Tuesday, April 14, 2015

ဝိဘဇ္ဇပဲ့တင်သံ

  အပိုင်း(၁)
အင်အားသည် အမှန်တရားမဟုတ်
အမှန်တရားသည်သာ အင်အားဖြစ်သည်။

အထက်ပါစကား၏ စတင်ဖြစ်ပေါ်ခဲ့ရာ ကာလသည် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကပင် ဖြစ်သည်။

ဓမ္မပဒအဌကထာ၊ ယမက၀ဂ်၊ ကောသဗွီ ၀တ္ထုတွင် စတင်ထင်ရှားသည်။
အင်အားသည် အမှန်တရားလော…..? ဓမ္မကထိက ဆရာတော်ဦးဆောင်သော ရဟန်းတော်ငါးရားနှင့် ၀ိနည်းဓိုရ်ဆရာတော်ဦးဆောင်သော ရဟန်းတော်ငါးရာတို့၏ ထိပ်တိုက်တိုးပွဲ ငြင်းခုံပွဲတွင် ဘုရားရှင် ၀င်ရောက်ဟောပြောဆိုဆုံးမပါသော်လည်း နှစ်ဖက်သော ရဟန်းအင်အားစုများက နားမထောင်ဘဲ နေခဲ့ကြရာ ဘုရားရှင်က ဥပေက္ခာပြုတော်မူ၍ ပါလိလေယျက တောအုပ်သို့ ကြွရောက်ကာ တစ်ပါးတည်း ၀ါတွင်းသုံးလကာလပတ်လုံး သီတင်းသုံးတော်မူခဲ့သည်။
ဤဖြစ်ရပ်ကို အခြေခံ၍ ရှင်လူအများစုသည် သံဃာအား ဘုရားမဆန်သာ ဆိုသောစကားကို အမှန်ဟုယူဆကာ အင်အားကို အမှန်ထင်မှတ်ခဲ့ကြလေသည်။
ယနေ့မြန်မာနိုင်ငံတွင် အထက်ပါ ရဟန်းအင်အားစု နှစ်စုကဲ့သို့ ဖြစ်ပေါ်နေပြီလော…. ? ထင်ထင်ရှားရှားပင်ဖြစ်ပေါ်နေပါသည်။
ယနေ့မြန်မာ ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အနေအထားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က ကောသမ္ဗီပြည်သူများ တွေ့ကြုံနေရတာထက် ပိုမိုဆိုးဝါးကျပ်တည်းသည်။ ကောသမ္ဗီရဟန်းတော်တို့၏ ငြင်းခုံပွဲသည် ဘာသာတရားကို အခြေခံသော ငြင်းခုံပွဲဖြစ်သည်။ မင်းအစိုးရကို ကာကွယ်သော ပြည်သူကို ဖိနှိပ်ချုပ်ချယ်သော လူမျိုးရေး ဘာသာရေး အမုန်းတရားများကို မတော်မတရား ပြောဟောခြင်းကြောင့် ဖြစ်ပေါ်လာသော ငြင်းခုံပွဲမဟုတ်။
ထို့ကြောင့် ယနေ့မြန်မာပြည်သူလူထုသည် ကောသမ္ဗီပြည်သူများထက် အသိကြီး သတိကြီးပြီး သတ္တိရှိရှိ ဝေဖန်ဆုံးဖြတ်နိုင်စွမ်းရှိကြရမည်။
သို့မှသာ သင်တို့ချစ်သောတိုင်းပြည် သင်တို့ချစ်သော ဘာသာသာသနာသည် ဤမြန်မာနိုင်ငံတွင် အရှည်တည်တံ့ ခိုင်ခံ့ပါလိမ့်မည်။
ကောသမ္ဗီပြည်သူတွေ မည်သို့ ဝေဖန်ဆုံးဖြတ်ခဲ့ကြသနည်း….. ?
ဆရာကြီး ဦးရွှေအောင်၏ ဓမ္မပဒထဲမှ ထုတ်နှုတ်ဖေါ်ပြရလျှင် “ တစ်ချိန်က လယ်ယာမြေကောင်းအဖြစ် သတ်မှတ်ပြီး ကောသမ္ဗီပြည်သားတို့သည် ထိုရဟန်းတစ်ထောင်တို့၌ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးခဲ့ကြပါ၏။
ယခုအခါ၌ ကျက်တီးကုန်းအဖြစ်သတ်မှတ်ပြီး ကောင်းမှုမျိုးစေ့ကို မစိုက်ပျိုးတော့။ ကောင်းမှုမျိုးစေ့ကို မစိုက်ပျိုးရုံသာမက နေရာပေးခြင်းလည်းမပြုတော့။ ရှိခိုးခြင်းလည်းမပြုတော့။
