကြွခြင်း ( relaxed and alertness ) နှစ်ခုကို ရစေတယ်။ ဒါကြောင့်လည်း ယနေ့ခေတ် သင်ကြားရေုးပုံစံတွေ ၊ စာသင်ခန်း အတွင်း ဆရာတပည့် ဆက်ဆံရေးတွေမှာ ကလေးငယ်တွေကို စိတ်သက်သာရ အနားရနေအောင် ၊ နိုးကြွား တတ်ကြွနေအောင် သင်ကြားပေးကြရတယ်။ အဲဒီလို သင်ကြားပေးခြင်းအားဖြင့် ကလေးငယ်တွေမှာ မြင့်မားတဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို ရရှိလာစေတယ်။ ကလေးတွေကိုယ်တိုင်ကလည်း သူတို့ရဲ့ အားသာချက် တန်ဖိုးဖြတ် နိုင်အောင် လုပ်ပေးထားရမယ်။ သူတို့ဘ၀အတွင်းကနေ လေ့လာမှုကို အပေါ်ယံကြောထက် နက်နက်ရှိုင်းရှိုင်း ဖြစ်လာစေ ရမယ်။ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု နည်းပါးတဲ့ ( low esteem ) တပည့်တွေဟာ သင်ယူမှု မှာ စွန့်စားမှု မလုပ်ချင် ကြဘူး။ လူကြီးတွေ ၊ ဆရာဆရာမတွေ ချီးကျူးခံရမယ့် အရာကိုသာလျင် လုပ်ကြတယ်။ ဒါကြောင့်လည်း သူတို့ချပေး ထားတဲ့ အရာကိုသာလျင် ဖြောင့်ဖြောင့်တန်းတန်းလုပ်ချင်ကြတယ်။ ယနေ့ မြန်မာကျောင်းသားတွေမှာ ဖြစ်နေတဲ့ ပြဿနာဟာ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု ကြီးမြင့်အောင် ပြုစုပျိုးထောင်းမခံရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထား မှုနည်းပါးနေတဲ့ အချက်ပဲ ။ ဒါကြောင့် သူတို့ဟာ စာစီစာကုံးတွေကို တောင်မှ အလွတ်ကျမှတ်နေကြတယ်။ စာစီစာကုံးကို ကိုယ်တိုင်ရေးသားပြီး ဖြေဆိုရင် အမှတ်မရမှာ ၊ မိဘဆရာတွေရဲ့ ချီးကျူးမခံရမှာ ကိုကြောက်ရတယ်။ ဒီအတွက် ကိုယ့် ဘာသာကိုယ်ရေးသားခြင်း ၊ ကိုယ်အတွေးအမြင်ကို ရေးသားခြင်းမရှိဘူး။ ကျောင်းသားတွေကို အဲဒီလို ရေးသားဖို့ရာ လည်း ခွင့် မပြုထားဘူး ဆိုရမယ်။ 


ဆရာနှစ်မျိုး
ကလေးငယ်တွေရဲ့ အမှားတွေကိုသာလျင်ထောက်ပြနေတာ ၊ မှားမှာ ကိုသာလျင်ကြောက်ရွံ့တတ်အောင် ဖိအား ပေးလုပ်ဆောင်နေတဲ့ ဆရာမျိုးဟာ ကလေးငယ်ကို စိတ်ကျသွားစေတယ်။ ဒီလို ဆရာမျိုးကို ကျောင်သားတွေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ထားမှု နည်းပါးအောင် လုပ်နေတဲ့ ဆရာမျိုးလို့ဆိုရမယ်။ ကိုယ့် ကိုယ်ကိုယ်တန်ဖိုးထားမှု မြင့်မား အောင်လုပ်ပေးမယ့် ဆရာဆိုတာ ကလေးတွေကို ဖိအားပေးတဲ့သဘောမရောက်အောင် ၊ အမှားကြောက်ရွှံ့မသွားအောင် စကားလုံးတွေကို ဂရုတစ်စိုက်သုံးစွဲရမယ်၊ တိကျတဲ့ လမ်းညွှန်မှုပေးရမယ် ၊ အောင်မြင်မှုအတွက် သင်တင့်တဲ့ ရည်မှန်း ချက် ပန်းတိုင်ကို ညွှန်ပြနိုင်ရမယ်။ ထင်ရှားကျော်ကြားတဲ့ အမေရိကန် ပညာရေး ပညာရှင် လီလီယန် ကတ်ဇ် ( Katz ) က ဆရာတွေအနေနဲ့ ကျောင်းသားတွေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု မြင့်မားလာဖို့ရာ -
- မိဘ ၊ ဆရာဆရာမတွေ တွေနဲ့ ကောင်းမွန်မျှတတဲ့ ဆက်ဆံရေး ၊ နီးကပ်တဲ့ ဆက်ဆံရေးတစ်ရပ် တည်ဆောက်ပေးရမယ် ။
- ကျောင်းသားနဲ့ ကလေးတွေရဲ့ ကိုယ်ပိုင်တန်ဖိုးစံတွေကို ရှင်းလင်းအောင်လုပ်ပေးရမယ် ၊ သူတို့ကွဲပြားခြားနား တဲ့ တန်ဖိုးစံတွေကို လည်း ခွဲခြားပြပြီး လေးစားအောင်လုပ်ပေးနိုင်ရမယ်။
- သူတိုရဲ့ စိတ်ဝင်စားမှုနဲ့ အကျိုးအမြတ်ကို ချီးကျူးတာမျိုးထက် တန်ဖိုးထားနားလည်ကြောင်း ဖော်ပြရမယ်။
- စိန်ခေါ်မှုတွေကို ရင်ဆိုင်လာဖို့ရာအတွက် အခွင့်အလမ်းတွေကို ပေးရမယ်။ ပျော်ရွှင်စွာ လုပ်ကိုင် ဆောင်ရွက် နိုင် ဖို့ရာ အတွက်လည်း အခွင့်အလမ်းတွေ ရှိနေရမယ်။
မင်းခက်ရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...