Tuesday, April 21, 2015

သမီးလေးအတွက် – ဘဝပေးသင်ခန်းစာများ



မေမေက ပညာရှိတွေနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ သမီး၊ ဒါပေမယ့် မေမေ့ဘဝနဲ့ရင်းပြီးတော့ သင်ခန်းစာတွေ သင်ယူခဲ့ပါတယ်။ ပထမဆုံးမေမေနားလည်ခဲ့တာက မေမေတို့အားလုံးဟာ တူညီတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရတာပါပဲ။ သေခြင်းတရား၊ သစ္စာဖောက်ခံရခြင်းတွေ၊ ကွာရှင်းပြတ်စဲခြင်း၊ နှလုံးသားနာကျင်ခံစားရခြင်းတွေ၊ ဖျားနာခြင်းတွေနဲ့ ငွေရေးကြေးရေး အခက်အခဲတွေပေါ့။

ဒါတွေကတော့ ရှောင်လွဲလို့မရတဲ့ ဒုက္ခဆင်းရဲတွေပါ သမီးရယ်။ မေမေ နောက်တစ်ချက် သင်ခန်းစာရခဲ့တာလေးက တခြားလူတွေကို လေ့လာရင်းနဲ့ မေမေ အကောင်းဆုံးတွေ သင်ယူနိုင်ခဲ့ပါတယ်။ တခြားလူတွေရဲ့ ကြောက်ရွံ့ခြင်းတွေ၊ လိုအင်တွေ၊ နောင်တတွေနဲ့ အမှားတွေကနေတဆင့် သင်ခန်းစာယူခဲ့တာပေါ့။ မေမေကိုယ်တိုင် အမှားတွေ အများကြီးလုပ်ခဲ့သလို တခြားလူတွေလုပ်ခဲ့တဲ့ အမှားတွေကနေ သင်ခန်းစာယူပြီး အမှားကို ရှောင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ တခါတလေကျရင် ပွဲကြည့်ပရိတ်သတ်တစ်ယောက်က ပွဲထဲမှာ ကိုယ်တိုင်ပြိုင်နေသူတစ်ယောက်လို သင်ယူနိုင်တာတွေရှိပါတယ်။
မေမေအခုပြောမယ့် သင်ခန်းစာတွေက မေမေကိုယ်တိုင် တွေ့ခဲ့၊ ကြုံခဲ့၊ ခံစားခဲ့ပြီး ရခဲ့တဲ့ သင်ခန်းစာတွေပါ။ ဒီသင်ခန်းစာလေးတွေက မေမေတို့တွေ မေ့နေတတ်ကြတဲ့ အမှန်တရားတွေပါ။ သမီးလေးစိတ်ထဲမှာ ဒီသင်ခန်းစာ (၉)ချက်ကို မှတ်ထားပြီး သမီးဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီး သမီးကိုယ်သမီးကို လမ်းပြဦးဆောင်နိုင်ပါစေ။
၁။သမီးမပိုင်ဆိုင်တဲ့အရာတစ်ခုကို ဘယ်တော့မှ ပိုင်ဆိုင်ဖို့မကြိုးစားပါနဲ့။
သမီးလေး ဘဝမှာ ကိုယ်မပိုင်ဆိုင်တဲ့ အရာကို သူတစ်ပါးဆီက ကောက်ကျစ်စဉ်းလဲပြီး မသမာတဲ့နည်းနဲ့ ယူမယ်ဆိုရင် အဲဒီအရာက ကိုယ့်ဆီရောက်လာကောင်းရောက်လာပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်လက်ထဲမှာ ရေရှည်တည်တံ့ခိုင်မြဲနေမှာ မဟုတ်ဘူးနော်။ ကိုယ့်ချွေးနဲ့သွေးနဲ့ ရသင့်ရထိုက်အောင် ကြိုးစားရယူထားမှသာ အရာရာက ကိုယ့်ဆီမှာတည်တည်မြဲမြဲ ရှိနေမှာပါ။
၂။သမီးကိုယ်သမီး ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။
သမီးကိုယ်သမီး တခြားလူနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် သမီးရဲ့ပင်ကို အလှတွေ မှေးမှိန်သွားပါလိမ့်မယ်။ တခြားလူတွေအတွက် ဝမ်းသားပေးပါ၊ သူတို့ဘဝ သူတို့အိပ်မက်နဲ့သူတို့ ပျော်ပျော်ရွှင်ရွှင်နေပါစေ၊ သမီးကလည်း ဆုတောင်းပေးရမယ်။ သမီးအတွက်တော့ ကိုယ့်အောင်မြင်မှုကိုပဲ ကိုယ်အာရုံစိုက်ပါ။ တခြားလူရဲ့အောင်မြင်မှုကို မနာလိုတာ၊ မုန်းတီးတာတွေ များလေလေ သမီးကိုယ်ပိုင်အောင်မြင်မှုလမ်းကြောင်း မွန်းကျပ်လေပါပဲ။