အရိုအသေမျှပင် မပြုတော့“တဲ့”။
အမှန်တရားကို ချစ်မြတ်နိုးသော…..
တိုင်းပြည်ကိုချစ်မြတ်နိုးသော နိုင်ငံသူ နိုင်ငံသားတိုင်း စံထားဆုံးဖြစ်ရမည့် ဥပမာ ကောင်းတစ်ခု စီရင်ဖြတ်ထုံးတစ်ခုပင်ဖြစ်သည်။
ရဟန်းသံဃာဟူသည် ပြည်သူကိုအမှီပြု၍ စား,၀တ်, နေရေး, ကျန်းမာရေး, (ပစ္စည်းလေးပါး) ဖြင့် ရပ်တည်ကြရသလို၊ လူသားထု တစ်ရပ်လုံး၏ ငြိမ်းချမ်းစွာ ရပ်တည်နိုင်ရေးကိုလည်း မေတ္တာတရား ကရုဏာတရားတို့ဖြင့် ဖော်ဆောင်လမ်းပြပေးနိုင်ရပါမည်။ ပြည်သူပေးလှူသော ပစ္စည်းလေးပါးကိုခံယူ၍ ပြည်သူလူထုကို လူမျိုးရေ ဘာသာရေး အမုန်းတရား အမုန်းစကားတို့ဖြင့် လမ်းမှားရောက်အောင် လှုံ့ဆော်နေခြင်းသည် “ အရိပ်နေနေ အခက်ချိုးချိုး” သဘောပင်ဖြစ်၍ ရဟန်းယုတ်ဟုပင် ဆိုရပေတော့မည်။
ကြည်ညိုသော သဒ္ဓါတရားနောက်တွင် ပညာမပါခဲ့လျှင် သင်သည် အမှန်တရားတိုင်းပြည်ကို ဖျက်မှန်းမသိ ဖျက်နေသော အဆိပ်ပင် ရေလောင်းသောသူ ဖြစ်မှန်းမသိဖြစ်သွားနိုင်ပါသည်။
ပွင့်လင်းမြင်သာမှုမရှိသော လူမှုပတ်ဝန်းကျင်တွင် အယုံလွယ်သော ဆင်ခြင်စဉ်းစားနိုင်စွမ်း နည်းပါးသော သဘောတို့ ရှိမြဲဖြစ်ရာ၊ အရာရာကို ဝေဖန်ဆန်းစစ်၍ အမှားအမှန်ကို ခွဲခြားနိုင်စွမ်းရှိအောင် ဦးစွာ ကြိုးစားသင့်ပေသည်။
“အမှန်တရားသည်သာ အင်အားဖြစ်သည်”
ဘုရားရှင်ဆိုဆုံးမသည်ကို မနာခံသော ရဟန်းသံဃာတို့အား ကောသမ္ဗီပြည်သားတို့သည် ပစ္စည်းလေးပါးဖြင့် မထောက်ပံ့ကြကုန်၊ ကောသမ္ဗီပြည်သူတို့၏ မေတ္တာကို မရရှိကြသော ရဟန်းသံဃာတို့သည် ကိုယ်စိတ်နှလုံး ညှိုးချုံး၍ မိမိတို့၏ အမှားများ အတ္တမာနလွန်ကဲမှုများကို သိမြင်ကာ အချင်းချင်းဝန်ချတောင်းပန်ခြင်း၊ ညီညွတ်စွာ ကံကြီးကံငယ်ပြုခြင်းများကို ပြုလုပ်ကြသည်ကို ကောသမ္ဗီပြည်သူ ပြည်သားများအား အသိပေးစေကာ၊ ရှေးကကဲ့သို့ပင် ဆရာဒကာ မေတ္တာဆက်သွယ်၍ နေထိုင်လိုပါကြောင်း ပြောကြားကြလေသည်။
ထိုအခါ ကောသမ္ဗီပြည်သူပြည်သားတို့သည် ရှေးကကဲ့သို့ မေတ္တာဆက်သွယ်နေထိုင်လိုပါလျှင် မြတ်စွာဘုရားရှင်အား ၀န်ချတောင်းပန်ပြီးမှသာ ဖြစ်နိုင်ပါမည်ဟု လျှောက်ထားကြလေသည်။ ကောသမ္ဗီပြည်သူပြည်သားတို့ အသိဥာဏ်ကြီးသကဲ့သို့ တခြားမြို့ဖြစ်သော သာဝတ္ထိမြို့တွင်လည်း ပသေနဒီကောသလမင်းကြီးနှင့်တကွ ဇေတ၀န်ကျောင်းဒကာကြီးဖြစ်သော အနာထပိဏ်သူဌေးကြီးတို့၏ ပြုမူဆောင်ရွက်ချက်သည် အတူယူစရာပင်ဖြစ်သည်။
-
(ဘဝအလင်း ဦးသောဘိတ-အလင်္ကာကြယ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...