Sunday, April 19, 2015

ကျနော်တို့က နောက်တတ်ပြောင်တတ်တာတော့ မျိုးနဲ့ရိုးနဲ့ဗျ။


ခုလို သင်္ကြန်ချိန်ရောက်တော့ အရမ်းနောက်တတ်တဲ့ ကျနော်တို့ အဖိုးကို သွားပြီး သတိရမိတယ်။
အဖိုးရှိတုန်းက သင်္ကြန်ကျပြီဆို မနက်မှ မိုးမလင်းသေးဘူး၊ ရပ်ကွက်ထဲက ကလေးတွေကို အိုးမဲလိုက်သုတ်ပြီးနေပြီ။
သင်္ကြန်တွင်း ရေစိုမှာကြောက်လို့ ဈေးတောင် မသွားတဲ့ ဘေးတစ်အိမ်ကျော်က အပျိုကြီးကို ချောင်းပြီး ရေလောင်းတယ်။

အပျိုကြီးကလည်း အဖိုးအကြောင်းသိတော့ သင်္ကြန်ရောက်ပြီဆို အိမ်ရှေ့တံခါးမကြီးတောင် ပိတ်ထားတော့တာ။ ဝရံတာတောင် ထွက်မရပ်တော့ဘူး။
ဒါလည်း မရပါဘူးဗျာ
ကျနော့်အဖိုးက ရအောင်လောင်းတာပါပဲ
ဘယ်လိုလောင်းတယ်များမှတ်လဲ?
ကျနော်တို့ အညာမှာက အိမ်သာတွေက တွင်းအိမ်သာတွေဗျ။
ထရံကာ၊ ကပ်မိုး အိမ်သာကို အိမ်နောက်ဖေး ခပ်လှမ်းလှမ်းမှာ ဆောက်ထားတတ်ကြတယ်။
ဒီတော့...
အပျိုကြီးအနေနဲ့ သင်္ကြန်ကျလို့ ဘယ်လိုပင်ပုန်းတယ်ဆိုဆို၊ အိမ်ရှေ့တံခါးမကြီး မဖွင့်ဘူးဘဲ ပြောပြော၊ အိပ်ရာအထမှာ အိမ်သာတော့ တက်မှာလေ။
ဒါကို အတတ်သိတဲ့ အဖိုးက အပျိုကြီး မထခင် အဲဒီအိမ်သာနောက်မှာ ရေပုံးကိုင်ပြီး သွားစောင့်နေတယ်။
မကြာပါဘူး အပျိုကြီးတစ်ယောက် နောက်ဖေးတံခါးဖွင့်ပြီး ဟိုကြည့်ဒီကြည့် ကျီးကြည့်ကြောင်ကြည့်နဲ့ အိမ်သာရှိရာကို ချီတက်လာတယ်။
ခနနေတော့ အထဲက ဖြိုးဖြိုးဖျစ်ဖျစ် အသံလေးတွေ ထွက်လာတယ်။
အဲလို မိုးထဲလေထဲ တိုက်ပွဲကြပ်နေတဲ့ အချိန်ကိုက်လောက်မှ အဖိုးက အိမ်သာတံခါးကို သွားခေါက်ရင်း အသံဖျက်ပြီးပြောတယ်... ...
"ဟေး... အထဲက လူချိလား"
"ဟမ်... ချီးတယ် ချီးတယ် အဲလေ ရှိတယ် ရှိတယ်"
"အေး... ရှိရင် သင်္ကြန်ကျလို့ ရေလောင်းတယ်... အင့်ဟာ... ဗွမ်း"
... ဆိုပြီး အိမ်သာတံခါးပေါ်က လွတ်နေတဲ့ နေရာကနေ ရေပုံးလိုက် လောင်းချလိုက်တော့တာ။
ဘာပြောကောင်းမလဲ စိတ်တိုတတ်တဲ့ အပျိုကြီး ယမ်းပုံးမီးကျ ဒေါထတော့တာပေါ့... ...
"အမ်မရေးတော့်... ဘယ်တေနာလဲ ဟင်... သူများချေးပါတာ ကောင်းကောင်းမပါရဘူး တွေ့ကြသေးတာပေါ့ .."
... ဖင်မဆေးဘာမဆေး ချေးတန်းလန်းနဲ့ တံခါးဖွင့်ပြီး ထွက်လိုက်တယ်။
လူကောင်သေးပေမယ့် အရမ်းလျင်တဲ့ အဖိုးကို ဘယ်မိမှာတုန်း။
အင်း...