၃။ချိန်ကိုက်ဖြစ်နေဖို့ အရေးကြီးပါတယ်။
သမီးစိတ်ရှည်ရှည်ထားပြီး အလုပ်လုပ်ရပ်တွေကို အာရုံစိုက်ပါ။ ရလဒ်ကို မမျှော်ပါနဲ့။ ကိုယ့်ကိုယ်ကို အမြဲစစ်ဆေးပါ။ သမီးရဲ့တိုးတက်မှု နှေးရင်နှေးပါစေ လမ်းကြောင်းမှန်ကန်နေဖို့က အရေးကြီးပါတယ်။ ဘယ်အချိန်မှာ နားပြီး ဘယ်အချိန်မှာ အလုပ်လုပ်ရမယ်ဆိုတာကို သိပါ။ အခွင့်အလမ်းကို အဆင်သင့်စောင့်နေပါ။ သမီးအမြင်ကျယ်ကျယ်နဲ့ နေထိုင်ရင် ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာ အလိုလို သိလာပါလိမ့်မယ်။ သမီးဘက်က အချိန်ကိုက် အဆင်သင့်ဖြစ်နေဖို့လိုပါတယ်။
၎။သမီးချစ်ရတဲ့သူတွေကို မြတ်နိုးပါ။
မြတ်နိုးတယ်ဆိုတာက ချစ်တာအပြင် တန်ဖိုးထားတာပါ ပါတယ်သမီး၊ လူတစ်ယောက်ကို အဝေးကနေပြီးလည်း ချစ်လို့ရပါတယ်။ ဒါပေမယ့် သမီးလူတစ်ယောက်ကို မြတ်နိုးတဲ့အခါ သူတို့နဲ့နီးဖို့ သမီးဘာမဆို အားစိုက်လုပ်ကိုင်ပါတယ်။ သမီးဘေးနားမှာရှိတဲ့ လူတွေကို သမီးဂရုစိုက်နိုင်တုန်း ဂရုစိုက်ပါ။ သမီးဘဝထဲမှာရှိတဲ့ လူတွေကို မခွဲခွာခင်အချိန်လေးမှာ ဖက်တွယ်ထားပါ။ သမီးချစ်ရတဲ့လူတွေနဲ့ အမြဲနေရမယ်လို့ မပြောနိုင်ပါဘူး။ ဘဝဆိုတာ ဆန်းကြယ်တယ်လေ။
၅။သမီးကိုယ်သမီး ဂရုစိုက်ပါ။
မေမေတို့တော်တော်များများက မသိမသာ ကိုယ့်ကိုယ်ကို အလိုလိုက် ဖျက်ဆီးလိုစိတ်ရှိကြတယ်။ စိတ်ဖိစီးနေတာ၊ အရက်အလွန်အကျွံသောက်တာ၊ လေ့ကျင့်ခန်းမလုပ်တာတွေပေါ့။ မေမေတို့ကို ကောင်းကျိုးထက် ဆိုးကျိုးပိုပေးတဲ့ မကောင်းတဲ့အရာတွေကို စွန့်လွတ်ပါ။ သမီးဘဝကို တိုတောင်းဖို့ထက် ရှည်လျားဖို့ ကြိုးစားပါ။ သမီးကိုယ်သမီး ရိုးရှင်းတဲ့ပျော်ရွှင်မှုလေးတွေ ခံစားစေပါ။ မကြာခဏ ရယ်မောပါ။ သမီးပုခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချလိုက်ပါ၊ သမီးတစ်ယောက်တည်း ဒီဝန်တွေ သယ်ဖို့မလိုပါဘူး။
၆။သမီးရဲ့အသက်မွေးဝမ်းကျောင်း အလုပ်ကိုရှာဖွေပါ။
မေမေတို့တွေအားလုံးမှာ ထူးခြားတဲ့အားသာချက်တွေရှိကြတယ်။ မေမေဆိုရင် စာရေးတဲ့နေရာမှာ အားသာတယ်လေ။ သမီးမှာလည်း အာသာချက်တစ်ခု ရှိပါတယ်။ အဆိုလား၊ အကလား၊ ဆောက်လုပ်ရေးလုပ်ငန်းမှာလား ဒါမှမဟုတ် ရှာဖွေလေ့လာတဲ့လူတစ်ယောက်လား အမျိုးမျိုးဖြစ်နိုင်ပါတယ်။ သမီးအရည်အချင်းတွေက ဘာပဲဖြစ်နေဖြစ်နေ သမီးတန်ဖိုးထားဖို့က သမီးတာဝန်ပါ။ အသက်မွေးဝမ်းကျောင်းတယ်ဆိုတာ အလုပ်တစ်ခုပါပဲ၊ သမီးအားသာချက်ကိုသာ ရှာတွေ့ရင် အလုပ်က အလုပ်နဲ့မတူတော့ပါဘူး။ အလုပ်လုပ်နေရတယ်လို့ မခံစားရဘဲ အလုပ်လုပ်နေရတာကိုက စည်းစိမ်တစ်ခုလို ခံစားရလာတယ် သမီး။ သမီးရဲ့အားသာချက်ကို သမီးကောင်းကောင်းမခွဲခြားနိုင်သေးရင် အလေ့အကျင့်လေးတွေ လုပ်ပြီးရှာလို့ရပါတယ်။ ဝါသနာပါတာလေးကို အချိန်ပိုင်းအလုပ်ဖြစ်ဖြစ်၊ လုပ်အားပေးဖြစ်ဖြစ် လုပ်ရင်းနဲ့ အဖြေထွက်လာမှာပါ။
၇။အရာရာတိုင်းကို မခံစားပါနဲ့။
လူတွေက မေမေတို့ကို ဆန့်ကျင်တဲ့အခါ စိတ်ထဲမှာခံစားရပါတယ်။ သစ္စာဖောက်ခံရတဲ့အခါလည်း ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိကြတယ်။ အချစ်ဆုံးသူငယ်ချင်းက နောက်ကျောကနေ ဓားနဲ့ထိုးရင်လည်း လုပ်ရက်လိုက်တာဆိုပြီး ခံစားကြရတယ်။ ဒီလိုခံစားနေတာတွေက ကိုယ့်ကိုယ်ကို မလိုအပ်ဘဲ အပြစ်တင်နေမိတယ်။ သမီးကို တစ်ယောက်ယောက်က ထိခိုက်နာကျင်အောင် လုပ်လာတဲ့အခါ သမီးမှတ်ထားရမှာက သူတို့ဟာ ကိုယ့်ပြဿနာကိုယ် မီးထွန်းရှာနေကြတယ်ဆိုတာပါပဲ။
၈။သမီးခံစားချက်တွေကို ထိန်းချုပ်ပါ။
မေမေတို့က ကိုယ့်ခံစားချက်နဲ့ကို ရှိကြပါတယ်။ ဒီစိတ်ခံစားချက်တွေကပဲ မေမေတို့သက်ရှိတွေရဲ့ အလှဆုံးအရာဖြစ်စေပါတယ်။ တချို့စိတ်ခံစားချက်တွေကတော့ မေမေတို့ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ခံစားချက်ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေက မေမေတို့ကို ဆန့်ကျင်နိုင်ပါတယ်။ မေမေတို့ကသာ ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် မေမေတို့ရဲ့အကောင်းဆုံး စိတ်ပါဝင်စားတဲ့အရာတွေကို အဓိပ္ပာယ်ဖော်နိုင်မှာပါ။
၉။အရာရာတိုင်းက နောက်ဆုံးမှာ ငြိမ်းချမ်းခြင်းကိုပဲ ရှာပါတယ်။
ဘဝဆိုတာ ပျော်ရွှင်မှုနဲ့ စိတ်ဆင်းရဲခြင်းတွေပါပဲ။ ခါးသီးချိုမြိန်တဲ့ အမှန်တရားကလည်း ကြာရှည်မခံပါဘူး။ ဒါပေမယ့် သမီးဆင်းရဲဒုက္ခရောက်တဲ့အခါကျရင်လည်း အဆုံးမရှိတော့သလို ခံစားရပါတယ်။ ပျော်ရွှင်ရတဲ့အချိန်ကျတော့လည်း လျှင်မြန်လွန်းပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ငြိမ်းချမ်းသွားတာပါပဲ။ သမီးစိန်ခေါ်မှုတွေကို သတ္တိရှိရှိ၊ မကြောက်မရွံ့ရင်ဆိုင်လေလေ အရာအားလုံး ငြိမ်းချမ်းလေလေပါပဲ။
အခုမေမေ ပြောခဲ့တဲ့သင်ခန်းစာတွေကို သမီးကိုယ်တိုင် ကြုံတွေ့ပြီး ရနိုင်သလို တခြားလူတွေကို ကြည့်ပြီးလည်း သင်ခန်းစာယူလို့ရပါတယ်။ အရေးကြီးတာက ဒီသင်ခန်းစာလေးတွေကို နားလည်ပြီး ကိုယ့်ဘဝတိုးတက်ဖို့အတွက် အသုံးချဖို့ပါ။
သမီးကိုချစ်တဲ့
မေမေ
ဂန္တဝင် မဂ္ဂဇင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...