အဲ့အပျိုကြီးကလည်း တမျိုးဗျ
ယောက်ျားမရလို့လား ဘာလားမသိပါဘူးဗျာ တခါတခါ နတ်ပူးသလိုလို စုန်းပူးသလိုလိုက ဖြစ်တတ်တာ။
ခေါင်းကြီးတခါခါ နဲ့ မျက်လုံးကြီးပြူးပြီး ပါးစပ်က ဝူးဝူးဝါးဝါး ပြောတော့တာ။
အမေရေယဉ်ဖြစ်လိုက်၊ နန်ကရိုင်းဖြစ်လိုက်၊ မနှဲလေးဖြစ်လိုက်နဲ့
သူအဲလို ဖြစ်ဖြစ်နေတာကို အဖိုးက မျက်စေနောက်လို့ ထင်ပါရဲ့
တရက် အဲ့အပျိုကြီးတစ်ယောက် နတ်ဝင်လို့ ခေါင်းတခါခါ ကိုယ်တယိမ်းယိမ်းဖြစ်နေတုန်း အဖိုးက လက်လေးနောက်ပစ်လို့ ရောက်လာတယ်။
ပြီးတာနဲ့ တင်ပြင်ခွေထိုင်နေတဲ့ နတ်ဝင်သယ် အပျိုကြီးပေါင်ကြားက ထမိန်ပေါ်ကို လက်ထဲက ဖားပျံလေး ပစ်ထည့်လိုက်ပါလေရော...
ဖားပျံကိုးဗျ... ကျတဲ့နေရာ ဘယ်ငြိမ်နေမှာတုန်း တန်းခုန်တာပေါ့။
ပထမတစ်ချက်ခုန်တာ အပျိုကြီးပါး သွားကပ်နေတယ်။
"အမ်မလေး..."... ဆိုပြီး အပျိုကြီးက လက်နဲ့ပုတ်ချတော့ သူ့အင်္ကျီလည်ပင်းပေါက်ကနေ ဘော်လီကြားထဲ ဝင်သွားပါလေရော... ...
ဘာပြောကောင်းမလဲ
အေးစက်စက် ပျော့စိစိအကောင် ဘော်လီကြားထဲ ဝင်သွားတာ ခင်ဗျား စဉ်းစားကြည့်လေ။
သူ့ဆီဝင်နေတဲ့နတ်လည်း ဖားပျံကြောက်လို့ ပြေးပြီထင်ရဲ့
အပျိုကြီးခမျာ ထမိန်အပေါ်နား စုံကိုင်ပြီး အမလေး ဘလေးတလို့ အိမ်ထဲ ပတ်ပြေးနေတာလေ။
ဘေးက မိန်းမဒွေကလည်း ဝိုင်းအော်ပြီး အကြံပေးကြပါတယ်... ...
"ချွတ်ချလိုက် ချွတ်ချလိုက်... အကုန်ချွတ်ချလိုက်"
ကိုင်း... အရပ်ကတို့ ... ကိုယ့်ဟာကိုယ်သာ မြင်ကြည့်တော့လို့။
အဲနောက် မကြာပါဘူးဗျာ... ...
အဲဒီပွဲမှာ နတ်ဝင်သည်အပျိုကြီးကို နတ်မေးဖို့ ရောက်နေတဲ့ မုဆိုးဖိုကိုမဲလုံးနဲ့ လက်ထပ်သွားတော့တယ်။
ကိုမဲလုံးတစ်ယောက် ဘာတွေမြင်ပြီး ဘာသဘောခွေ့သွားတယ်မှ မသိတာ။
ကျနော့်အဖိုးက အဲလိုနောက်တာ။
သူများနောက်စရာမရှိရင် သူ့မိန်းမ ကျနော်တို့ အဖွားကိုတောင် မချန်ဘူးရယ်။
အဖွားက သရဲကြောက်တတ်တယ်။
အဲဒါ တခါက ညဘက် အဖွားအိမ်သာတက်နေတုန်း အိမ်သာနောက် ထရံပေါက်ကနေ အဖွားဖင်ကို သွားနှိုက်တယ်လေ။
နှိုက်တာက ရိုးရိုးမဟုတ်ဘူးဗျ
သူ့လက်ကို ရေခဲရေထဲ စိမ်ပြီးမှ နှိုက်တာ။
အလိုလိုကမှ သရဲကြောက်တတ်တဲ့ သူ၊ အိမ်သာတက်ရင် ကြောက်လွန်းလို့မှ ဘေးကချိုးချိုးချွတ်ချွတ်မြည်ရင်ကို ဓာတ်မီးနဲ့ လျှောက်ထိုးကြည့်တတ်တဲ့ အဖွား။
မထင်မှတ်ဘဲ နောက်ကနေ လက်အေးကြီးနဲ့ ဖင်လာကိုင်မှတော့...
အဖွားခမျာ အိမ်သာထဲတင် 'ဂိ ဂိ' နဲ့ တက်နေလို့ မနည်း နှာနှပ်ယူရတယ်။
အခုဆိုရင် အဖိုးဆုံးသွားတာ နှစ် ၄၀ ကျော်လောက်ရှိပါပြီ။
နောက်တတ်ပြောင်တတ်တဲ့ အဖိုးကို သတိရနေဆဲပဲ။
အဖိုးဆုံးပြီး ၁၅ နှစ်လောက်နေတော့ အဖွားက သူ့အခန်းကို သန့်ရှင်းရေးလုပ်ရင်း မမြင်မစမ်းနဲ့ ဖုန်သုတ်လိုက်တာ နံရံမှာ ချိပ်ထားတဲ့ အဖိုးရဲ့ ဓာတ်ပုံ ပြုတ်ကျသွားတယ်။
အဲဒီ ဓာတ်ပုံမှန်ဘောင်နောက်က ကပ်ထူစာရွက်ကြားကနေ မြေပုံတစ်ခုနဲ့ စာတစ်စောင် ထွက်ကျလာတာကို တွေ့လိုက်ရတယ်။
အဖိုးရေးခဲ့တဲ့ စာပါ... ...
စာ နဲ့ မြေပုံကိုတော့ သေချာမမှတ်မိတော့ဘူး။
အကြမ်းဖျင်းမှတ်မိနေတာက.. ...
"ဒီမြေပုံအတိုင်းလိုက်ကြည့်။ ငါမရှိတဲ့နောက် ငါ့မိန်းမကို မျက်နှာမငယ်စေချင်ဘူး"... တဲ့။
မြေပုံမှာပြထားတဲ့အတိုင်း လိုက်ကြည့်ကြတော့ ရွာပြင်သင်္ချိုင်းဇရပ်ရဲ့ လှေခါးခုံအောက် ဖြစ်နေတယ်။
မတတ်နိုင်ဘူး တူးကြရတာပေါ့။
ပြီးမှ လှေခါးခုံကို အသစ်ပြန်လုပ်ပေးရမှာပေါ့။
တူးလိုက်တော့ သံသေတ္တာတစ်လုံး သော့ခတ်လျှက်တွေ့ရတယ်။
သော့ကို ရိုက်ဖျက်ပြီး အထဲကို ကြည့်လိုက်တော့ ကတ္တီပါစနဲ့ ပတ်ထားတဲ့ အဝိုင်းပုံစံ ပစ္စည်းတစ်ခုကို တွေ့ကြရပြန်တယ်။
ဖွင့်ကြည့်လိုက်တော့... ...
ဖွင့်ကြည့်လိုက်တော့... ...
ကျနော်တို့ ငယ်ငယ် ကျောင်းမှာ သင်ခဲ့ရတဲ့ ကြေးမုံခုံး နဲ့ ကြေးမုံခွက်ဆိုတာထဲက 'ကြေးမုံခွက်' (ပြဒါးသုပ်ထားတဲ့ မှန်အခွက်) တစ်ခု ဖြစ်နေတယ်။
ဟုတ်တယ်...
အဖွားက အဲဒီမှန်ကို ယူကြည့်လိုက်တော့ အဖွားမျက်နှာ အကြီးကြီးဖြစ်သွားတယ်။
အော်...
အဖိုး အဖိုး
သူသေရင် သူ့မိန်းမကို မျက်နှာမငယ်အောင် ထားခဲ့တာကိုး။
သေတာတောင် နောက်သွားသေးတဲ့ အဖိုး...
မျိုး နဲ့ ရိုး နဲ့ ပါဆို
.
.
.
သို၎ကန် - ပေါက်ကရရေးတာပါ။
https://www.facebook.com/tholaykan

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...